← Chapters

ညစကားဝိုင်း

Vol. 47 Ch. 756

ညစကားဝိုင်း

Vol. 47 Ch. 756

မှော်ဆရာခံတပ် တိုက်ပွဲက နောက်ဆုံး၌ အဆုံးသတ်သွားတော့သည်။ ရိုင်ဇန်က ကြယ်ကြွေတမန်အင်ပါယာ၏ တောင်းဆိုမှုကို လက်ခံလိုက်ပြီးနောက် သွေးရောင် အင်ပါယာ စစ်တပ်အား သံလက်သီးနယ်မြေသို့ ဆုတ်ခွာသွားလိုက်သည်။ ကတ်သရင်းနှင့် အရိပ်နက်အင်ပါယာမှ နတ်ဆိုးအရှင်သခင်အဆင့်များက မှော်ဆရာခံတပ်၌ စခန်းချနေခဲ့သည်။ အင်ပါယာ သုံးခုအကြားမှ စစ်ဆိုင်းကာလ ညှိနှိုင်းများက နောက်တစ်နေ့ နံနက်ပိုင်းအတွင်း ပြုလုပ်မည်ဖြစ်ပြီး နေရာက အလယ်ပိုင်းနယ်မြေရှိ နင်ဘတ်စ်မြို့၌ ဖြစ်၏။

မှော်ဆရာခံတပ် ပြန်လည်ပြုပြင်ခြင်းနှင့် ဒဏ်ရာရရှိသူများကို ကုသခြင်းတို့အား အစီအစဉ်အကျ ပြုလုပ်နေသည်။ ချန်လွေ့၏ ယွမ်ဖြည့်တင်း သစ်ပင်က အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့ပြီး အထူးသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သော နတ်ဆိုးအရှင်သခင်အဆင့်များအားလုံး ကောင်းကောင်းမွန်မွန် ပြန်ကောင်းသွားကြသည်။ ကုန်ကြမ်းနှင့် တပ်သားများ ပြန်လည်ဖြည့်တင်းခြင်းကိုတော့ အမြန်ဆုံး ဆောင်ရွက် ရမည် ဖြစ်သည်။ အကြောင်းမှာ ငြိမ်းချမ်းရေး စကားဝိုင်း စတင်ခြင်းက စစ်ရပ်ဆိုင်းခြင်းကို ဆိုလိုခြင်း မဟုတ်၍ပင်။ အထူးသဖြင့် ထိုအချိန်၌ သတိလက်လွတ် မနေသင့်ပေ။ သမိုင်းထဲ၌ ထိုကဲ့သို့ သတိလက်လွတ် ဖြစ်မှုကြောင့် ရှုံးနိမ့်သွားခဲ့သော သာဓက ရှိခဲ့ဖူး၏။

ကတ်သရင်းက ရှီရာကို ပုံမှန်အတိုင်း နှုတ်ဆက်လိုက်ပြီးနောက် သူ၏ လက်အောက် ငယ်သားများအား မျှော်စင်မြင့် စခန်းဆီသို့ ခေါ်လာခဲ့သည်။ ဇိုလာနှင့် ပါ့ဂ်လီအိုတို့က စွမ်းအားပြန်လည်ဖြည့်တင်းရန်အတွက် ကြယ်မြို့တော်သို့ ပြန်သွားခဲ့ကြသည်။

ညနေပိုင်းတွင် ချန်လွေ့က အရိပ်နက်အင်ပါယာ၏ စခန်း အပြင်ဘက်၌ ပေါ်ထွက်လာခဲ့သည်။

ခဏကြာပြီးနောက် သူက စခန်းထဲသို့ ဖိတ်ခေါ်ခံလိုက်ရပြီး အကာအကွယ် အမြင့်ဆုံးရှိသော ကတ်သရင်းရှီရာ အဓိကတဲထဲသို့ ရောက်ရှိလာသည်။ ထိုနေရာက ပြင်ဆင်ထားသော တောင်ထွတ်တစ်ခု ဖြစ်၏။ ကတ်သရင်းက တဖြည်းဖြည်းနှင့် ခရမ်းရောင် ပြောင်းလာနေသော ညကောင်းကင်ကို လှည့်ကြည့်နေပြီး သူ၏ပုံရိပ်က နူးညံ့သိမ်မွေ့သော နတ်မိမယ်တစ်ပါးကဲ့သို့ ဖြစ်နေခဲ့လေသည်။

