ဘယ်သူက တိုက်ခိုက်ဖို့ ထိုက်တန်လဲ
Vol. 47 Ch. 753
ဇိုလာက အားလုံးကို သတ်လိုက်မိတော့မည့် အမှားကြီး လိုက်လိုက်မိမတတ် ဖြစ်ခဲ့သော်လည်း ရလာဒ်က ကြယ်ကြွေတမန်အင်ပါယာအတွက် အကျိုးရှိသွားခဲ့သည်မှာ သေချာပေသည်။
ယခုအထိ ထိုတိုက်ခိုက်မှုကြောင့် သွေးရောင်အင်ပါယာမှာ နတ်ဆိုးအရှင်သခင် ၁၀ယောက်နီးပါးအထိ သေဆုံးသွားကြပြီး ကျန်ရှိသောသူများက တိုက်ခိုက်ရေး စွမ်းအားများ ဆုံးရှုံးနေကြပြီ ဖြစ်သည်။ ကြယ်ကြွေတမန်အင်ပါယာကလည်း ထိုအတိုင်း ဖြစ်သော်လည်း ချန်လွေ့၊ ဒိုဒို၊ ပါ့ဂ်လီအိုနှင့် ခရိုဘဲလက်စ်တို့က တိုက်ခိုက်ရေး စွမ်းအားများ ရှိနေသေးသည်။ ထို့အပြင် ဇိုလာကလည်း မှော်စွမ်းအားများ ကုန်ဆုံးသွားရုံသာရှိပြီး ဒဏ်ရာမရခဲ့ပေ။ သူ၏မှော်ကိရိယာက မှော်စွမ်းအား ပြန်ဖြည့်သော အမြန်နှုန်းကို တိုးစေနိုင်၏။ အချိန်ရသည်နှင့် သူက အစွမ်းအကုန် မထုတ်လျှင်ပင် သာမန် နတ်ဆိုးအရှင်သခင် အဆင့်များကို သာလွန်နိုင်သည့် တိုက်ခိုက်ရေးစွမ်းအား ရရှိမည် ဖြစ်သည်။
သွေးရောင်အင်ပါယာဘက်၌ ခေါင်းဆောင် ဂူစတက်ဗ်အပြင် တစ်ဦးတည်းသော ကျန်ရှိသည့် နတ်ဆိုးအရှင်သခင်အဆင့်မှာ တဲရစ် ဖြစ်သည်။ သာမန်တပ်သားများ စိုးရိမ်နေသည့်အတိုင်းပင် ကောင်းကင်၌ ကြယ်မြို့တော် ပေါ်ထွက်လာခြင်းက သွေးရောင်အင်ပါယာ၏ စိတ်ဓာတ်ရေးရာကို ကြီးကြီးမားမား တုန်လှုပ်သွားစေပြီးနောက် လေသင်္ဘော၏ လျို့ဝှက်လက်နက်များ ဖျက်ဆီးခံလိုက်ရကာ လေကြောင်းဗိုလ်ခြေက ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်။ လက်ရှိအခြေအနေ၌ မြေပြင်တပ်ဖွဲ့က မြို့တော်က အတင်းတိုက်ခိုက်လျှင် အသေအကြေက အလကား တိုးလာရုံသာ ရှိလေသည်။
အချိန်အတော်ကြာ တိုးမရဆုတ်မရ အခြေအနေ ဖြစ်နေပြီးနောက် နောက်ဆုံး၌ သွေးရောင်အင်ပါယာက တပ်ဆုတ်ရန် ခရာမှုတ်လိုက်တော့သည်။ ကြယ်မြို့တော်၏ တိုက်ခိုက်မှုကို ခံထားရပြီး အပြင်းအထန် ဒဏ်ရာရနေသော လေကြောင်းဗိုလ်ခြေက စိတ်သက်သာရာ ရရှိသွားပြီးနောက် ဒီရေကဲ့သို့ နောက်ပြန်ဆုတ်သွားကာ မြေပြင်မှ တပ်သားများက တညီတညာ စတင်ဆုတ်ခွာသွားကြတော့သည်။
ကြယ်ကြွေတမန်အင်ပါယာက ထိုအခွင့်အရေးကို အသုံးချပြီး မတိုက်ခိုက်ခဲ့ပေ။ အကြောင်းမှာ လောက်လေးခွများနှင့် အဆိပ်ရှိ မိုးကြိုးလုံးများက လုံးဝနီးပါး ပျက်စီးနေပြီး လေထဲမှ ကြယ်မြို့တော်က အင်အားကြီးတိုက်ခိုက်မှု ပြုလုပ်ရန် အားနည်းလွန်းနေသည့် အတွက်ကြောင့်ပေ။ ၎င်းတို့ တိုက်စစ် လက်နက်များကို မပြင်ဆင်ရသေးပေ။
အခုအတွက် သွေးရောင်အင်ပါယာ တပ်ဆုတ်သွားခြင်းက အကောင်းဆုံးရလာဒ် ဖြစ်၏။
သို့ရာတွင် ထိုအချိန်၌ တပ်ဆုတ်ခရာက ရုတ်တရက် ရပ်တန့်သွားပြီးနောက် သွေးရောင်အင်ပါယာ၏ နောက်ဘက်က တိတ်ဆိတ်သွားခဲ့သည်။ ထို “တိတ်ဆိတ်မှု”က အရှေ့သို့ အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး နောက်ဆုတ်နေကြသော နဂါးစီးနင်းသူများကပင် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ကြသည်။
