← Chapters

ရှင်းပြချက်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း

Vol. 47 Ch. 757

ရှင်းပြချက်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း

Vol. 47 Ch. 757

ခရမ်းရောင်လအောက်ရှိ နောက်ထပ် စစ်တန်းလျား တစ်ခု၌ -

“ခမည်းတော်...” တဲရစ်က ဦးညွှတ်ပြီး ရိုသေစွာဖြင့် အလေးပြုလိုက်၏။

ရိုင်ဇန်က တဲရစ်ကို ကြည့်လိုက်သည်။ “မင်းကို ငါ ဘာလို့ ဆင့်ခေါ်လိုက်တာလဲ သိလား။”

“သားတော်ကို မဆင့်ခေါ်ရင်တောင် ခမည်းတော်ဆီကို လာခဲ့မှာပါ။” တဲရစ်က အလွန်ပင် ရိုးသားနေပုံပေါ်သည်။ “အရင်ဆုံးအနေနဲ့ သားတော် ခမည်းတော်ကို အသနားခံချင်ပါတယ်။ တောင်ပိုင်းတပ်ဖွဲ့ရဲ့ လက်ထောက်တပ်မှူးတစ်ယောက်အနေနဲ့ သားတော် ဦးဆောင်တဲ့ စစ်တပ်က မှော်ဆရာခံတပ်မှာ အကြိမ်များစွာ ကျရှုံးခဲ့ရတယ်။ ခမည်း‌တော်ကိုယ်တိုင် ရောက်လာတာတောင် ခံတပ်ကို သားတော် မသိမ်းနိုင်ခဲ့ဘူး။ ခမည်းတော်ရဲ့ ယုံကြည်မှုကို သားတော် စိတ်ပျက်စေခဲ့ပါပြီ။”

ရိုင်ဇန် ခေါင်းခါလိုက်သည်။ “မှော်ဆရာခံတပ်ရဲ့ ဂျော့ချ်က နာမည်ကျော် ဗိုလ်ချုပ် တစ်ယောက်ပဲ။ ပြီးတော့ ဧကရီကိုယ်တိုင်လည်း ကြီးကြပ်နေတယ်။ နောက် အက်ဂ်ယောနဲ့ ထူးဆန်းတဲ့စွမ်းအားတွေ ရှိနေတဲ့ တခြားသူတွေလည်း ရှိတယ်။ အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့က တကယ် ခက်ခဲတယ်။ ရန်သူကို အထင်သေးခဲ့မိတာကြောင့်လည်း ပါတယ်။ ပြီးတော့....မင်းက လက်ထောက်တပ်မှူး တစ်ယောက်ပါပဲ။ ဒါက မင်း တာဝန်ယူစရာ မဟုတ်ဘူး။”

“ပြီးတော့ ခမည်းတော်ကို သားတော် သတင်းပို့ချင်တဲ့ ဒုတိယကိစ္စက အစ်ကိုတော် အလီရက်စ် အကြောင်းပဲ။ သိပ်မကြာခင်က စစ်တပ်ထဲမှာ ဆက်ခံသူ ယှဉ်ပြိုင်မှုအတွက် အစ်ကိုတော်ကို ကျွန်တော် လုပ်ကြံခဲ့တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်နေခဲ့တယ်။ ဒီလိုကောလာဟလမျိုးက ရှင်းပြလေလေ ပိုရှုပ်လေလေပဲမို့လို့ သားတော်က တိတ်တိတ်ပဲ နေနေခဲ့တာ။ တကယ်‌တော့....အစ်ကိုတော် သေသွားတာက အတော်လေးကို ရှုပ်ထွေးတယ်။ အခု ခမည်းတော်ကို သားတော် အားလုံး ရှင်းပြပါ။ ခမည်းတော် သားတော်ကို အပြစ်ပေးချင်ရင် မငြင်းပါဘူး။”

