အခန်း ၁၈၂၅
Vol. 123 Ch. 1825
အပိုင်း (၁၈၂၅)
ဘန်း
ကုကျောင်းရှစ်သည် တံခါးကို တွန်းဖွင့်ကာဖြင့် အော်ဟစ်လိုက်၏။ "ကျုပ်ငြင်းတယ်"
သူသည် မျက်နှာပြုပြင်ထားသည့် မိန်းမနှင့် လက်ထပ်ရတော့မည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းထံမှ သိရှိထားပြီး ဖြစ်၏။ ထို့ကြောင့် သူသည် သဘောမတူခဲ့ချေ။ ထို့ပြင် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လမ်းလျက် ရှိနေ၏။ စကြာဝဠာ နတ်တိုက်ပွဲတွင် ပါဝင်ပြီး ရလဒ်ကောင်းရရန် ကြိုးစားလျက်လည်း ရှိနေသေးသည်။
"မင်းငြင်းတာကို ငါပြန်ငြင်းတယ်" ကုထျန်းရှင်းသည် လက်ဖက်ရည်ခွက်ကို အသာချကာဖြင့် ပြောလိုက်၏။
"အဖေ"
ကုကျောင်းရှစ်က အော်ဟစ်လိုက်၏။ "ကျုပ် လေ့ကျင့်ချင်သေးတယ်။ ကျုပ်ပိုပြီးတော့ အားကောင်းချင်တယ်"
"အင်း …. လက်ထပ်ပွဲက မင်းရဲ့ ကျင့်ကြံခြင်းကို ထိခိုက်စေမှာ မဟုတ်ဘူးလေ။ ဒါက မင်းပိုပြီးတော့ အားကောင်းလာစေဖို့လမ်းမှာ အဟန့်အတားဖြစ်နေတာမှ မဟုတ်တာ"
ကုထျင်းရှင်းသည် ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။ "မင်း ကလေးထိန်းဖို့ ပြဿနာများနေတယ် ထင်ရင် အဖေနဲ့အမေက မင်းကိုကူညီပေးမယ်"
"……."
ကုကျောင်းရှစ်သည် ခေါင်းကို ကိုင်ကာဖြင့် စိတ်ဓာတ်တကျ ဖြစ်လို့နေခဲ့၏။
"သား"
ကုထျန်းရှင်းသည် ပုခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။ "ငါတို့ ကုမိသားစုမှာ မျိုးဆက်ရှိနိုင်ဖို့အတွက် မင်းအပေါ်မှာ မူတည်နေရတယ်"
သူသည် ငယ်ရွယ်သည့် အချိန်တုန်းက မျိုးပွားသည့် ကိစ္စကို အလေးမထားခဲ့ချေ။ သိုင်းပညာကိုသာ တစိုက်မတ်မတ်ဖြင့် လေ့ကျင့်ခဲ့၏။ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးသည့် နောက်မှာတော့ ဘဝတွင် မိသားစု မျိုးဆက်ကို ချန်ထားရန်မှာ မည်မျှအရေးကြီးကြောင်း သူနားလည်လိုက်မိ၏။
ကုန်းဝသည် ငယ်ရွယ်သေး၏။ စောစောစီးစီးသာ အိမ်ထောင်ပြုခဲ့ပါက ကောင်းကင်တာအို၏ အပြစ်ပေးမှုကို ခံရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် အနာဂတ်တစ်လျှောက်တွင် မြေးများနှင့် နေထိုင်ရမည့် အခွင့်အရေးကို သူ မျှော်လင့်တောင်းတနေမိသည်။
"ကျုပ် လက်ထပ်မှာ မဟုတ်ဘူး"
ကုကျောင်းရှစ်သည် တံခါးကို တွန်းဖွင့်ကာဖြင့် အပြင်ဖက်သို့ ထွက်ခွာသွားခဲ့၏။ သူ၏အဖေသည် သူ၏ ခက်ခဲမှုများကို နားလည်လိမ့်မည် မဟုတ်ဟု သူကသေသေချာချာ သိရှိနေ၏။
ဟင်း …….။ ကုထျန်းရှင်းသည် သက်ပြင်းချလိုက်မိ၏။
မေမေကုက ပြောလိုက်သည်။ "ဒီကလေးက ငယ်သေးတယ်လေ။ နောက်တစ်နှစ်လောက် ဆိုရင်တော့ အသိတရား ရှိလောက်ပါပြီ"
"ဒီလိုမျှော်လင့်ရတာပဲ"
ကုမောင်နှံတို့သည် စကြဝဠာတွင် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသည် ဆိုသော်လည်း သူတို့သား၏ စိတ်ဆန္ဒနှင့် ပတ်သက်၍ နားလည်နိုင်ခြင်းတော့ မရှိကြသေးချေ။
................
