ရှေးခေတ်ကပ်ဘေးဒုက္ခ၊ ကောင်းကင်နဲ့မြေကြီး ချို့ယွင်းချက်
Vol. 8 Ch. 113
"ဒါက ရှေးခေတ်ကတည်းက ကျန်ခဲ့တဲ့ သတ်ဖြတ်ခြင်းအစီအရင်ပဲ။"
ချီမင်က ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ သူ့ပတ်ဝန်းကျင်က နေရာအပြောင်းအလဲဖြစ်သွားတယ်။ သူက လက်ရှိမှာ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုထဲ ရောက်နေတယ်။ သူ့ပတ်ဝန်းကျင်က မှောင်မည်းနေပြီး သူ့လက်ချောင်းတွေကိုတောင် မမြင်ရဘူး။ မှောင်မိုက်ပြီးတိတ်ဆိတ်နေတဲ့ စကြဝဠာတစ်ခုလိုပဲ။
နောက်တစ်ခဏမှာ ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်က အသက်ဝင်လာတယ်။
အဲ့ဒါက သက်ဆိုင်ရာ သေစေနိုင်တဲ့တိုက်ကွက်အဖြစ် ပြောင်းလဲသွားတယ်။
ပထမဆုံးအနေနဲ့ ဓာတ်ငါးပါးထဲက သတ္တုဓာတ်စွမ်းအား ထုတ်လွှတ်လာပြီး မရေမတွက်နိုင်တဲ့ ချွန်ထက်တဲ့ဓားသွားတွေအဖြစ် ပြောင်းလဲကာ ချီမင်ဆီကို အရပ်မျက်နှာတိုင်းကနေ ဓားပေါင်းတစ်သောင်း ထိုးစိုက်လာသလို တိုးဝင်လာတယ်။
"သန့်စင်ရွှေခန္ဓာ။"
ချီမင်က အံ့ဖွယ်စွမ်းအားသိုင်းနည်းစနစ်တစ်ခု သုံးလိုက်တော့ သူ့ခန္ဓာကိုယ်မှာ ရွှေရောင်အလင်းရေးရေးလေး ပေါ်လာတယ်။ သူက မလှုပ်မယှက်ပဲ တစ်နေရာတည်းမှာ ရပ်နေလိုက်တယ်။ သန့်စင်ရွှေခန္ဓာကို သုံးပြီးတော့သူက နည်းစနစ်အားလုံးကို ခုခံနိုင်တဲ့ ကောင်းကင်ဘုံကိုဆန့်ကျင်နိုင်တဲ့စွမ်းရည် ပိုင်ဆိုင်သွားတယ်။
ဓာတ်ငါးပါးသတ္တုဓာတ်ကနေ ဖြစ်ပေါ်လာတဲ့ မရေမတွက်နိုင်တဲ့ဓားသွားတွေက ချီမင်ကို လုံးဝမထိခိုက်နိုင် တော့ဘူး။
ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်က ထပ်ပြောင်းလဲလာပြီး အဆုံးမဲ့မီးပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာတယ်။ မီးတောက်တွေရဲ့စွမ်းအားက တိုးဝင်လာပြီး ချီမင်ကို လုံးဝဖုံးလွှမ်းသွားပေမယ့် ဒီမီးတောက်တွေက သူ့ကို လုံးဝမလောင်ကျွမ်းနိုင်ဘူး။
ဓာတ်ငါးပါးသစ်သား၊ ဓာတ်ငါးပါးရေ၊ ဓာတ်ငါးပါးမြေ...
