ဘယ်သူက လေထဲမှာ ကနေတာလဲ
Vol. 47 Ch. 755
ချန်လွေ့၏ မျက်လုံးများက နီရဲသွားပြီး ခန္ဓာကိုယ်ထဲမှ ကြယ်စွမ်းအားက အရူးအမူး လည်ပတ်သွားကာ အစစ်အမှန် မီးတောက်ကို ထိသွားခဲ့သည်။ သို့သော်လည်း ဥပဒေသ စွမ်းအားက [ ဓူဝံကြယ်အသွင်ပြောင်းခြင်း ] စွမ်းအားကို ခေါင်းမာမာနှင့် ပိတ်လှောင်ထားဆဲ ဖြစ်သည်။ ပြင်ပ အကြောင်းအရာအများအပြားကြောင့်း ၂နှစ်အချိန်က အနည်းငယ် တိုတောင်းသွားခဲ့သော်လည်း ယခုတော့ လုံးဝ မဟုတ်ပေ။
ထိုအချိန် နောက်ဘက်မှ တဲရစ်က တစ်ခုခုကို ရှာတွေ့သွားဟန်တူပြီး သူ့အပြုံးက ရုတ်တရက် အေးခဲသွားခဲ့သည်။
ရိုင်ဇန်၏ပုံရိပ် ရုတ်တရက် ပျောက်ကွယ်သွားပြီးနောက် သူ၏မူလနေရာ၌ အလွန်ကြီးမားသော အရာတစ်ခု ပေါ်ထွက်လာခဲ့သည်။ မြေပြင်တုန်ခါသွားခဲ့ပြီး တွင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။
ထိုအရာက ကြီးမားသော ရွှေရောင် သတ္တုခြေထောက်တစ်ဖက် ဖြစ်သည်။ ထိုခြေထောက်ပေါ်၌ ထူးဆန်းသော ပုံစံကွက်များ ထွင်းထုထားပြီး အဆုံးမဲ့သော လျို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေလေသည်။
ထိုခြေထောက်က မည်သူ့၏ဟာဖြစ်ကြောင်း အားလုံး မြင်နိုင်ခင်မှာပင် ခြေထောက်ကြီးက ရုတ်တရက် ပျောက်ကွယ်သွား၏။ ရိုင်ဇန်၏ ပုံရိပ်ကသာ အဆက်မပြတ် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး ပြင်းထန်လှသော မြန်နှုန်းမြင့် တိုက်ခိုက်သံများကို ကြားနိုင်လေသည်။
“ဝုန်း....” လျှပ်စီးကဲ့သို့ ပုံရိပ်က နောက်သို့ ဆုတ်သွားခဲ့ရပြီးနောက် ခရမ်းရောင် တောက်နေသော လက်သီးကြောင့် မြေပေါ်သို့ ဆင်းသက်လာခဲ့သည်။
ထိုအရာက တကိုယ်လုံး လက်သီးရာများ ပြည့်နှက်နေသည့် အမှောင်ရွှေရုပ်သေး ဖြစ်၏။ ၎င်း၏မျက်လုံးထဲ၌ အစိမ်းရောင် အလင်း လက်ခနဲ ဖြစ်သွားပြီးနောက် လက်သီးရာများက အမှန်တကယ်ပင် သာမန်မျက်လုံးဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် အလျင်အမြန် ပြန်ကောင်းလာခဲ့သည်။ လုံးဝ မထိခိုက်ခဲ့သလိုမျိုးပင်။
“[ ထာဝရ အမှောင် ရွှေရုပ်သေး]...” ရိုင်ဇန်က မျက်မှောင်ကြုတ်လိုက်ပြီး ရုတ်တရက် ခေါင်းမော့ကာ မိုးပေါ်သို့ ကြည့်လိုက်လေသည်။
မိုးပေါ်၌ ဇာမဏီငှက်အော်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းပင် လောင်ကျွမ်းသွားခဲ့သည်။ အသက်ဓာတ်များ ပြည့်နှက်နေသော မီးတောက်နက်က အလွန်မကြီးမားသော ဇာမဏီငှက်ပုံရိပ်ကို ဖွဲ့စည်းလိုက်လေသည်။
