← Chapters

ရက်စက်သော သူရဲကောင်း

Vol. 47 Ch. 760

ရက်စက်သော သူရဲကောင်း

Vol. 47 Ch. 760

ချန်လွေ့က အချိန်တစ်ခုအထိ နားမလည်နိုင်ဖြစ်သွားသော်လည်း ရိုင်ဇန်၏ ထိတ်လန့်နေသော အမူအရာနှင့် ကတ်သရင်း၏ မျက်နှာလွှားအောက်မှ ကြောက်လန့်နေသော အမူအရာကို မြင်သည့်အခါ မယုံနိုင်စရာ အမှန်တရားတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း သိသွားခဲ့သည်။

“မင်းက ဘယ်လိုလုပ် သူ ဖြစ်နိုင်မှာလဲ။” ရိုင်ဇန်က ဒဏ်ရာများကို လျစ်လျူရှုထားပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ သူက လက်ဆစ်များ ဖြူသည်အထိ လက်သီးကို ကျစ်ကျစ် ဆုပ်ထားလိုက်သည်။ သူ ရုန်းထွက်ချင်သော်လည်း အနက်ရောင် လျှပ်စီး တောက်ပလာပြီး သူ့ကို ဖိနှိပ်ထားလိုက်ပြန်သည်။ သူ၏မျက်နှာပေါ်မှ သွေးများ ဖိတ်စင်လာခဲ့သည်။

“မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။” တဲရစ်က ခေါင်းခါလိုက်သည်။ “ရိုင်ဇန်။ မင်းက အရင်အတိုင်းပဲ။ လူသားလောကနဲ့ တိုက်ခိုက်တုန်းက အုပ်ချုပ်သူတစ်ယောက်ဟာ တည်ငြိမ်ပြီးတော့ သနားညှာတာမှု ကင်းမဲ့ရမယ်လို့ ငါမင်းကို ပြောခဲ့တယ်။ မင်းက မောက်မာလွန်းပြီးတော့ တကိုယ်တော် စွမ်းအားနောက် လိုက်တာကိုပဲ စွဲလမ်းနေခဲ့တယ်။ တကယ်တော့ မင်းက အုပ်ချုပ်သူတစ်ယောက်ထက် တိုက်ခိုက်ရေးသမားပုံစံနဲ့ ပိုပြီးတော့ သင့်တော်တယ်။”

ရိုင်ဇန်နှင့် ကတ်သရင်းတို့က [ အိပ်မက်ကြယ်စင်စုပိုင်နက် ] ဟု အော်ပြော လိုက်သောအခါကတည်းက ရှီရာ၏ မျက်နှာအမူအရာ ထူးဆန်းနေခဲ့သည်။ ယခုတွင် ရိုင်ဇန်အပေါ် တဲရစ်၏ အကဲဖြတ်မှုက ဆီလျော်သော်လည်း ရှီရာအား “အရည်အချင်း မပြည့်မှီသော အုပ်ချုပ်သူတစ်ယောက်”ဟု ပြောခဲ့သော ရိုင်ဇန်ကို ရေးရေးလေး ဝေဖန်နေပုံ ပေါ်နေသည်။

ထိုစဉ် ကတ်သရင်းက ထိတ်လန့်နေရာမှ သတိပြန်ဝင်လာပြီး ခါးသက်သက်နှင့် ပြုံးလိုက်သည်။ “ဒါက မယုံနိုင်စရာပေမဲ့...ရှင်ပြောတာ မှန်တယ်။ ဒီစစ်ပွဲမှာ ရှင်နိုင်သွားပြီ။ သန်းခေါင်နေ။”

သန်းခေါင်နေ!