သွေးရောင်အင်ပါယာစစ်တပ်က ဂိတ်တံခါး တစ်ခုကဲ့သို့ လမ်းကြောင်းတစ်ခုကို သပ်သပ်ရပ်ရပ် ဖွင့်ပေးလိုက်ကြ၏။
ထိုလမ်းကြောင်း၌ ခြေသံတစ်သံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ထိုခြေသံ၏ စည်းချက်နှင့် အသံက သာမန်သာဖြစ်သော်လည်း ထိုသာမန်ခြေလှမ်းက နေရာလွတ်ကို ကျော်လွန်ပြီး စစ်မြေပြင်မှ လူတိုင်း၏ နားထဲ၌ ပဲ့တင်ထပ်နေခဲ့သည်။
သာမန်ပုံရိပ်တစ်ခုက လူတိုင်း၏ မြင်ကွင်းထဲ၌ ပေါ်ထွက်လာသည်။ သူက အရပ်မမြင့်ပေ။ မျက်နှာသွင်ပြင်၌လည်း အတော်လေး ဆွဲဆောင်မှု မရှိသော်လည်း သူ ဖြတ်သွားတိုင်း သွေးရောင်အင်ပါယာမှ အကောင်ကြီးကြီး စစ်သည်များက ရိုသေစွာဖြင့် ဦးညွှတ်လိုက်ကြသည်။
ထိုပုံရိပ်ကို မြင်သောအခါ ခံတပ်တံတိုင်းပေါ် ရောက်ရုံသာ ရှိသေးသော ချန်လွေ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
ဒီလူက အခု တကယ်ကြီး ဒီနေရာမှာ ပေါ်လာခဲ့တယ်။
ထိုသူက အဝေးမှ မှော်ဆရာခံတပ်ကို ကြည့်ပြီး အသာလေး ပြောလိုက်သည်။ “ဘယ်သူက တိုက်ခိုက်ဖို့ ထိုက်တန်လဲ။”
အသံတိုးတိုးက စစ်မြေပြင်တလျှောက် ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။ သွေးရောင်အင်ပါယာမှဖြစ်စေ၊ ကြယ်ကြွေတမန်အင်ပါယာမှ စစ်သည်များအတွက်ဖြစ်စေ၊ အသံပြတ်ပြတ် ဖြစ်သော်လည်း ပြိုင်ဘက်ကင်း ခြယ်လှယ်မှုများ ရှိနေသော ထိုစကားလုံးများက နားထဲသို့ ပဲ့တင်ထပ်နေခဲ့လေသည်။
ဘယ်သူက တိုက်ခိုက်ဖို့ ထိုက်တန်လဲ ဟုတ်လား။
“ဒီမောက်မာတဲ့ကောင်က.....” ပါ့ဂ်လီအိုက မျက်မှောင်ကြုတ်လိုက်၏။ “..ရိုင်ဇန်လား။”
ချန်လွေ့က လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ ရိုင်ဇန်ကို မှတ်မိသော ကြယ်ကြွေတမန် အင်ပါယာမှလူများက စိုးရိမ်သော အမူအရာများ ပြသလိုက်ကြပြီး အခြေအနေက အလျင်အမြန် ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းနီးပါး၏ အာရုံကြောများ တောင့်တင်းသွားကြ၏။
နတ်ဆိုးဘုံရဲ့ ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်၊ သွေးရောင်အင်ပါယာရဲ့ အန္တိမ အုပ်စိုးသူ ရိုင်ဇန် မန်မွန်။
နတ်ဆိုးအရှင်သခင်အဆင့်အထက်၌ ခြားနားချက်တစ်ခုရှိကြောင်းကို လူနည်းစုကသာ သိကြပြီး နတ်ဘုရင်းအဆင့် လမ်းစဉ်၌ တိုင်းပြည်အဆင့်က အစပိုင်းသာ ရှိသေးသည်။ သို့သော်လည်း သာမန်လူများ သိရှိထားသော အမြင့်ဆုံးအဆင့်အရ ရိုင်ဇန်က အမှန်တကယ်ပင် လုံးဝထိုက်တန်သော ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ် ဖြစ်ပေသည်။ ကျရှုံးသွားခဲ့သော သန်းခေါင်နေအရှင်မှလွဲ၍ သူ့ကို မည်သူမှ အနိုင်မယူနိုင်ခဲ့ပေ။ အရိပ်နက်အင်ပါယာမှာ ကတ်သရင်းသည်ပင် ခြွင်းချက် မဟုတ်ပေ။
“ငါ အိပ်ပျော်နေခဲ့တာ နှစ်ပေါင်းထောင်နဲ့ချီပြီ။ လက်ရှိ အစွမ်းအထက်ဆုံးက ဘယ်လောက်စွမ်းလဲဆိုတာ မြင်ချင်တယ်။” ယခင်တိုက်ပွဲအတွင်း အဆိပ်နဂါးက အဆိပ်နှင့် အင်အားအများအပြား ကုန်ခမ်းခဲ့သော်လည်း ထိုကဲ့သို့ ကြမ်းတမ်းသော အန္တရာယ်များသော တကယ့် တိုက်ခိုက်မှု၌ အက်ဂ်လက်စ်၏ လမ်းညွှန်မှုများအပေါ် အမြင်အသစ်များ ရရှိလာခဲ့ပြီး တိုင်းပြည်အဆင့်အစွန်သို့ ရေးရေးလေး ထိနိုင်လာခဲ့သည်။ ယခုတွင် ရိုင်ဇန်ကဲ့သို့ အင်အားကြီး ပြိုင်ဘက်တစ်ယောက်နှင့် ရင်ဆိုင်ရပါက တိုက်ခိုက်ရင်း သူ ပို၍ နားလည်နိုင်ပေလိမ့်မည်။
