← Chapters

အခန်း ၁၈၂၈

Vol. 123 Ch. 1828

အခန်း ၁၈၂၈

Vol. 123 Ch. 1828

အပိုင်း (၁၈၂၈)

ပြိုင်စံရှားဂိုဏ်း၏ အလုံးစုံသော အားအင်အဆင့်သည် တိုးတက်လျက် ရှိနေပြီး ထာဝရလောကကြီး၏ တိုးတက်မှု ကလည်း နောက်ကောက်ကျ မကျန်ခဲ့ချေ။ များပြားလွန်းသော ကလန်အသီးသီး၏ ကြိုးစားမှုအောက်မှာတော့ လွင်တီးခေါင်ကဲ့သို့သော နေရာကြီးသည် အသစ်တစ်ဖန် ပြန်လည်ကာ စည်ကားနေပြီ ဖြစ်၏။

ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ ထုတ်လွှတ်လျက်ရှိနေသည့် ဆေးပင်များ၊ သစ်ပင်ပန်းမန်များသည် တည်နေရာအနှံ့တွင် ရှိနေပြီး နေရာအနှံ့၌လည်း ဆန်းကြယ်ပြီး ခမ်းနားလှသည့် အဆောက်အဦများနှင့်အပြည့်ပင်။ အသက်ဓာတ်များသည် အလွန်ပင် ပေါကြွယ်လွန်းလှသည်။

ထိုသို့ဆိုလျှင်တောင်မှ အနာဂတ်တွင် မည်ကဲ့သို့ တိုးတက်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ကျွင်းချောင်ရှောင်းက စဉ်းစားလျက် ရှိနေသေး၏။

“ဘာလို့လဲ”

စနစ်က ပြောလိုက်၏။ “အခုလည်း တိုးတက်ပြီးသား ဖြစ်နေတာပဲ မဟုတ်လား”

“ထာဝရလောကကြီးနဲ့ ပြိုင်စံရှားဂိုဏ်းက တကယ့်ကို နီးနီးကပ်ကပ်နဲ့ ပတ်သက်တယ်။ တစ်ခုရဲ့တိုးတက်မှုက တခြားတစ်ခုကို ကူညီပေးနိုင်တယ်ဆိုရင်တောင်မှ ငါ့အနေနဲ့ စိတ်သက်တောင့်သက်သာ ထားနေလို့မရဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ပြီးတော့ ...... ငါ့အနေနဲ့ တစ်ချိန်ချိန်မှာ သားတစ်ယောက် ရှိလာမယ်ဆိုရင် ငါ့သူ့ကို ဒီလိုအခြေခံမျိုးနဲ့ ထားထားလို့ မဖြစ်ဘူးမို့လား”

ကုန်းရှန့်သည် ကုကျောင်းရှစ်အား အမှန်ပင် အားကျလျက် ရှိနေ၏။ သူ့၌ ပြန်လည်မွေးဖွားနိုင်သည့် စွမ်းရည် မရှိဘူးဆိုသော်လည်း သူ၏ မျိုးဆက်များအတွက်တော့ ကြီးမားလှသည့် အကျိုးကျေးဇူးကို ရရှိရန် မျှော်လင့်တောင့်တလျက်ရှိနေ၏။

အတိုချုပ်အားဖြင့်ဆိုလျှင် သူ့အနေနှင့် အလွန်အားကောင်းလှပါသည်ဆိုသော ဒုတိယမျိုးဆက်မဖြစ်ခဲ့ရဘူး ဆိုလျှင် တောင်မှ သူ၏သားသည် ထိုကဲ့သို့သောသူမျိုး ဖြစ်ရပေလိမ့်မည်။ လိုအပ်ချက်များသည် အရမ်းကြီး မြင့်မားလှသည် တော့မဟုတ်ချေ။ ပြိုင်စံရှားဂိုဏ်း၏ သခင်လေးဖြစ်ပြီး ထာဝရလောကကြီး၏ သခင်လေးလည်း ဖြစ်ပေလိမ့်မည်။

“သမီးဆိုရင်ကော” စနစ်က ဝင်၍ ပြောလိုက်သည်။

“အင်း... တူတူပဲလေကွာ။ ယောက်ျားနဲ့မိန်းမ ဘာကွာလို့လဲ”

သူ့အနေနှင့် မိန်းကလေးများထက်ပို၍ ယောက်ျားလေးများကို တန်ဖိုးထားလှသူတော့ မဟုတ်ချေ။ သူ့ကလေးဖြစ်မည်ဆိုလျှင် မည်သူပဲဖြစ်ဖြစ် ကျိန်းသေပေါက် ထိုကဲ့သို့ပင် ဖြစ်ရပေမည်။

