နောက်ဆုံးအမိန့်
Vol. 47 Ch. 754
ရိုင်ဇန်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ရင်ဆိုင်နေရသော်လည်း ချန်လွေ့၏ မျက်လုံးထဲ၌ ပြတ်သားမှုတစ်ခုတည်းသာ ရှိနေပြီး ခေါင်းခါလိုက်သည်။ “ခင်ဗျားက ရိုင်ဇန်ပဲ ဖြစ်ဖြစ်၊ မဟာရိုင်ဇန်ပဲဖြစ်ဖြစ်၊ ကျုပ်နောက်မှာရှိနေတဲ့ အမျိုးသမီးက ရှီရာပဲဖြစ်ဖြစ်၊ မဟာရှီရာပဲဖြစ်ဖြစ်၊ ကျုပ် ဂရုမစိုက်ဘူး။ ကျုပ် သိတာတစ်ခုတည်းက သူက ကျုပ်ရဲ့မိန်းမ ဆိုတာပဲ။ ကျုပ်မိန်းမကို ထိချင်ရင် ကျုပ်ရဲ့ အလောင်းကို အရင်နင်းသွားမှပဲ ရမယ်။”
ထိုစကားက ပြတ်သားလှ၏။ ကြင်ရာတော်မင်းသား ချန်လွေ့၏ သရုပ်ကို မေးခွန်းထုတ်နေကြသော အကြီးအကဲမိသားစုမှ နတ်ဆိုးအရှင်သခင်အဆင့်များကပင် ရင်ထဲထိသွားကြသည်။
ထိုအချိန်၌ ဘုရင် သို့မဟုတ် ကြင်ရာတော်မင်းသား မရှိတော့ဘဲ မိန်းမဖြစ်သူကို ကာကွယ်ပေးနေသည့် ယောက်ျားတစ်ယောက်သာ ရှိနေတော့သည်။
“မင်းရဲ့ မယုံနိုင်စရာစွမ်းရည်က လန့်စရာကောင်းတာ ဝန်ခံပါတယ်။” ရိုင်ဇန်၏ လက်သီးက ခရမ်းရောင်အလင်း ဖျော့ဖျော့လေး တောက်လာသည်။ “တစ်ခါတလေ ငါမင်းကို တိုက်ခိုက်ရင် နာကျင်ရတယ်။ ဒါပေမဲ့ အဲဒါက ငါမင်းကို မသတ်ရဲဘူးလို့ မဆိုလိုဘူး။ မင်းက အသက်စွန့်ဖို့ ပြင်ဆင်ထားတာ သေချာပြီလား။”
ရှီရာက မြို့တံတိုင်းပေါ်၌ ငြိမ်သက်စွာ ရပ်နေခဲ့သည်။ ချန်လွေ့ ပျံသန်းသွားပြီးနောက် ထွက်သွားရန် အရိပ်အမြွက်များ ပြခဲ့သည်ကို လုံးဝ မမြင်ခဲ့ရဟန်တူသည်။ သူက ထိုနေရာ၌ တိတ်တိတ်လေး ရပ်ပြီး ကြည့်နေခဲ့သည်။
ချန်လွေ့၏ နောက်ဘက်က ရုတ်တရက် တောက်ပသွားခဲ့သည်။ အဝါ၊ အနက်၊ အပြာနှင့် အနီရောင်အလင်းများက သက်တန့်ရှည်ကြီး တစ်ခုအဖြစ်သို့ ပေါင်းစည်းသွားပြီး ရိုင်ဇန်ထံ ပျံသန်းသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက ရောင်စုံ ဒြပ်စင် လှောင်အိမ် တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရိုင်ဇန်ကို ပိတ်လှောင်လိုက်သည်။