အင်အားကြီး အငွေ့အသက်က တိုက်ပွဲနေရာအနှံ့သို့ ပျံ့နှံ့ဖောက်ဝင်သွားခဲ့ပြီး ရိုင်ဇန်၏ သွေးနီတိုင်းပြည်စွမ်းအားကပင် ၎င်းကို လုံးဝ မဖိနှိပ်နိုင်ခဲ့ပေ။
ကောင်းကင်ထက်မှ ဇာမဏီငှက်ပုံရိပ်က အလျင်အမြန် ပြိုကွဲသွားပြီးနောက် မရေမတွက်နိုင်သော မီးတောက်များဖြစ်သွားကာ မှော်ဆရာခံတပ်ဆီသို့ ဆင်းသက်လာ၏။ သတ္တုရုပ်သေးများကို ရစ်ပတ်ထားသော မီးတောက်များက မှော်ဆရာခံတပ်အရှေ့၌ တိတိကျကျ ဆင်းသက်လာပြီး သပ်သပ်ရပ်ရပ် တန်းစီနေကော သွေးရောင်အင်ပါယာ စစ်တပ်ကို ရင်ဆိုင်နေ၏။
ထိုသတ္တုများက ရွှေရောင်နှင့် ငွေရောင်များ ရှိကြပြီး အရွယ်အစား အမျိုးမျိုး ရှိကြလေသည်။ မီးတောက်က အလျင်အမြန်ပင် ယောက်ျားနှင့် မိန်းမ ပုံရိပ်များအဖြစ် စုစည်းသွားကြပြီး သတ္တုရုပ်သေးဘေးနားတွင် ရပ်လိုက်ကြသည်။ ယောက်ျားများ၏ မျက်နှာက ချောမောလှပပြီး ထူးခြားကာ မိန်းမများက မျက်နှာဖုံး သို့မဟုတ် မျက်နှာလွှားများ ဝတ်ထားကြလေသည်။ အင်အားကြီး အငွေ့အသက်များ ထုတ်လွှတ် နေသော ယောက်ျားနှင့်မိန်းမ အယောက်၂၀ခန့်ရှိပြီး သွေးရောင်အင်ပါယာ စစ်တပ်အား ပြင်းထန်သော ဖိအားတစ်ခု ဖြစ်စေခဲ့သည်။
ကောင်းကင်ထက်မှ အလွန်ကြီးမားသေ ဇာမဏီငှက် ပျောက်ဆုံးသွားခဲ့ပြီးနောက် ရိုင်ဇန်၏ မျက်နှာချင်းဆိုင်ရှိ အမှောင်ရွှေရုပ်သေးဘေးနားတွင် အမျိုးသမီးတစ်ယောက် ပေါ်ထွက်လာခဲ့၏။
သူက အနက်ရောင် ဝတ်ရုံကို ဝတ်ထားပြီး မျက်နှာပေါ်၌ မီးခိုးဖျော့ရောင် မျက်နှာလွှားကို ရှိနေကာ အလွန်သိမ်မွေ့နူးညံ့ပြီး မြင့်မြတ်သော စိတ်နေသဘောထားကို ပြသနေလေသည်။ သူ၏မျက်နှာကို သေသေချာချာ မမြင်နိုင်သည့်တိုင် အနှိုင်းမဲ့သော ကြော့ရှင်းမှုကို ခံစားမိနိုင်သေးပေသည်။
[ စစ်ရုပ်သေး ] ၊ ဝတ်ရုံ၊ မျက်နှာလွှား၊ ကျက်သရေရှိသော အမျိုးသမီး။
ထိုစကားလုံးများက တစ်လုံးစီဆိုလျှင် အဆင်ပြေသော်လည်း ပေါင်းလိုက်လျှင် နတ်ဆိုးဘုံ၌ ထိုကဲ့သို့ တစ်ယောက်တည်းသာ ရှိ၏။
တစ်ယောက်တည်းပင်။
“ကတ်သရင်း...” ရိုင်ဇန်က ထိုအမျိုးသမီးထံမှ စွမ်းအား အငွေ့အသက်ကို ခံစားမိလိုက်ပြီး မျက်လုံးများက အံ့အားသင့်လျက် အရောင်လက်သွားခဲ့သည်။ “မင်း တကယ်ပဲ....”