ကတ်သရင်းခေါ်လိုက်သော ထိုနာမည်ကို ချန်လွေ့ကို ချက်ချင်းပင် စိတ်ရှုပ်ထွေး သွားစေခဲ့သည်။

အရင်မျိုးဆက်က ကြီးမြတ်တဲ့သူတစ်ယောက်၊ နတ်ဆိုးဘုံရဲ့ ထိပ်တန်း အစွမ်းထက် ပုဂ္ဂိုလ်၊ ကြယ်ကြွေတမန်အင်ပါယာရဲ့ အုပ်ချုပ်သူနဲ့ စစ်နတ်ဘုရား သန်းခေါင်နေ လူစီဖာလား။

ဒဏ္ဍာရီဖြစ်ခဲ့တဲ့ သန်းခေါင်နေအရှင်က တကယ်ပဲ ငါတို့အရှေ့က “တဲရစ်” ဖြစ်နေတာလား။ ဒါက အဓိပ္ပာယ် မရှိတာပဲ။

ဒါကြောင့် ကတ်သရင်းနဲ့ ရိုင်ဇန်တို့က ဒီလိုအမူအရာမျိုး ဖြစ်နေတာကိုး။

သန်းခေါင်နေအရှင်က လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀တုန်းက လူသားလောကနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ သေသွားခဲ့တယ်။ သန်းခေါင်နေအရှင် သေသွားတော့ ကြယ်ကြွေတမန်အင်ပါယာကို အိုဆိုင်ဒန်က သိမ်းပိုက်ခဲ့တယ်။ သန်းခေါင်းနေရဲ့ သားတော်၊ ရှီရာရဲ့ ခမည်းတော် ဂါရမ်းက အမှောင်လနယ်မြေကို မောင်းထုတ်ခံခဲ့ရပြီး အဲဒီမှာပဲ ကျပ်ကျပ်တည်းတည်းနဲ့ သေဆုံးသွားခဲ့သည်။ ရှီရာရဲ့ မျိုးဆက်ရောက်မှပဲ ထီးနန်းကို ပြန်ရခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် လူတစ်ယောက်က သေရာကနေ ပြန်လာတယ်။ အဘိုးလို့ပဲ ပြောရမလား။ ဒီအဘိုးက တဲရစ်ရဲ့ ခန္ဓာကိုယ်ကို သုံးပြီးတော့ ရိုင်ဇန်ကို နှစ်ပေါင်၂၀၀ကျော်လောက် “ခမည်းတော်”လို့တောင် ခေါ်ခဲ့တာလား။

ချန်လွေ့၏ ဦးနှောက်ထဲ၌ ဖရိုဖရဲ ဖြစ်သွားသလို ခံစားလိုက်ရပြီး ကတ်သရင်း၏ အသံ ထွက်ပေါ်လာသည်။ “ရှင်က သန်းခေါင်နေ လား။ တဲရစ်လား။”

“ငါက တဲရစ်မန်မွန်နဲ့ သန်းခေါင်နေလူစီဖာ ပဲ။” တဲရစ်က တည်တည်ငြိမ်ငြိမ်နှင့် ပြန်ဖြေလိုက်သည်။

“ဝင်ပူးပြီးတော့ ပြန်မွေးဖွားတာလား။” ချန်လွေ့က လွှတ်ခနဲ ပြောလိုက်မိသည်။

“ဝင်ပူးတာက ဘာလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ဒါကို ပြန်မွေးဖွားတာလို့ ပြောလို့ မရဘူး။ ဘာလို့လဲဆိုတော့ အဲဒီတုန်းက ငါ့ရဲ့ခန္ဓာကိုယ် ပျက်စီးသွားပေမဲ့ ငါ့ဝိညာဉ်ကို ကံကောင်းပြီးတော့ ကယ်တင်နိုင်ခဲ့တယ်။” တဲရစ်၏ မျက်လုံးများက ရိုင်ဇန်ကို စိုက်ကြည့် နေခဲ့သည်။ “ရိုင်ဇန်။ မင်းရဲ့သားက အခု ဒီခန္ဓာကိုယ်ထဲမှာ ရှိနေတယ်။ သူ့ရဲ့ ဝိညာဉ်က အခု ငါ့ကို လွှမ်းမိုးခွင့် ပေးလိုက်ရုံပဲ။ အချိန်အများစုမှာ ငါက အိပ်မောကျနေခဲ့တယ်။ မင်းရဲ့သားက သွေးမြေကျရဲ့ အခုလက်ရှိ အခြေအနေအတွက် မရှိမဖြစ်ဘူး။ မင်းရဲ့ အခုလက်ရှိ အခြေအနေ အပါအဝင်ပေါ့။”