“ဒီလောက်သန့်စင်တဲ့ မှော်ဒြပ်စင်တွေကို အခုမှ တွေ့ဖူးတယ်။ ဒီထဲမှာ မှော်ဒြပ်စင် လေးမျိုးတောင် ရှိနေတယ်။ ပြီးတော့ မှော်နည်းလမ်းတွေနဲ့ ထိန်းချုပ်စွမ်းအားကလည်း ငါကြုံတွေ့ခဲ့ဖူးသမျှမှာ အစွမ်းအထက်ဆုံးပဲ။ နှမြောစရာက မင်းရဲ့ မှော်စွမ်းအား ကုန်ခမ်းနေတာပဲ။ မင်းက ခုနက လိုမျိုး တိုက်ခိုက်နိုင်မယ်ဆိုရင်တော့ ငါကို တားနိုင်ရင် တားနိုင်လောက်မယ်။” ရိုင်ဇန်က လှောင်အိမ်ကို လက်သီးတစ်ချက်ပစ်ပြီး ပျက်စီးအောင် ပြုလုပ်ခဲ့သည်။ လှောင်အိမ်ကို ဖျက်ဆီးပြီးနောက် သူက ဇိုလာထံ တည့်တည့် သွားလိုက်၏။
ခပ်မိုက်မိုက် တိုက်ကွက်များ၊ လှပသော လှုပ်ရှားမှုများ မရှိပေ။ အစမှ အဆုံးအထိ သန့်စင်ပြီး ရိုးရှင်းသော လှုပ်ရှားမှုများသာ ဖြစ်၏။ ထိုအရာက ရိုင်ဇန်ပင်။
ချန်လွေ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ချက်ချင်းပင် ဇိုလာအအရှေ့သို့ ရောက်ရှိလာသည်။ သူ၏လက်ထဲ၌ လင်းလက်တောက်ပလာခဲ့ပြီး လက်သီးချက်ကို ဘက်ပြောင်းရန်အတွက် [ ကြယ်လမ်းလွှဲ ] ကို အသုံးပြုလိုက်၏။
သို့ရာတွင် ရိုင်ဇန်က ချန်လွေ့၏ “စတန့်”ကို ရင်းနှီးနေပြီ ဖြစ်သည်။ ထိုလက်သီး၏ နောက်ကျန်လှိုင်းက အဆုံးမဲ့ဖြစ်သည်။ [ ကြယ်လမ်းလွှဲ ] ၁၀စက္ကန့်က ၎င်းကို လုံးဝ မပယ်ဖျက်နိုင်ပေ။ နောက်တွင် ဇိုလာ ရှိနေသည့်အတွက် ချန်လွေ့က [နတ်ဆိုးယင်ကောင် အသွင်ပြောင်းခြင်း ] ကို သုံး၍မရပေ။ ထို့ကြောင့် သူက [ လေးနက်သော ရေဆန်းကြယ်မှု ] ကို အသုံးပြုပြီး အတင်းခုခံရတော့သည်။ ပြင်းထန်လှသောအားကြောင့် သူနှင့် ဇိုလာတို့က လွင့်ထွက်သွားကြသည်။ ဇိုလာက အဆင်ပြေသော်လည်း ချန်လွေ့၏ နှာခေါင်းနှင့် ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။ သူ၏ ဒဏ်ရာများက သိသိသာသာပင် ပြင်းထန်လှလေသည်။
ဒိုဒိုနှင့် ပါ့ဂ်လီအိုတို့က ရိုင်ဇန်၏ နောက်ထပ် တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် သူတို့အရှေ့၌ အလျင်အမြန် ရောက်လာပြီး ကာထားလိုက်ကြသည်။