သေစေနိုင်တဲ့တိုက်ကွက်အမျိုးမျိုး သုံးလာတယ်။
ချီမင်ကလုံးဝမလှုပ်ရှားပေမယ့်လုံးဝမထိခိုက်ဘူး။
ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်က သေစေနိုင်တဲ့တိုက်ကွက်တွေကို ပြောင်းလဲနေသေးတယ်။
ဒီအချိန်အတောအတွင်းမှာ ချီမင်က ဒီရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်ကို ကြည့်နေတယ်။ သတ်ဖြတ်ခြင်းအစီအရင်က တည်ရှိနေတာ အရမ်းကြာနေပြီဖြစ်ပြီး မပြည့်စုံတဲ့ ယင်းလုံဘုရားကျောင်းနဲ့ ပေါင်းစပ်လိုက်တော့ အချိန်ရဲ့တိုက်စားမှုအောက်မှာ ဒီရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်မှာ ချို့ယွင်းချက်တွေ အများကြီးရှိနေတယ်။
သူက မကြာခင်မှာပဲ အားနည်းချက်တွေနဲ့ ချို့ယွင်းချက်တွေကို ရှာတွေ့သွားတယ်။
"ကြေမွစမ်း။"
ကလန်!
ချီမင်က သူ့ရဲ့ဓားလက်ချောင်းကိုသုံးပြီး ထပ်ညွှန်ပြလိုက်တယ်။ ဓားစွမ်းအင်က ထိုးထွက်သွားပြီး ဒီရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်ရဲ့ အားနည်းချက်နဲ့ ချို့ယွင်းချက်ကို တိတိကျကျထိမှန်သွားတယ်။ ပတ်ဝန်းကျင်က မှောင်မိုက်မှုထဲမှာ အက်ကြောင်းတွေ ပေါ်လာတယ်။
ချီမင်ရဲ့တစ်ချက်ညွှန်ပြလိုက်တာနဲ့အတူ အပေါက်တစ်ခု ပေါ်လာတယ်။
ပြီးတော့ အက်ကြောင်းတွေက အလျင်အမြန်ပျံ့နှံ့သွားပြီး ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ဝုန်းခနဲမြည်သံနဲ့အတူ သတ်ဖြတ်ခြင်းအစီအရင်တစ်ခုလုံးက မှန်တစ်ချပ်လို ကြေမွသွားတယ်။
အားလုံး ပျောက်ကွယ်သွားတယ်။
"တကယ်လို့သာ ဒါက ပြည့်စုံတဲ့ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်ဆိုရင် အားနည်းချက်ရှာဖို့ ငါ့အတွက် အရမ်းခက်ခဲမှာ၊ ဒါပေမဲ့ ဒီမပြည့်စုံတဲ့ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်ကတော့ အများကြီးပိုအားနည်းတယ်။" ချီမင်က ပြောလိုက်တယ်။
ရှေးခေတ်သတ်ဖြတ်ခြင်းအစီအရင်ကကြေမွသွားတယ်။
ပတ်ဝန်းကျင်က နေရာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။
ချီမင်က ယင်းလုံဘုရားကျောင်းရဲ့ ခန်းမထဲမှာပဲ ရပ်နေတုန်းပဲ။ အစကနေအဆုံးအထိ သူက ခြေတစ်လှမ်းတောင် မရွေ့ခဲ့ဘူး။
သူက ပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
ယင်းလုံဘုရားကျောင်းရဲ့ ခန်းမက အရမ်းဗလာဖြစ်နေတယ်။ ခန်းမကိုထောက်ထားတဲ့ မယုံနိုင်လောက်အောင်ကြီးမားတဲ့ ကျောက်တိုင်ကြီးတွေရှိတယ်။ ကျောက်တိုင်တွေပေါ်မှာ ယင်းလုံရုပ်ထုတွေ ထွင်းထုထားတယ်။
ဒါပေမဲ့ ကျောက်တိုင်တော်တော်များများက ကျိုးပဲ့ပြိုကျနေပြီ။
ခန်းမတစ်ခုလုံးကိုကြေမွနေတဲ့ကျောက်စိုင်ကျောက်ခဲတွေနဲ့ ဝန်းရံနေတယ်။
ရှေ့တည့်တည့်က ခန်းမရဲ့အဓိကနေရာမှာလည်း ယင်းလုံရုပ်တုတစ်ခုရှိနေတယ်။
ကံဆိုးစွာနဲ့ပဲ...
