ပဲစေ့စစ်သားများ
Vol. 8 Ch. 118
ချီမင်က တိုက်ခိုက်တော့မလို့ လုပ်နေတုန်းမှာပဲ ပုံရိပ်နှစ်ခုက သူ့ရှေ့ကို ဝှစ်ခနဲ ရောက်လာတယ်။ ချီမင် သေသေချာချာ မြင်လိုက်ရတော့ သူ့မျက်လုံးထဲမှာ အံ့ဩတဲ့အရိပ်အယောင်တစ်ခုပေါ်လာပြီး လက်ကို ပြန်ချလိုက်တယ်။
ဘုန်း!
ပြင်းထန်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာတယ်။လေထုကိုခွင်းပြီးရောက်လာတဲ့ပုံရိပ်နှစ်ခုကကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်နှစ်ယောက်ဖြစ်တယ်။
သူတို့တိုက်ခိုက်ပြီးတော့သူတို့ခန္ဓာကိုယ်ထဲကများပြားတဲ့ ဓမ္မစွမ်းအားတွေကို လှုပ်ရှားစေပြီး ဧရာမစွမ်းအင်တိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ တိုက်ရိုက်ပစ်လွှတ်လိုက်တယ်။ အဲ့ဒါက လီချန်ရှင်းနဲ့ ဘိုင်ဝူကျီတို့ရဲ့ တိုက်ကွက်တွေကို ပိတ်ဆို့ပြီး သူတို့ရဲ့ သိုင်းနည်းစနစ်တွေကို ပျက်ပြယ်သွားစေတယ်။
ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲအရှိန်က ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်က ဝိညာဉ်ချီစွမ်းအင်တွေကို တုန်ခါသွားစေတယ်။
‘‘အတင့်ရဲလှချည်လား။’’
‘‘ငါတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာအမွေခံတပည့်တွေမရှိတော့ဘူးများ ထင်နေကြသလား?’’
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုကအမွေခံတပည့်နှစ်ယောက်ကထန်ပင်ရွှမ်နဲ့ တုန်းယွမ်တို့ပဲဖြစ်တယ်။ သူတို့က ချီမင်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ရပ်နေပြီး သူတို့ပတ်လည်မှာ ဓမ္မစွမ်းအားတွေ လှည့်ပတ်စီးဆင်းနေတယ်။
သူတို့က သိပ်မဝေးဘူး။
‘‘စီနီယာအစ်ကိုတို့။’’ ချီမင်က ချက်ချင်း အော်ခေါ်လိုက်တယ်။
‘‘ဂျူနီယာညီလေးချီ။’’ ထန်ပင်ရွှမ်က ခေါင်းညိတ်ပြီးပြောတယ်၊ ‘‘စိတ်မပူနဲ့။ မင်းတစ်ယောက်တည်း တိုက်ခိုက်နေတာ မဟုတ်ဘူးဆိုတာ သိထားရမယ်။ တစ်ယောက်ချင်းဆိုရင်အဆင်ပြေတယ်။ သူတို့က လူအင်အားသုံးပြီးကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အမွေခံတပည့်တွေကိုအနိုင့်ကျင့်ပြီး ဝိုင်းတိုက်ဖို့ဆိုရင်မလွယ်ကူတော့ဘူး။’’
‘‘ဟားဟားဟား…’’ တုန်းယွမ်က အကြိမ်အနည်းငယ်ရယ်လိုက်တယ်။ သူက ချီမင်ကို ကြည့်ပြီးပြောတယ်၊ ‘‘ချီမင်၊ မင်း ခုနက စကားပြောတုန်းက အရှိန်အဝါက တကယ်ပဲလွှမ်းမိုးနိုင်လွန်းတယ်။ မင်းက လူတိုင်းကို အထင်သေးတဲ့ပုံပဲ။’’
‘‘ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်စီနီယာအစ်ကိုတို့။’’ ချီမင်က လက်အုပ်ချီလိုက်တယ်။