ရိုင်ဇန်က ဆက်မတိုက်ခိုက်ခဲ့ပေ။ “အက်ဂ်ယော။ အမျိုးသမီး မှော်ပညာရှင်၊ ပြန်မွေးဖွားနိုင်တဲ့ နတ်ဆိုးသားရဲ၊ ပြီးတော့ အဆိပ်နဂါး။ မင်းတို့အားလုံးမှာ ငါ့ရဲ့ အာရုံကို ဆွဲဆောင်နိုင်တဲ့ အလားအလာ ရှိကြတယ်။ ပြီးတော့ မင်းတို့က အနာဂတ်မှာ ငါ့ရဲ့စစ်မှန်တဲ့ ပြိုင်ဘက်တွေ ဖြစ်လာလောက်တယ်။ စိတ်မကောင်းစရာကတော့ မင်းတို့အားလုံး အတူတူ ကြိုးစားတာတောင် ငါ့ရဲ့ လက်သီးချက်ကို မခံနိုင်တာပဲ။ မင်းတို့ကို ဒီကနေ ထွက်သွားဖို့ အခွင့်ငအရေးတစ်ခုပေးမယ်။ မင်းတို့မှာ စွမ်းအားလုံလောက်ပြီလို့ ထင်တဲ့အခါ ငါ့ကို အချိန်မရွေး စိန်ခေါ်နိုင်တယ်။ ဒါပေမဲ့ ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ် ရှိတယ်။ မင်းတို့က ဆက်ပြီးတော့ ခေါင်းမာနေဦးမယ်ဆိုရင်တော့...မင်းတို့ရဲ့ အနာဂတ်ကို လုံးဝ ဆုံးရှုံးရလိမ့်မယ်။”
ချန်လွေ့က ဇိုလာကို ဆွဲထူပြီး ခဏတာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ရုတ်တရက် စကားပြောလိုက်သည်။ “ဇိုလာ။ ကိုယ် တောင်းပန်ပါတယ်။”
ဇိုလာ ထိတ်လန့်သွားခဲ့သည်။ “ဘာပြောတယ်။”
“မင်းရဲ့ ရှည်လျားတဲ့ဘဝထဲမှာ ကိုယ်က ဖြတ်သွားဖြတ်လာပဲ ဖြစ်နိုင်တယ်။” ချန်လွေ့က အသာလေး ပြုံးလိုက်၏။ “မင်း ဒါမှမဟုတ် တစ်ယောက်ယောက် ဆိုရင်လည်း တခြားသူတွေကို ကိုယ်တောင်းပန်မှာပဲ။ ဒါက သလင်းကျောက် မောင်းမဆောင် ရှိရတဲ့ အပြစ်ဒဏ်ပဲ။ ဇာတ်လိုက်မင်းသားက သွေးစတေးခံရမယ်လေ။”
“ဘာပြောတာလဲ။” ဇိုလာက ခေါင်းခါလိုက်သည်။ “ငါ နားမလည်ဘူး။”
“မင်းနားလည်တယ်ဆိုတာ ငါသိပါတယ်။ မင်းရဲ့ ဒြပ်စင်၆ခု တိုင်းပြည်၊ မင်းရဲ့ စမ်းသပ်ချက်နဲ့ သုတေသနတွေ။ အပြီးမသတ်ရသေးတဲ့ အရေးကြီးအရာတွေ အများကြီး ရှိနေသေးတယ်။ အဲဒါက ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတွေလည်း ပါတယ်။ သူတို့တွေ အလကား မဖြစ်သွားစေနဲ့။ တစ်ခု မှတ်ထား။ အချိန်က အရာအားလုံးကို မေ့ပျောက်သွားစေလိမ့်မယ်။”
“ဘာပြောလိုက်တာလဲ။” ဇိုလာ၏ မျက်မှန်က အနည်းငယ် ဝေဝါးသွားပြီး သူက ခေါင်းမာစွာဖြင့် ဆက်တိုက် ပြောနေခဲ့သည်။
( ငါ့အတွက် အရေးအကြီးဆုံးက......နင် နားမလည်ဘူးလား။ မသာကောင်...)
ရုတ်တရက် ဘေးဖက်မှ ဒိုဒိုက စိတ်ရှုပ်သွားခဲ့သည်။ “သခင်။ ကျွန်တော့်ရဲ့ စာချုပ်...”