ဒီယင်းလုံရုပ်တုက ပျက်စီးနေပြီ။
အဲ့တာကကြေမွနေပြီ။
ဒီယင်းလုံဘုရားကျောင်းက လုံးဝပျက်စီးနေတဲ့နန်းတော်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရတယ်။ လုံးဝစွန့်ပစ်ထားပြီး ရှေးခေတ်ရတနာ ဒါမှမဟုတ် အမွေအနှစ်တစ်ခုမှ ရှိနိုင်ပုံမပေါ်ဘူး။
"ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံက နောက်ဆုံးတော့ သမိုင်းနဲ့အချိန်မြစ်ရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားခဲ့တာပဲ။ အဲ့ဒီတုန်းကခင်ဗျားဘယ်လောက်ပဲ အစွမ်းထက်ခဲ့ပါစေ၊ ဒါမှမဟုတ် ခေတ်တစ်ခေတ်ကိုတောင် ဖိနှိပ်ထားနိုင်ခဲ့ပါစေ။"
ချီမင်က သက်ပြင်းချလိုက်တယ်၊ "ခင်ဗျားသေဆုံးသွားတာလား ဒါမှမဟုတ်ဟင်းလင်းပြင်ကိုခွဲပြီး အင်မော်တယ်ဖြစ်သွားတာလားတော့ မသိဘူး။"
စကားပြောနေရင်းနဲ့ သူက နဂါးရုပ်တုဆီကို လျှောက်သွားတယ်။
"မြင့်တက်လော့!"
ဝုန်း!
ချီမင်က လက်မြှောက်ပြီး သူ့ညာဘက်လက်ကို ပျက်စီးနေတဲ့ယင်းလုံရုပ်တုပေါ် တင်လိုက်တယ်။ သူက ရွှေအမြူတေဓမ္မစွမ်းအားတွေကို ထိုးသွင်းပြီး ရုပ်တုထဲက အစီအရင်ကို အသက်ဝင်စေလိုက်တယ်။
ဝေါင်း!
နောက်တစ်ခဏမှာ ယင်းလုံရုပ်တုက ပြင်းထန်စွာတုန်ခါလာတယ်။ ရွှေရောင်အလင်းတွေပေါ်လာပြီး ချီမင်ရဲ့ရှေ့မှာ စုစည်းကာ ရွှေရောင်ယင်းလုံဓမ္မရုပ်တုတစ်ခုအဖြစ် ပြောင်းလဲသွားတယ်။
ဒါက အစီအရင်ကနေ စုစည်းထားတဲ့ ယင်းလုံဓမ္မရုပ်တုတစ်ခုသာဖြစ်တယ်။ သူ့မှာ ကိုယ်ပိုင်အသိဉာဏ်မရှိဘူး။
"ဂျူနီယာ။"
ယင်းလုံဓမ္မရုပ်တုက ချီမင်ကို စိုက်ကြည့်နေပေမယ့် တကယ်တော့ အဲ့ဒါက အချိန်အကြာကြီးကတည်းက ကြိုတင်သတ်မှတ်ထားတဲ့ ပုံရိပ်တစ်ခုပဲ၊ "မင်းဒီနေရာကို ရှာတွေ့နိုင်ခဲ့တယ်ဆိုတာက မင်းနဲ့ငါ ရေစက်ပါလို့ပဲ။"
"မင်းငါ့ရဲ့အမွေအနှစ်ကို ရပြီးတဲ့နောက်မှာ နတ်ဆိုးဧကရာဇ်ဆိုတဲ့ ငါ့နာမည်ကို မင်းဆက်ခံဖို့မလိုဘူး၊ နတ်ဆိုးမျိုးနွယ်ကို ဦးဆောင်ပြီးနောက်တစ်ခါထင်ရှားလာအောင်လုပ်ဖို့နဲ့ လျှို့ဝှက်နက်နဲကမ္ဘာရဲ့ သခင်ဖြစ်လာဖို့လည်း မလိုဘူး။"
"ငါမင်းကိုလုပ်စေချင်တာက မျက်ခုံးကြားမှာ ရွှေနဂါးအမှတ်အသားရှိတဲ့ သက်ရှိတစ်ယောက်ကို ရှာဖို့ပဲ။"
"သူ့ကိုရှာပြီး သူ့ကိုကူညီပေးပါ။"
"မင်းဆန္ဒရှိရဲ့လား?"