ရိုင်ဇန်က အံကြိတ်လိုက်ပြီး အတွင်းအပြင် ခံစားရမှုများကို အကောင်းဆုံး သည်းခံကာ အော်ပြောလိုက်သည်။ “တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ။”

တဲရစ်က အေးအေးဆေးဆေး ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်၃၀၀က လူသားလောကမှာ ငါတို့ရဲ့ စစ်တပ် ရှုံးနိမ့်ခဲ့တယ်။ ငါက ကံကောင်းပြီးတော့ သွေးမြေကျ စက်လုံးကို ရခဲ့တယ်။ အထူးအကြောင်းရင်း တချို့ကြောင့် ငါက အထူးအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် တိုက်ခိုက်တာခံရပြီးတော့ သေသွားခဲ့တယ်။” တဲရစ်က ထိုအဖြစ်အပျက်၏ အသေးစိတ်ကို ပြောပြချင်ပုံမရပေ။ “ကံကောင်းချင်တော့ ငါ့ဝိညာဉ်က သွေးမြေကျစက်လုံးမှာ ကျန်နေပြီးတော့ စစ်တပ် ရှုံးနိမ့်တဲ့အချိန် မတိုင်ခင်အထိ တစ်ယောက်ယောက်က သိမ်းထားခဲ့တယ်။ နောက်တော့ နတ်ဆိုးဘုံကို ပြန်ရောက်လာတယ်။ မင်းလည်း သူ့ကို သိပါတယ်။ ရာဂ်နာရိုစ် ဆမ်မြူရယ်လေ။”

“ရာဂ်နာရိုစ်။” ကတ်သရင်းက တစ်ခုခုကို သဘောပေါက်သွားခဲ့သည်။ “ဆမ်မြူရယ် တော်ဝင်မိသားစုရဲ့ ခေါင်းဆောင်ဟောင်း။”

တဲရစ်က ဆက်ပြောသည်။ အမျက်အင်ပါယာကို မန်မွန်မိသားစု ဖျက်ဆီးလိုက်ပြီးနောက် အမိမြေကို ချစ်မြတ်နိုးပြီး အရှုံးမပေးချင်သော ဆမ်မြူရယ် တော်ဝင်မိသားစုက သွေးရောင်အင်ပါယာ ဧကရာဇ်အတွက် အမြဲပင် ဆူးညှောင့်တစ်ခု ဖြစ်နေခဲ့သည်။ သန်းခေါင်‌နေအရှင်၏ တိတ်တဆိတ် ထောက်ပံ့မှုကြောင့်သာ မဟုတ်လျှင် သူတို့က ရိုင်ဇန်၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။ သန်းခေါင်နေ၌ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသော်လည်း ဆမ်မြူရယ် တော်ဝင်မိသားစုတစ်ခုလုံးအတွက် အကျိုးပြုပေးခဲ့သည်မှာ ငြင်း၍မရသော အမှန်တရားတစ်ခု ဖြစ်သည်။

လူသားလောက၌ ရှုံးနိမ့်ပြီးနောက် ရာဂ်နာရိုစ်က သွေးမြေကျစက်လုံးကို နတ်ဆိုးဘုံသို့ ပြန်ယူလာခဲ့သည်။ သန်းခေါင်နေ၏ ဝိညာဉ်က ကံကောင်းပြီး အသက်ရှင် ခဲ့သော်လည်း အပြင်းအထန် ထိခိုက်နေခဲ့သည်။ သူက ရာဂ်နာရိုစ်၏ အကူအညီဖြင့် ပုန်းအောင်းနေခဲ့ရသည်။ အပြင်းအထန် ပြောင်းလဲမှုများအတွင်း သူက အစီအစဉ်နှစ်ခု ပြုလုပ်ခဲ့သည်။ ပထမတစ်ခုက သန်းခေါင်နေ၏ ဝိညာဉ်စွမ်းအားကို ဖြည့်ဆည်းရန် ကြိုးစားပြီး လျို့ဝှက်ပညာရပ်ဖြင့် အသက်ပြန်ရှင်စေရန်အတွက် သင့်တော်သော ခန္ဓာကိုယ်တစ်ခု ရှာဖွေရန် ဖြစ်သည်။ ဒုတိယက “သွေးရောင်အင်ပါယာကို ချေမှုန်းရန်” မူလရည်ရွယ်ချက်ရှိသော လျို့ဝှက်အဖွဲ့အစည်းတစ်ခု ပြင်ဆင်ရန် ဖြစ်၏။ ၎င်းအတွက် သွေးမြေကျအဆောင်ပစ္စည်း၏ နာမည်ကို ယူသုံးခဲ့သည်။