ချန်လွေ့က ဒိုဒို၏ ကျွန်-သခင် စာချုပ်ကို ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ ဒိုဒိုသာမက စိတ်ဝိညာဉ်ကွင်းဆက်အားလုံးကိုလည်း သူက ဖြတ်တောက်ပစ်လိုက်၏။
ချန်လွေ့က ဒိုဒိုကို ခေါင်းပုတ်လိုက်ပြီး ပါ့ဂ်လီအိုကို ကြည့်လိုက်သည်။ “ခင်ဗျားနဲ့ ဆုံတွေ့ရတာ ဂုဏ်ယူစရာပါ။ မိတ်ဆွေ။”
အဆိပ်နဂါးက ချန်လွေ့ကို ခဏကြာ ကြောင်ကြည့်နေလိုက်ပြီး ခေါင်းခါကာ ထိုအခွင့်အရေးကို အသုံးချပြီး မျက်ရည်များကို ခြောက်သွေ့သွားစေလိုက်သည်။ “နဂါးတွေက မိတ်ဆွေ မလိုဘူး။ ဒါပေမဲ့...လုပ်ဖော်ကိုင်ဖက်တွေကတော့ ခြွင်းချက်ပေါ့။ အပိုတွေ ပြောမနေနဲ့။ ငါမင်းနဲ့ စကားပြောဖို့ ပျင်းတယ်။”
“ရှုပ်ထွေးပြီးတော့ မလိုအပ်တဲ့ ခံစားချက်ပဲ။” နောက်ဘက်တံတိုင်းမှ ရှီရာ၏အသံ ထွက်ပေါ်လာသည်။
“အက်ဂ်ယော...” ရှီရာ၏ အသံက အတော်လေး ဂရုမစိုက်ဟန်တူနေသည်။ “ရှင့်နှလုံးသားထဲမှာ ကျွန်မကို ချစ်သေးတယ်ဆိုရင် အခု မြန်မြန် ထွက်သွားတော့။ ကျွန်မရဲ့ ညီမ အဲလစ်ကို ကောင်းကောင်း ဂရုစိုက်ပေး။ ပြီးတော့ အနာဂတ်မှာ ကျွန်မအတွက် ရိုင်ဇန်ကို သတ်ပြီး လက်စားချေပေး။”
“ရှီရာ...” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။
“ကျွန်မ မသေချင်ဘူး။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒါက ကျွန်မရဲ့အချိန် မဟုတ်ဘူး။ အခု ရှင် သေတဲ့အထိ တိုက်ခိုက်လည်း အသုံးမဝင်ဘူး။ အသက်ရှင်နေပြီးတော့ အသုံးဝင်အောင် လုပ်တာက ပိုကောင်းတယ်။ ကြယ်ကြွေတမန်အင်ပါယာက ရှင့်ကို လိုအပ်တယ်။ အဲလစ်က ရှင့်ကို လိုအပ်တယ်....”
ထိုစကားလုံးများ၏ လေသံက အနည်းငယ် ပြောင်းလဲသွားပြီး ပုံမှန် ရှီရာ၏လေသံများ လုံးဝ မဟုတ်ခဲ့ပေ။ ချန်လွေ့၏ ရှီရာ၏ အတွေးများကို ချက်ချင်း မြင်သွားပြီး အော်ပြောလိုက်သည်။ “ရှီရာ။ မင်းက ငါ့မိန်းမ ဖြစ်နေသေးရင် ဒီလို ထပ်မပြောနဲ့တော့။”
ရှီရာက ရုတ်တရက် ပြုံးလိုက်ပြီး သူ၏အပြုံးက ရွံရှာမှုများ ပြည့်နှက်နေခဲ့သည်။ “ရယ်စရာပဲ။ ကျွန်မက ဘယ်တုန်းက ရှင့်ရဲ့ မိန်းမ ဖြစ်သွားတာလဲ။ ကျွန်မတို့ရဲ့ လက်ထပ်ပွဲကို ကျွန်မက တမင် ကြန့်ကြာအောင် လုပ်ထားတာ။ ကျွန်မက ရှင့်ကို ထိခွင့် လုံးဝ မပေးခဲ့ဘူး။ ရှင် နားမလည်သေးဘူးလား။ ကျွန်မက အိုဆိုင်ဒန်ကို ဖျက်ဆီးဖို့အတွက် ရှင့်ကို အသုံးချနေခဲ့တာ။ ပြီးတော့ ရိုင်ဇန်ကို တိုက်ခိုက်ဖို့အတွက် ရှင့်ရဲ့စွမ်းအားကို အသုံးချနေခဲ့တာ။ ကံဆိုးချင်တော့ ရှင်က ကျွန်မကို တော်တော်လေး စိတ်ပျက်စေခဲ့တယ်။ ရှင်က ရိုင်ဇန်ရဲ့ပြိုင်ဘက် လုံးဝ မဟုတ်ခဲ့ဘူး။ ရှင် တန်ဖိုးအထားရဆုံး မိန်းမကိုတောင် မကာကွယ်နိုင်ခဲ့ဘူး။”
“ရှီရာ!”
