လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးအဖွဲ့
Vol. 47 Ch. 764
ငှက်မွှေးကဲ့သို့ ပေါ့ပါးနေ၏။
မြေဆွဲအားမရှိဘဲ ဟင်းလင်းပြင်ထဲ၌ လွင့်မျောနေသည်။
ဤသည်က နိုးလာပြီးနောက် ချန်လွေ့ ခံစားရသည်များ ဖြစ်သည်။
သူကိုယ်တိုင်က မည်သည့်အခြေအနေသို့ ရောက်နေကြောင်း မပြောနိုင်ဘဲ ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်သွားကာ စကြဝဠာထဲ၌ မျောလွင့်နေသကဲ့သို့ ဖြစ်နေ၏။
မည်သူမှမရှိ၊ အသက်ရှူရန်လည်း မလိုဘဲ အလွန်ပင် အေးဆေးကာ ငြိမ်းချမ်းနေသည်။
အမှန်ပေ။ ပတ်ဝန်းကျင်ရှိ မြင်ကွင်းများက စကြဝဠာ အာကာသကြီးသာဖြစ်ပြီး စူပါစနစ်ထဲမှ နေအဖွဲ့အစည်း မဟုတ်ပေ။ ယုံကြည်မှု အငွေ့အသက်လည်း မရှိ။ တကယ့် စကြဝဠာ ဖြစ်နေဟန်တူသည်။
ဒါက...သေသွားတဲ့ ခံစားချက်လား။
ချန်လွေ့က အင်တာနက်ပေါ်၌ သေဆုံးခြင်းအကြောင်း ခံစားချက်များကို ဖတ်ဖူးကြောင်း မှတ်မိသည်။ ထိုအရာများက တကယ့်လူသေများထံမှ ရထားခြင်း မဟုတ်ဘဲ ကျွမ်းကျင်သူများပြောသော သေဆုံးခြင်းအကြောင်းနှင့် သေကြောင်း ကြံခဲ့သူများမှ အချက်အလက်များကို အကျဉ်းချုံးထားခြင်း ဖြစ်သည်။ အလွန်အမင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုအပြင်....စကြဝဠာနှင့် ပေါင်းစည်းခြင်းအကြောင်း ပါဝင်ကြောင်း သူ ရေးရေးလေး မှတ်မိနေခဲ့သည်။
အခု ဒီလိုမျိုး ငြိမ်းချမ်းတဲ့ ခံစားချက်နဲ့ စကြဝဠာထဲမှာ “ခရီးသွား” နေတယ်။ ငါ တကယ်ပဲ သေသွားပြီလား။
( ငါ မဒမ် ဧကရီနဲ့ နောက်ထပ် မဒမ် ဧကရီကို မစားရသေးဘူး။ တခြားဇနီးတွေနဲ့လည်း ပိုပြီးတော့ မပျော်ပါးရသေးဘူး။ ငါ့ရဲ့ ရည်မှန်းချက် မရသေးခင် တကယ်ပဲ သေသွားခဲ့တာလား။ )
( ဇာတ်လိုက်ရဲ့ ရောင်လျှံကော။ သလင်းကျောက် မောင်းမဆောင်ရဲ့ ရောင်လျှံက ဘယ်မှာလဲ။ )
ထိုသို့ စဉ်းစားနေရင်း လွင့်မျောမှုက ဆက်လက် ဖြစ်နေခဲ့သည်။