‘‘ကျေးဇူးတင်စရာမရှိပါဘူး။’’ တုန်းယွမ်က ပြောတယ်၊ ‘‘ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုကြားမှာ အဆုံးမရှိတဲ့ တိုက်ပွဲတွေ ရှိနေပေမဲ့ အဲ့ဒါက ဂိုဏ်းတူမောင်နှမတွေကြားက ပြိုင်ဆိုင်မှုတစ်ခုပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာတော့ ငါတို့က ပြင်ပလူတွေကို တညီတညွတ်တည်း ရင်ဆိုင်ရမှာပဲ။’’
‘‘ဒါကတော့ဟုတ်တယ်။’’
‘‘ချီမင်၊ ငါ မင်းကို ကူညီမယ်။’’
‘‘ငါကအစတုန်းကတော့ တိုက်ခိုက်ဖို့ စိတ်ကူးမရှိဘူး၊ ဒါပေမဲ့ မင်းတို့တောင်ထွက်လာမှတော့ငါသာမထွက်လာရင် တရားမျှတမှု မရှိမှာစိုးတယ်။ ဒီသတင်းသာ အကြီးအကဲတွေဆီ ပေါက်ကြားသွားရင် မကောင်းဘူး။’’
…
ရှပ်! ရှပ်! ရှပ်!
လင်ရှန်းအာ၊ ချူးလီချန်း၊ မာရှီလန်နဲ့ တခြားသူတွေနဲ့အတူ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကို ကျော်ဖြတ်ပြီးသား အမွေခံတပည့် ၂၃ ယောက်လုံး ရောက်လာကြတယ်။ သူတို့ရဲ့ ပုံရိပ်တွေက ကောင်းကင်ကို ပျံတက်သွားပြီး ချီမင်နဲ့အတူ ရပ်တည်လိုက်ကြတယ်။
‘‘ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုတို့ စီနီယာအစ်မ။’’ ချီမင်က သူ့ပတ်ဝန်းကျင်ကစီနီယာအစ်ကိုစီနီယာအစ်မတွေကို ကြည့်ပြီး ရင်ထဲမှာ တော်တော်လေး ခံစားသွားရတယ်။ ဒါက သူ ဂိုဏ်းရဲ့ နွေးထွေးမှုကို အမှန်တကယ် ခံစားရတဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်။ အရင်တုန်းက သူ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ရှိနေတုန်းက ဂိုဏ်းတူမောင်နှမတွေကြားက တိုက်ပွဲတွေက အရမ်းပြင်းထန်ခဲ့တယ်။
တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေက သူတို့ရဲ့ အတိတ်က အစွဲအလမ်းတွေကို စွန့်လွှတ်လိုက်ကြတယ်။ သူတို့က ပြင်ပကမ္ဘာကို တညီတညွတ်တည်း ရင်ဆိုင်ကြတယ်။
‘‘ဟားဟားဟား…’’ တိုက်ဖေးက ကျယ်လောင်စွာ ရယ်လိုက်တယ်။ သူရဲ့ခန္ဓာကိုယ်က ထွားကျိုင်းပြီး ကြွက်သားတွေနဲ့ ပြည့်စုံတယ်။ သူက ခန္ဓာကိုယ်သန့်စင်တဲ့အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်တာဆိုတာထင်ရှားတယ်။ သူက အော်ပြောလိုက်တယ်၊ ‘‘ချီမင်၊ ဘာမှပြောစရာမလ်ိုဘူး။ မင်း ခုနကပြောတာတွေကိုငါကြိုက်တယ်။’’
‘‘ဂိုဏ်းတူမောင်နှမတို့၊ သတိထားကြပါ။ နောက်လာမယ့်တိုက်ပွဲက ဝိညာဉ်ကိုတောင် တုန်လှုပ်စေလောက်တဲ့ တိုက်ပွဲဖြစ်နိုင်တယ်။ သတိမထားရင် ငါတို့ သေသွားနိုင်တယ်။’’ ဘထိုက်ရန်က အော်ပြောလိုက်တယ်။
‘‘ငါတို့ ကျင့်ကြံသူတွေက တိုက်ခိုက်ရမှာကို ဘာလို့ကြောက်နေရမှာလဲ?’’ ဝေ့ဝမ်ပေါင်က အော်လိုက်တယ်။
တုန်! တုန်! တုန်!!!