ရှီရာက သူ့ကို လုံးဝ လျစ်လျူရှုထားပြီး ကျောခိုင်းကာ အသံကျယ်ကျယ်နှင့် ပြောလိုက်၏။ “ကြယ်ကြွေတမန်အင်ပါယာက ဗိုလ်ချုပ်တို့။ အခုပဲ ထီးနန်းကို ကျွန်မရဲ့ ညီမတော် အဲလစ်ဆီ လွှဲပြောင်းဖို့ နောက်ဆုံး အမိန့်ပေးတယ်။ သူက ကြယ်ကြွေတမန်ဓားရဲ့ အတည်ပြုချက်ကို ရရှိပြီးပြီ။ ပြီးတော့ ရှင်တို့အားလုံး ကျွန်မလိုမျိုး သူ့အပေါ်ကို သစ္စာရှိရမယ်။ သူက ရှင်တို့အားလုံးကို ဦးဆောင်ပြီးတော့ ကျွန်မတို့မြေအပေါ် ကျူးကျော်သူတွေကို မောင်းထုတ်ဖို့ ဆက်လက်တိုက်ခိုက်လိမ့်မယ်။ အခုအထိ ကျွန်မနဲ့ အတူတူ ရှိပေးခဲ့ကြတဲ့သူတွေကို ကျွန်မ ရှီရာ လူစီဖာက စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ သစ္စာရှိရှိတဲ့ ကာကွယ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ အနားမှာ မရှိတော့ရင်တောင် ကျွန်မရဲ့ စိတ်ဝိညာဉ်က ကောင်းကင်ကနေ ရှင်တို့ရဲ့ ရဲရင့်မှုတွေကို အမြဲတမ်း စောင့်ကြည့်နေပြီးတော့ ကောင်းချီးပေးမယ်ဆိုတာ ယုံကြည်ပေးပါ။ ကျွန်မ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူးလို့ ယုံကြည်ပေးပါ။”
“အရှင်မ...” ကြယ်ကြွေတမန်အင်ပါယာမှ ဗိုလ်ချုပ်များနှင့် စစ်သည်များက မြို့တံတိုင်းပေါ်မှ တဖြည်းဖြည်း ဆင်းသက်လာသော ပုံရိပ်ကို ကြည့်ကာ ဒူးတစ်ဖက် ထောက်လိုက်ကြ၏။ လူတိုင်း၏မျက်လုံးများက နီရဲနေခဲ့သည်။
တစ်စုံတစ်ယောက် သီချင်းတစ်ပုဒ်ကို စတင်သီဆိုလိုက်ပြီးနောက် လူအများက လိုက်ဆိုလာကြသည်။ ခဏကြာပြီးနောက် ခံတပ်တစ်ခုလုံး၏ ကောင်းကင်က သံပြိုင်သီဆိုနေသော သီချင်းသံဖြင့် ပြည့်နှက်သွား၏။
ညရောက်လာပြီးတော့ အခု ငါ့အလှည့် စတင်ပြီ။
ငါမသေမချင်း အဆုံးသတ်မှာ မဟုတ်ဘူး။
ငါက ကောင်းကင်ကို ဖြိုခွင်းတဲ့ အရုဏ်ဦးအလင်းရောင် ဖြစ်ပြီးတော့ အိပ်စက်နေတဲ့ သူရဲကောင်း စိတ်ဝိညာဉ်ကို နိုးထလာစေမယ်။
ဒီချစ်ရတဲ့မွေးရပ်မြေအတွက် ငါက အေးစက်တဲ့ထဲက ဓားတစ်လက် ဖြစ်လာပြီးတော့ သွေးတွေနဲ့ ယိမ်းထိုးနေမယ်။
အမှောင်ထုကို လောင်ကျွမ်းပစ်။
နောက်ကကြည့်နေတဲ့ ဆွေမျိုးတွေအတွက်။