လွင့်မျောနေသော အရှိန်က အလွန်နှေးကွေးသလို ခံစားရသော်လည်း စကြဝဠာ အချိန်က လုံးဝ ကွဲပြားနေသည်။ ဥပမာအနေဖြင့်ပြောရလျှင် ခုနက ချန်လွေ့က နေတစ်စင်းက “ငယ်ရွယ်” နေရာမှာ “နောက်ဆုံးချိန်” ရောက်သွားသည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့ရလေသည်။ ပြင်းထန်စွာ ပေါက်ကွဲပြီး သေဆုံးသွားခြင်းက ချန်လွေ့အား အသူရာ၏ [ စူပါနိုဗာပေါက်ကွဲမှု ] ကို သတိရသွားစေသည်။ လျှပ်စစ်သံလိုက် ရောင်ခြည်များက နေအဖွဲ့အစည်း တခုလုံးကို လင်းလက်စေခဲ့ပြီး တလက်လက် တောက်ပနေသော နက်ဗျူလာကို ဖြစ်စေခဲ့သည်။ အနီးအနားရှိ ဂြိုဟ်များအားလုံး ဝါးမျိုခံလိုက်ရပြီး အချို့က အပျက်အစီး အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့သည်။
နောက်ထပ်ဂြိုဟ်တစ်ခုက ကြယ်တံခွန်တစ်ခုဖြင့် ဝင်တိုက်ခံရပြီးနောက် အပျက်အစီးများနှင့် စကြဝဠာ အမှုန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာက ပျက်စီးခြင်း တစ်မျိုးလည်း ဖြစ်၏။
အချိန်နှင့် ရင်ဆိုင်ရသည့်အခါ ပျက်စီးခြင်းက ရိုးရှင်းလှပေသည်။
ပျက်စီးခြင်းက အရာအားလုံး၏ အဆုံးသတ် ဖြစ်သည်။ ဒဏ္ဍာရီထဲမှ နတ်ဘုရားများ အပါအဝင် အစကတည်းက ထာဝရရှင်သန်ခြင်း မရှိပေ။
အချိန်စီးဆင်းမှုနှင့် ပျက်စီးခြင်းတို့က အရှိန်မြန်လာပြီး မြင်ကွင်းထဲမှ ပေါက်ကွဲမှုနှင့် ကွယ်ပျောက်မှုများက ခံစားချက်တစ်ခု ဖြစ်လာသည်။ ထိုခံစားချက်က ကြောက်ရွံ့မှု မဟုတ်ဘဲ ပင်ကိုဥပဒေသ တစ်မျိုးကဲ့သို့ပင် ချစ်မြတ်နိုင်းမှု အငွေ့အသက်တစ်ခု ဖြစ်သည်။ ဘဝက ဖန်တီးခြင်းမှစပြီး ပျက်စီးခြင်းနောက် လိုက်နေသည့်ဖြစ်စဉ် ဟူသော စကားအတိုင်း ဖြစ်လောက်ပေသည်။
ချန်လွေ့က မျက်လုံးကို မှိတ်လိုက်ပြီး ပျက်စီးခြင်း ဇစ်မြစ်စွမ်းအားကို နှလုံးသားထဲ၌ ခံစားနေလိုက်သည်။ သူ၏ဝိညာဉ်က သက်ဆိုင်ရာ ဥပဒေသတစ်ခုခုကို ပျိုးထောင်နေ သကဲ့သို့ပင် စည်းချက်ညီညီ တချက်ချက် ခုန်နေ၏။
ပျက်စီးခြင်းဥပဒေသက သူ၏ဘဝ၊ သူ၏လက်ထဲ၌ ရှိနေလေသည်။
ချန်လွေ့က မျက်လုံးကို ဖွင့်လိုက်ပြီး သော့တစ်ခုခုကို ဆုပ်ကိုင်ထား သကဲ့သို့ပင် လက်ကို ကြည့်လိုက်သည်။
အပြည့်အဝ နားလည်ရန် မဖြစ်နိုင်သေးသော်လည်း မျိုးစေ့များကို အောင်အောင်မြင်မြင် ပျိုးထောင်ပြီးပြီဖြစ်ကာ နားလည်ရန် အနှေးနှင့်အမြန် ဖြစ်ပေ၏။