“ပြော။ ငါ နားထောင်နေတယ်။” ရိုင်ဇန်က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။

“ခမည်းတော်ကို မဖုံးကွယ်ချင်တာတချို့ ရှိတယ်။ ခမည်းတော်က မီးဖိုနက်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ လေ့ကျင့်နေတာ ဖြစ်လောက်တယ်။ သားတော် တံခါးပိတ် လေ့ကျင့်တာကနေ ထွက်လာတော့ အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ကြားက စစ်ပွဲက အပြင်းထန်ဆုံး ဖြစ်နေခဲ့တယ်။ အစ်ကိုကြီးက ခမည်းတော်ရဲ့ အခြေအနေကို တော်တော်လေး စိုးရိမ်နေတဲ့ပုံပဲ။ ကျွန်တော့်ကို မေးခွန်းတွေ အများကြီး မေးခဲ့တယ်။ ကျွန်တော်လည်း အစွန်းပိုင်းမှာ နေနေခဲ့တဲ့အတွက် ခမည်းတော်နဲ့ မတွေ့ခဲ့တဲ့အကြောင်း အမှန်အတိုင်း ပြန်ဖြေခဲ့တယ်။ နောက်ပိုင်းရက်တွေမှာ အစ်ကိုကြီးက ကျွန်တော့်ကို ခဏခဏ စမ်းသပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ အဖြေကို အတည်ပြုပြီးတော့ သူက သတိထားမနေတော့ဘဲနဲ့ ဒုတိယအစ်ကိုရဲ့ ပုန်ကန်မှုကို နှိမ်နင်းဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ သံလက်သီးမြို့တော်ကို သိမ်းပိုက်ဖို့အတွက် အစ်ကိုကြီးကို ကူညီပေးပြီးတဲ့နောက်မှာ လေ့ကျင့်ရေးကနေ ခမည်းတော် ထွက်လာတဲ့သတင်း ရခဲ့တယ်။ အစ်ကိုကြီးက ဖုံးကွယ်ဖို့ အကေင်းဆုံး ကြိုးစားပေမဲ့ ပုံမှန်မဟုတ်တာတွေ အများကြီးကို ကျွန်တော် တွေ့ခဲ့ရသေးတယ်။ ဥပမာ သူ့ရဲ့ ခံစားချက်တွေ ခဏခဏ လှုပ်ရှားနေတာမျိုး....” တဲရစ်၏စကားများကြောင့် ရိုင်ဇန်က အနည်းငယ် မျက်မှောင် ကြုတ်လိုက်သည်။ “ဆက်ပြော...”

“နောက်တော့ သူက မှော်ဆရာခံတပ်ကို တိုက်ခိုက်ဖို့အတွက် ခမည်းတော်ဆီကနေ စစ်သေနာပတိ ရာထူးကို တောင်းခံပြီးတော့ ကျွန်တော့်ကို သူ့လက်ထောက် လုပ်ခိုင်းတယ်။ ဒါပေမဲ့ ဝိုင်းရံတိုက်ခိုက်တဲ့ အချိန်အတောအတွင်း အစ်ကိုကြီးက ကျွန်တော့်ရဲ့ နည်းဗျူဟာအမြင်တွေကို အမြဲတမ်း ငြင်းပယ်ပြီး‌တော့ စစ်တပ်ကို တိုက်ခိုက်ဖို့ပဲ အမိန့်ပေးခဲ့တယ်။ ကျွန်တော် ခံစားမိတာ....” တဲရစ်က အနည်းငယ် တုံ့ဆိုင်းနေဟန် တူသည်။

“ မင်း ဘယ်လို ခံစားမိတာလဲ။” ရိုင်ဇန်က မျက်မှောင်ကြုတ်လိုက်၏။ “မင်း ဘာမှ စိုးရိမ်စရာ မလိုပါဘူး။”