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေက သူတို့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေကို လည်ပတ်စေလိုက်ပြီး ကိုယ်ပိုင်ရတနာတွေ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတယ်။ အစွမ်းထက်တဲ့အရှိန်အဝါတွေ ပျံ့နှံ့ထွက်ပြီး ပတ်ဝန်းကျင်ကို ဖိနှိပ်ထားလိုက်တယ်။
ဒီလိုနဲ့ ချီမင်တစ်ယောက်တည်း ပစ်မှတ်ဖြစ်သွားတာမဟုတ်တော့ဘဲ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးက ရှိနေတဲ့ ဂိုဏ်းအားလုံးရဲ့ ရန်သူဖြစ်သွားတော့တယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေယင်းလုံ ကောင်းကင်ဂူကို လာခဲ့ကြတာက ဒီနေရာက အမွေအနှစ်တွေနဲ့ ရတနာတွေကို ရယူဖို့အတွက် မဟုတ်ဘူး။
သူတို့ကအမွေခံတပည့်ပြိုင်ပွဲမှာပါဝင်နေကြတာဖြစ်တယ်။ အမွေအနှစ်တွေကို ခိုးယူတာ၊ ရတနာတွေရယူတာ၊ တိုက်ပွဲအတွေ့အကြုံတွေ ရယူတာ… အရာအားလုံး ဖြစ်ပျက်ခဲ့တယ်။ အဲ့ဒါတွေအားလုံးက သူတို့ရဲ့ အရည်အချင်းနဲ့ အစွမ်းအစကို ပြသဖို့အတွက်ပဲ။ ထူးချွန်တဲ့စွမ်းဆောင်ရည်နဲ့ ကောင်းကင်ဘုံဉာဏ်အလင်းအင်မော်တယ်တောင်ကို ဝင်ရောက်ဖို့အတွက်မဟာအကြီးအကဲတွေရဲ့ မျက်နှာသာပေးမှုကို ရရှိဖို့အတွက်ပဲဖြစ်တယ်။
ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တောင်ပိုင်းဒေသရဲ့လမ်းမှန်လမ်းစဉ်ရဲ့ ခေါင်းဆောင်အဖြစ် လူသိများတယ်။ဂိုဏ်းချုပ်ယန်လီကလည်းသူ့တို့ပတ်ဝန်းကျင်ကို ဖိနှိပ်ထားနိုင်တယ်။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ အမွေအနှစ်တွေနဲ့ ရတနာတွေ မရှားဘူး။ မင်းရဲ့အရည်အချင်းက လုံလောက်အောင်မြင့်မားပြီး၊ မင်းရဲ့အစွမ်းအစက လုံလောက်အောင် သန်မာကာ၊အရမ်းထူးချွန်တဲ့ စွမ်းဆောင်ရည်ရှိသရွေ့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ အရင်းအမြစ်တွေနဲ့ ထောက်ပံ့မှုတွေကို ရရှိနိုင်တယ်။ အဲ့ဒီအခါကျရင် ဘယ်လိုအမွေအနှစ်နဲ့ ရတနာမျိုးကို သူတို့မရနိုင်ဘဲ ရှိပါ့မလဲ?