လမ်းပြပေးခဲ့သော အမျိုးသမီး နတ်ဆိုးအရှင်သခင်အဆင့်က ရိုသေစွာဖြင့် ဦးညွှတ်လိုက်ပြီးနောက် ပြန်ထွက်သွားကာ ချန်လွေ့နှင့် ကတ်သရင်းတို့အား တောင်ထွတ်ပေါ်၌ နှစ်ယောက်တည်း ချန်ရစ်ခဲ့သည်။

“ဖျော်ဖြေပွဲမှာပြခဲ့တဲ့ လေထဲက ပုံရိပ်ယောင်ရဲတိုက်က တကယ် အမှန်ဖြစ်နေမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။” ကတ်သရင်းက လေထဲမှ အလွန်ကြီးမားသော ရဲတိုက်ကို ကြည့်နေရင်း ပြောလိုက်သည်။ “ပြော။ အဲဒါက ဘာကြီးလဲ။”

“ကြယ်မြို့တော်လေ။ အဲဒါက ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ အပျက်စီးထဲကပဲ။” ချန်လွေ့က မဖုံးကွယ်ခဲ့ပေ။ “ငါ ကံကောင်းပြီးတော့ အဲဒါရဲ့ ဆက်ခံသူ ဖြစ်သွားခဲ့တာ။”

နောက်ဆုံး၌ ကတ်သရင်းက တစ်ခုခုကို သဘောပေါက်သွားဟန်တူပြီး ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရှင်က ရှေးအဂ္ဂိရတ်အဖွဲ့အစည်းရဲ့ အမွေအနှစ်ကို ရခဲ့တာပေါ့။ ဒါကြောင့် ရှင့်မှာ ဆေးရည်မည်းတွေနဲ့ မယုံနိုင်စရာ ယန္တရားပါရမီတွေ ရှိနေတာကိုး။”

“မဟာဆရာသခင်အမွေအနှစ်”အား ရှေးအဂ္ဂိရိတ်အဖွဲ့အစည်းအဖြစ် အဓိပ္ပာယ် ကောက်ခြင်းက အကြောင်းအကျိုးသင့်သော်လည်း အမှန်တကယ်၌ တိုက်ဆိုင်မှုသာ ဖြစ်လေသည်။

ချန်လွေ့က ထို “အထင်လွဲမှု”ကို မရှင်းပြခဲ့ပေ။ လူတိုင်း၌ လျို့ဝှက်ချက်များ ရှိကြ၏။ စူပါစနစ်နှင့် လောကကူးပြောင်းလာခြင်းက သူ၏ အသိစိတ်ထဲမှ အကြီးမားဆုံး လျို့ဝှက်ချက်များ ဖြစ်ကြသည်။ ထိုအရာအား မည်သူ့ကိုမှ သူ ပြောပြန်ရန် စိတ်ကူးမရှိပေ။

“ဒီကောင်းကင်ရဲတိုက်က ကြောက်စရာကောင်းတဲ့စွမ်းအား ရှိတာပဲ။ ရှင့်မှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ။”

“ဒါက လူတွေကို ခြောက်ဖို့ပါပဲ။ အခွံလွတ်ကြီးပါ။” ချန်လွေ့က ခေါင်းခါလိုက်၏။ “အမွေအနှစ်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်၊ အရာရာ မစွမ်းနိုင်ဘူး။ မဟုတ်ရင် ငါက သုံးလေးခါလောက် ဆက်တိုက် သေခါနီး ဖြစ်နေမှာ မဟုတ်ဘူး။”