“အစ်ကိုကြီးက ကျွန်တော်တို့ရဲ့ လက်ရွေးစင် စစ်တပ်ကို တမင်တကာ ကုန်ခမ်းအောင် လုပ်နေသလိုမျိုး ခံစားရတယ်။ သူက အချိန်ဆွဲနေသိလိုပဲ။ ဒီလိုမျိုး ဘာလို့ လုပ်ရတာလဲ ကျွန်တော် အဖြေရှာမရဘူး။” တဲရစ်က ခေါင်းငုံ့လိုက်သည်။ “ကျွန်တော်က အချိန်အကြာကြီး ဘေးကျပ်နံကျပ် ဖြစ်ခဲ့ရတာ။ အစ်ကိုကြီးနဲ့ ပွင့်ပွင့်လင်းလင်း စကားပြောချင်ပေမဲ့ ထူးဆန်းတာတစ်ခုခုကို တွေ့ခဲ့ရတယ်။ အစ်ကိုကြီးက ထူးဆန်းတဲ့ မှော်စာတွေပါတဲ့ အလင်းရောင်တစ်ခုခုကို ထိန်းချုပ်နေတဲ့ပုံပဲ။ အဲဒီမှော်စာကို နောက်ဆုံး ပေါက်ကွဲထွက်သွားပြီးတော့ အစ်ကိုကြီးရဲ့မျက်လုံးက ထူးဆန်းတဲ့ ငွေရောင် ပျောက်သွားခဲ့တယ်.....”

ရိုင်ဇန်၏မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။ သူ၏မျက်နှာအမူအရာက ပြောင်းမသွားသော်လည်း သူက လက်သီးကို အတင်းအကြပ် ဆုပ်လိုက်မိလေသည်။

“အစ်ကိုကြီးက အဲဒီစွမ်းအားမျိုးကို အသက်သွင်းပြီးတော့ ကျွန်တော့်ကို သူ သတိထားမိသွားတယ်။ နောက်တော့ အစ်ကိုကြီးက စိတ်လွတ်ပြီးတော့ ကျွန်တော့်ကို သတ်ပစ်ချင်ခဲ့တယ်။ ကျွန်တော်က ခုခံရုံပဲ တတ်နိုင်ခဲ့တယ်။ အစ်ကိုကြီးရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူး။ ဘာလို့ ဒီလိုလုပ်ရတာလဲ မေးတော့ ကျွန်တော်က သူ အင်ပါယာကို ဆက်ခံဖို့အတွက် အကြီးမားဆုံး အတားအဆီးလို့ ပြောတယ်။ သူက ကျွန်တော့်ကို သတ်မလို့ လုပ်နေတုန်း စွမ်းအားတစ်ခုခုကြောင့် ရုတ်တရက် တန်ပြန်ထိသွားတဲ့ပုံပဲ။ သူက လဲကျသွားခဲ့တယ်။ သူ့အငွေ့အသက်က အလျင်အမြန် ကျဆင်းသွားပြီးတော့ သူက ပုံရိပ်ယောင် တစ်ခုခုထဲကို ကျနေသလို ဖြစ်သွားပြီးတော့ သူက စနောက်နေကြောင်း၊ နတ်ဆိုးဘုံကို ပေါင်းစည်းမည့်အကြောင်း စပြောတော့တာပဲ။ နောက်ဆုံးတော့.....” ထိုသို့ ပြောပြီးနောက် တဲရစ်က နေရာလွတ်ထဲမှ တစ်ခုခုကို ထုတ်လိုက်သည်။ ထိုအရာက အလီရက်စ် အလောင်းရှိသော သလင်းကျောက်အခေါင်း ဖြစ်၏။ ထိုအခေါင်းက ထူးခြားသော ပစ္စည်းတစ်ခုဖြစ်ဟန်တူပြီး အလောင်းက မပုပ်သိုးသွားခဲ့သည်။ အထူးသဖြင့် သူ၏မျက်နှာက အသက်ရှိနေသကဲ့သို့ပင်။