အဆိပ်နဂါးက ရှေ့ထွက်ရန် ပြင်လိုက်စဉ် ချန်လွေ့ကို သူ့ကို ဆွဲလိုက်သည်။
တစ်ချိန်တည်းမှာပင် ရိုင်ဇန်က အဖွဲ့အရှေ့သို့ ရောက်လာသည်။ သူက ကောင်းကင်ပေါ်မှ ကြယ်မြို့တော်ကို ကြည့်လိုက်ပြီး လေထဲသို့ လက်သီးတစ်ချက် ပစ်ထိုးလိုက်၏။
မသဲမသကွဲ အသံရှည်ကြီးတစ်ခု ထွက်လာပြီး လေထဲ၌ ငြိမ်သက်နေသော ရဲတိုက်ကြီးက တဖြည်းဖြည်း ယိမ်းယိုင်လာကာ သတိလက်လွတ် ဖြစ်သွားကြသော မှင်စာနတ်ဆိုးများက ယိမ်းထိုးသွားခဲ့ကြသည်။ ရိုင်ဇန်၏ လက်သီးချက်က ရဲတိုက်၏ ခုခံမှုကို ဖောက်ထွက်သွားခြင်းမဟုတ်ဘဲ ကြယ်မြို့တော်၏ ဒုံးစက်က တဝက်သာ ပြင်ဆင်ရသေးပြီး အပြင်းအထန် ထိခိုက်နေခဲ့သော မျှခြေကိရိယာက ပို၍ပင် အားနည်းချက် တစ်ခု ဖြစ်နေခြင်းသာ။ ထိုလက်သီးချက်က မျှခြေကိရိယာကို ဝန်ပိုစေလုနီးပါး ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာပင် မှင်စာဆိုးများက အချိန်မီ ချိန်ညှိနိုင်ခဲ့ပြီး ရဲတိုက်၏ တည်ငြိမ်မှုကို တဖြည်းဖြည်း ပြန်ထိန်းနိုင်ခဲ့သည်။
ရိုင်ဇန်က မိမိ၏ လက်သီးချက်သည် ကြယ်မြို့တော်၏ အပြင်ဘက် ခုခံမှုကို မထိခိုက်စေခဲ့သည့်အတွက် အနည်းငယ် အံ့သြသွားခဲ့သည်။ သို့သော်လည်း သွေးရောင်အင်ပါယာစစ်တပ်က အော်ပြောလိုက်ကြ၏။ “မဟာဧကရာဇ်က စွမ်းအား ကြီးမားပါပေတယ်။”
စစ်သည်များ၏ မျက်လုံးထဲ၌ ဧကရာဇ်က လေထဲရှိ ကြောက်မက်ဖွယ်ရာ ရဲတိုက်ကို လက်သီးတစ်ချက်တည်းဖြင့် ပြုတ်ကျအောင် ပြုလုပ်နိုင်ခဲ့သည်။ သူတို့က တခြား မည်သည့် အရာကို ကြောက်ရဦးမည်နည်း။
ထိုလက်သီးချက်က ပါ့ဂ်လီအိုကို ထိတ်လန့်သွားစေခဲ့ပြီးနောက် ခုနက သူ့ကို မည်သည့်အတွက်ကြောင့် ချန်လွေ့ ဆွဲခဲ့ရကြောင်းကို သဘောပေါက်သွားသည်။ ချန်လွေ့က လွင့်ပျံလာပြီး ရိုင်ဇန်အရှေ့၌ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ “အရှင် ရိုင်ဇန်။ ခင်ဗျားက တိုင်းပြည်အဆင့်ကို ရောက်နေပြီ။ ဒီလိုသာမန်စစ်ပွဲကို တကယ်ပဲ ဝင်စွက်ဖက် ချင်တာလား။”
နတ်ဆိုးအရှင်သခင်အဆင့်များအတွက် တိုင်းပြည်အဆင့် (နတ်ဆိုးဒိဗ်အဆင့်)က ကျော်လွှား၍မရနိုင်သော အတားအဆီးတစ်ခု ဖြစ်သည်။ အထူးအစွမ်းထက်ပုဂ္ဂိုလ်နှင့် အဆင့်မြင့်အစွမ်းထက်ပုဂ္ဂိုလ်အကြား၌ အရည်အသွေးအရ ခြားနားချက်ရှိပြီး ထိုအရာက အရည်အသွေးဖြင့် ကျော်လွှား၍ ရနိုင်သော တည်ရှိမှု မဟုတ်တော့ပေ။ သာမန် စစ်သည်များ မပြောနှင့်။ နှစ်ဖက်လုံးမှ နတ်ဆိုးအရှင်သခင်အဆင့်အားလုံး တိုက်ခိုက်သည့်တိုင် အနိုင်ရနိုင်မည် မဟုတ်ချေ။
ရိုင်ဇန်၏အဆင့်ကို တစ်ဖက်လူက စကားဖြင့် ချက်ချင်း ထောက်ပြခဲ့သည်။ သူက မျက်မှောင်ကြုတ်ပြီး ချန်လွေ့ကို သုံးလေးခေါက်ကြည့်ကာ ရုတ်တရက် သဘောပေါက် သွားခဲ့သည်။ “မင်းပဲ။ မင်းက ကြယ်ကြွေတမန်အင်ပါယာရဲ့ ကြင်ရာတော်မင်းသား အက်ဂ်ယော ဖြစ်နေတာကိုး။ ငါထင်တာ မင်းက....ဟမ့်...”
“အရှင်မင်းကြီးဆီကနေ ဖုံးကွယ်လို့ မရနိုင်တာ ကျုပ် သိပါတယ်။” ချန်လွေ့က မျက်နှာဖုံးကို မချွတ်သေးပေ။ “အရှင်မင်းကြီးနဲ့ ခပ်စောစော တွေ့ရမယ်လို့ မထင်ထားဘူး။ ဒီစစ်မြေပြင်မှာ တွေ့ရမယ်လို့ ပိုပြီးတော့တောင် မထင်ထားခဲ့ဘူး။”
“ဒါက စစ်မြေပြင်ဆိုတာ မင်းငါ့ကို သတိပေးစရာ မလိုပါဘူး။” ရိုင်ဇန်က အေးစက်စက်နှင့် ပြောလိုက်၏။ “အထူးအစွမ်းထက်ပုဂ္ဂိုလ်က သူတို့ရဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာနဲ့ စည်းမျဉ်းတွေ ရှိကြတယ်။ ငါက သာမန်စစ်သည်တွေကို တိုက်ခိုက်မှာ မဟုတ်သလို မှော်ဆရာခံတပ်ကို တိုက်ခိုက်မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ သန်းခေါင်နေ အရှင်က လွန်ခဲ့တဲ့ နှစ်၄၀၀တုန်းက လူပုံအလယ်မှာ ငါ့ကို အနိုင်ယူခဲ့ပြီးတော့ တိုက်ပွဲတစ်ခု တိုက်ခိုက်ဖို့ ကတိပေးခဲ့တယ်။ ဒီတစ်ခေါက် ငါဒီကို ရောက်လာတာက အဲဒီတိုက်ပွဲကို တိုက်ခိုက်ဖို့ပဲ။”
“ငါ့ကို နိုင်အောင်တိုက်။” ရိုင်ဇန်၏အကြည့်က ချန်လွေ့ကို ကျော်သွားပြီးနောက် မှော်ဆရာခံတပ်မှ ရှီရာပေါ်သို့ ရောက်သွား၏။ “ဒါမှမဟုတ် သူက ငါ့လက်သီးချက်ကို ခံရမယ်။”
ရိုင်ဇန်၏ ရည်ရွယ်ချက် (သို့မဟုတ် ဆင်ခြေ) က သိသာလှပေသည်။ ရှီရာ သေဆုံးသွားသည်နှင့် ကြယ်ကြွေတမန်အင်ပါယာက အကြီးမားဆုံး ခေါင်းဆောင်နှင့် စိတ်ဝိညာဉ် အထောက်အပံ့ကို ဆုံးရှုံးလိုက်ရမည်ဖြစ်ရာ သွေးရောင်အင်ပါယာ၏ လက်ရွေးစင် စစ်တပ်ကို လုံးဝ တားဆီးနိုင်တော့မည် မဟုတ်ပေ။
ရှီရာက ထိုသို့ မလုပ်ရဲလျှင်လည်း သူ၏ဂုဏ်သိက္ခာ ကျဆင်းသွားမည် ဖြစ်ကာ ရိုင်ဇန်က မှော်ဆရာခံတပ်ကို ဖျက်ဆီးရန်အတွက် အကြောင်းရှိသွားမည် ဖြစ်သည်။ လက်ရှိ ရိုင်ဇန်က ရှီရာက လက်သီးတစ်ချက် ထိုးလိုက်ပြီဟု ပြော၍ ရနိုင်ပေသည်။
ရှီရာက ၎င်းကို လက်ခံရပေမည်။
“ဒီလက်သီးချက်ကို ကျုပ်ခံမယ်။” ချန်လွေ့က ရိုင်ဇန်၏ လက်သီးချက်ကို ကိုယ်တိုင် ခံခဲ့ရဖူးသည့်အတွက် ရှီရာ သေချာပေါက် ခံနိုင်မည် မဟုတ်ကြောင်းကို သိသည်။ သူက မှော်ငှက်တောင်ပိုးဇာလွှားကို ဝတ်ထားလျှင်ပင် တယ်လီပို့ နှစ်ခါခုန်ပြီးနောက်တွင် လက်သီးချက်၏ အဆုံးမဲ့ နောက်ကျန်ဒဏ်များကြောင့် ချေမှုန်းခံလိုက်ရပေမည်။
“မင်းက အရည်အချင်း မပြည့်မှီဘူး။” ရိုင်ဇန်က ဖြည်းဖြည်းချင်း ခေါင်းခါလိုက်သည်။ “မင်းက ငါ့ကို အနိုင်ယူဖို့ပဲ ရွေးချယ်လို့ ရမယ်။”
ချန်လွေ့က အေးစက်စက်နှင့် ပြောလိုက်သည်။ “တိုင်းပြည်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်က နတ်ဆိုးအရှင်သခင်အဆင့်ကို ရောက်ခါစပဲ ရှိသေးတဲ့ မိန်းမတစ်ယောက်နဲ့ တကယ်ပဲ တိုက်ခိုက်ချင်နေတယ်။ ဒါက အထူးအစွမ်းထက်ပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာနဲ့ စည်းမျဉ်းတွေလား။”