ယင်းလုံဓမ္မရုပ်တုက ချီမင်ကို စစ်ဆေးနေသလိုမျိုးပဲ။
"စိတ်မဝင်စားဘူး။" ချီမင်က ပြောလိုက်တယ်။
"အရမ်းကောင်းတယ်။"
ခဏအကြာမှာ ယင်းလုံဓမ္မရုပ်တုက ကျေနပ်စွာခေါင်းညိတ်လိုက်တယ်၊ သူကြားချင်တဲ့အဖြေကို ကြားလိုက်ရသလိုမျိုးပဲ၊ "မင်းက ငါမျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းသူ့ကို ကူညီဖို့ဆန္ဒရှိမှတော့ ငါ့ရဲ့အမွေအနှစ်က မင်းအတွက်ပဲ။"
"ယူလိုက်ပါ။"
"ဂျူနီယာ။"
ဝုန်း!
သူစကားဆုံးတာနဲ့ ယင်းလုံဓမ္မရုပ်တုက ပျောက်ကွယ်သွားတယ်။
ရွှမ်း!!!
မြေကြီးက ပြင်းထန်စွာတုန်ခါလာပြီး ယင်းလုံဘုရားကျောင်းက ပြင်းထန်စွာလှုပ်ခါလာတယ်။
ယင်းလုံရုပ်တုက ဘေးကိုဖြည်းဖြည်းချင်းရွေ့သွားတယ်။
ယင်းလုံဘုရားကျောင်းရဲ့မြေကြီးက ကွဲအက်သွားတယ်။
လေးထောင့်ပုံဝင်ပေါက်တစ်ခု ပေါ်လာတယ်။
ချီမင်က ငြင်းပယ်ခဲ့ပေမယ့် ယင်းလုံဓမ္မရုပ်တုက ချီမင်သဘောတူတယ်လို့ ပြောတယ်။
"ဒါကြောင့်ကိုး။"
ချီမင်က ပခုံးတွန့်လိုက်တယ်။ "တကယ်လို့ တခြားတစ်ယောက်သာဆိုရင် ဒီယင်းလုံဓမ္မရုပ်တုကြောင့် ကြောက်လန့်သွားလောက်တယ်။ ဒါပေမဲ့ ဒါက ရှေးခေတ်ကတည်းက ကျန်ခဲ့တဲ့ ပုံရိပ်တစ်ခုသာသာပဲဖြစ်တယ်။ဟန်ရှိပေမယ့် ဘာစွမ်းအားမှမရှိဘူး။ စက္ကူကျားတစ်ကောင်သက်သက်ပဲ။"
"သူပြောခဲ့တာအားလုံး ကြိုတင်သတ်မှတ်ထားတာတွေချည်းပဲ။"
"အဲ့ဒီနတ်ဆိုးဧကရာဇ်က သူငြင်းပယ်ခံရလိမ့်မယ်လို့တောင် သိမှာမဟုတ်လောက်ဘူး။"
"ဒါပေမဲ့..."
ချီမင်က စဉ်းစားပြီး တွေးလိုက်တယ်၊ "မျက်ခုံးကြားမှာ ရွှေနဂါးအမှတ်အသားရှိတဲ့ သက်ရှိတစ်ယောက်လား? ဘယ်သူလဲ? ဘယ်မှာလဲ? ယင်းလုံက ဘာလို့ငါ့ကို သူ့ကိုထောက်ပံ့ခိုင်းချင်ရတာလဲ?"
"ဒါဆိုရင်တော့..."
"ယင်းလုံရဲ့စိတ်ထဲမှာ မျက်ခုံးကြားက ရွှေနဂါးအမှတ်အသားရှိတဲ့ သတ္တဝါက အရမ်းအရေးကြီးတယ်။"
"ရှေးခေတ်နတ်ဆိုးဧကရာဇ် တန်ဖိုးထားတဲ့ သက်ရှိတစ်ယောက်!"