ထို “တကယ်ပဲ” ဟူသော စကားလုံးက အဓိပ္ပာယ် အများအပြား ပါဝင်နေ၏။ မင်း တကယ် မသေခဲ့ဘူး။ မင်းက စွမ်းအားမှာ အရည်အသွေး တိုးတက်သွားခဲ့တယ်။ မင်းက ဒီလိုအချိန် တကယ်ကြီး ပေါ်ထွက်လာခဲ့တယ်။
ကတ်သရင်း ရောက်လာခြင်းက ချန်လွေ့ကိုလည်း အံ့သြသွားစေသည်။ သို့သော် သူက ရှီရာဘက်သို့ လာရသည့်အတွက် စိတ်အေးသွားခဲ့သည်။ ရှီရာ၏လက်ကို ကိုင်လိုက်သောအခါ တုန်ခါနေပြီး သူက တစ်ခုခု ပြောချင်နေခဲ့သော်လည်း နောက်ဆုံး၌ မပြောခဲ့ပေ။ ချန်လွေ့က ရှီရာ၏ လက်ကို ပို၍ပင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်၏။ ဘေးဖက်မှ မစ်-နတ်မိမယ်နဂါးက အားနည်းချက် လုံးဝမပြဘဲ ရှေ့တက်ကာ ချန်လွေ့၏ အခြားလက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။
“ကျွန်မ ရောက်လာတဲ့အချိန်က နည်းနည်းလေး စောသွားတဲ့ပုံပဲ....” ကြော့ရှင်းပြီး ဂရုမစိုက်သောအသံတစ်ခု ထွက်ပေါ်လာပြီး စစ်မြေပြင်တလျှောက် ပျံ့နှံ့သွားကာ လူအများအား စိတ်အေးချမ်းမှု ဖြစ်စေခဲ့သည်။ “ဘာလို့လဲဆိုတော့ ကျွန်မက အုပ်ချုပ်သူ တစ်ယောက်တင်မဟုတ်ဘူး။ မိန်းမတစ်ယောက်လည်း ဖြစ်လို့နေမယ်။ ဘယ်လိုထင်လဲ။ ရိုင်ဇန်။”
ထိုစကားက ရှီရာအား ရိုင်ဇန် ပြောခဲ့သည်ကို တုံ့ပြန်ခြင်းဖြစ်သည်မှာ အသေအချာပင်။ ထိုအရာက ရိုင်ဇန်ကို လူပုံအလယ်၌ ပါးရိုက်လိုက်ခြင်းနှင့် မခြားပေ။ သို့ရာတွင် မျက်နှာလွှားနောက်ကွယ်မှ မျက်လုံးတစ်စုံက မိမိနှင့် တင်းကြပ်စွာ ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို ကြည့်နေဟန်တူကြောင်း ချန်လွေ့ ခံစားလိုက်မိ၏။
“မင်းက အုပ်ချုပ်သူတစ်ယောက် ဟုတ်သလို အငြိုးကြီးတဲ့ မိန်းမတစ်ယောက်လည်း ဟုတ်တယ် ဆိုတာကို ငါ့ကို သတိပေးဖို့ ကြိုးစားနေတာလား။” ရိုင်ဇန်က သတိပြန်ဝင်လာပြီး အေးစက်စက်နှင့် ပြောလိုက်သည်။ “မင်းက အခုအထိ အသက်ရှင်နေသေးတာ ငါ တကယ် အံ့သြမိတယ်။ ဒါပေမဲ့ မင်းက ရူးမိုက်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာပဲ။ လက်ရှိမင်းရဲ့စွမ်းအားနဲ့ မင်း အပြည့်အဝ မကျွမ်းကျင်သေးတဲ့ [ထာဝရအမှောင်ရွှေစစ်ရုပ်သေး] လျို့ဝှက်ရတနာနဲ့ဆိုရင် ငါ့ကို လက်စားချေနိုင်မှာလား။ မင်းဒီကို ရောက်နေတော့လည်း ကောင်းပါတယ်။ ငါမင်းကို သတ်လိုက်တာနဲ့ အရိပ်နက် အင်ပါယာကလည်း စစ်တိုက်စရာမလိုဘဲ ရှုံးနိမ့်သွားလိမ့်မယ်။”
တဲရစ်က နောက်ဘက်မှ ဂူစတက်ဗ်ကို ခြေဟန်လက်ဟန် ပြလိုက်သည်။ ဂူစတက်ဗ်က ခေါင်းညိတ်လိုက်၏။ မြေပြင်ကို လက်နက်များဖြင့် ရိုက်နှက်သံများ ဒိုင်းသံများက သွေးရောင်အင်ပါယာ စစ်တပ်ထဲ၌ စတင်ထွက်ပေါ်လာ၏။ ထိုအသံက ပို၍ပို၍ အစီအစဉ်တကျ ဖြစ်လာပြီး ပြန့်ကျဲလာကာ အင်အားကြီး အဟုန်တစ်ခု ဖြစ်သွားတော့သည်။
မူလက နိမ့်ကျနေခဲ့သော သွေးရောင်အင်ပါယာစစ်တပ်၏ စိတ်ဓာတ်ရေးရာက တည်တည်ငြိမ်ငြိမ်နှင့် မြင့်တက်လာခဲ့ပြီး ရိုင်ဇန်၏ အဟုန်ကလည်း မိုးထိုးသွားခဲ့သည်။ ကောင်းကင်တစ်ခုလုံးက သွေးတိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားဟန်တူသည်။
အခြေအနေက အချိန်မရွေး တိုက်ခိုက်တော့မည့်သဖွယ် တင်းမာနေ၏။
ကတ်သရင်းက ရိုင်ဇန်ကို စိုက်ကြည့်ရင်း တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။ “ရှင်က စိတ်မရှည်လွန်းတာပဲ။”
ထိုကဲ့သို့ မသက်ဆိုင်သော အဖြေကြောင့် ရိုင်ဇန်၏အကြည့် လက်ခနဲ ဖြစ်သွားခဲ့သည်။ “မင်း ဘာပြောချင်တာလဲ။”
“စစ်ပွဲတစ်ခုလုံးက ချီတက်တာ မြန်ဆန်လွန်းနေတယ်။ ရှင်က ဘာလို့ ဒီလောက်တောင် စစ်ပွဲကို စချင်နေရတာလဲ။ ကိုယ့်ရဲ့ မာနကိုတောင် လက်လျှော့ပြီးတော့ ရှီရာကို ကိုယ်တိုင်သတ်ဖို့တောင် လုပ်ခဲ့တယ်။” မျက်နှာလွှားနောက်မှ ကတ်သရင်း၏ မျက်လုံးများက ရိုင်ဇန်၏စိတ်ကို မြင်နိုင်သကဲ့သို့ ဖြစ်နေသည်။ “ကျွန်မတွေးနေတာ တစ်ခုပဲ။ ရှင့်ရဲ့ ခန္ဓာကိုယ်က.....”