ရိုင်ဇန်က မတ်တပ်ရပ်လိုက်ပြီး သလင်းကျောက်အခေါင်းဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားခဲ့ကာ အလီရက်စ် အလောင်းကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက ရုပ်ထွေးသော အကြည့်များဖြင့် လှိမ်ယှက်သွား၏။

“အစ်ကိုကြီးနဲ့ သွားတွေ့တဲ့အချိန်ကို အဲဒီ လက်ရွေးစင်အ‌စောင့်တွေ သက်သေ လုပ်ပေးနိုင်တယ်။ ဒါပေမဲ့ ပြောရရင်တော့ အစ်ကိုကြီး သေဆုံးမှုအတွက် ကျွန်တော်က သွယ်ဝိုက်ပြီးတော့ တာဝန်ရှိပါတယ်။” တဲရစ်က ဝမ်းနည်းသော အမူအရာဖြင့် ခေါင်းငုံ့နေလိုက်သည်။ “တကယ်‌တော့ ကျွန်တော်က မီးဖိုနက်မှာ အဆင့်တက်သွားတော့ အစ်ကိုကြီးကို ပြိုင်ဘက်တစ်ယောက်အနေနဲ့ သ‌ဘောထားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က အစ်ကိုကြီးကို နည်းလမ်းတကျပဲ အနိုင်ယူချင်ခဲ့တာ။ ဒီလိုမျိုး အောင်နိုင်မှုလို့ ခေါ်လို့မရတဲ့ ရလာဒ်မျိုးနဲ့ မဟုတ်တာ....အသေအချာပဲ။”

ရိုင်ဇန်ကက သလင်း‌ကျောက်အခေါင်းအပေါ်မှ အကြည့်လွှဲလိုက်ပြီး သက်ပြင်း ချလိုက်၏။ “အလီရက်စ်က မင်းကို ရှေ့တန်းကနေ ထုတ်လိုက်တာ ကြားတယ်။ ဒီကိစ္စကို ထပ်ပြီးတော့ အတည်ပြုလိုက်ဦးမယ်။ မင်းပြောတာ မှန်တယ်ဆိုရင်တော့ မင်းမှာ တာဝန်မရှိဘူး။ အခေါင်းကို ဒီမှာထားခဲ့။ မင်း သွားလို့ရပြီ။”

“ကျေးဇူးတင်ပါတယ်။ ခမည်းတော်။” တဲရစ်က ပျော်ရွှင်သွားခဲ့ပြီး စခန်းဂိတ်တံခါးသို့ လမ်းလျှောက်သွားကာ ရုတ်တရက် ပြန်လှည့်လိုက်သည်။ “ခမည်းတော်။ သားတော် မေးမိတဲ့အတွက် ခွင့်လွှတ်ပေးပါ။ နေ့ခင်းတုန်းက ကတ်သရင်းပြောတာ အမှန်ပဲလား။ ခမည်းတော်ရဲ့ ခန္ဓာကိုယ်က....”

ရိုင်ဇန်က တဲရစ်ကို အသာလေး ကြည့်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။ တဲရစ်က တိုးတိုးလေး သက်ပြင်းချလိုက်ဟန်တူပြီး အရိုအသေပြုကာ ထွက်သွားလိုက်၏။

ရိုင်ဇန်က တဲရစ်၏ ဝေးကွာသွားသော ပုံရိပ်ကို မကြည့်ခဲ့ဘဲ အခေါင်းထဲမှ အလီရက်စ်၏ ငြိမ်းချမ်းနေသော အမူအရာကို တည့်တည့် ကြည့်နေလိုက်သည်။ သူက အခေါင်းပေါ်၌ လက်ကိုတင်ထားလိုက်ပြီး မျက်လုံးကို ညင်ညင်သာသာ ပိတ်လိုက်ကာ စခန်းထဲသို့ လရောင် ကျဆင်းစေလိုက်သည်။