ချီမင်မှာ ဘာသဲလွန်စမှ မရှိသေးဘူး။
ချက်ချင်းဆိုသလိုပဲ သူက စင်္ကြံလမ်းထဲဝင်ပြီး လှေကားထစ်တွေအတိုင်း ဆင်းသွားတယ်။ လှေကားထစ်ရဲ့ နံရံနှစ်ဖက်မှာ အစီအရင်ရဲ့အလင်းလမ်းကြောင်းတစ်ခု ပေါ်လာပြီး မှောင်မိုက်နေတဲ့စင်္ကြံလမ်းကို ထွန်းလင်းပေးလိုက်တယ်။
အဲ့ဒီအချိန်မှာ ချီမင်က နံရံပေါ်မှာ ပြည့်စုံတဲ့နံရံဆေးရေးပန်းချီတစ်ခုကို တွေ့လိုက်ရတယ်။ ဒီနံရံဆေးရေးပန်းချီက အရမ်းရှည်လျားပြီး ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံရဲ့ လုပ်ရပ်အမျိုးမျိုးကို ဖော်ပြထားတယ်။
အစပိုင်းမှာ ယင်းလုံက အဆိပ်ပြင်းမြွေတစ်ကောင်ဘဝကနေ တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းပြီး အခက်အခဲအန္တရာယ်တွေကို တစ်ခုပြီးတစ်ခုကျော်လွှားကာ ရှေးခေတ်နတ်ဆိုးဧကရာဇ်တစ်ပါးအဖြစ် ကြီးထွားလာခဲ့တယ်။
ယင်းလုံ ရှေးခေတ်နတ်ဆိုးဧကရာဇ်ဖြစ်လာပြီးနောက်မှာ သူက ရှေးခေတ်နတ်ဆိုးနန်းတော်ကို တည်ထောင်ပြီး နတ်ဆိုးတွေကိုဦးဆောင်ကာ လျှို့ဝှက်နက်နဲကမ္ဘာကို ဖိနှိပ်ခဲ့တယ်။ သူက လျှို့ဝှက်နက်နဲကမ္ဘာရဲ့ သခင်ဖြစ်လုနီးပါးဖြစ်လာခဲ့တယ်။
အဲ့ဒီခေတ်အခါက လျှို့ဝှက်နက်နဲကမ္ဘာမှာ နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေ၊ လူသားတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေက နတ်ဆိုးမျိုးနွယ်ကို လေးစားခဲ့ကြတယ်။
အလွန်အမင်း ထွန်းလင်းတောက်ပခဲ့တယ်လို့ ဆိုနိုင်တယ်။
နံရံဆေးရေးပန်းချီရဲ့နောက်ကွယ်မှာ ကြီးမားတဲ့အပြောင်းအလဲတစ်ခု စတင်ခဲ့တယ်။
အကြောင်းကတော့ ရှေးခေတ်ကပ်ဘေးဒုက္ခ ကျရောက်လာခဲ့လို့ဖြစ်တယ်။
သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေ ပြောင်းလဲဖြစ်ပေါ်လာတယ်၊ ကံကြမ္မာတွေ ရှုပ်ထွေးလာတယ်၊ အဆုံးမဲ့ကပ်ဘေးဒုက္ခတွေ ပေါ်ပေါက်လာခဲ့တယ်။
ကပ်ဘေးဒုက္ခအဆုံးမှာ ကောင်းကင်ကြီးတောင် ပြိုကျလာခဲ့တယ်။
ကောင်းကင်နဲ့မြေကြီးမှာ ချို့ယွင်းချက်တွေရှိလာခဲ့တယ်။
အဲ့ဒီအချိန်မှာ ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံက တိုက်ခိုက်ခဲ့တယ်။
သူက အထွတ်အထိပ်ဓမ္မစွမ်းအားတွေကိုသုံးပြီး သူ့ရဲ့သွေးနဲ့ချွေးတွေကို ခမ်းခြောက်သွားစေခဲ့တယ်။ သူက နှစ်ပေါင်းတစ်သောင်းနီးပါး ကျင့်ကြံခဲ့တဲ့ ယင်းလုံခန္ဓာကိုယ်ကိုသုံးပြီး ကောင်းကင်ပြိုကျတာကို အတင်းအကျပ်တားဆီးကာ ကမ္ဘာကြီးရဲ့အပေါက်ကို ဖာထေးခဲ့တယ်။
ဒီလိုနဲ့...
ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံ သေဆုံးသွားခဲ့တယ်။
သူ့ခန္ဓာကိုယ်က ကမ္ဘာကြီးရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့တယ်။
ကောင်းကင်နဲ့မြေကြီးကပ်ဘေးဒုက္ခက ပြေပျောက်ပြီး ကျော်လွန်သွားခဲ့တယ်။
ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံသေဆုံးသွားခဲ့တာကြောင့် ရှေးခေတ်နတ်ဆိုးနန်းတော်က ဦးဆောင်သူမဲ့ဖြစ်သွားခဲ့တယ်။ အဆုံးမရှိတဲ့ အတွင်းပိုင်းပဋိပက္ခတွေ ဖြစ်ပွားခဲ့တယ်။ နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေ၊ လူသားတွေနဲ့ တစ္ဆေမျိုးနွယ်တွေက ဒီအခွင့်အရေးကိုယူပြီး ရှေးခေတ်နတ်ဆိုးနန်းတော်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်။
တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်။
နောက်ဆုံးမှာတော့ ခေတ်တစ်ခေတ်ကို ဖိနှိပ်နိုင်ခဲ့တဲ့ ရှေးခေတ်နတ်ဆိုးနန်းတော်က လုံးဝပြိုကျသွားခဲ့တယ်။
ရှည်လျားတဲ့အမွေအနှစ်တွေရှိတဲ့ ဂိုဏ်းတွေမှာပဲ အဲ့ဒီအကြောင်း မှတ်တမ်းတွေရှိတော့တယ်။
ချီမင်က စင်္ကြံလမ်းအဆုံးကို လျှောက်သွားပြီး နံရံဆေးရေးပန်းချီတစ်ခုလုံးကို ကြည့်ရှုပြီးသွားခဲ့တယ်။ သူက ရှေးခေတ်နတ်ဆိုးနန်းတော် ပြိုကျနေတဲ့မြင်ကွင်းကို ကြည့်နေခဲ့တယ်။ အလောင်းတွေက နေရာအနှံ့ပဲ။
"အဲ့ဒီရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံ သေဆုံးသွားပြီ။"
"သူက သူ့ရဲ့နဂါးခန္ဓာကိုသုံးပြီး ကမ္ဘာကြီးရဲ့အပေါက်ကို ဖြည့်ခဲ့တယ်။"
"သူက ကမ္ဘာပေါ်က သက်ရှိသတ္တဝါပေါင်းများစွာအတွက် စိုးရိမ်ခဲ့တာပဲ!"
ချီမင်က ညင်သာစွာသက်ပြင်းချလိုက်တယ်၊ "ဒါမှမဟုတ် တခြားအစီအစဉ်တစ်ခုခု ရှိခဲ့တာလား?"
"သူသေဆုံးသွားပြီပဲ။ သူဘာများထပ်စီစဉ်နိုင်ဦးမှာလဲ?"
နံရံဆေးရေးပန်းချီထဲမှာ မှတ်တမ်းတင်ထားတာအားလုံး အမှန်တွေချည်းပဲဖြစ်တယ်။
အဲ့ဒီတုန်းက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံက သူ့ကိုယ်သူသာကောင်းကင်နဲ့မြေကြီးကြားက အပေါက်ကို မဖြည့်ခဲ့ဘူးဆိုရင် နောက်ဆုံးရလဒ်က ကောင်းကင်ပြိုကျပြီး မြေကြီးကွဲအက်သွားမှာပဲ။ လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံး ပြန်လည်သတ်မှတ်ခံရမှာပဲ။
လုံးဝပျက်စီးသွားတာမျိုးတောင် ဖြစ်နိုင်တယ်။
ရယ်စရာကောင်းတာက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံသေဆုံးပြီးနောက်မှာ သူတည်ထောင်ခဲ့တဲ့ ရှေးခေတ်နတ်ဆိုးနန်းတော်ကို မျိုးနွယ်ငါးခုက ပူးပေါင်းဖျက်ဆီးခဲ့ကြတယ်။
နားလည်နိုင်ပါတယ်။
ယင်းလုံ ကောင်းကင်ဂူထဲက နတ်ဆိုးတွေက လူသားတွေကို မုန်းတာ အံ့ဩစရာမရှိဘူး။ သူတို့က လူသားတွေကိုတင်မကဘူး၊ နတ်ဆိုးတွေကလွဲရင် တခြားမျိုးနွယ်ငါးခုလုံးကိုပါ မုန်းကြတယ်။
သူက စင်္ကြံလမ်းအဆုံးကို ရောက်သွားတယ်။
အဲ့ဒါက ယင်းလုံရဲ့ အမွေအနှစ်အခန်းပဲ။
ရွှေတံခါးတစ်ချပ်ရှိနေတယ်။
တံခါးပေါ်မှာ ယင်းလုံရုပ်ထု ထွင်းထုထားတယ်။
ဝုန်း! ဝုန်း!