လက်တွေလား။ ချန်လွေ့က ရုတ်တရက် တစ်ခုခုကို သဘောပေါက်လိုက်သည်။ ပတ်ဝန်းကျင်မြင်ကွင်းများ ပြောင်းလဲသွား၏။ စကြဝဠာ အာကာသထဲ၌ မဟုတ်တော့ဘဲ ပိုမှောင်သော အခန်းကျယ်ကြီးတစ်ခုထဲ၌ ဖြစ်နေသည်။ ထိုနေရာက ထူးဆန်းသော အပြင်အဆင်များနှင့် အခြေအနေ ရှိသည်။ သူ့ပတ်ပတ်လည်တွင် အနက်ရောင် ဝတ်ရုံနှင့် သတ္တုမျက်နှာဖုံး ဝတ်ထားသော လူအများအပြား ရှိနေ၏။
ချိန်လွေ့က ကိုယ့်လက်ကို ကြည့်လိုက်မိသည်။ ထိုလက်ဝါးများပေါ်၌ ထူးဆန်းသော အမှတ်အသားတစ်ခုကို တစ်ဖက်စီတွင် ရေးဆွဲထား၏။ ထိုအမှတ်အသားက ထူးဆန်းပြီး ရှေးမှော်စာနှင့် တနည်းတဖုံ ဆင်တူသော အငွေ့အသက် ပေါ်လွင်နေသည်။ သို့သော်လည်း မတူညီပေ။ ထိုအရာက လေးနက်မှု အဓိပ္ပာယ်တစ်ခုခုကို ကိုယ်စားပြုခြင်း ဖြစ်လောက်ပေသည်။
“အခု အာရုံစိုက်ပြီးတော့ ဒီသလင်းကျော်စက်လုံးပေါ်ကို လက်တင်လိုက်။” သူ့ရှေ့မှ ဝတ်ရုံနှင့်လူက ခေါင်းဆောင်တစ်ယောက်နှင့်တူပြီး အသံက ခပ်ပြာပြာ ဖြစ်နေသည်။ သူက အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူ၏မျက်နှာဖုံးအရောင်က သာမန်ကြေးညိုရောင်နှင့် ကွဲပြားပြီး ရွှေရောင်ဖျော့ဖျော့လေး ပြသနေသည်။
သလင်းကျောက်စက်လုံးလား။ ချန်လွေ့က ဘောလုံး အရွယ်အစားခန့်ရှိသော ဖောက်ထွင်းမြင်ရသည့် သလင်းကျောက်လုံးကို ကြည့်နေလိုက်သည်။ ထိုအရာက ထူးဆန်းသော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေ၏။ ထို့အပြင် ချန်လွေ့ကလည်း ပတ်ပတ်လည်မှ ဝတ်ရုံနှင့်လူများ၏ ရန်လိုမှုနှင့် သတ်ဖြတ်ချင်စိတ်များကိုပင် ခံစားမိသည်။ သူတို့က သူ့ကို အချိန်မရွေး သတ်ပစ်ရန် အသင့်ဖြစ်နေဟန်တူသည်။ ဒါနဲ့ [ သရုပ်ခွဲမျက်လုံး ] ရော။ စူပါစနစ်ရော။ ဒီတွေ မရှိတော့တဲ့ပုံပဲ။
ချန်လွေ့ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ သူက ကိုယ်ပိုင်ထိန်းချုပ်မှု မရှိသကဲ့သို့ပင် ရှေ့ကို လမ်းလျှောက်လာပြီး သလင်းကျောက်စက်လုံးဆီသို့ လက်ကို ဆန့်တန်းလိုက်သည်။ မူလက အရောင်မရှိသော အလင်းကျောက်စက်လုံးက တဖြည်းဖြည်းနှင့် တောက်ပလာပြီး အနီဖျော့ဖျော့ အလင်းရောင်တစ်ခု ထွက်လာခဲ့သည်။