ငါက အကြောက်တရားတွေ တမ်းတတာတွေကို စွန့်လွှတ်မယ်။ ဂုဏ်သိက္ခာတွေ၊ သိက္ခာကျမှုတွေကို စွန့်လွှတ်မယ်။ ငါ့ အသက်ကို စွန့်လွှတ်ပြီးတော့ ဒီနေရာကို ကာကွယ်မယ်။
ဝမ်းနည်းစရာ သီချင်းသံက ကြယ်ကြွေတမန်အင်ပါယာမှ စစ်သည်များကိုသာမက သွေးရောင်အင်ပါယာမှ စစ်တပ်ကိုပင် သက်ရောက်စေနိုင်ခဲ့သည်။ ထိုရင်းနှီးသော သီချင်းသံက စစ်တပ်နောက်ဘက်မှ ဂူစတက်ဗ်ကို လက်သီးဆုပ်သွားစေသည်။ တဲရစ်က ကောင်းကင်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်မှ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ သူ စဉ်းစားနေသည်ကို မည်သူမှ မသိနိုင်ကြပေ။
ပူဆွေးသော စစ်သည်က သေချာပေါက် အနိုင်ရပေလိမ့်မည်။ လက်ရှိအဟုန်အရ ရိုင်ဇန် အမှန်တကယ် မလှုပ်ရှားခဲ့ဘဲ ရှီရာ သေဆုံးသွားသည့်တိုင် မှော်ဆရာခံတပ်က ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။ သွေးရောင်အင်ပါယာ၏ မရေမတွက်နိုင်သော လက်ရွေးစင်များကို မြှုပ်နှံမည့် ဒုတိယ အက်ဆီဒေါ ဖြစ်သွားနိုင်ပေသည်။
ရှီရာက ရိုင်ဇန်အရှေ့သို့ ရောက်ရှိလာခဲ့သည်။ ချန်လွေ့က ရှေ့တက်လာပြီး သူ့အရှေ့ ကာထားလိုက်၏။
“ထွက်သွားတော့။” ရှီရာက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ကျွန်မနဲ့ အင်ပါယာအတွက် လုပ်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ စိတ်မကောင်း ပါဘူး။ ကျွန်မက အုပ်ချုပ်သူ တစ်ယောက်ပါ။ အဲဒါကြောင့် ရက်စက်တယ်။ ကျွန်မှာလည်း အားကိုးရာမဲ့တွေ ရှိတယ်။ ရှင့်ကို သဘောကျတာက ကျွန်မရဲ့ ညီမ အဲလစ်ပါ။ သူ့ကို ဂရုစိုက်ပေးပါ။”
ချန်လွေ့၏အဖြေက ဒေါသတကြီးအော်သံတစ်ခုဖြစ်ပြီး ရိုင်ဇန်ထံ တည့်တည့် ပြေးသွားလိုက်၏။ ထင်ယောင်မှား နတ်ဆိုးဒိုင်းနှင့် [နတ်ဆိုးယင်ကောင်အသွင်ပြောင်းခြင်း] တို့ မဟုတ်ဘဲ ကြံရာမရ တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်သည်။