ရိုင်ဇန်၏ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ သူ၏မျက်လုံးထဲမှ ခရမ်းရောင် အရှိန်အဝါ တောက်ပသွားခဲ့ပြီးနောက် ကောင်းကင်အရောင်က ရုတ်တရက် သွေးနီရောင် ပြောင်းသွားကာ ကတ်သရင်းထံ သွေးအရှိန်အဝါ လှိုင်းတစ်ခု လှိမ့်တက်လာသည်။ မြို့တံတိုင်းမှ စစ်သည်များသည်ပင် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်ကို ခံစားလိုက်ကြရသည်။
ကတ်သရင်း၏ နောက်ဘက်၌ နိမိတ်ပုံရိပ် တောင်ပံနှစ်စုံ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ တောင်ပံတစ်စုံက အနက်ရောင်ဖြစ်ပြီး တခြားတစ်စုံက အနီရောင် ဖြစ်နေကာ ပထမတစ်ခုက အားကောင်းသော အသက်ဓာတ်များ ထုတ်လွှတ်နေရင်း ဒုတိယတစ်ခုက ပြင်းပြသော အပူရှိန်ကို ထုတ်လွှတ်နေ၏။ ချက်ချင်းပင် [ထာဝရအမှောင်ရွှေစစ်ရုပ်သေး]က ၁၀မီတာထက် ပိုမြင့်သော ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အမှောင် ရွှေအလင်းရောင် ရေးရေးလေး ထုတ်နေ၏။ သွေးရောင် လေလှိုင်းက မမြင်နိုင်သော အတားအရံနှင့် ရင်ဆိုင်နေရသကဲ့သို့ပင် ရှေ့ဆက် မသွားနိုင်တော့ပေ။
သွေးရောင်အင်ပါယာ စစ်တပ်နောက်တွင် တဲရစ်၏ အကြည့်က အနည်းငယ် ပို၍ လေးနက်သွားခဲ့ပြီး ကတ်သရင်း၏နောက်ကျောမှ တောင်ပံများကို သေချာ စိုက်ကြည့် နေလိုက်သည်။
ရိုင်ဇန်က လက်ကိုလှုပ်ရှားလိုက်ပြီး အနှိုင်းမဲ့တိုက်ကွက် [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] ကို အသုံးပြုလိုက်၏။ ကတ်သရင်း၏နောက်မှ တောင်ပံက လောင်ကျွမ်းသွားခဲ့ပြီး သူ့လက်ဝါးကို မီးခိုးသဖွယ် ရှေ့ကို မိတ်ဆက်လိုက်လေသည်။
ချက်ချင်းပင် သူတို့နှစ်ယောက်ကြားမှ နေရာလွတ်က အပြင်းအထန် ပျက်ယွင်းပြီး သူတို့၏ပုံရိပ်က ဝေဝါးသွားတော့သည်။ ကြောက်မက်ဖွယ်ရာကောင်းသော အနီရောင်နှင့် ခရမ်းရောင် စွမ်းအားများ တိုက်ခိုက်နေမှုကို ခံစားမိနိုင်လေသည်။ အပြင်ဘက် ထွက်လာသော နောက်ကျန်လှိုင်းဒဏ်များက တိုင်းပြည်အောက်ခြေမှ မြေပြင်ကို အံ့သြဖွယ်ရာ လမ်းကြောင်းများ ဖြစ်သွားစေခဲ့သည်။
ကတ်သရင်း၏နောက်ဘက်၌ တောင်ပံနှစ်စုံ ပေါ်ထွက်လာသောအခါ ရှီရာနှင့်အတူ ဆုတ်ခွာသွားသော ချန်လွေ့က ထူးဆန်းသော အာရုံတစ်ခု ရုတ်တရက် ရသွားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှ စွမ်းအားက အနီရောင်တောင်ပံကို ပဲ့တင်ထပ်နေဟန်တူသည်။ သူ၏ ဒဏ်ရာနှင့် စွမ်းအား ပြန်ကောင်းမှုတို့က ရုတ်တရက် အရှိန်မြန်သွား၏။