ဝတ်ရုံနှင့်လူများ၏ သတ်ဖြတ်ချင်စိတ်များက အလင်းရောင် ပိုမို အားကောင်းလာပြီး နောက်ဆုံး အနီရင့်ရင့် ပြောင်းလဲသွားသောအခါ အတော်လေး ကွယ်ပျောက်သွားဟန် တူသည်။ ချန်လွေ့ သူ၏လက်သည် အငွေ့အသက် တစ်ခုခုကို တမင်ထိန်းချုပ်နေကြောင်း သေသေချာချာ ခံစားလိုက်မိသည်။ ထိုသို့ဆိုသည့်တိုင် ထိုအရာက သူ့ပတ်ပတ်လည်မှ လူများကို အံ့အားသင့် သွားစေခဲ့လေသည်။
ချန်လွေ့က မပြုံးခဲ့ပေ။ သို့သော်လည်း သူ့မျက်နှာပေါ်၌ အပြုံးတစ်ခုကို ခံစားလိုက်ရ၏။ သူက ရေးရေးလေး နားလည်သွားခဲ့သည်။ ဒါက ငါ့ခန္ဓာကိုယ် မဟုတ်ဘူ။
(သွားပြီ။ ငါ့ဝိညာဉ်က နောက်ထပ် လောကကူးပြောင်းသွားတာလား။)
(ငါ့ရဲ့နတ်ဆိုးဘုံ ဘယ်မှာလဲ။ ငါ့ရဲ့ သလင်းကျောက် မောင်းမဆောင်ကော။ ငါက အချိန်-နေရာလွတ် စီမံခန့်ခွဲရေးကို ယာယီနေခွင့် မလျှောက်ခဲ့လို့ နှင်ထုတ်ခံခဲ့ရတာလာ။ )
(ဒါက ဘုရားသခင်ရဲ့ နောက်ထပ် ပြက်လုံးတစ်ခုလား။)
(ဘာလို့ နောက်ထပ်လို့ သုံးလိုက်တာလဲ.....)
“မယုံနိုင်စရာပဲ။ မင်းက ဒီလောက် ယုံကြည်မှုအဆင့်ထိတောင် ရောက်ခဲ့ပြီ။” ဝတ်ရုံနှင့် အမျိုးသမီးခေါင်းဆောင်က ပြောသည်။ “ပျက်စီးခြင်းနတ်ဘုရားက မင်းကို ကောင်းချီးပေးပါစေ။ ဒီနေ့ကစပြီးတော့ မင်းက တရားဝင် မရဏနက်နောက်လိုက် ဖြစ်သွားပြီ။”
မရဏနက်နောက်လိုက်!!
ထိုစကားလုံးက ချန်လွေ့ကို ထိတ်လန့်စေခဲ့ပြီး ပတ်ပတ်လည်မှ အရာအားလုံးက တဖြည်းဖြည်း ပျောက်ကွယ်ကာ နောက်ထပ် မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
ညပိုင်း နောက်ကျနေပြီ ဖြစ်ပြီး မြင်နိုင်မှု နိမ့်ပါးသော်လည်း ချန်လွေ့က ရှေ့မှ အဆောက်အအုံများကို ရင်းနှီးသလို ခံစားနေရသေးသည်။ ထိုအရာက သိဒ္ဓိကျောင်းတော် ဖြစ်နေခဲ့သည်။ အရွယ်အစားအရ ချန်လွေ့နေခဲ့ဖူးသော ယန်ရှောင်အင်ပါယာမှ ဂူဒန်မြို့ရှိ ကျောင်းတော်နှင့် ဆင်တူသည်။ ၎င်းက မြို့ငယ်လေးမှ ကျောင်းတော်တစ်ခု ဖြစ်ဟန်တူသည်။
အနက်ရောင်ဝတ်ရုံနှင့် လူအနည်းငယ်က ကျောင်းတော်ထဲသို့ အနက်ရောင် အငွေ့များသဖွယ် အုံဖွဲ့၍ သွားလိုက်ကြပြီး ချန်လွေ့ “ဝင်ပူး”ထားသော ခန္ဓာကိုယ်ကလည်း သူတို့ထဲ၌ ဖြစ်သည်။ သိပ်မကြာခင် ကျောင်းတော် အမှုထမ်းများအားလုံး အသတ်ခံလိုက်ရ၏။