ဂလု ဂလု ….။
ပြိုင်စံရှားဂိုဏ်း၏ စားသောက်ခန်းအတွင်းမှာတော့ ကုကျောင်းရှစ်သည် အရက်မူး အိမ်မက်ဝိုင်ကို ပါးစပ်အပြည့် မော့ကာသောက်လျက် ရှိနေ၏။ သူသည် အမှန်ပင် ဝေခွဲမရ ဖြစ်နေ၏။ ထို့ကြောင့် စိတ်ထဲတွင် ရှိနေသည့် စိုးရိမ်ပူပန်မှုများကို ပြေပျောက်စေရန်အတွက် အရက်သောက်နေခြင်းပင်။
ရီရှင်းချန်သည်လည်း ၎င်း၏ဘေးတွင် ထိုင်လျက် ရှိနေ၏။ သူသည်လည်း ဝိုင်ကို သောက်လျက် ရှိနေ၏။
တစ်ယောက်သည် အတိတ်တုန်းက ဖြစ်ခဲ့သည်များကို စိတ်မချမ်းမြေ့ ဖြစ်လျက်ရှိနေပြီး တစ်ယောက်မှာတော့ လက်ထပ်မင်္ဂလာ ပြုရမည်နှင့် ပတ်သက်၍ စိတ်မချမ်းမြေ့ ဖြစ်လို့နေ၏။ လက်ရှိအချိန်မှာတော့ ၎င်းတို့နှစ်ယောက်သည် တူညီသည့် လှေပေါ်တွင် တည်ရှိနေသူများဟု သတ်မှတ်၍ ရနိုင်သည်။
ဘုန်း
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရောက်ရှိလာပြီးနောက် ညအင်ပါယာအား စားသောက်ခန်း၏ အပြင်ဘက်သို့ ကန်ထုတ်လိုက်၏။ ပြီးနောက် ကုကျောင်းရှစ်၏ လက်ထဲတွင် ရှိနေသော ဝိုင်ခွက်ကို အသာဆွဲယူကာ ပြော လိုက်၏။ "မင်းက အရွယ်မရောက်သေးဘူး။ ဒီတော့ အရက်သောက်ဖို့ လုံလောက်တဲ့ အရွယ် မရှိသေးဘူး"
"အစ်ကိုကြီး”
ကုကျောင်းရှစ်သည် ဝမ်းနည်းစွာဖြင့် ပြောလိုက်မိသည်။ "ကျုပ် လက်မထပ်ချင်ဘူး"
"ငါသိတယ်"
ကျွင်းချောင်ရှောင်းသည် အရက်မူး အိမ်မက်ဝိုင်ကို တစ်ငုံလောက် ငုံ့သောက်လိုက်၏။ ကုကျောင်းရှစ်က ပြောလိုက်၏။
"ဒါဆိုရင် ကောင်းကင်ဖြတ်သန်းခြင်း လောကဆီကနေ ဘာလို့ မထွက်ခွာရတာလဲ"
"အိမ်ကနေ ထွက်ပြေးအုံးမလို့လား"
"တကယ်လို့ မထွက်သွားရင် ဟိုမျက်နှာပြုပြင်ထားတဲ့ မိန်းမနဲ့ နောက်နှစ်ယူရတော့မှာပေါ့ "
"မင်း …. အိမ်ထောင်မပြုချင်တာလား။ ဒါမှမဟုတ် ချင်းချူးလီကို မယူချင်တာလား"
"…….."