ကတ်သရင်း၏ မျက်လုံးများ ပျော့ပျောင်းသွားခဲ့သည်။ သူနှင့် ချန်လွေ့တို့က တစ်ကြိမ်မက သေရေးရှင်ရေးကို ကျော်ဖြတ်ခဲ့ရသည်။ အချိန်တိုင်း ချန်လွေ့က သူ့အရှေ့၌ မတုံ့ဆိုင်းဘဲ ကာကွယ်ပေးခဲ့သည်။

ကတ်သရင်းက ဖြည်းဖြည်း ခေါင်းလှည့်လိုက်သည်။ ထိုမျက်များက ပုံမှန်ပင် ဖြစ်နေပြီး တည်ငြိမ်နေ၏။ “အရှင်မ ရှီရာက ရှင့်ကို လာခိုင်းတာလား။ ဆာ-အက်ဂ်ယော။”

ကတ်သရင်းက ထိုတမင်ပြောလိုက်သော ဂုဏ်ပုဒ်ကို မကြားချင် ယောင်ဆောင်လိုက်သည်။ “ကျေးဇူးပါပဲ...ကတ်သရင်း...”

“ရှင့်ရဲ့ တော်ဝင်ဧကရီအရှင်မကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်တာလား။ ဒါမှမဟုတ် မှော်ဆရာခံတပ်ကို၊ ကြယ်ကြွေတမန်အင်ပါယာကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်တာလား။” ကတ်သရင်း၏အသံက ပိုမို အေးစက်သွားပြန်သည်။

“ငါ့ရဲ့ တော်ဝင်ဧကရီအရှင်မ လား။”

ချန်လွေ့၏ အဖြေက ကတ်သရင်းကို ဆိုလိုချင်နေသော ဂုဏ်ပုဒ်တစ်ခုနှင့် ပိုတူနေခဲ့သည်။ တိတ်ဆိတ်မှုနှင့် ကာထားခဲ့သော ကတ်သရင်း၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားသွား၏။ သူက ရှင်းပြ၍မရဘဲ နှလုံးခုန်မြန်လာကြောင်း ခံစားလိုက်ရပြီး ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ ဖိနှိပ်လိုက်သည်။ “ရှီရာ အသက်ရှင် နေတာ၊ ကြယ်ကြွေတမန်အင်ပါယာ တည်ငြိမ်နေတာက အရိပ်နက်အင်ပါယာနဲ့ သွေးရောင်အင်ပါယာအတွက် ကြားခံအနေဲ့ ရှိနေပေးနိုင်တယ်။ အစက ကျွန်မသေပြီ ထင်လို့ ရိုင်ဇန်က ကိုယ့်သိက္ခာနဲ့ စံသတ်မှတ်ချက်ကို စွန့်ပစ်ပြီးတော့ ရှီရာကို ကိုယ်တိုင်သတ်ပစ်ဖို့ လုပ်ခဲ့တာ။ သူက အခြေအနေကို အခွင့်ကောင်းယူပြီးတော့ နတ်ဆိုးဘုံကို စုစည်းဖို့ ကြိုးစားခဲ့တယ်။ အခု ကျွန်မက မသေဘဲနဲ့ တိုင်းပြည်အဆင့်ကို ရောက်သွားခဲ့တယ်။ အဲဒါကြောင့် ရိုင်ဇန်က ရှီရာကို ထပ်မတိုက်ခိုက်တော့ဘူး။ ရှင့်ရဲ့ တော်ဝင်ဧကရီအရှင်မက အရင်ကထက် ပိုပြီးတော့ ဘေးကွင်းသွားတာကို စိတ်သက်သာရာရသင့်တယ်....”