ဝတ်ရုံနှင့်လူများက ကျောင်းတော်မှ အမှုထမ်းများ၏ သွေးများဖြင့် ကြမ်းပြင်ပေါ်၌ ထူးဆန်းသော သင်္ကေတများ ရေးဆွဲလိုက်ကြသည်။ ချန်လွေ့က ဆုတောင်းခန်းမသို့ အပြေးသွားပြီး အလင်းစစ်သည်တော်အချို့နှင့် တိုက်ခိုက်ဟန်ဆောင်နေလိုက်သည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်ထဲမှ မမြင်နိုင်သည့် ထူးဆန်းသော အားတစ်ခုက တိတ်တဆိတ် ထွက်နေကာ ခန်းမထဲရှိ အလင်းနတ်ဘုရားရုပ်ထုနှင့် ချိတ်ဆက်နေကာ အလင်းနတ်ဘုရားရုပ်ထု၏ ဝေဝါးသော မျက်နှာက တဖြည်းဖြည်း ပြောင်းလဲလာပြီး ချန်လွေ့နှင့် ဆင်တူသွားခဲ့သည်။
ထိုမျက်နှာက ကမ္ဘာမြေမှ ချန်လွေ့၏ပုံစံ ဖြစ်သည်။
ထိုခန္ဓာကိုယ်က မည်သူ့၏ဟာဖြစ်ကြောင်း ချန်လွေ့ နောက်ဆုံးတွင် သိသွားခဲ့သည်။ အသူရာ!!
မဟုတ်ဘူး။ ဒါက ဝိညာဉ်ဝင်ပူးတာ မဟုတ်ဘူး။ အသူရာရဲ့...မှတ်ဉာဏ်တွေ ဖြစ်လောက်တယ်။ အခုက ငါက အသူရာရဲ့ မှတ်ဉာဏ်တွေကို ဘေးနားကနေ ကြည့်နေရသလိုပဲ။
ကိုယ်ပွားက အမှန်တကယ်၌ မူလခန္ဓာကိုယ်၏ အမိန့်ကို လုံးဝ နာခံရသော “စက်ရုပ်” တစ်ခုနှင့် ညီမျှပေသည်။ ၎င်းက အတော်လေး အသိဉာဏ်ရှိပြီး နတ်ဘုရား-ဝါးမျို မျက်နှာဖုံး၏ ရုပ်သေးနှင့် ဆင်တူသည်။ “ပုံမှန်” အခြေအနေ၌ ၎င်းက သီးခြား ဆုံးဖြတ်ချက်ကို အသုံးချပြီး မူလခန္ဓာက ပေးထားသော တာဝန်ကို ပြီးမြောက်အောင် လိုက်လျောညီထွေ ပြုလုပ်သည်။ သန်းခေါင်နေနှင့် တိုက်ပွဲအတွင်း ၎င်း၏ တိုက်ခိုက်ရေး အသိစိတ်ဖြစ်စေ၊ အချိန်ကိုက် စွမ်းရည်ဖြစ်စေ၊ တကယ့် အစွမ်းထက်ပုဂ္ဂိုလ်ထက် မနိမ့်ကျခဲ့ပေ။
အသူရာကို ချန်လွေ့ပေးထားခဲ့သော တာဝန်မှာ ယုံကြည်မှုစွမ်းအား ခိုးယူရန် ဖြစ်သော်လည်း အသူရာက သိဒ္ဓိကျောင်းတော်၏ ကမ္ဘာမကျေရန်သူဟု သတ်မှတ်ထားသော လျို့ဝှက်ကျောင်းတော်တစ်ခုနှင့် ပူးပေါင်းလိုက်ပြီး မရဏနက်နောက်လိုက် တစ်ယောက် ဖြစ်လာမည်ဟု မထင်ထားခဲ့ပေ။
ဆုတောင်းခန်းမမှ အလင်းနတ်ဘုရားရုပ်ထု ပြောင်းလဲသွားပြီးနောက် ယုံကြည်မှု စွမ်းအားက အသူရာ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး ရောက်ရှိလာသည်။ ထိုနည်းလမ်းက လျင်မြန်သော အောင်မြင်မှုတစ်ခု နီးပါး ဖြစ်နေပြီး လူသားလောက၌ ချန်လွေ့၏ နှေးကွေးကာ တည်ငြိမ်မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ သို့သော်လည်း ထိုစဉ်က ချန်လွေ့သည် သရုပ်မှန်ကို ဖုံးကွယ်နေခဲ့ရသည့်အတွက် တိတ်တိတ်လေး ခိုးယူခဲ့ရခြင်း ဖြစ်သည်။ ယခု မရဏနက်နောက်လိုက် ဖြစ်သွားသော အသူရာက ပြောင်ပြောင်းတင်းတင်း ခိုးယူနေသည်မှာ စိုးရိမ်စရာ မလိုတော့ပေ။
အလင်းနတ်ဘုရားရုပ်ထု၏ အထွတ်အမြတ် အငွေ့အသက်က အလျင်အမြန် အားနည်းလာပြီး ရလာဒ်အနေဖြင့် အက်ကွဲသွားခဲ့သည်။ အသူရာက အလင်းစစ်သည်တော် အနည်းငယ်ကို သတ်လိုက်ပြီ ဖြစ်သည်။ တစ်ယောက်ယောက် ဝင်လာကြောင်း သတိထားမိသွားသောအခါ သူက အလင်းနတ်ဘုရားရုပ်ထုကို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားအောင် ထိုးလိုက်လေသည်။
ရောက်လာသူက အမျိုးသမီးခေါင်းဆောင် ဖြစ်သည်။ သူက အလင်းနတ်ဘုရား ရုပ်ထုအား အသူရာ ထိုးခွဲလိုက်သည်ကို မြင်သည့်အခါ ချီးကျူးလိုက်၏။ “တော်တယ်။”
အသူရာက အဓိကခန်းမမှ ထွက်သွားသောအခါ မရဏနက်နောက်လိုက်များက သိဒ္ဓိကျောင်းတော်မှ အလျင်အမြန် ထွက်ခွာသွားကြလေပြီ။ သွေးများဖြင့် ရေးထားသော ထူးဆန်းသည့် သင်္ကေတများက စတင်လောင်ကျွမ်းလာပြီး ကျောင်းတော် တစ်ခုလုံး မီးပင်လယ် ဖြစ်သွားတော့သည်။
ထိုအချိန်၌ မြင်ကွင်း ပြောင်းလဲသွားပြန်ပြီး ချန်လွေ့က ခန်းမတစ်ခုသို့ ရောက်ရှိသွားသည်။
ရှေ့တွင် ပူနွေးသော အငွေ့အသက်များ ပြည့်နေသော ယဇ်ပလ္လင် အဆောက်အအုံ ရှိနေသည်။ ယဇ်ပလ္လင်နောက်ဘက်ရှိ နံရံပေါ်၌ သုံးလွှာရှိသော ဆန်းပြားသည့် ရုပ်ကြွပန်းပုတစ်ခု ရှိနေ၏။
ထိုရုပ်ကြွပန်းပုများက လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးအဖွဲ့က ဌာပနာပြီး ကိုးကွယ်သော “နတ်ဘုရား” ဖြစ်သည်။ သူတို့ကို ထူးဆန်းသော စွမ်းအားတစ်မျိုးဖြင့် ဖုံးကွယ်ထားဟန်တူ၏။ အသူရာ၏ အမြင်ဖြင့်ပင် မဖောက်မြင်နိုင်ခဲ့ပေ။
“ရစ်ချက်။ ဒီအချိန်အတောအတွင်း မင်းရဲ့ စွမ်းဆောင်ရည်တွေနဲ့ အကျိုးပြုမှုက အတော်လေးကို ထူးချွန်တယ်။ အခု မင်းက အဆင့်၃ ဂိုဏ်းထောက် ဘုန်းတော်ကြီး အဖြစ် ရာထူးတိုးသွားပြီးတော့ အမှောင်ပန်းပွင့်ချပ် တစ်ချပ်ကို ဆုရမယ်။” ထိုသူက ဝတ်ရုံ ဝတ်ထားသော အသံပြာပြာနှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ သူက လျို့ဝှက် ဆန်းကြယ်သော ဘာသာရေးအဖွဲ့၏ ဂိုဏ်းအုပ်များထဲမှ တစ်ယောက်ဖြစ်ပြီး ထိုအဖွဲ့ခွဲမှ ခေါင်းဆောင်လည်း ဖြစ်သည်။