ကုန်းရှန့်တွင် အစစ်အမှန် ကလေးတစ်ယောက် ရရှိလာမည်ဆိုပါက အားလုံးသောသူများ မနာလိုဖြစ်နေမည်မှာ သေချာ၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ မွေးဖွားလာသည့်သူသည် ကုကျောင်းရှစ်ထက် ပိုမိုကောင်းမွန်သည့် အရာများကို လက်ခံယူရမှာ သေချာသောကြောင့်ပင်။

“ဆိုးတာက”

စနစ်က ပြောလိုက်သည်။ “မင်းဆီမှ အဲ့စွမ်းရည် မရှိတာပဲ”

..........

“ဂိုဏ်းချုပ်”

အဓိကဟောခန်းထဲမှာတော့ လီချင်းယန်သည် ထာဝရလောကကြီး၏ မြေပုံကို စားပွဲပေါ်သို့ တင်ကာ ပြောလိုက်သည်။ “ဒီနေရာတွေကို တပည့် တိုင်းတာထားခဲ့တယ်”

မြို့၏တည်ဆောက်ရေးနှင့် ထာဝရလောကကြီး၏ တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူထားရသည့်လူတစ်ယောက် ဖြစ်သည်ဖြစ်သောကြောင့် သူသည် ကျိန်းသေပေါက် ထိုကဲ့သို့သော အရာများ ကို သေသေချာချာ ပြုလုပ်လျက်ရှိ၏။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။ ပြီးသည့်နောက် မြေပုံပေါ်တွင် ရှိနေသော ကလန်နှင့် မြို့အသီးသီးဆီသို့ လက်ညှိုးထိုးပြကာ သေသေချာချာ ကြည့်ရှုလိုက်၏။ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက် မိသည်။ “လောကကြီးတစ်ခုလုံး သိုင်းကျင့်ကြံသူတွေ ဖြစ်ဖို့အတွက် အခြေခံကစပြီး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့လိုတယ်”

“အမိန့်ကို ပေးလိုက်တော့။ ဒီလောကကြီးထဲမှာ ရှိနေတဲ့ မိသားစုကလန်တွေ အကုန်လုံးက သိုင်းကျောင်း တစ်ခုခုကို ဖန်တီး တည်ဆောက်ရမယ်။ ပြီးတော့ အသက်အရွယ်အလိုက် အဆင့်တွေ ခွဲထားပြီး အားလုံးကို သိုင်းပညာလေ့ကျင့်စေရမယ်”

ဂိုဏ်းချုပ်ကျွင်း၏ အမိန့်ကို လက်ခံရရှိပြီးသည့်နောက် သတင်းသည် အဓိကကလန်ကြီး အသီးသီးဆီသို့ ရောက်ရှိ သွားခဲ့တော့သည်။ အစောကြီးကတည်းက သိုင်းကျောင်းများ ဖန်တီးထားခဲ့သည့် မိသားစုကလန်များ ဆိုလျှင်ပင် မတူညီသည့် အဆင့်အသီးသီးကို ပိုင်းဖြတ်ခဲ့ကြ၏။

“.........”

စနစ်က ပြောလိုက်သည်။ “ဒါ အမှုမဲ့ အမှတ်မဲ့ လုပ်လွန်းတာပဲ”

“ဘာပဲပြောပြော ငါကြိုက်တယ်လေ”

ကျွင်းချောင်ရှောင်းသည် ကျောင်းများ၏ အဆင့်ကို တစ်ခုချင်းစီ ခွဲခြားထား ခဲ့၏။ မြို့အဆင့်ကျောင်းများ၌ မြို့အဆင့် သိုင်းပညာကို သင်ယူလေ့လာရမည်ဖြစ်သလို ရွာအဆင့်ကျောင်းများ၌ ရွာအဆင့်သိုင်းပညာကို လေ့လာသင်ယူရမည်ဖြစ်သည်။

သိုင်းကျောင်းဆိုသည်မှာ သိုင်းပညာကိုသာလျှင် ဦးစားပေး သင်ယူရသည့်အရာမျိုး မဟုတ်ချေ။ တစ်ချိန်တည်းမှာပဲ ယဉ်ကျေးမှု၊ ဆေးပညာ၊ ပန်းပဲ စသည့်အရာများ အားလုံးကို သင့်တင့်လျောက်ပတ်သည့်အခြေခံမှတဆင့် ထပ်မံကာ လေ့လာသင်ယူခွင့်ကို ပေးစွမ်းသေး၏။