ချီမင်က လက်မြှောက်ပြီး ရွှေတံခါးကွင်းပေါ် တင်လိုက်တယ်။ သူက သူ့ရဲ့ဓမ္မစွမ်းအားတွေကို လည်ပတ်ပြီး အထဲကိုထိုးသွင်းကာ ရွှေတံခါးပေါ်က အစီအရင်ကို အသက်ဝင်စေလိုက်တယ်။
ဂျိန်း! ဂျိန်း!
ရွှမ်း!!!
ရွှေတံခါးက ဖြည်းဖြည်းချင်းပွင့်လာပြီး ပတ်ဝန်းကျင်က တုန်ခါသွားတယ်။
အမွေအနှစ်အခန်းက ချီမင်ရဲ့ရှေ့မှာ ပေါ်လာတယ်။
ချီမင်က လျှောက်ဝင်သွားတယ်။
ဝုန်း!
နောက်တစ်ခဏမှာအားပြင်းတဲ့စွမ်းအင်တစ်ခုက ဟင်းလင်းပြင်ကိုထိုးဖောက်နိုင်လောက်တဲ့ အစွမ်းထက်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချီမင်ရဲ့ခေါင်းကို ပစ်မှတ်ထားလိုက်တယ်။
ကလန်!
ချီမင်က လက်မြှောက်လိုက်တော့ သူ့ရဲ့ကိုယ်ပိုင်ဓမ္မရတနာဖြစ်တဲ့ ဓားတောင်က ပေါ်ထွက်လာတယ်။ အဲ့ဒါက သူ့ရှေ့မှာ လွင့်မျောနေတယ်။ ဓားရိုးလိုဖြစ်နေတဲ့တောင်က ဒီအစွမ်းထက်အလင်းတန်းကို တားဆီးလိုက်တယ်။
ဒီစွမ်းအားက အရမ်းကိုစွမ်းအားကြီးတယ်။
ချီမင်က တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့ပေမယ့် ဒီကြီးမားတဲ့စွမ်းအားကြောင့် သူခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့ရတယ်။
ချီမင်က ခေါင်းမော့ပြီး ရှေ့ကိုကြည့်လိုက်ပေမယ့် ဘာခြေရာမှမတွေ့ရဘူး။ အမွေအနှစ်အခန်းက အရမ်းဗလာဖြစ်နေပြီး ခရမ်းရောင်သစ်သားစားပွဲတစ်လုံးနဲ့ ပစ္စည်းအနည်းငယ်ပဲရှိတယ်။
"ထွက်ခဲ့။" ချီမင်က ပြောလိုက်တယ်၊ "မင်းဒီမှာရှိနေမှန်း ငါသိတယ်။ မင်းက ယင်းလုံအမွေအနှစ်ရဲ့ တာအိုကာကွယ်သူပဲ။"
"ကျစ် ကျစ်..."