ထို့အချိန်မှသာ သန်းခေါင်နေအရှင်က သေဆုံးပြီးနောက် မည်သည့်အတွက် သတင်းလုံးဝ မကြားရတော့ကြောင်းကို ချန်လွေ့နှင့် အခြားသူများ သိသွားကြသည်။ တဲရစ်၏လေသံ ပြောင်းလဲသွား၏။ “အနှစ်၁၀၀ကျော်ပြီးတော့ သွေးမြေကျ အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ကလည်း အတော်လေး ခိုင်မာလာခဲ့တယ်။ ပြီးတော့ ငါ့ဝိညာဉ်ကလည်း တဖြည်းဖြည်း ပြန်ကောင်းလာတယ်။ အဲဒီအချိန် အရေးပါတဲ့ အလှည့်အပြောင်းတစ်ခု ဖြစ်ခဲ့တယ်။ မင်းရဲ့သား တဲရစ်နဲ့ ငါ တွေ့ခဲ့တယ်။ ငါ့ဝိညာဉ်ကို လွှဲပြောင်းဖို့အတွက် ရာဂ်နာရိုစ်က အသက်ကို ပေးဆပ်ခဲ့ပြီးတော့ ဆမ်မြူရယ် တော်ဝင်မိသားစုကို ဂရုစိုက်ပေးမယ်လို့ သူ့ကိုငါ ကတိပေးခဲ့တယ်။”

ရိုင်ဇန်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဆမ်မြူရယ် တော်ဝင်မိသားစုက စစ်ပွဲ၌ သတ္တိအရှိဆုံး၌ အကျွမ်းကျင်ဆုံးသူများ ဖြစ်ကြောင်း ချန်လွေ့ ကောလာဟလများ ကြားခဲ့ဖူးသည်။ သူတို့၏ အင်ပါယာကို သွေးရောင်အင်ပါယာက ဖျက်ဆီးခဲ့သော်လည်း အမှန်တကယ် အညံ့မခံဘဲ မကြာခဏ ဖရိုဖရဲ ဖြစ်ခဲ့သည်။ ထိုအခြေအနေက ရိုင်ဇန် ထီးနန်းမတက်ခင် အချိန်အထိ ဖြစ်နေခဲ့သည်။ ရိုင်ဇန်က အစပိုင်း၌ သူတို့ကို ဖိနှိပ်ရန် သွေးသံရဲရဲ နည်းလမ်းများကို အသုံးပြုခဲ့သည်။ ထို့နောက် မင်းသားငယ် တဲရစ်က အကုန်လုံးကို ပြောင်းလဲပစ်ခဲ့၏။

လွန်ခဲ့သော နှစ်၁၀၀ကျော်က တဲရစ်သည် တစ်နည်းနည်းဖြင့် ထိုအချိန် ဆမ်မြူရယ် တော်ဝင်မိသားစု၏ ခေါင်းဆောင်ငယ်ဖြစ်သော ဂူစတက်ဗ်အား အင်ပါယာ၏ ပထမဆုံး ဗိုလ်ချုပ်အဖြစ် ခန့်အပ်ရန် ရိုင်ဇန်အား ဖျောင်းဖျခဲ့သည်။ သူက ဆမ်မြူရယ် တော်ဝင် မိသားစုကိုလည်း လုံးဝ အညံ့ခံရန်အတွက် နည်းလမ်းအမျိုးမျိုးကိုလည်း အသုံးပြုခဲ့သည်။ ထိုအရာက သွေးရောင်အင်ပါယာ၏ အတွင်းရေး မတည်ငြိမ်မှုကို ပျောက်ကွယ်စေခဲ့သည်။ တဲရစ်ပြောသည့်အတိုင်းဆိုရင် ထိုအရာက တကယ့် မတည်ငြိမ်မှု၏ ကနဦးအစပင်။