“ဂိုဏ်းချုပ်”

ယွမ်ဖန်သည် ဆွံ့အလျက်ရှိနေ၏။ “ဒီလိုကလန်အသီးသီးက တစ်ချိန်တည်းမှာပဲ ကျောင်းတွေ အများကြီးတည်လိုက်တော့ သင်ကြားရေးဆရာတွေက ကျိန်းသေပေါက် လိုက်နိုင်မှာ မဟုတ်ဘူးနဲ့တူတယ်”

“ဒါက ပြဿနာမဟုတ်ဘူး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ငါ့အတွက် အချိန်ပိုင်း အလုပ်လုပ်လေ”

ထို့ကြောင့်ပင်လျှင် ယွမ်ဖန်သည် ဂိုဏ်း၏ တာဝန်ခွဲဝေခြင်းအဆောင်တွင် အတွင်းစည်း၊ အပြင်စည်းနှင့် လက်ရွေးစင် တပည့်များအားလုံးအား သင်ကြားပြသသူများအဖြစ် စေလွှတ်ရန် စီစဉ်ခွဲခြားခဲ့တော့၏။

နေ့စဉ်နေ့တိုင်း တပည့်များသည် တောင်ပေါ်မှ ဆင်းပြီးသည့်နောက် ကျောင်းအသီးသီးသို့ သွားရောက်ကာ သင်ကြားပြသပေးကြရမည်။

နယ်မြေ၏ သခင်ဖြစ်သည်နှင့်အညီ ကျွင်းချောင်ရှောင်း၏ စကားသည် ဥပဒေဟုပင် သတ်မှတ်ရမည်။ လဝက်အတွင်း ကလန်နှင့် မြို့အသီးသီးတို့တွင် ကျောင်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး ကျောင်းသားများ ကို စတင်ကာ ခေါ်ယူခဲ့၏။

သူငယ်တန်း၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် အဆင့်မြင့်ဟူ၍ အဆင့်ကြီးငါးခုကို ခွဲခြားထားပြီး အသက် အရွယ်ကလည်း ငါးမျိုးဖြစ်သည်။ ကျင့်ကြံရမည့်အချိန်သည် သုံးနှစ်တာအထိဖြစ်၏။ ထို့ကြောင့်ပင်လျှင် အဆင့်မြင့် ဆီသို့ ရောက်ရှိအောင် သင်ယူပြီးသော ကလေးတစ်ယောက်သည် ဆယ့်ငါးနှစ်အရွယ် ဖြစ်ပေလိမ့်မည်။

ထိုအရာကို အောင်မြင်သွားပြီဆိုလျှင်တော့ ဘာလုပ်ရမည်နည်း။

ကျွင်းချောင်ရှောင်း၏ နောက်ပိုင်းလာမည့် အစီအစဉ်များအရဆိုလျှင် ဤနေရာတွင် တကယ့်ကို သာမန်ထက်ပို၍ ထူးချွန်လှသည့် ပါရမီကို ပြိုင်ဆိုင်သော ကျင့်ကြံသူများအနေဖြင့် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ခွင့်ရပေလိမ့်မည်။ သာမန် ပါရမီရှင်များမှာတော့ တည်နေရာအသီးသီးတွင် နည်းပြများအဖြစ် ပြုလုပ်သူကပြုလုပ် သို့မဟုတ် များပြားလှသော လုပ်ငန်းစဉ်များ ဆေး၊ ပန်းပဲ စသည့်အရာများဆီသို့ အသီးသီးပြောင်းလဲကာ ပြုလုပ်နိုင်စွမ်း ရှိနေ တော့၏။

ကျွင်းချောင်ရှောင်းသည် ဂြိုဟ်ကြီးတစ်ခုလုံး၏ အားအင်အဆင့်ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဤကဲ့သို့သော အကြံအစည်မျိုးကို ပြုလုပ်နေသည်ဟု ပြောဆို၍ ရသည်ဆိုသော်လည်း သူ၏ဂိုဏ်းကို သွေးသစ် လောင်းရန်အတွက်လည်း မမေ့လျော့ခဲ့ချေ။

ဤကဲ့သို့ သွေးသစ်လောင်းမှသာလျှင် တပည့်များသည် ပိုမိုကာ အားကောင်းလာခဲ့ကြမှာဖြစ်ပြီး အထက်ပိုင်း အကြီးအကဲများသည်လည်း အားအားယားယား နေထိုင်နေလိမ့်မည် မဟုတ်ချေ။