ဒါ့အပြင်… ယင်းလုံ ကောင်းကင်ဂူဆိုတာရှေးခေတ်နတ်ဆိုးတစ်ကောင် တည်ထောင်ခဲ့တဲ့ ကောင်းကင်ဂူတစ်ခုဖြစ်တယ်။ အမွေအနှစ်တွေ ရှိခဲ့ရင်တောင် အဲ့ဒါက နတ်ဆိုးကျင့်စဉ်တစ်ခုပဲဖြစ်ပြီး လူသားတွေရဲ့ကျင့်စဉ်အတွက် လုံးဝမသင့်တော်ဘူး။
ဒါက သူတို့ စွမ်းဆောင်ရည်ပြသရမယ့်အချိန်ရောက်သွားပြီး။
‘‘အမိတ္တဘ။’’ အစောပိုင်းက ဗုဒ္ဓသားတော်က အသက်ပြင်းပြင်းရှူလိုက်တယ်။ သူ့အကြည့်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အမွေခံတပည့်အားလုံးအပေါ်ကို လေးနက်စွာ ကျရောက်သွားပြီးပြောတယ် ‘‘ဒါဆိုရင်တော့ ငါတို့ တိုက်ခိုက်ရုံပဲ ရှိတော့တယ်။’’
‘‘ကောင်းပြီ!’’ နွေဦးဆောင်းဦးဂိုဏ်းက အမွေခံတပည့်တွေက အော်ဟစ်လိုက်တယ်၊ ‘‘ဒါဆိုရင် မင်းတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ နည်းလမ်းတွေကို ငါတို့ကို ပြစမ်းပါ။’’
အသင်္ချေနတ်ဆိုးဂူက နတ်ဆိုးကျင့်ကြံသူတွေရဲ့ ပတ်လည်မှာ နတ်ဆိုးစွမ်းအင်တွေလှုပ်ခတ်နေတယ်။ သူတို့ရဲ့အကြည့်တွေက အေးစက်ပြီး သတ်ဖြတ်လိုစိတ်တွေပြည့်နှက်နေတယ်၊ ‘‘မင်းတို့ တော်တော် မောက်မာလွန်းတယ်။ ငါတို့အားလုံးနဲ့ရန်သူဖြစ်ချင်နေတာလား။ မင်းတို့ဒီတန်ဖိုးကိုပြန်ပေးဆပ်ရမယ်။’’
‘‘ဘာမှ စိတ်ပူစရာမရှိဘူး။ သူတို့အားလုံးကို သတ်ပစ်လိုက်ကြစို့။’’ နတ်ဆိုးနန်းတော်က မင်းသားတွေက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်တယ်။
‘‘ချီမင်ကို ငါတို့လက်ထဲထားခဲ့။ ငါတို့ လေးပင်လယ်နဂါးနန်းတော်ကသူ့ကိုတစ်လက်မချင်းခြေမွပြီးအသားစသွေးစတွေကကောင်းကင်ကိုပြည့်သွားလောက်တဲ့အထိဖြစ်သွားအောင်ချေမှုန်းပစ်မယ်။ သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး ခံစာခိုင်းမယ်။’’ လေးပင်လယ်နဂါးနန်းတော်က နဂါးမျိုးနွယ်က အေးစက်စွာ ပြောလိုက်တယ်။
‘‘တိုက်ကြစို့။’’ တာအိုရှာဖွေရေးဂိုဏ်းက အမွေခံတပည့်တွေကလည်းမကြောက်ကြဘူး။ သူတို့ရဲ့ တိုက်ခိုက်လိုစိတ်က တောက်လောင်နေပြီ။
‘‘ငါကအစကမင်းတို့ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ကောင်းကင်နဲ့မြေကြီးရဲ့ အကျယ်အဝန်းကိုမသိတဲ့သူကချီမင်တစ်ယောက်ပဲ ရှိတယ်ထင်နေတာ။ အခုတော့ မင်းတို့ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက လူတိုင်းကဒီအတိုင်းပဲ ဆိုတာ သိသွားပြီ။’’
နတ်ဆိုးအင်မော်တယ်ဂိုဏ်းက အမွေခံတပည့်တွေက ပြောလိုက်တယ်၊ ‘‘သူတို့က ‘သေ’ ဆိုတဲ့ စာလုံးကို ဘယ်လိုရေးရမှန်းတောင် မသိကြဘူး။’’
‘‘ရယ်စရာကောင်းလိုက်တာ။’’ နတ်ဘုရားစိတ်ဝိညာဉ်ခံတပ်က နတ်ဘုရားသားတော်တွေက လှောင်ရယ်လိုက်တယ်၊ ‘‘မင်းတို့က ငါတို့အားလုံးကို အနိုင်ယူနိုင်လိမ့်မယ်လို့ တကယ်ပဲ ရိုးရိုးသားသား ထင်နေတာတော့ မဟုတ်ဘူးမလား?’’