“တဲရစ်ရဲ့ အမှောင်ဒြပ်စင် ခန္ဓာအမျိုးအစားက ငါ့ဝိညာဉ်နဲ့ အတော်လေး လိုက်ဖက်တယ်။ အရေးကြီးဆုံးကတော့ သူက ငါ့ဝိညာဉ်ကို လိုလိုလားလား လက်ခံတာပဲ။”

ထိုစကားကြောင့် အနက်ရောင်လျှပ်စီးထဲမှ ရိုင်ဇန်က တင်းတင်းကြပ်ကြပ် လက်သီးဆုပ်လိုက်ပြီး မျက်နှာမှ သွေးများ ပို၍ စီးကျလာခဲ့သည်။

ရိုင်ဇန်၏ တုံ့ပြန်မှုကို ကြည့်နေရင်း တဲရစ်၏မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ “မင်းရဲ့သားက ပါရမီ၊ ဉာဏ်ပညာနဲ့ ရည်မှန်းချက်တွေ အကုန်လုံး မင်းထက် အများကြီးသာတယ်။ တချို့နေရာတွေက ငါကတောင် သူ့ကို လေးစားရုံပဲ တတ်နိုင်တယ်။ သွေးမြေကျက သူ့လက်ထဲ၌ တကယ်ပဲ ကြီးထွားလာခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့အမြင်မှာတော့ တဲရစ်ရဲ့ လေ့ကျင့်ရေး အလားအလာက ကုသလို့မရတဲ့ အားနည်းချက်လို့ပဲ ထင်နေခဲ့တယ်။ အဲဒါကြောင့် သူက မင်းတန်ဖိုးမထားတဲ့ မင်းသားငယ် ဖြစ်လာပြီးတော့ ထီးနန်းကို ဆက်ခံဖို့ မဖြစ်နိုင်ဆုံး မျှော်လင့်ချက် ဖြစ်လာခဲ့တယ်။ အခု...မင်းရဲ့အင်ပါယာ၊ ကြယ်ကြွေတမန်အင်ပါယာနဲ့ အရိပ်နက်အင်ပါယာတို့က သူ့ရဲ့ အစီအစဉ်ထဲမှာ ချေမှုန်းခံရပြီ။”

“ချေမှုန်းခံရတဲ့အထဲမှာ.... ကြယ်ကြွေတမန်အင်ပါယာလည်း ပါတာလား။” နောက်ဆုံး၌ ရှီရာက ပြောလိုက်သည်။ သွေးမြေကျအစီအရင်၏ စွမ်းအားကြောင့် သူ၏ သွားများ စတင်တုန်ခါနေသော်လည်း တောင့်ခံထားပြီး ထိုစကားကိုသာ ပြောလိုက်၏။

တဲရစ်က ရှီရာကို စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ “အစီအစဉ် အသစ်က အဟောင်းတွေ ပျက်စီးတဲ့အပေါ်မှ အခြေခံထားတာ များပါတယ်။ ကြယ်ကြွေတမန်အင်ပါယာကလည်း မြှုပ်နှံရမယ့်အရာပဲ။ ရှီရာ။ မင်းက မင်းရဲ့အဖေ ဂါရမ်းထက် ပိုပြီးတော့ အစွမ်းထက်ပေမဲ့ မလုံလောက်ဘူး။ စိတ်မကောင်းပါဘူး။ မင်းက အရှုံးသမားတစ်ယောက်ရဲ့ ကံကြမ္မာကို လက်ခံပြီးတော့ ဒီမှာ သေလို့ပဲ ရနိုင်မယ်။”