ဤမေးခွန်းသည် ကုကျောင်းရှစ်အား နဝေတိမ်တောင် ဖြစ်သွားစေ၏။
"ညီလေး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ချင်းချူးလီက ရုပ်ရည်ရော၊စိတ်ဓာတ်ပိုင်းပါ နိမ့်ကျတဲ့ လူတစ်ယောက် မဟုတ်ဘူး။ မင်းအတွက် ဘာများ မကောင်းတာရှိလဲ"
ကုကျောင်းရှစ်သည် ဘာတစ်ခုကိုမှ မပြောချေ။ ချင်းချူးလီကို ထပ်ကာထပ်ကာ မြင်ရပြီးသည့်နောက် အလွန်လှပသည့် မိန်းကလေးဖြစ်ကြောင်းတော့ သူကောင်းကောင်း နားလည်နိုင်စွမ်း ရှိနေ၏။
"ဒီလောကကြီးထဲ နေထိုင်တဲ့ အချိန်မှာ မင်းကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်နေလို့ မရဘူး။ မင်းသိဖို့က တခြားသော သူတွေကိုလည်း ဂရုစိုက်ဖို့ လိုနေသေးတယ်။ အထူးသဖြင့် မင်းရဲ့မိသားစုပေါ့" ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ဖြင့် ပြောလိုက်သည်။
ကုကျောင်းရှစ်က ပြောလိုက်၏။ "အစ်ကိုကြီးက ကျုပ်ရဲ့ လက်ထပ်ပွဲကို သဘောတူညီတာလား"
"မင်းရဲ့လက်ထပ်ပွဲက မင်းကိစ္စလေ။"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
"ဒါပေမဲ့"
သူကထပ်ပြောလိုက်၏။ "မျိုးဆက်တစ်ခုရဖို့အတွက် မင်းလက်ထပ်ပွဲကို ငြင်းပယ်ဖို့ မလိုဘူးထင်တယ်။ ပြီးတော့ လူသားတွေက ဒါကို သေချာတွေးတောဖို့ လိုအပ်တယ်"
"ကျုပ်သိပြီ။ မရီးက လူသားမှမဟုတ်တာ"
"……."
ကျွင်းချောင်ရှောင်းက ထအော်လိုက်၏။ "မင်းအကြောင်းပြောနေတာ။ ဘယ်လိုဖြစ်ပြီး ငါဆီရောက်လာတာလဲ"
ကုကျောင်းရှစ်သည် မေးထောက်ကာ ပြောလိုက်မိသည်။ "ကျုပ် အစ်ကိုကြီးကို မနာလိုဖြစ်မိတယ်။ ကိုယ်ချစ်တဲ့ မိန်းမကို လက်ထပ်နိုင်ခဲ့တယ်လေ။ ကျုပ်ကတော့ မွေးလာကတည်းက ကိုယ့်ဘာသာရွေးချယ်ဖို့ အခွင့်အရေး ဆိုတာတောင် မရှိခဲ့ဘူး"
"ဦးလေးက မင်းအတွက် တွေးပေးတာလေ။"
"ကျုပ်သိပါတယ်။ ဒါပေမဲ့ ချင်းချူးလီနဲ့ ပတ်သက်ပြီး ကျုပ်မှာ ခံစားချက်တွေ မရှိဘူး"
နှင်းဆီဧကရီသည် အသာလျှောက်လမ်းလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ဘေးတွင် ထိုင်ချလိုက်သည်။ ပြီးနောက် ပြောလိုက်၏။ "ခံစားချက်ဆိုတာ ပြုစုပျိုးထောင်ရတဲ့ အရာမျိုးလေ"
"…….." ကုကျောင်းရှစ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဘုန်း ……။
ထိုအချိန်မှာပဲ စားသောက်ခန်း၏ တံခါးသည် ကြမ်းကြမ်းတမ်းတမ်း ပွင့်သွား၏။ ချင်းချူးလီသည် ဒေါသတကြီးဖြင့် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ "ကုကျောင်းရှစ် ငါကမင်းနဲ့ မထိုက်တန်ဘူးလား ….. ပြောစမ်း"
ကျွင်းချောင်ရှောင်းသည် ထိုအရာကို မြင်သည်နှင့် နှင်းဆီဧကရီ၏ မျက်လုံးများကို လက်ဖြင့်ပိတ်ကာ ဆွဲခေါ်သွားတော့သည်။ အတုမြင်အတတ်သင်ဖြစ်လို့မရချေ။
ခနလောက် ကြာပြီးသည့်နောက် စားသောက်ခန်းအတွင်းမှာ ဘုန်းဘုန်းဟူသည့် အသံများ ထွက်ပေါ်လာခဲ့၏။ ကြမ်းတမ်းလှသည့် လှိုင်းများသည် စားသောက်ခန်းကြီး တစ်ခုလုံးကိုပင် တုန်ခါစေခဲ့၏။
"ဘာတွေဖြစ်နေတာလဲ"
လျိုဝမ်ရှစ်သည် အလျင်အမြန် ရောက်ရှိလာပြီးနောက် အထဲတွင် အကြီးအကဲကုနှင့် ချင်းချူးလီတို့ တည်ရှိနေသည်ကို မြင်လိုက်ရ၏။ သူသည် ချက်ချင်းပဲ လှည့်ကာ အော်ဟစ်လိုက်သည်။ "ဒီနေ့ ထမင်းစားချိန် နှစ်နာရီ နောက်ကျမယ်"
.............