အသူရာက ရှေ့တက်လာပြီး ဂိုဏ်းထောက်ဘုန်းတော်ကြီး ရာထူးကို ကိုယ်စားပြုသော ငွေမျက်နှာဖုံးနှင့် သေတ္တာတစ်လုံးကို ယူလိုက်သည်။ အမျိုးသမီး ဂိုဏ်းအုပ်က ကျန်သော မရဏနက်နောက်လိုက်များကို ဆုပေးခဲ့သည်။ နောက်လိုက် ၂၀ခန့်က “အမှောင်ပန်းပွင့်”ချပ်ကို ဆုရရှိကြသည်။ နောက်မှ မရဏနက် နောက်လိုက်များက မနာလိုသော အမူအရာများ ပြသကြသည်။ ထိုအရာက တစ်ခုခု ထူးခြားသောအရာ ဖြစ်ဟန်တူသည်။
အသူရာက သေတ္တာကို ဖွင့်လိုက်ရာ အထဲတွင် သလင်းကျောက်ကဲ့သို့ ကြယ်လင်နေသော သွေးနီရောင် ပွင့်ချပ်တစ်ခုကို မြင်လိုက်ရသည်။ သို့သော်လည်း ၎င်းက ထွင်းထုထားသော အသက်မဲ့အရာတစ်ခု မဟုတ်ပေ။ လှပပြီး ကလူကျီစယ်နေပုံရသော အသက်ဓာတ် အစစ်အမှန် ရှိနေသည်။
ချန်လွေ့၏ အသိစိတ်ကလည်း ထိုပွင့်ချပ်ကို မြင်လိုက်ရသည်။ ထူးဆန်းသော အငွေ့အသက်ကို ခံစားမိသည့်အခါ သူက ကြောက်မက်ဖွယ်ရာ တစ်ခုခု ရုတ်တရက် သတိရမိသွားသည်။
“အမှောင်ပန်းပွင့်က သာမန်လူတွေက နတ်ဘုရားနဲ့ နီးစပ်တဲ့ အထူးစွမ်းအားတွေ ပေးနိုင်တဲ့ နတ်ဘုရား ချီးမြှင့်ထားတဲ့ အထွတ်အမြတ် အရာတစ်ခုပဲ။ အခု မင်းတို့တွေ ဒီပွင့်ချပ်ရဲ့ စွမ်းအားကို စပြီးတော့ စုပ်ယူလို့ရပြီ။” အမျိုးသမီး ဂိုဏ်းအုပ်၏အသံ ထွက်လာသည်။ “ပွင့်ချပ်ကို လက်ထဲမှာ ထည့်ပြီးတော့ စိတ်ကို အေးအေးထားထား။ နတ်ဘုရားရဲ့ လက်ဆောင်ကို စိတ်ရင်းနဲ့ ခံစားဖို့အတွက် ခုခံမှုစွမ်းအား အကုန်လုံးကို လွှတ်ချလိုက်။ ထူးထူးခြားခြား ပြောင်းလဲမှု တစ်ခုခုရှိရင် မအံ့သြသွားနဲ့။ မကြောက်နဲ့။ ဒါက မင်းတို့ကို သေမျိုးအဖြစ်ကနေ ဖြတ်ထုတ်တဲ့ ကနဦးအစ ဖြစ်လိမ့်မယ်။ ပျက်စီးခြင်းကို အယုံကြည်ဆုံး ယုံကြည်သူတွေကပဲ ဒါကို အသုံးပြုနိုင်မယ်။ မသန့်စင်တဲ့ ယုံကြည်မှု ဒါမှမဟုတ် တခြားရည်ရွယ်ချက်တွေ ရှိတဲ့သူတွေ ဆိုရင်တော့ နတ်ဘုရားရဲ့ စွမ်းအားအောက်မှာ ခန္ဓာကိုယ်က ချေမှုန်းခံရမယ်။”