ချန်လွေ့က ပါးပါးနပ်နပ်နှင့် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “စံသတ်မှတ်ချက်လို့ ပြောလိုက်တာလား။ တိုင်းပြည်အဆင့်အထက်က အစွမ်းထက် ပုဂ္ဂိုလ်တွေက သာမန်လူတွေကို တိုက်ခိုက်လို့ မရဘူးဆိုတဲ့ ကန့်သတ်ချက်တစ်ခုခု ရှိတာလား။”

“အရေအတွက်က အရည်အသွေးကို လုံးဝ မဆုံးဖြတ်နိုင်တဲ့ အချိန်မှာ သက်ဆိုင်ရာ ကန့်သတ်ချက်တွေ ရှိရမှာပေါ့။ လူသားလောကမှာလည်း နတ်ဘုရားတစ်ပိုင်း စာချုပ် ရှိတယ်လို့ ကြားတယ်။” ကတ်သရင်း၏ စကားများက ချန်လွေ့၏ ပြန်လည်၍ မွေးခွန်းထုတ်ခြင်းနှင့် ပိုတူနေသည်။

နတ်ဘုရား-တစ်ပိုင်း စာချုပ်လား။ လူသားလောက၌ အစ်ဇ်ယိုရူးလ်က ကျောက်စိမ်း သစ်တောပင်လယ်သို့ ဆင်းသက်လာခဲ့စဉ်က ထိုအသုံးကို နတ်သူငယ်မျိုးနွယ်စု ပြောခဲ့ကြောင်း ချန်လွေ့ မှတ်မိသည်။ ဒါက နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေက လောကကို နှောင့်ယှက်တာ ကန့်သတ်ထားတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လောက်တယ်။

“ရှိတဲ့ပုံပဲ။” ချန်လွေ့က စဉ်းစားပြီး ပြောလိုက်သည်။ “နတ်ဆိုးဘုံမှာလည်း ရှိတာလား။”

“ကျွန်မ သိရသလောက်ဆိုရင် နတ်ဆိုးဘုံမှာ တရားဝင် စာချုပ်တော့ မရှိဘူး။ သိနေရမယ့် လုပ်ရိုးလုပ်စဉ် တစ်ခုလိုပဲ။ ကျွန်မက တိုင်းပြည်အဆင့်ကို အခုမှ ရောက်ရုံပဲ ရှိသေးတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကနေ နတ်ဘုရားအဆင့်ရောက်ဖို့ ဒဏ္ဍာရီလာ လမ်းကြောင်းက အခုမှ စရုံပဲ ရှိသေးတယ်။ မှတ်တမ်းတွေထဲမှာ အံ့သြဖွယ်ရာတစ်ခုကို နတ်ဘုရားပြသခဲ့ဖူးတာက အတော်ကို ကြာခဲ့ပြီ။ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ သက်တမ်းက အဆုံးမရှိဘူး။ ကျွန်မတို့ရဲ့ နှစ်တွေ သိန်းပေါင်း သန်းပေါင်းများစွာက နတ်ဘုရားတွေ အတွက်တော့ ခဏမှေးရုံပဲ ရှိတယ်။ အဲဒါကြောင့် ကျွန်မတို့ ခန့်မှန်းလို့မရဘူး။ တွက်ချက်လို့ မရဘူး။ ကျွန်မတို သိတာက ဒီဒဏ္ဍာရီလာ လမ်းကြောင်းမှာ “ယုံကြည်မှု”လို့ခေါ်တဲ့ အဓိကဝေါဟာရတစ်ခု ရှိနေတာပဲ။ တိုင်းပြည်ကို လောကနှင့် ယှဉ်မယ်ဆိုရင် ယုံကြည်မှုက လောကရဲ့ ထောက်တိုင်ပဲ။ ယုံကြည်မှုရှိရင် ယုံကြည်သူတွေလည်း ရှိလာမှာပဲ။ ယုံကြည်မှုကို ပြောင်းလဲနိုင်တယ်။ ဖျက်ဆီးနိုင်တယ်။ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ ထိန်းချုပ်သူက တိုက်ခိုက် နှောင့်ယှက်လို့ မရဘူး။ ဥပမာပြောရရင် နတ်ဘုရားက ကျွန်မတို့ လောကမှာရှိတဲ့ ယုံကြည်သူတွေကို သုံးပြီးတော့ ယုံကြည်မှုအတွက် အချင်းချင်း တိုက်ခိုက်အောင်၊ စစ်ပွဲတွေဖြစ်အောင် လုပ်လို့ရတယ်။ ဒါပေမဲ့ သူက တခြားသူတွေရဲ့ ယုံကြည်ချက်ကို ပြောင်းလဲလို့မရဘူး။ လူသတ်လို့ မရဘူး။ နတ်ဘုရားတစ်ပိုင်းအဆင့် ပုဂ္ဂိုလ်တွေမှာ ဒီလိုမျိုး ရှိသင့်တယ်။ ဘာလို့လဲဆိုတော့ သူက နတ်ဘုရားမဟုတ်ရင် အဲဒီယုံကြည်သူတွေက တိုင်းပြည်မှာ မရှင်သန်နိုင်လို့ပဲ။ သူတို့က သာမန်လောကမှာပဲ အသက်ရှင်နိုင်မှာ။” မိမိအရှေ့မှလူမှာ ယုံကြည်မှုစွမ်းအား ရှိရုံသာမက အမျိုးမျိုးသော ဂြိုဟ်များတွင်ပါ ယုံကြည်သူများ ရှိနေကြောင်း ကတ်သရင်း မသိပေ။ သူရှင်းပြသော သဘောတရားအရ “ဂြိုဟ်များ”မှာ “နတ်ဘုရားတိုင်းပြည်” ဖြစ်၏။