ကုကျောင်းရှစ်သည် ဆိုးဆိုးဝါးဝါး ရိုက်နှက်ခံရသည့် အချိန်မှာပဲ ထျန်းချီလျို့ဝှက်နယ်မြေထဲတွင် ထိုင်လျက်ရှိနေသည့် ဟယ်ဝူတီသည် ဆက်တိုက်ဆိုသလိုပင် အဆင့်တက်လျက် ရှိနေ၏။
"ဂျူနီယာညီလေးရီ အဆင့်ချိုးဖျက်တော့မှာပဲ"
စုရှောင်မိုနှင့် အခြားတပည့်များသည် မနာလိုစွာဖြင့် ပြောလိုက်မိ၏။ ရီရှင်းချန်နှင့် လုချင်းချင်းတို့သည် မြန်မြန်ဆန်ဆန်နှင့် အဆင့်တက်သွားခဲ့၏။ ဟယ်ဝူတီမှာလည်း ထိုကဲ့သို့ပင်။
ဟူး ……။
အောင်မြင်စွာ အဆင့်တက်ပြီးနောက် ဟယ်ဝူတီသည် သက်ပြင်းအရှည်ကြီးကို ချလိုက်၏။ သူသည် မည်သည့်စိတ်လှုပ်ရှားမှုများမှ မရှိခဲ့ချေ။ သာမန်နှလုံးသားဖြင့် တည်တည်ငြိမ်ငြိမ် တည်ရှိနေ၏။
ဟယ်ဝူတီသည် လျို့ဝှက်နယ်မြေထဲမှ ထွက်လာပြီးသည့်နောက် ပြာနှမ်းလျက် ရှိနေသည့် ကောင်းကင်ကြီးကို မော့ကြည့််လိုက်၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ "အိမ်ကိုပြန်ဖို့ ခြေတစ်လှမ်း နီးလာပြီပဲ"
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည် သူ၏နားထဲတွင် ပေါ်ပေါက်လာ၏။ "ဝူတီ …. စာကြည့်ခန်းထဲကို လာခဲ့အုံး"
.............