ပျက်စီးခြင်းကို အယုံကြည်ဆုံး ယုံကြည်သူတွေလား။ အသူရာက တိတ်တဆိတ် ပြုံးပြီး ထိုင်ချကာ လက်ထဲမှ ပွင့်ချပ်ကို မစဉ်းစားဘဲ ထုတ်ယူကာ မျက်လုံး မှိတ်လိုက်၏။ ပွင့်ချပ်က တဖြည်းဖြည်းနှင့် အနီရောင်မြူတစ်ခုအဖြစ် ပြောင်းလဲသွားကာ အသူရာ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့သည်။
ထိုပွင့်ချပ်ထဲမှ ပျက်စီးခြင်း အငွေ့အသက်ကို အသူရာ၏ ခန္ဓာကိုယ်က အလျင်အမြန် စုပ်ယူနေကြောင်း ချန်လွေ့ သေသေချာချာ ခံစားမိနေသည်။ သို့သော်လည်း အထူးအမှတ်အသားကို တမင် ချန်ထားခဲ့၏။
“မင်းက အထွတ်အမြတ်အရာရဲ့ စွမ်းအားကို ဒီလောက်မြန်မြန် စုပ်ယူခဲ့တာလား။” အမျိုးသမီး ဂိုဏ်းအုပ်က အသူရာကို မျက်လုံးပြူးကာ ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “အသေအချာပဲ။ မင်းက တကယ့်ကို ပျက်စီးခြင်း နတ်ဘုရားရဲ့ အယုံကြည်ဆုံး ယုံကြည်သူပဲ။”
အသူရာ ပြုံးလိုက်ပြီး ပြန်မဖြေခဲ့ပေ။ သူက ခေါင်းကိုသာ ညိတ်လိုက်သည်။ အမှောင်ပန်းပွင့်ရထားသော အခြားသူများက မနိုးထသေးပေ။ အတော်များများက မျက်နှာပေါ်၌ ငြီးငွေ့စရာ အမူအရာများ ပြသနေကြသည်။ နှစ်ယောက်က ပြာအဖြစ် ပြောင်းသွား၏။ သူတို့က ယုံကြည်မှု မလုံလောက်၍ သို့မဟုတ် ၎င်းကို လက်ခံနိုင်ရန် ခန္ဓာကိုယ်အမျိုးအစား မရှိ၍ ဖြစ်ပေသည်။
ချန်လွေ့က ရုပ်ကြွပန်းပုကို မတော်တဆ ကြည့်လိုက်မိရာ ၎င်းက ပြောင်းလဲသွားကြောင်း ရုတ်တရက် တွေ့ရှိသွားသည်။ နောက်ဆုံးအလွှာ၌ ရုပ်ထုတစ်ခုက ထင်ရှားလာခဲ့သည်။ ထိုအရာ အရပ်ပုပု ပိန်ပိန်ပါးပါးနှင့် ချွန်ထက်သော လက်သည်းများ ရှိသည့် မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။ အတော်လေး ကြီးမားသော ပါးစပ်က မျက်နှာတဝက်ကို နေရာယူထားပြီး အစွယ်နှစ်တန်းက အလွန်ပင် ကြောက်စရာ ကောင်းနေ၏။
ထိုပုံရိပ်က ရှေးဟောင်းအဂ္ဂိရတ် အဖွဲ့အစည်း၏ အမွေအနှစ်ကို ရရှိထားခဲ့သော ချန်လွေ့အား ရေးတေးတေး ပြန်လည် သတိရသွားစေသည်။ အမှောင်ပန်းပွင့်နှင့်အတူ နောက်ဆုံး၌ လျို့ဝှက်ဆန်းကြယ်သော ဘာသာရေးအဖွဲ့၌ မည်သည့် “နတ်ဘုရား”ကို ဌာပနာထားကြောင်း နားလည်သွားခဲ့လေသည်။