ကတ်သရင်းက ထူးခြားသော ပဲ့တင်သံကို ခံစားမိလိုကသ်ည်။ အရေးနိမ့်နေသော အနီရောင်စွမ်းအင်က ရုတ်တရက် ပိုမိုပြင်းထန်သွားခဲ့သည်။ ၎င်းက ခရမ်းရောင် စွမ်းအင်ကို မရှုံးနိမ့်ဘဲ ခုခံနိုင်နေသည်။ ရောနှောနေသော စွမ်းအားများက တဖြည်းဖြည်းနှင့် ကျုံ့သွားခဲ့ပြီး နောက်ဆုံး၌ ပျောက်ကွယ်သွား၏။ သူတို့နှစ်ယောက်လုံးက တူညီစွာပင် အင်အားကြီးကြလေသည်။
ကတ်သရင်းက [ ထာဝရ အမှောင် ရွှေမှော်ရုပ်သေး ] ကို အသက်မသွင်းဘဲ ကိုယ်ပိုင်စွမ်းအားဖြင့်သာ [ မိုးကြိုးဧကရာဇ်ချိပ်ပိတ် ] အား ဖြေရှင်းနိုင်မည်ဟု မထင်ထားသည့်အတွက် ရိုင်ဇန် မျက်ခုံးပင့်လိုက်မိသည်။ သူက တိုင်းပြည်အဆင့်ကို ရောက်ခါစ စွမ်းအားလား။ ဒီလိုအချိန်တို အတွင်းမှာလေ။
“ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားလား။” ရုတ်တရက် ရိုင်ဇန်က မယုံကြည်နိုင်စရာ အရာတစ်ခုကို တွေးမိလိုက်ပြီးနောက် သူ၏ တည်ငြိမ်သော မျက်နှာပေါ်၌ အံ့အားသင့်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ခုနက မမျှော်လင့်ထားသော ထူးဆန်းသည့် အာရုံခံစွမ်းရည်က [မိုးကြိုးဧကရာဇ်ချိပ်ပိတ်] ကို ဖြေရှင်းရာ၌ အလွန်အရေးပါခဲ့ကြောင်း ကတ်သရင်း ကောင်းကောင်းသိသည်။ သူက ထိုအကြောင်းကို ပြောမည် မဟုတ်ပေ။ သူက အသားလေး ခေါင်းညိတ်ပြလိုက်၏။
“မင်းက တကယ်ပဲ ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားကို ပြီးမြောက်သွားတာလား။ မင်းက မယုံနိုင်စရာကောင်းတဲ့ ပါရမီရှင်လို့ပဲ ဖော်ပြလို့ ရတော့မယ်။” ရိုဇန်က စိတ်လှုပ်ရှားသော အမူအရာတစ်ခု ပြသလိုက်ပြီး မျက်လုံးများက တိုက်ခိုက်ချင်စိတ် ပိုပြင်းထန်လာသည်။ “ငါက အမြဲတမ်း မင်းကို မြင့်မြင့်မှန်းထားခဲ့တာ။ ငါက မင်းကို အထင်သေးမိနေတုန်းပဲလို့ မထင်ထားခဲ့ဘူး။ မင်းက တကယ့်ကို အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ယောက်ပဲ။”
မြို့တံတိုင်းအောက်ရှိ အရိပ်နက်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက သူတို့၏ ဧကရီသည် ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားကို ပြီးမြောက်သွားကြောင်း သိသွားသောအခါ ရှင်းပြ၍မရအောင် စိတ်လှုပ်ရှားသွားကြသည်။ အက်စ်မိုဒက်စ် တော်ဝင်မိသားစုရဲ့ ပဉ္စမမြောက် နိဗ္ဗာန်စွမ်းအားက သေရေးရှင်ရေး အခိုက်အတန့်လို့ နာမည်ကျော်ကြားတယ်။ ပြီးတော့ အဲဒီနေရာမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ကျရှုံးခဲ့ရတယ်။ ဒါပေမဲ့ မဟာကတ်သရင်းက တကယ်ကြီး အောင်မြင်ခဲ့တယ်။