‘‘ပြောလို့ပြီးကြပြီလား?’’ ချီမင်က ရှေ့ကိုတစ်လှမ်းတိုးပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ တောင်ထွတ်ဆယ့်နှစ်ခုက အမွေခံတပည့်တွေရဲ့ရှေ့မှာ ရပ်ကာ လူတိုင်းရဲ့အရှိန်အဝါကို ခုခံလိုက်တယ်။ သူ့မျက်နှာအမူအရာက အေးစက်နေပြီး တိုက်ခိုက်လိုစိတ်တွေမြင့်တက်နေတယ်၊ ‘‘လာကြ၊ တိုက်ကြစို့!’’
ချွင်! ချွင်!
နောက်တစ်ခဏမှာပဲ ချီမင်ရဲ့ ခန္ဓာကိုယ်ထဲကနေ ဓားသံထွက်ပေါ်လာတယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားသန္ဓေသား၊ကမ္ဘာဖျက်ဆီးဓားနဲ့ ဓားတောင်၊ ကိုယ်ပိုင်ရတနာသုံးမျိုးလုံး တစ်ချိန်တည်းမှာ ပေါ်ထွက်လာတယ်။ ဓားချီတွေကနေရာအနှံ့ ပျံ့နှံ့သွားပြီး အစိမ်းရောင်အလင်းတန်းတွေ လက်သွားတယ်။
တုန်!
ပြီးတော့ ချီမင်ရဲ့နောက်မှာဆယ့်နှစ်လွှာရှိတဲ့ သောင်းပြောင်းကြာပန်းစိမ်းကပေါ်ထွက်လာတယ်။ မဟာတာအိုရဲ့ စစ်မှန်အမှတ်အသားကပျံ့နှံ့ထွက်လာတယ်။
‘‘တိုက်!’’ ချီမင်က အမွေခံတပည့်ဂျူနီယာမျိုးဆက်တွေကို ရင်ဆိုင်ရတဲ့အခါ မကြောက်ရွံ့ဘူး။ အဲဒီအစား သူက ဦးစွာ တိုက်ခိုက်ဖို့ အစပျိုးလိုက်တယ်။ ရှေ့ကိုတစ်လှမ်းတိုးပြီး ပျောက်ကွယ်သွားတယ်။
‘‘ခြေရာမဲ့ပျံသန်းခြင်း။’’
ရှပ်!
ချီမင်က ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ပညာရပ်ထဲက နောက်ထပ်လျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုကို သုံးလိုက်တယ်။
အဲ့ဒါကို ခြေရာမဲ့ပျံသန်းခြင်း လို့ခေါ်တယ်။ဒီနည်းစနစ်ကို သုံးလိုက်ရင်သူကကမ္ဘာကြီးထဲမှာ ပုန်းကွယ်နိုင်ပြီး ကမ္ဘာအနှံ့ လှည့်လည်သွားလာနိုင်တယ်။ သူကိုဘယ်သူမှမသိ၊ ခြေရာခံလို့မရပဲ၊ ထင်ရှားပေါ်လွင်မှုဆိုတာလည်းမရှိဘူး။ သူက လောကကြီးထဲမှာ ရှိနေပေမဲ့သူ့ကိုမမြင်တွေ့နိုင်ဘူး။ သူက လေဟာနယ်ကို ဖြတ်ကျော်ပြီး နယ်မြေတွေကို ကျော်လွှားသွားနိုင်တယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ဒါက ချက်ချင်းနေရာရွှေ့ပြောင်းခြင်းပဲ၊ တစ်နည်းအားဖြင့်ဘလင့်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့်ချီမင်ရဲ့ကောင်းကင်ဘုံကြယ်တာရာသုံးဆယ့်ခြောက်ပညာရပ်က အခြေခံအဆင့်ပဲ ရှိသေးတော့ ခြေရာမဲ့ပျံသန်းခြင်းရဲ့စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်မှာမဟုတ်ဘူး။ အခုလောလောဆယ်ကလုံလောက်ပါတယ်။ သူက အကွာအဝေးတိုအတွင်း နေရာရွှေ့ပြောင်းနိုင်တယ်။
‘‘ကြာပန်းစိမ်းတာအို။’’
တုန်!