“ငါ့မျက်လုံးထဲမှာတော့ သူက မိန်းမတစ်ယောက် မဟုတ်ဘူး။ အုပ်ချုပ်သူ တစ်ယောက်ပဲ။” ရိုင်ဇန်တွင် ရှင်းပြခြင်း မရှိသလို တုံ့ဆိုင်းခြင်းလည်း မရှိခဲ့ပေ။ “ပြီးတော့ ငါ ဆုံးဖြတ်တာကို ဘယ်သူမှ ပယ်ရှားလို့ မရဘူး။ ငါမင်းကို ရွေးချယ်ဖို့ တစ်မိနစ် အချိန်ပေးမယ်။ ငါ့ကို နိုင်အောင်တိုက်။ ဒါမှမဟုတ်ရင် သူက ငါ့လက်သီးချက်ကို ခံရမယ်။ တစ်မိနစ်ကြာပြီးရင် မင်းမှာ ရွေးစရာ မရှိတော့ဘူး။”
“ရိုင်ဇန်...” ချန်လွေ့၏ခန္ဓာကိုယ်က ရုတ်တရက် အင်အားကြီး အငွေ့အသက်တစ်ခု ထွက်လာပြီးနောက် အတွင်းထဲ၌ ကြယ်ကဲ့သို့ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။ ထိုအငွေ့အသက်၏စွမ်းအားကို အာရုံခံလိုက်မိသောအခါ ရိုင်ဇန်က မျက်မှောင်ကြုတ် လိုက်မိသည်။ သို့သော်လည်း ထိုအငွေ့အသက်ထဲ၌ နောက်ထပ် ချစ်ချစ်တောက် ဖြစ်နေသော စွမ်းအား တစ်ခု ရှိနေသည်။ ကြယ်ကဲ့သို့အလင်းက အလျင်အမြန်ပင် ဖိနှိပ်ခံလိုက်ရပြီး ငြိမ်းသွားခဲ့သည်။
“ခင်ဗျားက သိပ်မကြာခင်တုန်းကပဲ တိုင်းပြည်အဆင့်ကို ရောက်လာတာ။ ဒါက ဘာမှ မဟုတ်ဘူး။ ဥပဒေသ အဆောင်ပစ္စည်းရဲ့ အချုပ်အနှောင်ကြောင့်သာ မဟုတ်ရင် ကျုပ် ခင်ဗျားကို ဒီနေ့ အနိုင်ယူနိုင်မှာ။”
“ဒါက တကယ် ဥပဒေသစွမ်းအားပဲ။ အချုပ်အနှောင်ကို ဖယ်ရှားပြီးရင် မင်းရဲ့ စွမ်းအားကို ငါ စောင့်မျှော်နေမှာပါ။” ရိုင်ဇန်က ချန်လွေ့ကို ပထမဆုံးအကြိမ်အဖြစ်ဖြစ် တည့်တည့် ကြည့်လိုက်ဟန်တူသည်။ ထို့နောက် သူက ခေါင်းခါလိုက်၏။ “ကံဆိုးချင်တော့ ဒီနေ့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါက မဟာရိုင်ဇန် မို့လို့ပဲ။”
မဟာရိုင်ဇန် ဖြစ်ပေ၏။ ရိုင်ဇန် မဟုတ်ပေ။ ရှီရာက မိန်းမတစ်ယောက် မဟုတ်ဘဲ အုပ်ချုပ်သူတစ်ယောက် ဖြစ်သကဲ့သို့ပင်။
“စကားတွေနဲ့ ကစားလို့ အသုံးမဝင်ဘူး။ မင်းမှာ ရွေးချယ်ဖို့ စက္ကန့်၃၀ အချိန်ရှိသေးတယ်။”
မှော်ဆရာခံတပ် တံတိုင်းပေါ်မှ အဆိပ်နဂါးက စိတ်မထိန်းနိုင်တော့ဘဲ အပြာရောင် အလင်းတစ်ခုအဖြစ် ပြောင်းကာ ရှေ့သို့ ပျံသွားလိုက်သည်။ “ငါ့လက် ခြေတစ်လှမ်းသာပြီး တိုင်းပြည်အဆင့်ကို ရောက်နေတာများ။ ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်က မိန်းမတွေကို အနိုင်ကျင့်ဖို့ပဲသိတဲ့ ချီးထုပ်တစ်ကောင်ပဲ။”
တိုက်ပွဲက ရှောင်လွှဲ၍ မရတော့ကြောင့် ချန်လွေ့သိသည်။ ကြာရှည် စောင့်ဆိုင်းနေခဲ့သော [ ကြယ်စင်စုပိုင်နက် ] နှင့် [ ဆောင်းဦးပိုင်နက် ] တို့ကို တစ်ချိန်တည်း အသက်သွင်းလိုက်၏။ ရိုင်ဇန်၏ ပတ်ပတ်လည်၌ မရေမတွက်နိုင်သော ကြယ်ပွင့်များ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် အားလျှော့များ အများအပြားရှိနေသော အငွေ့အသက်များလည်း စုပြုံရောက်လာကြလေသည်။