“ပြောချင်တာက အဲဒါ မဟုတ်ဘူး။” ကတ်သရင်းက တည်တည်ငြိမ်ငြိမ်ပင် စကားလမ်းကြောင်း လွှဲလိုက်ပြီး ရိုင်ဇန်၏ နှုတ်ခမ်းထောင့်မှ သွေးများကို ကြည့်နေလိုက်သည်။ “နိဗ္ဗာန်စွမ်းအားက အသက်ဓာတ်ကို မယုံနိုင်စရာ အာရုံခံနိုင်စွမ်း ရှိတယ်။ အဲဒါက အဆင့်နဲ့အလိုက် တိုးလာတာ။ ရှင့်ရဲ့ သွေးအငွေ့အသက်နဲ့ ခုနက တုံ့ပြန်မှုတွေက ကျွန်မကို ပြောပြနေတယ်။ ရှင့်ရဲ့ အသက်စွမ်းအားက......။ ကျွန်မ မေးချင်တာက ဒီအခြေအနေမှာ ရှင် အစွမ်းကုန် တိုက်ခိုက်ရင်တောင် သွေးရောင်အင်ပါယာက အရိပ်နက်အင်ပါယာနဲ့ ကြယ်ကြွေတမန်အင်ပါယာရဲ့ ပူးပေါင်းမှုကို အနိုင်ယူနိုင်မှာလား။”
ထိုစကားက သူ၏ ရည်တည်မှုကို ပြသနေခဲ့သည်။ ကြယ်ကြွေတမန် အင်ပါယာမှ စစ်သည်များက အော်ဟစ်လိုက်ကြပြီး သွေးရောင်အင်ပါယာ စစ်သည်များက အနည်းငယ် သတိထားလိုက်ကြသည်။ လက်ရှိ၌ ကတ်သရင်းက ရိုင်ဇန်ကို ယှဉ်နိုင်ရန် စွမ်းအား ရှိနေသည်မှာ အသေအချာပင်။ သွေးရောင်အင်ပါယာနှင့် ကြယ်ကြွေတမန်အင်ပါယာတို့၏ အဆင့်မြင့် စစ်ရေး တိုက်ခိုက်ရေးစွမ်းအားကလည်း အခြေခံအားဖြင့် ကုန်ခမ်းသွားကြပြီ ဖြစ်သည်။ အနည်းဆုံး အချိန်တိုအတွင်း ၎င်းတို့က အသုံးဝင်တော့မည် မဟုတ်ချေ။ ရိုင်ဇန် နတ်ဆိုးအရှင်သခင်အချို့ကို ခေါ်လာလျှင်ပင် ချန်လွေ့နှင့် အခြားသူများ၏ပြိုင်ဘက် မဟုတ်နိုင်ပေ။ ထို့ပြင် လက်ရှိတွင် အရိပ်နက်အင်ပါယာမ၌ နတ်ဆိုးအရှင်သခင်အဆင့် ၂၀ကျော် ရှိနေပြီး စစ်တပ်က မရောက်လာသေးပေ။
ရှိနေသော စွမ်းအားကို နှိုင်းယှဉ်ကြည့်ရုံဖြင့် သွေးရောင်အင်ပါယာက အနိုင်ရရှိရန် မျှော်လင့်ချက် မရှိတော့ပေ။ အရိပ်နက်အင်ပါယာက ထိုတိုက်ပွဲ၏ ရလာဒ်ကို ဆုံးဖြတ်ပေးမည့် အရေးအပါဆုံး တည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။
ရိုင်ဇန်က သရော်ပြုံး ပြုံးလိုက်၏။ “မင်းက နည်းနည်းလေး စောပြီးတော့ ရောက်လာတယ် မထင်ဘူးလား။ အကျိုးအမြတ် ပိုရဖို့အတွက် ငါ ရှီရာကို သတ်ပြီးတော့ ကြယ်ကြွေတမန် အင်ပါယာက သေတဲ့အထိ တိုက်ခိုက်ပြီးမှ ရောက်လာသင့်တယ်။”
“အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ရမယ့်အကျိုးအမြတ်အပြင် ပေးဆပ်ရမှာကိုလည်း စဉ်းစားရမယ်။ စစ်ပွဲတစ်ပွဲရဲ့ အကျိုးအမြတ်တွေကို ထိန်းချုပ်လို့မရတဲ့ အခြေအနေ တစ်ခုအတွက်နဲ့ အနာဂတ်မှာ ရှည်ကြာတဲ့ စစ်ပွဲတစ်ခုအတွက် လဲလှယ်လိုက်မယ်ဆိုရင် ဒါက “အကျိုးအမြတ်ထက် ဆုံးရှုံးမှု ပိုများတယ်”လို့ပဲ ပြောလို့ရမယ်။ ကျွန်မ ပြောချင်တာကို ရှင် နားလည်လောက်ပါတယ်။ ပြီးတော့ ဒီလိုအခြေအနေမှာ အင်ပါယာ တစ်ခုက ဘာကို တကယ် လိုအပ်နေလဲဆိုတာ ရှင် သိသင့်တယ်။