ချီမင်ရဲ့ပုံရိပ် ပေါ်ထွက်လာပြီး လုချူးရန်ထင်ရဲ့ရှေ့ကို ဝှစ်ခနဲရောက်သွားတယ်။ သူက ဘယ်ဘက်လက်ကို ဝှေ့ယမ်းပြီးကြာပန်းစိမ်းတာအိုရဲ့အံ့ဖွယ်စွမ်းအင် သိုင်းနည်းစနစ်ကို ထုတ်လွှတ်လိုက်တယ်။
သောင်းပြောင်းကြာပန်းစိမ်းက ယိမ်းနွဲ့ပြီး သူ့ရဲ့ဖိအားကို ထုတ်လွှတ်လိုက်တယ်။ လုချူးရန်ထင်ရဲ့ ကျင့်ကြံမှုအဆင့် ဖိနှိပ်ခံလိုက်ရတယ်။
ချီမင်ရဲ့ ကျင့်ကြံမှုအဆင့်က အမြုတေဖွဲ့စည်းခြင်းအနှောင်းပိုင်းအဆင့်မှာပဲ ရှိသေးပြီး လုချူးရန်ထင်ရဲ့ ကျင့်ကြံမှုအဆင့်ကတော့ ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကို ရောက်နေနှင့်ပြီ။ သူတို့နှစ်ယောက်ကြားက ကျင့်ကြံမှုအဆင့် ကွာခြားချက်က အရမ်းကြီးမားတော့ကြာပန်းစိမ်းတာအိုရဲ့စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်ဘူး။ ဒါပေမဲ့… လုချူးရန်ထင်ရဲ့ ကျင့်ကြံမှုအဆင့်က တကယ်ပဲ အကြီးအကျယ် ဖိနှိပ်ခံလိုက်ရပေမဲ့ အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်အထိတော့ မကျဆင်းသွားဘူး။ အခြေတည်ဝိညာဉ်နှောင်းပိုင်းအဆင့်နဲ့ ဗလာနယ်စွန့်ခွာခြင်းအစောပိုင်းအဆင့်ကြားလောက်မှာ ရှိနေနိုင်တယ်။
‘‘ဒါ ဘယ်လို အံ့ဖွယ်စွမ်းအင် သိုင်းနည်းစနစ်မျိုးလဲ?’’ လုချူးရန်ထင် တုန်လှုပ်သွားတယ်၊ ‘‘ငါ့ရဲ့ကျင့်ကြံမှုက တကယ်ပဲ ဖိနှိပ်ခံနေရပါလား။’’
‘‘လျှပ်စီးငါးဖြာထိန်းချုပ်ခြင်း။’’
ဖြောင်း! ဖြောင်း!
ချီမင်က လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအင်ကို လည်ပတ်စေလိုက်တယ်။ လျှပ်စီးငါးဖြာရဲ့စွမ်းအားက သူ့ရဲ့ညာဘက်လက်ဖဝါးမှာ စုစည်းသွားပြီးကမ္ဘာဖျက်ဆီးဓားထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။ သောင်းပြောင်းကြာပန်းစိမ်းဓားတာအိုရဲ့ အားဖြည့်မှုနဲ့အတူ သူ့ရဲ့ရွှေအမြုတေက လည်ပတ်လာတယ်။ မဟာတာအိုစစ်မှန်အမှတ်အသားနဲ့ပေါင်းစပ်သွားတယ်။
‘‘ခုတ်!’’
ရှပ်!