ဒီအချိန်မှာ လှောင်ပြောင်တဲ့အသံတစ်သံက အရပ်ရှမျက်နှာတိုင်းကနေ ထွက်ပေါ်လာတယ်။ တခြားတစ်ဖက်ရဲ့ တိကျတဲ့နေရာကို ဆုံးဖြတ်ဖို့မဖြစ်နိုင်ဘူး၊ "အသုံးမကျတဲ့ သဲကန္တာရနဂါးက မင်းလိုလူသားတစ်ယောက်ကို ဒီနေရာအထိ ရောက်လာခွင့်ပေးလိုက်တာပဲ။"
"သူဘာလုပ်နေခဲ့တာလဲ?"
"နှစ်ပေါင်းများစွာ အိပ်စက်ပြီး တော့သူဘယ်လိုတိုက်ခိုက်ရမယ့်ဆိုတာကို မေ့သွားတာများလား?"
"ယင်းလုံအမွေအနှစ်ရဲ့ တာအိုကာကွယ်သူ။"
ချီမင်က ပြုံးပြီးပြောလိုက်တယ်၊ "မင်းမှားနေပြီ။ သဲကန္တာရနဂါးက ငါ့ကိုမတားတာမဟုတ်ဘူး၊ သူ့အစွမ်းနဲ့ ငါ့ကိုတားဖို့ဆိုတာ မဖြစ်နိုင်လို့ပဲ။"
"မဖြစ်နိုင်ဘူး။"
တခြားတစ်ဖက်ရဲ့အသံက ထပ်ထွက်ပေါ်လာတယ်၊ "သဲကန္တာရနဂါးက ယင်းလုံကောင်းကင်ဂူရဲ့ အစောင့်အရှောက်ဝိညာဉ်လေ၊ ပြီးတော့ မင်းရဲ့ဓမ္မစွမ်းအားလှိုင်းကအမြူတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာပဲရှိသေးတာ။ သူဘယ်လိုလုပ်မင်းကို မတားနိုင်ရမှာလဲ?"
"မင်းကြိုးစားကြည့်ရင် သိလိမ့်မယ်။"
ချီမင်က ခရမ်းရောင်သစ်သားစားပွဲဆီကို လျှောက်သွားတယ်။
"ရပ်လိုက်!"
ဝှစ်! ဝှစ်!
အားနှစ်ခုက ချွန်ထက်တဲ့မြှားတွေလို လေကိုခွင်းပြီး ချီမင်ရဲ့ခြေထောက်အောက်မှာ နက်ရှိုင်းတဲ့အပေါက်နှစ်ပေါက် ဖောက်သွားတယ်၊ "အရှင်ယင်းလုံရဲ့အမွေအနှစ်ကို မင်းက ဆက်ခံသင့်တာမဟုတ်ဘူး။"
"ဒီနေရာကနေ ချက်ချင်းထွက်သွား။"
"ရယ်စရာပဲ။"
ချီမင်ရဲ့အကြည့်က အေးစက်သွားတယ်၊ "ခုနက ရှေးခေတ်နတ်ဆိုးဧကရာဇ် ယင်းလုံက ကမ္ဘာလောကကြီးကို ဂရုစိုက်ပြီး သူ့ကိုယ်သူ ကမ္ဘာကြီးရဲ့အပေါက်ကို ပြုပြင်ဖို့သုံးခဲ့တာကို ထောက်ထားပြီး မင်းကိုနည်းနည်းမျက်နှာသာပေးခဲ့တာ။ မင်းက ဘယ်လိုတောင်ရိုင်းတာလဲ?"
"မင်းက ရှေးခေတ်ကတည်းက အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အမှိုက်တစ်စသာသာပဲ။"
"မင်းကသေဖို့တောင်းဆိုနေတာပဲ။"
ဝုန်း! ဝုန်း!
သူစကားဆုံးတာနဲ့ ချီမင်က သူ့ရဲ့ဓမ္မစွမ်းအားတွေကို လည်ပတ်ပြီး လျှို့ဝှက်နက်နဲနည်းစနစ်ဖြစ်တဲ့အကြားအမြင်အာရုံကို သုံးလိုက်တယ်။ သူက ယင်းလုံအမွေအနှစ်ရဲ့ တာအိုကာကွယ်သူနေရာအတိအကျကို ချက်ချင်းပစ်မှတ်ထားလိုက်တယ်။