ထို့အတူ အထက်ပိုင်းအကြီးအကဲ တော်တော်များများတို့သည် အသက်အရွယ်တစ်ခုခု ရောက်လာသည့် အချိန်တွင် ဂိုဏ်းမှ အနားယူရပေလိမ့်မည်။ ထိုနေရာကို ဆက်ခံနိုင်ရန်အတွက် လုံလောက်သည့်တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ဖြစ်တည်လာမှ သာလျှင် ဂိုဏ်းသည် ရေရှည်တည်မြဲ၍ နှစ်ပေါင်းများစွာ ကြာအောင် တည်တံ့ခိုင်မြဲနေမည် မဟုတ်ပါလား။

“ပြီးတော့ ဂိုဏ်းရဲ့ဝတ်စုံကလည်း ရှိနေသေးတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့အနေနှင့် ဆန်းသစ်ဖို့ လိုနေပြီ”

အချိန်ကို တွက်ချက်ရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းဝတ်စုံသည် ဆယ်စုနှစ်ပေါင်း များစွာ အသုံးပြုလာခဲ့သည့်အရာဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ခေတ်နောက်ကျနေပြီဟု သူကသုံးသပ်မိသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စတင်ကာဖြင့် ပုံစံကို ရေးဆွဲတော့၏။

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းဝတ်စုံဆိုတာက ပြိုင်စံရှားရမယ်။ ကြည့်ကောင်းရုံတင်မကဘူး။ စွဲမက်ဖို့ ကောင်းတဲ့အခြေအနေမျိုးလည်း ဖြစ်ရမယ်” ကုန်းရှန့်သည် စုတ်တံကို အသာကိုက်ကာဖြင့် သေသေချာချာ စဉ်းစားနေသည်။

ဝှစ် ဝှစ် ဝှစ်

သူ၏စုတ်တံကို ဝှေ့ယမ်းပြီးသည့်နောက် များပြားလှသော ပုံပန်းသွင်ပြင်များသည် စာရွက်ပေါ်တွင် ဖြစ်တည်လာခဲ့၏။

နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးအား ဒီဇိုင်းပုံစံများကိုပေးကာ စက်ချုပ်သမားများကိုခေါ်၍ အမြန်ဆုံး အချိန်အတိုင်းအတာအတွင်း ချုပ်လုပ်ရန် စေခိုင်းခဲ့တော့၏။ ဤတစ်ကြိမ် ဂိုဏ်း၏ ဝတ်စုံသည် ယခင်ကဲ့သို့ မဟုတ်တော့ချေ။

အကြီးအကဲတောင်ထွတ်တိုင်း၊ ဟောခန်းတိုင်း၊ အတွင်းစည်းတပည့်၊ အပြင်စည်းတပည့် အားလုံးတို့သည် မတူညီ သည့်ဝတ်စားဆင်ယင်မှုများဖြစ်ပြီး အရောင်များမှာလည်း အနီ၊ ခရမ်းရောင်၊ အပြာ စသည်ဖြင့် အရောင်အသွေး စုံလင်လွန်းလှ၏။

“ဆုံးဖြတ်ပြီးသွားပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဂိုဏ်းဝတ်စုံတွေကို နှစ်ငါးဆယ်ကြာတိုင်း တစ်ခါ လဲမယ်”

“ဒါက comic ဆွဲမယ့်လူတွေ သက်သက် ဒုက္ခရောက်အောင် လုပ်နေတာ မဟုတ်လား”

..............

“ဂိုဏ်းဝတ်စုံတွေ လာပြီးယူဖို့ အချိန်ကြပြီ”

တောင်ထွတ်ပေါ်မှာတော့ စုရှောင်မိုသည် အသံကုန် အော်ဟစ်လိုက်၏။

ဝှစ် ဝှစ်

တပည့်များအားလုံးတို့သည် အဓိကတောင်ထွတ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး ဂိုဏ်းဝတ်စုံကို ရယူရန် စီတန်းရပ်လျက် ရှိသည်။

“ဟောခန်းသခင်ကျိ”

ဟောခန်းသခင်ကျိသည် သူ၏စိတ်ဝိညာဉ်သားရဲဟောခန်းဝတ်စုံကို ယူရန်ပြင်လိုက်သည့် အချိန်မှာပဲ ယွမ်ဖန်သည် ရုတ်တရက်ရောက်ရှိလာကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “ဒီဂိုဏ်းဝတ်စုံ အသစ်ကို ပြုလုပ်ထားတဲ့ ပစ္စည်းတွေက အရမ်းကို ဈေးကြီးတယ်။ တစ်စုံ ပျက်စီးသွားပြီးဆိုတာနဲ့ သားရဲဆေးလုံး တစ်သိန်းတိတိ လျော့ကျပြီပဲ”

“.............”

ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ ဂိုဏ်းဝတ်စုံအသစ်များကို ယူပြီးသည့် နောက် သူသည် စိတ်ဝိညာဉ်သားရဲဟောခန်းဆီသို့ ပြန်လာခဲ့၏။

အကြီးအကဲညိုနှင့် တခြားသော သူများကို ခေါ်ယူကာ ခါးထောက်၍ အမိန့်ပေးလိုက်သည်။ “အခု ဂိုဏ်းဝတ်စုံအသစ်ကို ဝတ်ပြီဆိုတာနဲ့ မင်းတို့အနေနဲ့ ကိုယ့်ရဲ့ ဝတ်စုံကို ကိုယ့်ရဲ့အသက်လိုပဲ တန်ဖိုးထားရမယ်။ ဒါကို ထိခိုက်မိအောင်၊ ပျက်စီးအောင်ပြုလုပ်တဲ့လူ အကုန်လုံး ပြင်းပြင်းထန်ထန်နဲ့ အပြစ်ပေးခံရလိမ့်မယ်”

“ကောင်းပါပြီ”

“ကဲ... တစ်ယောက်တစ်စုံစီ ယူကြတော့”

........

ညသို့ရောက်ရှိလာခဲ့၏။ ဟောခန်းသခင်ကျိသည် အတွင်းရေးကိစ္စရပ်များကို ပြုလုပ်ပြီးသည့်နောက် အိပ်ခန်းဆီသို့ ပြန်ကာ ဂိုဏ်းဝတ်စုံကို သေသေချာချာ သပ်သပ်ရပ်ရပ်ချွတ်၏။ ပြီးနောက် နောက်ဘက်တွင် ရှိနေသည့် ဘီရိုထဲတွင် ချိတ်နှင့် သေသေချာချာ သွားရောက်ချိတ်ဆွဲပြီး ဘီဒိုကို သော့ပင်ခတ်လိုက်၏။

ဂျိန်း

ညလယ်သို့ ရောက်သည့်အချိန်မှာတော့ ရုတ်တရက် ကျယ်လောင်သည့်အသံကြီး ထွက်ပေါ်လာ၏။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျလျက် ရှိနေသည့် ဟောခန်းသခင်ကျိသည် အိပ်ယာမှ ရုတ်တရက် နိုးထလာခဲ့၏။ သာမန်လူတစ်ယောက်သာ ဖြစ်သည်ဆိုပါက ငလျင်လှုပ်သည်ဟု တွေးမိသည်နှင့်တပြိုင်နက် အခန်း အပြင်သို့ ထွက်ပြေးရပေလိမ့်မည်။

ဟောခန်းသခင်ကျိသည် ထိုကဲ့သို့ပင်လုပ်၏။ သို့ပေမဲ့ အပြင်သို့ ထွက်ပြေးသည့်အချိန်တွင် ဘီဒိုကြီးအား ပခုံးပေါ်သို့ ထမ်းသွားခဲ့၏။

လုံခြုံသည့်တည်နေရာသို့ ရောက်သည့်အချိန်မှာတော့ အသာဖွင့်ကြည့်လိုက်သည်။ အထဲ၌ရှိနေသည့် ဂိုဏ်းဝတ်စုံသည် သပ်သပ်ရပ်ရပ်နှင့် မည်သည့် ထိခိုက်မှုမှ မရှိသည်ကို တွေ့ရသည့်အချိန် မှာတော့ နဖူးပေါ်ရှိ ချွေးများကို သုတ်ကာ ပြောလိုက်သည်။ “ငါလန့်ပြီး သေတော့မလို့ပဲ”

မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။ စိတ်ဝိညာဉ်သားရဲဟောခန်း၏ အတွင်းခြံဝန်းထဲတွင် အကြီးအကဲညိုနှင့် တခြားသူ အားလုံးတို့သည် ၎င်းတို့၏ပခုံးထက်မှ ဘီရိုများကို အသာချပြီးသည့်နောက် နဖူးပေါ်ရှိ ချွေးများကို သုတ်လျက်ရှိသည်။

စောနတုန်းက ပေါ်ပေါက်လာသည့် အသံကြီးသည် စုရှောင်မို၊ လီဖေးနှင့် တခြားသူတို့ ဘောလုံးကန်သောကြောင့် ပေါ်ပေါက်လာခဲ့သည့် အသံကြီးပင် ဖြစ်လေတော့၏။

ဟောခန်းသခင်ကျိ “ယီးကောင်တွေ ... ရင်တွေတုန်လိုက်တာကွာ”

All Chapters