နောက်တစ်နေ့ နင်ဘတ်စ်မြို့၌-

သွေးရောင်အင်ပါယာ၏ ယာယီ ဌာနချုပ်ဖြစ်ခဲ့သော မြို့ထဲမှ အဆောက်အအုံက “ဧည့်သည်”အသစ်များကို ကြိုဆိုနေသည်။

ဌာနချုပ်ထဲရှိ ခန်းမက ကွက်လပ်ဖြစ်နေပြီး အလယ်တွင် စားပွဲအဝိုင်းကြီး တစ်ခု ရှိနေကာ ထောင့်၃ထောင့်၌ ထိုင်စရာသုံးခု ရှိနေသည်။ ခန်းမတစ်ခုလုံး၌ ထိုင်ခုံ၃ခုံသာ ရှိနေသည်မှာ ထိုသုံးယောက်အရှေ့၌ ကျန်သောသူများက ထိုင်နေရန် အရည်အချင်း မရှိ၍ပင်။

ခဏအကြာ၌ ထိုင်ခုံပိုင်ရှင်များ ရောက်လာကြသည်။ လွန်ခဲ့သော နှစ်၃၀၀က အရိပ်နက်အင်ပါယာ၌ ငြိမ်းချမ်းရေးစကားဝိုင်းကို အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့ပြီးနောက် အင်ပါယာသုံးခုမှ ခေါင်းဆောင်များက နောက်တစ်ကြိမ် ပြန်လည် စုစည်းကြပြန်သည်။ ထိုအစည်းအဝေး အကြောင်းမှာလည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ဖြစ်ပေသည်။

တဲရစ်က ရိုင်ဇန်ဘေးတွင် ရပ်နေပြီး မျက်နှာဖုံးဝတ်ထားသော ချန်လွေ့က ရှီရာဘေးတွင် ရပ်နေသည်။ ကတ်သရင်‌ဘေး၌ ယမန်ညက ခံတပ်သို့ အမြန်ရောက်လာသော နတ်ဆိုးအရှင်သခင်အဆင့်လူယုံတော် လီလစ် ရှိနေ၏။

“အရှင် ရိုင်ဇန်။ အရှင်မ ရှီရာ။” မျက်နှာလွှားနောက်မှ ကတ်သရင်း ပြောလိုက်သည်။ “လက်ရှိအခြေအနေကို နှစ်ယောက်လုံး သိပြီးသွားပြီလို့ ထင်ပါတယ်။ အင်ပါယာနှစ်ခု အကြားက စစ်ပွဲက နဂို စစ်ပွဲဖြစ်ရတဲ့ အကြောင်းရင်းကို သွေဖည်နေတယ်။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ကြယ်ကြွေတမန်အင်ပါယာနဲ့ အရိပ်နက်အင်ပါယာတင် မဟုတ်ဘူး။ နတ်ဆိုးဘုံတစ်ခုလုံးမှာ ရှည်ကြာတဲ့ စစ်ပွဲတစ်ခု ဖြစ်သွားလိမ့်မယ်။ ဒီအခြေအနေမျိုးက အုပ်ချုပ်သူ၃ယောက် မြင်ချင်တဲ့အရာမျိုး မဟုတ်ဘူးလို့ ထင်ပါတယ်။”

ရှီရာက ခေါင်းညိတ်သည်။ “အရှင်မ ကတ်သရင်းရဲ့အမြင်ကို ကျွန်မ သဘောတူတယ်။ ကြယ်ကြွေတမန်အင်ပါယာက ဒီစစ်ပွဲမှာ ဒုက္ခခံရတဲ့သူ ဖြစ်သွားပေမဲ့ အမုန်းတရားနဲ့ ပြန်တုံ့ပြန်မယ်ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဘယ်တော့မှ ရနိုင်တော့မှာ မဟုတ်ဘူး။ အင်ပါယာသုံးခုက လူတွေက အဆုံးမရှိတဲ့ စစ်ပွဲတွေထဲမှာ ပိတ်မိနေမယ့်အစား ငြိမ်းချမ်းမှုနဲ့ တင်းတိမ်မှုထဲမှာ အလုပ်လုပ်ရင်း အသက်ရှင်နိုင်ဖို့ မျှော်လင့်တယ်။”