“သိပ်ကောင်းတယ်။”
ထိုသို့ ရိုင်ဇန် ပြောပြီးသည်နှင့် သူတို့သုံးယောက် တည်ရှိနေသော စက်ဝိုင်းပုံ နေရာက သွေးနီရောင် စွန်းထင်းသွားခဲ့သည်။ သွေးရောင်အင်ပါယာ စစ်သည်များက တိုင်းပြည် စွမ်းအားဖြင့် ခြားနားထားသည့်အတွက် ဖိအားအနည်းငယ်ကိုမျှ မခံစားခဲ့ရပေ။
ပါ့ဂ်လီအိုက ထူးခြားသော ဥပဒေသတစ်ခု ပါဝင်နေသော ကြောက်မက်ဖွယ်ရာ လက်သီးချက်တစ်ခု ချဉ်းကပ်လာသည်ကို ခံစားမိလိုက်သည်။ သူက အမှန်တကယ်ပင် မရှောင်တိမ်းနိုင်ပေ။ ထိသွားမည်ဆိုပါက သူ၏ အဆိပ်နဂါးခန္ဓာအမျိုးအစားသည်ပင် ကြေမွသွားနိုင်၏။ သူ တိတ်တိတ်လေး သိမ့်သိမ့်တုန်သွားမိသည်။
သို့သော်လည်း ပါ့ဂ်လီအိုက အက်ဂ်လက်စ်၏ အထူးလေ့ကျင့်ပေးမှုကြောင့် မကြောက်နေခဲ့ပေ။ အတိအကျပြောရလျှင် ဆရာသခင် အဆိပ်နဂါးက သွေးဆူတတ်သူ မဟုတ်ပေ။ ထိုအစားက သူက အတော်လေး ကောက်ကျစ်လှသည်။ သူက မြို့တံတိုင်းမှ အမြန်မဆင်းခင်၌ ကြက်သွန်နီကောင်ကို ဆွဲယူလာခဲ့သည်။ ယခုတွင် သူက ပို၍ပင် ပြတ်သားသွားခဲ့ပြီး ကြက်သွန်နီကောင်အား လက်နက်တစ်ခု အနေဖြင့် ပစ်လွှတ်လိုက်၏။
“ကယ်ကြပါဦး။” ကြက်သွန်နီကောင်လည်း လက်သီးချက်၏ ကြောက်မက်ဖွယ်ရာကို ခံစားလိုက်မိသည့်အတွက် အော်ဟစ်လိုက်တော့သည်။ ဒိုဒိုမကြောက်ဆုံးက အားနည်းသူများကို အနိုင်ကျင့်ရခြင်းဖြစ်ပြီး အကြောက်ဆုံးကတော့ စစ်မှန်သော အစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရခြင်းပင် ဖြစ်သည်။ သို့သော်လည်း သူက သေရေးရှင်ရေး ဖြစ်နေသည့်အတွက် ဝါးမျိုပါရမီကို အသည်းအသန် အသက်သွင်းပြီး ကြောက်မက်ဖွယ်ရာ လက်သီးချက်ကို အရူးသဖွယ် စတင်ဝါးမျိုတော့သည်။
ဒိုဒို၏ အစားကြီး ပါရမီက သိသာထင်ရှားလှပြီး ရိုင်ဇန်၏ လက်သီးချက်စွမ်းအားက တဖြည်းဖြည်း လျော့ကျသွားခဲ့သည်။ သို့သော်လည်း စားပြီးတော့ စွမ်းအားကို မခြေဖျက် နိုင်ခင်မှာပင် ကြောက်မက်ဖွယ်ရာ စွမ်းအင်များ ပေါက်ထွက်ကုန်ပြီး ဒိုဒို၏ ခန္ဓာကိုယ်က မရေမတွက်နိုင်သော အပိုင်းပိုင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ပါ့ဂ်လီအိုက အော်ဟစ်လိုက်ပြီး သူ့လက်သီးက အစိမ်းရောင်အငွေ့များ ပြည့်နှက်သွားကာ လက်ကျန် လက်သီးအဟုန်ကို ကြိုဆိုလိုက်၏။