ရိုင်ဇန်က လက်ကို ဝှေ့ရမ်းလိုက်၏။ အားလုံးက တုံ့ပြန်ရန် အချိန်မရခင်မှာပင် ချန်လွေ့က လွင့်သွားပြီး ဆယ်မီတာ အကွာသို့ ရောက်သွားကြောင်း မြင်လိုက်ရသည်။ ချန်လွေ့က အံကြိတ်ပြီး ထရပ်လိုက်သည်။ သူ၏ခန္ဓာကုယ်ထဲ၌ အဆက်မပြတ် ပေါက်ကွဲသံများ ထွက်ပေါ်နေပြီး သူ့ချပ်ကာက သွေးများ စွန်းထင်းနေ၏။ သူက ဒယိမ်းဒယိုင်နှင့် ရိုင်ဇန်ထံ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။
ရိုင်ဇန်၏ ပုံရိပ် တုန်ခါသွားခဲ့ပြီး သူ့နှုတ်ခမ်းထောင့်များ သွေးများစီးကျလာ၏။ သို့သော်လည်း သူက ချက်ချင်းပင် ထိုးလိုက်ပြန်သည်။ ယခုတစ်ခေါက် ဒိုဒိုနှင့် အခြားသူများက ချန်လွေ့အရှေ့၌ ကာကွယ်ပေးလိုက်သည်။ သို့သော်လည်း ရလာဒ်ကတော့ သူတို့သုံးယောက် လွင့်ထွက်သွားခြင်းသာ ဖြစ်ပေသည်။
လွင့်ထွက်သွားသော ချန်လွေ့က သွေးအန်လိုက်ပြီး ခန္ဓာကိုယ် တုန်ခါနေကာ ဖြည်းဖြည်းချင်း ထလာပြန်သည်။ [ အပြစ်ဒဏ် ] ခန္ဓာအမျိုးအစားက ကံကောင်းပြီး အလုပ်ဖြစ်ခဲ့သော်လည်း ယခုတစ်ခေါက်၌ ရိုင်ဇန်ထံ တန်ပြန်မသွားတော့ပေ။
“လူစီဖာ နာမည်နဲ့ ကျိန်ဆိုတယ်။ ရှင် နောက်ထပ် ရှေ့တစ်လှမ်း တက်လာရဲရင် ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်မယ်။” ရှီရာ၏ ခရမ်းရောင်မျက်လုံးများ တုန်လှုပ် သွားသော်လည်း သူ၏လေသံက တင်းမာနေခဲ့သည်။ “ပြောထားတဲ့အတိုင်း ကျွန်မ လုပ်မှာ။ ကျွန်မဘဝကို ဒီလိုမျိုး အဆုံးသတ်သွားစေချင်လို့လား။”
ချန်လွေ့ ရပ်တန့်လိုက်ပြီး ခန္ဓာကိုယ်က အပြင်းအထန် တုန်ခါနေကာ သွေးများက ပို၍မြန်မြန် စီးကျလာနေခဲ့သည်။ နောက်ဆုံး၌ သူက ဆက်မသွားရဲတော့ပေ။ သူက အံကြိတ်ကာ ပြောလိုက်၏။ “ရိုင်ဇန်။ ရွံစရာလူဆိုးကောင်။ ခင်ဗျားက ထိပ်တန်းအစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ဖို့ မထိုက်တန်ဘူး။ ခင်ဗျား သူ့ကို တကယ် သတ်မယ်ဆိုရင် ခင်ဗျားကို လုံးဝ အလွတ်မပေးဘူး။”
“ငါ ဘာမှ ရှင်းပြစရာ မလိုဘူး။ ငါဆုံးဖြတ်ထားတဲ့အတိုင်း ငါ လုပ်ရုံပဲ။ ဘယ်သူတွေ ဘာပြောပြော၊ ငါ လုံးဝ ဂရုမစိုက်ဘူး။”