ရှီရာ တုန်လှုပ်သွားခဲ့ပြီး ချန်လွေ့၏ လက်ကို ဆုပ်ကိုင်လိုက်၏။ “သန်းခေါင်နေအရှင်။ ဒါမှမဟုတ် ဒီဝိညာဉ်ကို ဆာ-အဘိုးတော်လို့ပဲ ခေါ်ရမလား။ ရှင်က အင်ပါယာမှာ လူတိုင်း ကိုးကွယ်ကြတဲ့ စစ်နတ်ဘုရားပဲ။ ပြီးတော့ နတ်ဆိုးဘုံရဲ့ ဒဏ္ဍာရီလာ သူရဲကောင်း တစ်ယောက် ဖြစ်ခဲ့တယ်။ ဘာလို့....”

တဲရစ် တိတ်ဆိတ်သွားခဲ့ပြီး ပြန်ဖြေလိုက်၏။ “သူရဲကောင်းက ကျရှုံးသွားပြီ။ အခုက ရက်စက်တဲ့ သူရဲကောင်းပဲ ရှိတော့တယ်။”

‌

“ရက်စက်တဲ့ သူရဲကောင်းတွေက အတူတူ မတည်ရှိနိုင်ဘူး။” ရှီရာ၏ စိတ်ထဲမှ မတည်ငြိမ်မှုကို ချန်လွေ့ ခံစားလိုက်ရပြီး သူ၏ အသက်အငွေ့အသက်က ပို၍ပင် အားနည်းလာခဲ့သည်။ ထို့ကြောင့် ချန်လွေ့က ချက်ချင်း ပြောလိုက်သည်။ “တဲရစ်က ရည်မှန်းချက် ကြီးမှတော့ သူက ခင်ဗျားနဲ့ အမြဲတမ်း ခန္ဓာကိုယ်တစ်ခုတည်းမှာ မျှဝေချင်မယ် ထင်လား။”

“နုံအတဲ့ ရန်စမှုပဲ။” တဲရစ်က သရော်ပြုံး ပြုံးလိုက်သည်။ “မင်းတို့လို ပုရွက်ဆိတ်တွေက တကယ့် အစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့စိတ်ကို ဘယ်လို နားလည်နိုင်မှာလဲ။ နတ်ဆိုးဘုံကို စုစည်းဖို့က ပထမဆုံး ခြေလှမ်းပဲ။ သူ့ရဲ့ ပန်းတိုင်က နတ်ဆိုးဘုံရဲ့ အန္တိမ အုပ်ချုပ်သူ ဖြစ်လာဖို့ပဲ။ ငါ့ရဲ့ အနှိုင်းမဲ့ ပန်းတိုင်က နတ်ဘုရားတစ်ပါး ဖြစ်လာဖို့။”

“နတ်ဘုရားတစ်ပိုင်း၊ နတ်ဘုရားယောင် မဟုတ်ဘဲနဲ့ နတ်ဘုရား တစ်ပါးလား။” ကတ်သရင်း၏ အသံက သိသိသာသာ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ အမှန်တကယ်၌ သူက နောက်ဆုံးတိုက်ခိုက်ရန် နိဗ္ဗာန်စွမ်းအားကို တိတ်တိတ်လေး စုစည်းနေခဲ့သော်လည်း သွေးမြေကျ အစီအရင်၏ ဝါးမျိုခြင်းနှင့် ဖိနှိပ်ခြင်းတို့က အားကောင်းလွန်းလှသည့်အတွက် သူ၏ စွမ်းအားက ထိန်းချုပ်၍မရဘဲ တဆင့်ချင်း အားနည်းသွားခဲ့ရသည်။

သို့ရာတွင် “နတ်ဘုရားတစ်ပါးဖြစ်ရန်” အကြံက မဖြစ်နိုင်ပေ။ အထူးအစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာရန်အတွက် လေ့ကျင့်ခြင်းက အလွန်အမင်း ခက်ခဲသော်လည်း နတ်ဆိုးဘုံသမိုင်းကြောင်း၌ အများအပြား ရှိနေသေးသည်။ သို့သော် နတ်ဘုရားတစ်ပါး ဖြစ်လာခြင်းက ထူးခြား၏ အလွန်ဆုံး နတ်ဘုရားယောင်အဆင့်သာ ရှိခဲ့သည်။ ယခုတွင် သန်းခေါင်နေက နတ်ဘုရားတစ်ပါး ဖြစ်ချင်သည်ဟု မောက်မောက်မာမာ ပြောခဲ့သည့်အတွက် မည်သူက အမှန်တကယ် မယုံကြည်ကြပေ။