“တကယ်လို့ အထူးအစွမ်းထက်ပုဂ္ဂိုလ်တွေက အကြိမ်တိုင်း သာမန်လူတွေကို သတ်နေမယ်ဆိုရင် စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ယုံကြည်မှု သဘောပေါက်နိုင်စွမ်းကို သက်ရောက်စေနိုင်သလို အဲဒီသာမန်လူတွေက အခြားအစွမ်းထက်ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်သူတွေ ဘယ်လောက်များများ ရှိနေလဲဆိုတာ မသိနိုင်တဲ့အတွက် အင်အားကြီး ရန်သူတွေလည်း ပိုများလာနိုင်တယ်။ ထပ်ပြီးတော့ အထူးအစွမ်းထက်ပုဂ္ဂိုလ်တွေကို ကိုယ်ပိုင် မာနတွေ ရှိကြတယ်။ ရန်မစရင် လွယ်လွယ်နဲ့ မသတ်ကြဘူး။”

ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်၏။ “သိပြီ။ ဒါကြောင့် ရိုင်ဇန်က ရှီရာကို သတ်ချင်နေတုန်းက ဆင်ခြေ ဆိုးဆိုးဝါးဝါး ပေးခဲ့တာကိုး။”

“ရိုင်ဇန်က အတော်လေး မာနကြီးတယ်။ ပြိုင်ဘက်က အဆင့်တူဆိုရင်က သူက လုံးဝ တုံ့ဆိုင်းနေမှာ မဟုတ်ဘူး။ လူပုံအလယ်မှာ ရှီရာကိုသတ်ပစ်ရတာက သူ့အတွက် ကြီးမားဆဲ့ အရှက်ရစရာ တစ်ခုပဲ။ ဒါပေမဲ့ သူက တကယ်ပဲ သူ့ရဲ့ဂုဏ်သိက္ခာနဲ့ မာနကို လက်လျှော့ခဲ့တယ်။ နတ်ဆိုးဘုံကို ပေါင်းစည်းဖို့က အကြောင်းရင်းတစ်ခု ဆိုတာတော့ သေချာတယ်။ ဒါပေမဲ့ အရေးကြီးဆုံးကတော့ သူ့ရဲ့ လျို့ဝှက်နာမကျန်းဖြစ်မှုကြောင့်ပဲ။ သူက ဒဏ်ရာ ပြန်မထာခင်၊ ဒါမှမဟုတ် အနားမယူခင်မှာ သွေးရောင်အင်ပါယာအတွက် အတားအဆီးတွေကို ရှင်းပစ်ချင်နေတာ။ ဒါပေမဲ့ ရိုင်ဇန်ရဲ့ အသက်အငွေ့အသက်မှာ မူမမှန်တာ တစ်ခုခု ရှိနေတယ်ဆိုတာ ကျွန်မ အာရုံခံမိတယ်။ အဲဒါသာ ထလာတာနဲ့ ရိုင်ဇန် သေဘေးကနေ လွတ်မြောက်ဖို့ ခက်ခဲလိမ့်မယ်။ သူက အဆောင်ပစ္စည်း၇မျိုးထဲက တစ်ခုဖြစ်တဲ့ သွေးရောင်လက်စွပ်ကို သုံးပြီးတော့ အဲဒီမူမမှန်မှုကို ထိန်းနေလောက်တယ်။ အသက်ရှည်ဆေးရည်တစ်ခုတည်းက သူ့ကို ကုသဖို့ ခက်ခဲလောက်တယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရိုင်ဇန်နဲ့ ညှိနှိုင်းတဲ့နေရာမှာ အရေးအပါဆုံး အပေးအယူ တစ်ခုပဲ။ ငါ အကောင်းဆုံး ကြိုးစားမှာပါ။”