ဗလုံးဗထွေး အသံများထဲ၌ အဆိပ်နဂါး၏ပုံရိပ်က နောက်သို့ ခြေ၈လှမ်း ဆုတ်သွားခဲ့ပြီး မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သို့သော်လည်း ကျန်ရှိသော လက်သီးချက်စွမ်းအားက ပါ့ဂ်လီအို၏ အဆိပ်ဖြင့် တိုက်စားခံလိုက်ရသည်။ ဒိုဒို၏ ပြန့်ကျဲသွားသော ခန္ဓာကိုယ်ကလည်း ပြန်လည် စုစည်းလာပြီး ကြက်သွန်နီပုံစံ ပြန်ပြောင်းသွားခဲ့သည်။ သို့ရာတွင် ရိုင်ဇန်ကို ကြည့်သောအခါ သူ့မျက်လုံးများက ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ပါ့ဂ်လီအို၏ စွမ်းအားနှင့် ဒိုဒို၏ မသေနိုင်သော ခန္ဓာကိုယ်တို့က ရိုင်ဇန်ကို အနည်းငယ် အံ့အားသင့်သွားစေပြီး လေထဲ၌ ပြင်းထန်ပြီး တက်ကြွလွန်းသော အငွေ့အသက် တစ်ခုကို ရုတ်တရက် ခံစားလိုက်မိသည်။ ထိုအရင်းအမြစ်က အမှန်တကယ်ပင် ဘယ်ဇီဘတ်ဘုရင် အက်ဂ်ယောထံမှ ဖြစ်နေသည်။
ချန်လွေ့၏ခန္ဓာကိုယ်က အနီရောင်မီးတောက်များ ထွက်နေရင်း လေထဲ၌ ငြိမ်သက်နေသည်။ သူ့နောက်ဘက်၌ ဇာမဏီတောင်ပံကဲ့သို့ အနီရောင် တောင်ပံတစ်စုံ ထွက်လာပြီး ထိုတောင်ပံများက မီးတောက်စွမ်းအားကို ပို၍ပင် သောင်းကြမ်း သွားစေသည်။ အားလျှော့မှု ပါဝင်သော ညှိမှိုင်းမှိုင်း ပိုင်နက်အငွေ့အသက်ကလည်း ပူလောင်ပြီး လှုပ်ရှားလာခဲ့သည်။
ရိုင်ဇန်က မလှုပ်ရှားဘဲ အေးအေးဆေးဆေးသော စောင့်နေခဲ့သည်။
ချက်ချင်းနီးပါးပင် လူတိုင်းအရှေ့၌ အလွန်ကြီးမားသော အနီရောင် မြွေပုံစံ သားရဲဒါဇင်ခန့် ပေါ်ထွက်လာခဲ့ပြီး ထိုအဟုန်က ပင်လယ်ပြင်ကဲ့သို့ လှုပ်ရှားနေခဲ့သည်။
“[ မီးသင့်နဂါးဟိန်းသံ ]”
ချန်လွေ့၏အော်သံ ထွက်ပေါ်လာပြီးနောက် သားရဲများအားလုံးက တစ်ချိန်တည်း မှာပင် ရိုင်ဇန်ထံသို့ ပျံသန်းသွားကြသည်။ ထိုတိုက်ခိုက်မှုက ပြန့်ကျဲနေသော တိုက်ခိုက်မှု မဟုတ်တော့ပဲ မီးသင့်နဂါးများ၏ စွမ်းအားအကုန်လုံးကို နေရာတစ်ခုထဲသို့ စုစည်း တိုက်ခိုက်လိုက်ခြင်းဖြစ်ရာ ပစ်မှတ်တစ်ခတုည်း တိုက်ခိုက်မှုစွမ်းအားက ကြီးကြီးမားမား တိုးမြင့်သွားခဲ့လေသည်။
အနီရောင် အလင်းတောင်ပံက စူပါစနစ်၏ ထပ်တိုးအစွမ်းထဲမှ [မီးဇာမဏီအလွမ်း] ဖြစ်ပြီး မီးစွမ်းရည် ထိန်းချုပ်မှုနှင့် တိုက်ခိုက်မှုကို ၁၀၀% တိုးမြှင့်ပေးနိုင်၏။
ထိုအသုံးချစွမ်းရည်က ရုတ်တရက် ပေါ်လာခြင်း ဖြစ်သည်။ ထိုအရာက [မီးဇာမဏီအမှတ်]မှ ဖြစ်လာခြင်း ဖြစ်နိုင်သော်လည်း ယခုတစ်ခေါက် ကတ်သရင်းအပေါ် [သရုပ်ခွဲမျက်လုံး] အသုံးပြုခဲ့စဉ်က [ မီးဒြပ်စင်ကောင်းချီး ] ဂုဏ်သတ္တိ ရှိနေခဲ့သည်။ “ကောင်းချီး”ကလည်း “အလွမ်း”လိုမျိုးပဲ အဲဒီကာမဆက်ခံတာနဲ့ သက်ဆိုင်နေလားမသိ။
မီးသင့်နဂါးက မီးတိုက်ခိုက်မှုသက်သက် မဟုတ်ပေ။ သို့သော် [ မီးဇာမဏီအလွှမ်း ] က သူ၏ စွမ်းရည်ကို တိုးမြှင့်ပေးနိုင်ပြီး ချန်လွေ့အား မီးသင့်နဂါး အကောင်တိုင်းကို ပို၍ တိတိကျကျ ထိန်းချုပ်စေနိုင်သည်။ ထို့ကြောင့်ပင် ယနေ့ကဲ့သို့ စုစည်းတိုက်ခိုက်မှု ဖြစ်လာရခြင်း ဖြစ်၏။