“ငါ့ရဲ့ အသစ်တည်ဆောက်ထားတဲ့ အင်ပါယာမှာ ဘာသာတရားနဲ့ ဥပဒေသ ပေါင်းစပ်ထားတဲ့ အသစ်စက်စက် အုပ်ချုပ်မှုနည်းစနစ်တစ်ခု ဆိုရင်ကော။ အုပ်ချုပ်သူ ဖြစ်တဲ့ ငါက ကျော်ကြားတဲ့ ယုံကြည်မှုရဲ့ အမြင့်ဆုံးအရာ ဖြစ်လာရင်ကော။ ငါ့ကို ယုံကြည်သူက အသက်ရှင်မယ်၊ မယုံတဲ့သူက သေရမယ် ဆိုရင်ကော။”

“ရှင့်ကို ယုံကြည်ရမှာလား။” ကတ်သရင်းက အမှန်တကယ် စိတ်ရှုပ်သွားခဲ့သည်။ “ရှင် ရူးနေပြီ။”

“ငါ မရူးဘူး။ ငါက ကိစ္စတချို့ကို ကြုံခဲ့ရရုံပါ။ တစ်ခါ သေသွားပြီးတော့ ကိစ္စ အတော်များများကို အဖြေရှာနိုင်သွားခဲ့တယ်။” တဲရစ်က ရုတ်တရက် လက်သီးကို ဆုပ်လိုက်၏။ “အထူးအစွမ်းထက်ပုဂ္ဂိုလ်ဆိုတာ ဘာလဲ။ ငါက နတ်ဘုရားယောင်အဆင့် ဖြစ်တော့ရော ဘာဖြစ်လဲ။ ဒဏ္ဍာရီတစ်ခု ဖြစ်သွားတာက ဘာအရေးလဲ။ အရာအားလုံးက နတ်ဘုရားအရှေ့မှ နိမ့်ကျတဲ့ ကစားစရာတစ်ခုထက် မပိုဘူး။ တကယ့် နတ်ဘုရားကပဲ ထာဝရ အမြဲတမ်း ရှိနေနိုင်မယ်။”

ချန်လွေ့က ထိုစကားများမှာ ရင်းနှီးကြောင်း ခံစားမိခဲ့သည်။ သူက ဒြပ်စင်ဘုရင် တစ်ပါးမှ ဆင်တူသော သီဝရီများကို ကြားခဲ့ရဖူးသည်။

“ကျန်တဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်တွေကို ထားလိုက်ဦး။ သူတို့ရဲ့ ယုံကြည်မှုတွေကို ဒီလိုမျိုး ခိုးယူရင် နတ်ဘုရားတွေ အပြစ်ပေးမှာကို မကြောက်ဘူးလား။”

“ဟမ့်။ ယုံကြည်မှု ခိုးယူတာက ငါ ပထမဆုံး မဟုတ်ဘူး။ မင်းက အမှန်တရားကို မသိနားမလည်တဲ့ သူတစ်ယောက်ပဲ။ ပြီးတော့ ဒီလိုတိုင်းပြည်မျိုးကို ငါ တကယ် တည်ဆောက်နိုင်တာနဲ့ ကျန်တဲ့ နတ်ဘုရားတစ်ပိုင်းတွေက ငါ့အတွက် အတားအဆီးတွေ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ငါတို့က အကျိုးအမြတ်တူတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာလိမ့်မယ်။”

“နတ်ဘုရားအတွက်ကတော့....” တဲရစ်၏ မျက်လုံးက ထူးဆန်းသော အလင်းရောင်တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။ “နတ်ဘုရားတွေရဲ့ ဆည်းဆာချိန် ဆိုတာကို ကြားဖူးလား။”