“ရှင် ညှိနှိုင်းရမယ့်လူက ရိုင်ဇန်တစ်ယောက်တည်း မဟုတ်ဘူး။ ကျွန်မလည်း ပါတယ်။” ကတ်သရင်းက ချန်လွေ့ကို အသာလေး ကြည့်လိုက်သည်။ “ကြင်ရာတော် မင်းသားက ဒီကို ရောက်နေမှတော့ စကားပြောဖို့နဲ့ ကျေးဇူးတင်ဖို့လောက်ပဲ မဟုတ်လောက်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရအောင်။”

“မဟာမိတ်တစ်ယောက်အနေနဲ့ ရှင်ကျွန်မကို အခြေအနေနှစ်ရပ် ကတိပေးရမယ်။ ပထမက အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် ကြယ်မြို့တော်က သွေးရောင်အင်ပါယာရဲ့ စစ်မြေပြင်မှာ မပေါ်လာရဘူး။ ဒုတိယအနေနဲ့ အနာဂတ်မှာ ကြယ်ကြွေတမန်အင်ပါယာ ပိုင်ဆိုင်မယ့် နည်းပညာအသစ်တွေ၊ ပစ္စည်းအသစ်တွေ အားလုံးကို အရိပ်နက် အင်ပါယာကလည်း တစ်ချိန်တည်း ပိုင်ဆိုင်ရမယ်။”

ချန်လွေ့က ခေါင်းခါလိုက်သည်။ “အနာဂတ်မှာ...ငါတို့က စစ်ပွဲကနေ မလွတ်မြောက် နိုင်ဘူးလား။”

“ဒီမေးခွန်းက နုံအတာပဲ။ ဒါပေမဲ့ အဖြေကို ရှင်သိနေပြီးသားပါ။” ကတ်သရင်းက အကြည့်လွှဲလိုက်၏။ “ကျွန်မက တကယ် ပညာရှိတစ်ယောက် မဟုတ်ဘူး။ တခါတရံ ကျွန်မက အေးစက်ပြီးတော့ ရက်စက်တဲ့ ပလ္လင်ကို စိတ်ကုန်တတ်တယ်။ ဒါပေမဲ့ ဆက်ပြီး ထိုင်နေရဦးမှာပဲ။ ကျွန်မက လက်လျှော့ချင်တယ်။ ကျွန်မတို့ရဲ့ အနာဂတ်ကို ပိုပြီးတော့ လက်လျှော့ချင်တယ်။”

ချန်လွေ့ သက်ပြင်းချလိုက်၏။ “ဒီလိုမှပဲ မင်းရဲ့လူတွေ ပိုရလာမှာလဲ။ မင်းရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုကို ငါမြင်ဖူးတာ ဒါ ပထမဆုံး မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် မင်းကို ငါ တကယ် လေးစားမိတယ်။”