ထိုတိုက်ခိုက်မှုကို အဝေးမှ ကြည့်နေကြသော ရှာနာနှင့် သွေးရောင်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက ကြောက်လန့်သော အမူအရာတစ်ခု ပြသလိုက်ကြသည်။ ဒီတိုက်ခိုက်မှုက ကြောက်စရာကောင်းလွန်းတယ်။ အက်ဂ်ယောရဲ့ အဓိက စွမ်းရည်က အထောက်အပံ့ပေးတာပဲလို့ ငါ ထင်ထားခဲ့တာ။ အခု ဒါက သူ့ရဲ့ တကယ့်အစွယ်ပဲ။ သူက ဒီတိုက်ကွက်က ခုနက သုံးခဲ့ရင် အဲဒီကြောက်စရာမိန်းမ မရှိရင်တောင် ငါတို့တွေ ကြီးကြီးမားမား ရှုံးနိမ့်သွားခဲ့မှာပဲ။
ကြောက်မက်ဖွယ်ရာ မီးသင့်နဂါးများက သောင်းကြမ်းသော အမူအရာဖြင့် ရိုင်ဇန်ထံ ပျံသန်းနေကြသည်။ မှော်ဆရာခံတပ်အရှေ့မှ မြေပြင်ကို အစီအရင်များဖြင့် အားဖြည့် ထားသော်လည်း မီးသင့်နဂါးများ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို မခုခံနိုင်ကြပေ။ ငလျင်တစ်ခုသဖွယ် တုန်ခါသွားခဲ့ပြီးနောက် မရေအတွက်နိုင်သော ပျက်ယွင်းမှုများ ဖြစ်သွားကာ ကျောက်စရစ်ခဲများ အဝေးသို့ လွင့်ပျံသွားတော့သည်။
“ဒီကောင်မှာ ဘယ်တုန်းက ဒီလိုမျိုး ကြောက်စရာကောင်းတဲ့ တိုက်ကွက် ရှိသွားတာလဲ။” ထိုတိုက်ကွက်ကြောင့် ပါ့ဂ်လီအိုလည်း ကြက်သေသေသွားသော်လည်း သွေးနီတိုင်းပြည်နယ်နိမိတ်က လုံးဝ မတုန်ခါနေသည်ကို သူ သတိထားမိသည်။ အပြင်ဘက်မှ သွေးရောင်အင်ပါယာ စစ်သည်များကလည်း မည်သည့် နောက်ကျန်ဒဏ်ကိုမှ ခံစားကြရရန် မတူပေ။ ဆိုလိုသည်က....
မီးသင့်နဂါးများ၏ လူးလွန့်မှူက ရုတ်တရက် ရပ်တန့်သွား၏။ အနီရောင်ပင်လယ်၌ ခရမ်းရောင် အပေါက်တစ်ခု ဖြစ်သွားသည်။ ထိုအကြောင်က အဘက်ဘက်သို့ အလျင်အမြန် ပျံ့နှံ့သွားပြီးနောက် မီးသင့်နဂါးပင်လယ်က မျက်စိတစ်မှိတ် အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့၏။
ထိုအရာအားလုံးကို ဖြစ်စေခဲ့သည်မှာ ခရမ်းရောင်အလင်းဖျော့ဖျော့ တောက်နေသော လက်သီးတစ်ချက်ပင်။
ချန်လွေ့က လေထဲ၌ လွင့်ထွက်သွားခဲ့သည်။ သူက မြေပြင်ပေါ်သို့ ပြန်ကျပြီးနောက် ခြေလှမ်းဒါဇင်ခန့် သွားပြီးမှသာ မြဲမြဲမြံမြံ ရပ်နိုင်ခဲ့သည်။ သူ၏မျက်နှာဖုံးလည်း ကွဲကြေသွားခဲ့ပြီး ဝတ်ရုံက စုတ်ပြတ်နေခဲ့သည်။ သူက တိုက်ခိုက်မှု၏ တန်ပြန်မှုကို ဖိနှိပ်ရန်အတွက် စွမ်းအားကို အကောင်းဆုံးကြိုးစားကာ လည်ပတ်နေလိုက်သည်။
“မင်းက အခု တိုင်းပြည်အဆင့် ရောက်နေမယ်ဆိုရင် ဒီတိုက်ကွက်ကို ငါ ထိပ်တိုက် ရင်ဆိုင်ဖို့ မသေချာလောက်ဘူး။ ကံဆိုးချင်တော့....” ရိုင်ဇန်က ကွင်းပြင်ငယ်လေးထဲ၌ မြင်ခဲ့ဖူးသော ချန်လွေ့၏မျက်နှာကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း လက်သီးကို မြှောက်လိုက်သည်။ “မင်း အခု နောက်မဆုတ်ဘူးဆိုရင် အချုပ်အနှောင်ကို ဖယ်ရှားဖို့ အခွင့်အရေး ဘယ်တော့မှရမှာ မဟုတ်တော့ဘူး။”