“အင်ပါယာ ၃ခု ရှိနေသရွေ့ စစ်ပွဲဖြစ်လာမှာက အနှေးနဲ့အမြန်ပဲ။” ရိုင်ဇန်၏ အမူအကျင့်က လုံးဝ မယှဉ်ကျေးပေ။ “သုတ်သင်ခံရတဲ့ အင်ပါယာနဲ့ စုစည်းထားတဲ့ အစိုးရကို တည်ဆောက်မှပဲ တကယ့် ငြိမ်းချမ်းရေးနဲ့ တည်မြဲမှုကို ဖြစ်စေနိုင်မှာ။”

ကတ်သရင်းက တည်တည်ငြိမ်ငြိမ်နှင့် ပြောသည်။ “ဒီအမှန်တရားကို လူတိုင်း နားလည်ကြတယ်။ ဒါပေမဲ့ ဘယ်သူကမှ တခြားသူတွေနဲ့ ဆန္ဒအတိုင်း မစည်းလုံး ချင်ကြဘူး။ သွေးရောင်အင်ပါယာမှာ တခြားအင်ပါယာနှစ်ခုကို တစ်ချိန်တည်း ဝါးမျိုနိုင်တဲ့ စွမ်းရည်မရှိဘူး။ အရိပ်နက်အင်ပါယာရော၊ ကြယ်ကြွေတမန်အင်ပါယာမှာရော ဒီလိုစွမ်းရည်မျိုး မရှိဘူး။ ကိုယ်ပိုင်လမ်းအတိုင်း သွားနေကြမယ်ဆိုရင် အင်ပါယာသုံးခုက ပြည်သူတွေအတွက် စိတ်ကူးကြည့်လို့ရမတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာလိမ့်မယ်။”

“အခု ငါ လက်လွှတ်လိုက်ရင် သွေးရောင်အင်ပါယာအတွက် တကယ့် ကပ်ဘေးတစ်ခု ဖြစ်လာမှာ။” ရိုင်ဇန်က အေးစက်စွာ ပြောလိုက်သည်။ “ဧကရီ ကတ်သရင်း။ မင်းက အရိပ်နက်အင်ပါယာကို ဧကရီတစ်ပါးအနေနဲ့ ဘယ်လောက်ကြာအောင် အုပ်ချုပ်ခဲ့တာလဲ ငါ မသိဘူး။ ဒါပေမဲ့ အခု ငါ သွေးရောင်အင်ပါယာမှာ ရှိနေတဲ့အချိန် မင်းက ကြောက်စရာ အကောင်းဆုံး ရန်သူဖြစ်လာတာ အသေအချာပဲ။ ဧကရီရှီရာကတော့ တစ်ကိုယ်တော် စွမ်အားနဲ့ ပတ်သက်ပြီးတော့ သိပ်ပြောစရာမရှိပေမဲ့ ကြယ်ကြွေတမန်အင်ပါယာရဲ့ စီးပွားရေး တိုးတက်မှု အဟုန်က အင်ပါယာသုံးခုထဲမှာ အမြန်ဆုံးပဲ။ စစ်တပ်အလားအလာကိုလည်း လျှော့တွက်လို့ မရဘူး။ မင်းကို တိုးတက်ဖို့ အချိန်ပေးလိုက်မယ်ဆိုရင် အရိပ်နက် အင်ပါယာထက် မနိမ့်တဲ့ အင်အားကြီးအင်ပါယာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဆိုရင် သွေးရောင်အင်ပါယဦက အားအနည်းဆုံး ဖြစ်လာမယ်။ အဲဒါဆိုရင် ဒီနေ့အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ ဒီလိုနေ့ရက်မျိုး ဖြစ်လာမှာကို ငါ ဘယ်တော့မှ ထိုင်ကြည့်နေမှာ မဟုတ်ဘူး။”