“ရှင့်နဲ့ အနီးစပ်ဆုံးလူကို ဆုံးရှုံးခဲ့ဖူးလား။ ကျွန်မ သူတို့ကို ဆုံးရှုံးဖူးတယ်။ ပြီးတော့ သူတို့ကိုတောင် ကိုယ့်လက်နဲ့ မြှုပ်ခဲ့ရတယ်....” ကတ်သရင်း၏ မျက်လုံးများက အနည်းငယ် ဝေဝါးသွားခဲ့သည်။ “အဲဒီနှစ်တုန်းက ကျွန်မ မောင်တော်ရဲ့သွေးတွေ စွန်းထင်နေတဲ့ လက်နဲ့ သရဖူကို ဆောင်းခဲ့တယ်။ ပူဆွေးမှုတွေ၊ သွေးတွေ ပြည့်နေတဲ့ ဒီမြေကို ကာကွယ်ဖို့အတွက် အရာအားလုံးကို အသုံးချဖို့ ကျွန်မ သစ္စာဆိုခဲ့တယ်။ လူတွေကို ထပ်ပြီးတော့ မဆုံးရှုံးစေချင်တော့ဘူး။ ရှီရာရဲ့ ဇာတ်လမ်းကိုတော့ ကျွန်မ သေချာ မသိဘူး။ ဒါပေမဲ့ သေချာတာကတော့ သူလည်း ကျွန်မလိုပဲ ခေါင်းမာတယ်။ အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ကျွန်မတို့က မဆုတ်မနစ်ကြိုးပမ်းမှုကို လက်လွှတ်လို့ မရနိုင်ဘူး။ အဲဒါကြောင့် အနှေးနဲ့အမြန်ပဲ.....” ဧကရီအရှင်မက ခဏရပ်ပြီး သက်ပြင်းချလိုက်သည်။ “ကျွန်မ ရှင့်ကို ရွေးစရာ မေးခွန်းတွေ ထပ်မမေးတော့ဘူး။ ရှင့်ရဲ့ အနာဂတ်ဆိုတာက ပုံရိပ်ယောင်တစ်ခုပဲ ဆိုတာကိုပဲ ပြောနိုင်တယ်။ စောစော လက်လွှတ်လိုက်ပါ။ ဒါက ကျွန်မတို့အတွက် ကောင်းပါတယ်။”

ချန်လွေ့က အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီးနောက် ရုတ်တရက် ပြောလိုက်သည်။

“ကိုယ့်ရဲ့ တော်ဝင်ဧကရီအရှင်မ။ မင်းက အင်ပါယာနဲ့ ပတ်သက်တဲ့အရာတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အမြဲတမ်း ရှေ့ကို အဝေးကြီးတွေးတယ်၊ သေသေချာချာ တွက်ချက်တယ်။ ပြီးတော့ တစ်ခါတစ်ခါ ပါးနပ်တဲ့ ဗျူဟာတွ ထွက်လာတယ်။ မင်းက ထိပ်တန်း ပညာရှိ မဟုတ်ရင်တောင် ငတုံးတစ်ယောက်တော့ လုံးဝ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ပိုင်ခံစားချက်နဲ့ ရင်ဆိုင်ရတဲ့အခါ ငတုံးလုံးလုံးကြီးကို ဖြစ်သွားတယ်လို့ တစ်ယောက်ယောက် ပြောဖူးလား။ ဒါက ဒဏ္ဍာရီထဲက အိုင်ကျူမြင့်ပြီးတော့ အီးကျူနိမ့်တာမျိုးလား။”

ကတ်သရင်းက ခနဲ့သော သဘောနှင့်တူသည့် စကားလုံးအချို့ကို နားမလည်သော်လည်း သူ၏အကြည့်က ပို၍ပင် အေးစက်သွားခဲ့သည်။ “ကျွန်မမှာ ရှင်နဲ့ မဟုတ်တာတွေပြောဖို့ အချိန်မရှိဘူး။ ကျွန်မကြားချင်တာက ရှင့်ရဲ့အဖြေပဲ။”

“အိုင်ကျူက မွေးရာပါပဲ။ အီးကျူက လုပ်ယူလို့ရတယ်။ အတိအကျ ပြောရရင်တော့ ဒီအီကျူက တော်တော်လေး ဒွိဟ ဖြစ်စေတယ်။ အဲဒါကို ပတ်သက်ဆက်ဆံမှုတွေနဲ့ ပတ်သက်တဲ့ ခံစားချက်လို့ပဲ သဘောထားလိုက်တာပေါ့....”