ရိုင်ဇန်က ချန်လွေ့ကို လျစ်လျူရှုပြီး ရှီရာကို ကြည့်ကာ ခေါင်းခါလိုက်သည်။ “ဒါက အဓိပ္ပာယ်မရှိတဲ့ ခံစားချက်ဆိုတာ အသေအချာပဲ။ ဒါပေမဲ့ မင်းက အဲဒါကို မြင်တာတောင် မဖယ်ရှားနိုင်ဘူး။ မင်းက သတ္တိရှိပြီးတော့ ဉာဏ်ပညာကြီးမားတဲ့ မိန်းမတစ်ယောက်ပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ မင်းက မိန်းမတစ်ယောက်ပါပဲ။ ပြောရရင် မင်းက အရည်အချင်း ပြည့်မှီတဲ့ အုပ်ချုပ်သူတစ်ယောက် မဟုတ်ဘူး။”
“ဟုတ်လောက်မှာပါ။” ရှီရာက ရိုင်ဇန်ကို ကြည့်မနေဘဲ သွေးအလိမ်းလိမ်း ဖြစ်နေသော အဝေးမှ ချန်လွေ့ကိုသာ ကြည့်နေခဲ့သည်။ “ရိုင်ဇန်။ ရှင့်ဘဝမှာ လုံးဝ ယုံကြည်လို့ရတဲ့ တစ်ယောက်ယောက် ရှိလား။ ဒါမှမဟုတ် ရှင့်ရဲ့ ကြောက်ရွံ့မှုကို လုံးဝ သန်မာသွားအောင် လုပ်နိုင်တဲ့ တစ်ယောက်ယောက် ရှိလား။”
ရိုင်ဇန်က ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းခါလိုက်သည်။
“ရှင့်အတွက်နဲ့ လောကကြီးတစ်ခုလုံးကို ဖြိုဖျက်မယ့်လူမျိုး ရှိလား။”
“လောကကြီးတစ်ခုလုံးကို ဖြိုဖျက်ချင်ရင် ငါ့ရဲ့ လက်သီးကိုပဲ သုံးမယ်။” ရိုင်ဇန်က ခရမ်းရောင်အလင်းများ လက်နေသော လက်သီးကို မြှောက်လိုက်ပြီး မမြင်နိုင်သော အငွေ့အသက်တစ်ခုက ရှီရာကို အသေမှတ်ထားလိုက်၏။
“ဒါဆိုရင် ကျွန်မ မရှုံးခဲ့ဘူး။” ရှီရာက ရိုင်ဇန်ကိုရော လက်သီးကိုပါ မကြည့်နေပေ။ ရှောင်လွှဲ၍မရသော သေခြင်းတရားကို ရင်ဆိုင်နေရသော်လည်း သူ၏ မျက်လုံးထဲ၌ အကြောက်တရားနှင့် နောင်တတရားတို့ ရှိမနေဘဲ ထိုပုံရိပ်တစ်ခုသာ ရှိနေခဲ့သည်။
အမြဲပင် ရေခဲသဖွယ် မျက်နေသော မျက်နှာက ရုတ်တရက် ပျော်ကျသွားခဲ့ပြီး အပြုံးတစ်ခု ပြသနေခဲ့သည်။ ထိုအပြုံးက မျက်နှာဖုံးအားလုံးနှင့် ဝန်ထုတ်ဝန်ပိုး အားလုံးကို လွှတ်ချလိုက်ဟန်တူပြီး ဖော်ပြ၍မရသော တောက်ပမှုနှင့် ညင်သာမှုများ ပြသနေ၏။ သူက နှုတ်ခမ်းကို အသာလေး ဖွင့်ပြီး ရေရွတ်လိုက်သည်။ “ကြင်ရာတော်မင်းသား။ ရှီရာဆိုတဲ့ နာမည်နဲ့ အမိန့်ပေးတယ်။ ရှင် အသက်ရှင်ရမယ်....”
ထိုအရာက ရင်းနှီးသောအမိန့် ဖြစ်သော်လည်း ယခင်တစ်ခေါက်နှင့်မတူဘဲ ရှီရာက သေခြင်းတရားအရှေ့၌ ပြုံးပြုံးကြီး ပြောနေခြင်း ဖြစ်၏။