ရိုင်ဇန်က အေးစက်စွာဖြင့် နှာမှုတ်လိုက်၏။ “ငါ့ကို သတိပေးစရာ မလိုဘူး။ အဝေးကြီးကို ကြည့်တာကလည်း အောင်မြင်မှု မဖြစ်နိုင်လောက်ဘူး။ အစီအစဉ်တွေက ပြောင်းလဲမှုတွေနောက် မလိုက်နိုင်ဘူး။ ကြယ်ကြွေတမန်အင်ပါယာနဲ့ မင်း ပူးပေါင်းလိုက်မယ်ဆိုရင် ငါ့ကို အနိုင်ရမယ်ဆိုတာ သေချာလား။”
“အပြောင်းအလဲက ဘယ်လောက်ပဲကြီးကြီး၊ အစီအစဉ်ရဲ့ ဖွဲ့စည်းမှုကြီးကနေတော့ ထွက်သွားမှာ မဟုတ်ဘူး....” ကတ်သရင်းက အေးအေးဆေးဆေး ပြောလိုက်သည်။ “ပြီးတော့လည်း ကျွန်မက အလျင်မလိုပါဘူး။ စောင့်လို့ ရသေးတယ်။”
နောက်ဆုံးစကားက အနီးအနားရှိ သွေးရောင်အငွေ့အသက်များကို ချက်ချင်းပင် ပြင်းထန်သွားစေခဲ့သည်။ ရိုင်ဇန်၏ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်သွား၏။ သူက စကားတစ်လုံးချင်းကို ဖိပြောလိုက်သည်။ “မင်း...ငါ့ကို... ခြိမ်း...ခြောက်....နေ...တာ...လား...”
“အစီအစဉ်က ပြောင်းလဲလို့ရတယ်လို့ ပြောချင်တာပါ။” ကတ်သရင်းက မျက်နှာလွှား နောက်ကွယ်မှ ပြုံးလိုက်သည်။ “လောကမှ အကြွင်းမဲ့အရာဆိုတာ မရှိဘူး။ စစ်ပွဲဖြစ်ဖြစ်၊ ရှင်ပဲဖြစ်ဖြစ် “လော”ဖို့ မလိုပါဘူး။”
ရိုင်ဇန်က ကတ်သရင်း ပြောချင်သည်ကို သဘောပေါက်သွားခဲ့သည်။ သူ၏ သတ်ဖြတ်ချင်စိတ်များ တန့်သွားခဲ့ပြီး ကတ်သရင်းအား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ “မင်း သေချာလား။”
“နိဗ္ဗာန်စွမ်းအားက အရာရာစွမ်းတာတော့ မဟုတ်ပါဘူး။” ကတ်သရင်းက ပြန်လှည့်ကြည့်လိုက်၏။ “ဒါပေမဲ့ ကျွန်မ မလုပ်နိုင်တာက တစ်ယောက်ယောက်အတွက် မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး။”
ရိုင်ဇန်၏အကြည့်က ကတ်သရင်း ကြည့်နေသောသူထံ ရောက်ရှိသွားသည်။ သူက ထိုသူ၏ ထူးခြားသော စွမ်းရည်များကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသည့်အတွက် ကတ်သရင်း၏ စကားများက မဟုတ်မမှန်များ မဖြစ်နိုင်ပေ။
ထိုသူက လက်နှစ်ဖက်လုံး အကိုင်ထံထားရသည့်အတွက် ပုခုံးကိုသာ တွန့်ပြနိုင်၏။ “အခုလက်ရှိ အခြေအနေနဲ့ဆိုရင် ဆက်ပြီးတိုက်ခိုက်တာက အဓိပ္ပာယ် မရှိတော့ဘူး။ အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်၊ ကျုပ်တို့....အင်ပါယာသုံးခု၊ ဘုရင်သုံးပါးက ထိုင်ပြီးတော့ စကားပြောနိုင်မယ်လို့ ထင်ပါတယ်။”
ရိုင်ဇန်က အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် သူ့ခန္ဓာကိုယ် ပတ်ပတ်လည်မှ သွေးရောင်အငွေ့အသက်များက နောက်ဆုံး၌ တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။ သူ့နောက်မှ တဲရစ်၏အကြည့်က ရေခဲသဖွယ် အေးစက်သွား၏။