ကျွီ
ဟယ်ဝူတီသည် တံခါးကို ဖွင့်ကာဖြင့် အထဲကို လျှောက်ဝင်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် လက်များကိုယှက်ကာဖြင့် ပြုံးကာပြောလိုက်သည်။
"အဆင့်ချိုးဖျက်ခဲ့ပြီလား"
ဟယ်ဝူတီသည် ထိုအပြုံးကို မြင်လိုက်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ စိုးရွံ့သွားမိ၏။ သူသည် နာနာကျင်ကျင် မျက်နှာဖြင့် ပြောလိုက်၏။ "ကျုပ်ဆီမှာ လျို့ဝှက်သိုင်းကျမ်းတွေ မရှိတော့ပါဘူး"
"ငါမင်းကို လျို့ဝှက်သိုင်းကျမ်းတွေတောင်းချင်လို့ ခေါ်တာမဟုတ်ဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီထက် လေးနက်တဲ့ အကြောင်းအရာကို မေးစရာရှိတယ် "
"သိုင်းကျမ်းတွေ မဟုတ်ဘူးလား"
ဟယ်ဝူတီသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် စားပွဲကို လက်ဖြင့် တတောက်တောက်ခေါက်ကာဖြင့် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ "အဆင့်မြင့်ဂြိုဟ်ကနေလာတယ်ဆိုတော့ အန္တိမလောကကြီးထဲကို ဘယ်လိုဝင်ရမလဲဆိုတာ သိလား"
"အန္တိမလောကကြီးထဲကို ဝင်ချင်ရင် အန္တိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်တဲ့ အရည်အချင်း ပိုင်ဆိုင်မှ ဖြစ်လိမ့်မယ်။" ဟယ်ဝူတီက ပြောလိုက်၏။
"တခြားနည်းလမ်း မရှိဘူးလား"
"မရှိပါဘူး"
ဟယ်ဝူတီ၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် အံ့အားတသင့်ဖြင့် မေးလိုက်သည်။ "ဂိုဏ်းချုပ် အထက်နယ်မြေကို သွားသလိုမျိုး ခိုးပြီးတော့ သွားမလို့ စဉ်းစားနေတာလား"
"မဟုတ်ပါဘူး"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါမျိုးလုပ်လို့မှ မရတာ …. ဒါနဲ့ အဲကိုဝင်ဖို့ ဖြတ်လမ်းနည်းလေးဘာလေးမရှိဘူးလား"
"…….."
ဟယ်ဝူတီ သည် ကြိတ်ကာ ရေရွတ်လိုက်မိသည်။ "ခိုးဝင်တာနဲ့ ဘာများ ကွားခြားနေလို့လဲ"
အင်း……
ခနလောက် စဉ်းစားပြီးသည့်နောက် သူကပြောလိုက်၏။ "မရှိပါဘူး"
သူသည် သေချာသည့် အဖြေကို မပေးရဲချေ။ လောကကြီးသည် အလွန်ကြီးမားလွန်း၏။ ထူးဆန်းသည့် အရာများလည်း ပါဝင်လျက် ရှိနေ၏။ ဤအဆင့်ကို ရောက်ရှိရန်အတွက် ဖြတ်လမ်း ရှိမလား၊ မရှိဘူးလား ဆိုသည်ကို မည်သူက သိရှိမည်နည်း။
"ဟုတ်ပြီ"
ရုတ်တရက် ဟယ်ဝူတီ သည် တစ်စုံတစ်ခုကို စဉ်းစားမိ၏။ ထို့ကြောင့် သူ၏နဖူးကို ပိတ်ရိုက်လိုက်၏။
"တကယ်လို့ ဖြတ်လမ်းလို့ ပြောရမယ်ဆိုရင် တစ်ခုပဲရှိတယ်။ အဲတာက သက်တန့်ရောင်စဉ်ကျမ်းပဲ"
"မင်းဘာကို ဆိုလိုတာလဲ" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
ဟယ်ဝူတီက ထပ်ပြောလိုက်၏။
"သက်တန့်ရောင်စဉ်ကျမ်း ခုနှစ်အုပ်လုံးကို စုစည်းပြီးရင် ကောင်းကင်တာအိုကို နားလည်နိုင်မယ်လို့ စီနီယာ သက်တန့်ရောင်က ပြောခဲ့ဖူးတယ်လေ။ ကံကြမ္မာရေစက် ရှိတဲ့လူတွေက ဒီထဲမှာ ရှိတဲ့အကြောင်းအရာတွေကို နားလည်နိုင်လိမ့်မယ်။ ဒါဆိုရင် သိုင်းကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေ အကုန်လုံးကို ဖြေရှင်းသွားနိုင်လိမ့်မယ်"
"ဆိုလိုတာက ငါ့အနေနဲ့ ဒီကျမ်းထဲမှာ ရှိနေတဲ့ နက်နဲမှုတွေကို နားလည်နိုင်မယ်ဆိုရင် နတ်ဘုရားအဆင့်ထက် ပိုတဲ့အဆင့်ကို တက်နိုင်မှာပေါ့" ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
"အမှန်ပဲ" ဟယ်ဝူတီသည် လေးလေးနက်နက်ဖြင့် ပြန်ကာပြောလိုက်မိ၏။