“အရှင်ရိုင်ဇန်က ကြယ်ကြွေတမန်အင်ပါယာကို အထင်ကြီးလွန်းပြီးတော့ သွေးရောင်အင်ပါယာကို လျှော့တွက်နေတာပဲ။” ရှီရာက ခေါင်းခါလိုက်သည်။ “ကြယ်ကြွေတမန် အင်ပါယာက တိုးတက်လာနေပေမဲ့ သွေးရောင်အင်ပါယာနဲ့ အရိပ်နက်အင်ပါယာက တန့်နေတာ မဟုတ်ဘူး။ အားလုံးက ဆက်လက်ပြီးတော့ တိုးတက်နေကြတယ်။ အရိပ်နက်အင်ပါယာမှာ ထိပ်တန်းပညာရှိ အရှင်မ ကတ်သရင်း ရှိနေပြီးတော့ သွေးရောင်အင်ပါယာမှာက ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်တဲ့ အရှင်အပြင် နတ်ဆိုးဘုံရဲ့ ထိပ်တန်းပါရမီရှင်လို့ နှစ်ပေါင်းများစွာ နာမည်တပ်ခံထားရတဲ့ အရှင်မင်းသား တဲရစ်လည်း ရှိနေတယ်။ အရည်အချင်းရော ဉာဏ်ပညာမှာပါ သူက အရှင်မင်းကြီး အတွက် အကောင်းဆုံး အကူအညီ ဖြစ်လာနိုင်တယ်။ အနာဂတ်မှာ နတ်ဆိုးဘုံက အဆုံးမဲ့ ဖရိုဖရဲနဲ့ စစ်ပွဲတွေအစား ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ကြွယ်ဝမှုတွေ ပြည့်နေတဲ့ လောကတစ်ခု ဖြစ်သင့်တယ်....”

“အရှင်မ ရှီရာပြောတာ အမှန်ပဲ။” ကတ်သရင်းက ပြောလိုက်သည်။ “အရှင်မင်းကြီး ရိုင်ဇန်ရဲ့ ခန္ဓာကိုယ်အခြေအနေ အတွက်ကတော့ ကြယ်ကြွေတမန်အင်ပါယာရဲ့ ကြင်ရာတော်မင်းသား အက်ဂ်ယောမှာ ဖြေရှင်းချက်တစ်ခု ရှိလောက်တယ်။ ဒီအကူအညီကို အရှင်မင်းကြီး လက်ခံနိုင်မှာလား။”

ရိုင်ဇနက် အေးစက်စက်နှင့် သရော်ပြုံး ပြုံးလိုက်သည်။ “ဒါက ခြိမ်းခြောက်တာလား။”

“ကျုပ်ရဲ့ ရိုင်းပျမှုအတွက် ခွင့်လွှတ်ပေးပါ။ အရှင်မင်းကြီး ရိုင်ဇန်။” ချန်လွေ့က ပြောလိုက်သည်။ “ဒါက ခြိမ်းခြောက်မှု တစ်ခု မဟုတ်ပါဘူး။ အိမ်နီးချင်းတစ်ယောက်ကို အကူအညီပေးတာပါ။ ရန်သူတစ်ယောက်သာ ဆိုရင်တော့ ဒီလိုရူးမိုက်တဲ့ အရာမျိုးကို ဘယ်သူမှလုပ်မယ်လို့ ကျုပ်ထင်တယ်။”