“အဲဒါက ဒဏ္ဍာရီထဲမှာ နစ်မြုပ်နေတဲ့ ဒဏ္ဍာရီတစ်ခု သက်သက်ပဲ။”

ကတ်သရင်းက အေးစက်စက်နှင့် ပြောလိုက်၏။ “ရှင်က အဲဒါကို သုံးပြီးတော့ ကိုယ့်ကိုယ်ကိုယ် လိမ်ညာချင်နေတာလား။”

“တကယ်တော့ နတ်ဘုရားတွေက အံ့သြဖွယ်ရာတွေကို မပြသတာ နှစ်တွေ အတော်ကြာခဲ့ပြီ။ သူက အိပ်နေတာပဲဖြစ်ဖြစ် မအိပ်တာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ခက်ခက်၊ ဒါက တသက်မှာ တစ်ခါပဲရတဲ့ အခွင့်အရေးဆိုတာ ငါသိတယ်။ သူတို့ နိုးလာတဲ့ အချိန်ကျရင် ငါက သူတို့ မော့ကြည့်ရမယ့် တည်ရှိမှုတစ်ခု ဖြစ်လာလောက်တယ်။” တဲရစ်၏ မျက်လုံးများက အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ “ဒါနဲ့ နတ်ဘုရားတွေရဲ့ ဆည်းဆာချိန် ဆိုတာက အဆောင်ပစ္စည်း ၇မျိုးနဲ့ ဆက်နွှယ်နေတယ်လို့ ဒဏ္ဍာရီထဲမှာ ပြောထားတယ်။ နတ်ဆိုးဘုံကို ပေါင်းစည်းပြီးရင် တော်ဝင်မိသားစုတွေရဲ့ အဆောင်ပစ္စည်း ၇မျိုးကို စုဆောင်းပြီးတော့ လျို့ဝှက်ဆန်းကြယ်မှုတွေကို နားလည်အောင် လုပ်ရမယ်။ အခု ငါ့အရှေ့မှာ အဆောင်ပစ္စည်း ၄ခုတောင် ရှိနေတာပဲ။”

တဲရစ် ပြောလိုက်သည်မှာ ရှီရာ၏ ကြယ်ကြွေတမန်ဓား၊ ကတ်သရင်း၏ အရိပ်နက် ဝတ်ရုံ၊ ရိုင်ဇန်၏ သွေးရောင်လက်စွပ်နှင့် ချန်လွေ့၏ နတ်ဘုရား-ဝါးမျို မျက်နှာဖုံးပင်။ သွေးရောင်အင်ပါယာ၏ ပထမဗိုလ်ချုပ် ဂူစတက်ဗ်က အသေအချာပင် တဲရစ်၏ လက်အောက်မှ ဖြစ်လေသည်။ ထို့ကြောင့် အမျက်ဘုရင်ချပ်ကာကလည်း သူ့လက်ထဲ၌ ရှိရပေမည်။

သို့ရာတွင် ဘယ်ဖီဂေါမိသားစု၏ အရိပ်လေပြည်ဘွတ်ဖိနပ်က လွန်ခဲ့သော နှစ်၁၀၀ကျော်က လူသားလောကသို့ ပျောက်ဆုံးသွားကြောင်းနှင့် ရှီရာ ပိုင်ဆိုင်သင့်သည့် ကြယ်ကြွေတမန်ဓားအပြင် လီဗျာသန်တော်ဝင်မိသားစုမှ နတ်ဆိုးဒိုင်းတို့အားလုံးက အက်ဂ်ယော၏ လက်ထဲ၌ ရှိနေကြောင်း တဲရစ် မသိပေ။

ထိုအချိန်၌ တိတ်ဆိတ်နေခဲ့သော ရိုင်ဇန်က ရုတ်တရက် အော်လိုက်ပြီး လက်ထဲရှိ သွေးရောင်လက်စွပ်က အားကောင်းသော အလင်းရောင်တစ်ခု တောက်ပလာခဲ့သည်။ သူက တဲရစ်ထံ ခုန်ဝင်သွားလိုက်၏.....

All Chapters