“ရှင် ကျွန်မကို အဖြေမပေးနိုင်မှတော့ ရှီရာကို လာပြောခိုင်းလိုက်။” ကတ်သရင်း၏ အသံက ပို၍ပင် အေးစက်သွားခဲ့သည်။

“ဒေါသမထွက်ပါနဲ့။ ဧကရီအရှင်မ။ အဲဒီအကောင်ကြီးကို စစ်မြေပြင်မှာ မသုံးဖို့ပဲ မဟုတ်လား။ ပြီးတော့ ရှီရာဆီမှာ ရှိသမျှ မင်းမှာ ရှိရမယ်....” ချန်လွေ့က ပြုံးဖြီးဖြီးနှင့် ပြောလိုက်၏။ “ငါမင်းကို သတိပေးတယ်။ ဒါပေမဲ့ ဒုတိယအခြေအနေအတွက် ၂နှစ် အချိန်အကန့်အသတ် ထားရအောင်။”

ကတ်သရင်းက ထိုနေ့ ထွက်သွားသောအချိန် အကြောင်းကို တွေးလိုက်မိသည်။ နောက်မှ ထွက်ပေါ်လာခဲ့သော “၂နှစ်ပဲစောင့်” ဟူသောအသံ ဖြစ်၏။ သူက ခေါင်းညိတ်ပြီး မျက်လုံးကို မှိတ်လိုက်သည်။ “ကျွန်မ အနားယူတော့မယ်။ ဆာ-အက်ဂ်ယော။ ရှင် ပြန်ပြီးတော့ သတင်းပို့လို့ရပြီ။”

ချန်လွေ့က နောက်ပြန်လှည့်ပြီး ခြေလှမ်းအနည်းငယ် လျှောက်သွားကာ ရုတ်တရက် ရပ်တန့်လိုက်၏။ “ဒီလောကမှာ အနီးစပ်ဆုံးဖြစ်တဲ့ တစ်ယောက်ကို....ငါအရင်က ဆုံးရှုံးခဲ့ဖူးတယ်။ ငါ့သမီးလို သဘောထားခဲ့တဲ့ အသက်တစ်ခုပဲ။ သူက ငါ့ကို ထာဝရ ထားခဲ့ပေမဲ့ ငါ့ရဲ့စိတ်ထဲမှာ တသက်သာလုံး အမှတ်တရ ချန်ရစ်ခဲ့တယ်။ မင်း နိဗ္ဗာန်စွမ်းအား အောင်မြင်ခဲ့တာက ဒီအမှတ်ကြောင့် ဖြစ်လောက်တယ်။ ပြီးတော့ ငါတို့ကြားမှာ ထူးဆန်းသော ချိတ်ဆက်မှုတစ်ခု ရှိနေတယ်။ မင်းလည်း ဒါကို ခံစား မိလောက်မှာပါ။ ငါ ဆုံးရှုံးဖူးလို့ပဲ ပိုပြီးတော့ တန်ဖိုးထားလာတာ။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ မင်းအရင်က မြင်ခဲ့ဖူးတဲ့ “ပုံရိပ်ယောင်က” ပုံရိပ်ယောင် ဟုတ်ချင်မှ ဟုတ်မှာပါ။ အဲဒါက အခု တကယ့် တည်ရှိမှုတစ်ခု ဖြစ်နေလောက်တယ်။”

ခြေသံ တဖြည်းဖြည်း ဝေးသွားသည်နှင့် ကတ်သရင်းက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး ခရမ်းရောင်လအောက်ရှိ လေထဲမှ ရဲတိုက်ကို ကြည့်လိုက်လေ၏။

All Chapters