“ခြိမ်းခြောက်နေတုန်းပဲ။” ရိုင်ဇန်က အေးစက်စက်နှင့် သရော်ပြုံးပြုံးနေ၏။ “ဒါပေမဲ့ မင်းပုံစံက ငါ့ရဲ့ မူမမှန်မှုကို ပျောက်ကွယ်စေဖို့ ယုံကြည်ချက် ရှိနေတဲ့ပုံပဲ။”

“အသက်ဓာတ် အားနည်းတာဆိုရင် အနည်းဆုံးတော့ အဲဒါကို ဆွဲဆန့်ဖို့ နည်းလမ်းတစ်ခု ရှိတိယ်။ ဖြစ်နိုင်မယ်ဆိုရင် ဒီကိစ္စကို သီးသန့်ပြောလို့ ရပါတယ်။” ချန်လွေ့က အသက်ရှည်ဆေးရည်၏ တည်ရှိမှုကို အလွယ်တကူ မဖော်ပြချင်ပေ။ ထို့ပြင် အသက်ရှည်ဆေးရည်က အမြစ်တည်နေခြင်းကို မကုသနိုင်လောက်ကြောင်း ကတ်သရင်း ပြောခဲ့ဖူးသည်။ သို့သော် လက္ခဏာကို ကုသခြင်းက ပြဿနာ ကြီးကြီးမားမား မဖြစ်လောက်ပေ။ ထို့ကြောင့် ချန်လွေ့၏ အဖြေက ရေးရေးလေး မှန်နေ၏။

“အဆင်ပြေတာ မပြေတာ မရှိဘူး။ ဒါက ကျိန်စာ တစ်မျိုးမျိုးပဲ။ အမှောင်ဒြပ်စင်နဲ့ အလင်းဒြပ်စင် ရောနှောနေတာမျိုး။ မန်မွန်မိသားစုမှာက [ အမှောင်မှော်ကျွမ်းကျင်မှု ] ရှိတဲ့အတွက် အမှောင်ဒြပ်စင်ကျိန်စာကတော့ ကိစ္စမရှိဘူး။” ရိုင်ဇန်က ချန်လွေ့ကို အထင်သေးစွာဖြင့် ကြည့်လိုက်သည်။ “တိုင်းပြည်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ကို ဒုက္ခပေးနေတဲ့ အလင်းဒြပ်စင်ကျိန်စာကို ဖြေရှင်းပေးနိုင်မယ်ဆိုတာ မင်း သေချာလား။”

“အဲဒါက အလင်းဒြပ်စင်ကျိန်စာ ဆိုတာ အရှင်မင်းကြီး သေချာတယ်ဆိုရင်....” မျက်နှာဖုံးနောက်မှ ချန်လွေ့၏ မျက်လုံးများ အ‌ရောင်တောက်သွား၏။ “....ကျုပ်မှာ ၁၀၀% ယုံကြည်ချက် ရှိတယ်။”

ရိုင်ဇန်က အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး မျက်နှာဖုံးကို အနီးကပ် စိုက်ကြည့်လိုက်သည်။ “၁၀၀% လား။”

ချန်လွေ့က အကြောက်တရားမရှိဘဲ ယုံကြည်မှုအားကောင်းသော အသံဖြင့် ရိုင်ဇန်ကို ကြည့်နေလိုက်သည်။ “ကျုပ်က ၁၀၀% ဆိုရင် ၁၀၀% ပဲ။”

ရိုင်ဇန်ဘေးနားမှ တဲရစ်က ထိုစကားလုံးများကို ကြားလိုက်သောအခါ မျက်လုံးထဲ၌ အေးစက်သော အလင်းရောင် ရုတ်တရက် ဖျပ်ခနဲ ဖြစ်သွားခဲ့သည်။ ၎င်းတို့က ချက်ချင်းပင် ပြင်းထန်သွားခဲ့ပြီး ဆုံးဖြတ်ချက် တစ်ခုလုံးကို ချလိုက်သလိုမျိုးပင် ပြတ်သားသွားခဲ့၏။

All Chapters