ချီမင်က အော်ဟစ်ပြီး ညာဘက်လက်နဲ့ ဓားကိုကိုင်ထားတယ်။ စွမ်းအားအမျိုးမျိုးက ဒီဓားထဲကို ပေါင်းစပ်ဝင်ရောက်ပြီး ခုတ်ချလိုက်တယ်။ ဖျက်ဆီးအားပြင်းတဲ့လျှပ်စီးဓားအလင်းက လေဟာနယ်ကို ဆုတ်ဖြဲသွားသလိုဖြစ်သွားတယ်။ အဲ့ဒါက လုချူးရန်ထင်ကို တိုက်ခိုက်လိုက်တယ်။
‘‘အား!!!’’ လုချူးရန်ထင် တုန်လှုပ်ခြောက်ခြားသွားတယ်။ သူက သေစေနိုင်တဲ့အန္တရာယ်ကို ခံစားလိုက်ရတယ်။ ဒီအချိန်မှာ သူကသူ့ရဲ့အစွမ်းရှိသမျှကို ထုတ်သုံးလိုက်ပြီး သူ့ရဲ့သွေးမျိုးဆက်ကသူ့ရဲ့နတ်ဆိုးစွမ်းအင်နဲ့ ပေါင်းစပ်သွားတယ်။
ဝေါင်း!
နဂါးဟိန်းဟောက်သံတစ်ချက် ထွက်ပေါ်လာတယ်။ ရွှေရောင်အလင်းတန်းတစ်ခု လက်သွားတယ်။ အဲ့ဒါက တော်တော်လေးသိပ်သည်းတဲ့ ရွှေနဂါးအရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားတယ်။ အစွယ်တွေထုတ်၊ လက်သည်းတွေထုတ်ပြီး ရှေ့ကိုခုန်ဝင်ကာလျှပ်စီးဓားအလင်းနဲ့ဝင်တိုက်လိုက်တယ်။
ဖြောင်း! ဖြောင်း!
လျှပ်စီးဓားချီက အရာအားလုံးကို ခုတ်ပိုင်းဖြတ်တောက်သွားတယ်။ ရွှေနဂါးအရိပ်က အက်ကွဲစပြုလာတယ်။
‘‘မဟုတ်ဘူး! မဟုတ်ဘူး!’’ လုချူးရန်ထင်က အလွန်အမင်း ကြောက်လန့်တကြား အော်ဟစ်လိုက်တယ်၊ ‘‘ကယ်ကြပါ!ငါ့ကို မြန်မြန်ကယ်ကြပါ!’’
‘‘ရန်ထင်!’’
‘‘သေတော့မှာပဲ! ရန်ထင်တစ်ခုခုဖြစ်တော့မယ်!’’
‘‘ဒီချီမင်က ဘယ်လိုဖြစ်လို့ ဒီလောက်များတဲ့ နည်းလမ်းတွေနဲ့အံ့ဖွယ်စွမ်းအင်တွေ ရှိနေရတာလဲ? ဒါက အဆုံးအစမရှိဘူးပဲ! ရန်ထင်က သူ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး!’’
‘‘သွားကူညီကြစို့။’’
…
ရှပ်! ရှပ်! ရှပ်!!!
မျက်စိတစ်မှိတ်အတွင်းမှာပဲ လေးပင်လယ်နဂါးနန်းတော်က ကျန်တဲ့နဂါးမျိုးနွယ်ကိုးယောက်က အရပ်မျက်နှာပေါင်းစုံကနေ တိုက်ခိုက်လာကြတယ်။ သူတို့က နဂါးအသက်ရှုသံနဲ့ နဂါးမီးလျှံတွေကို လေထဲကနေ ထုတ်လွှတ်ပြီး မီးတိုင်ကိုးတိုင်လို ချီမင်ကို တိုက်ခိုက်လာတယ်။ ပတ်ဝန်းကျင်က လေဟာနယ်က မီးတောက်တွေကြောင့် ပုံပျက်သွားတယ်။
ပြင်းထန်တဲ့တိုက်ပွဲက စတင်နေပြီ။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက အမွေခံတပည့် ၂၃ ယောက်ကို တခြားဂိုဏ်းတွေက အမွေခံတပည့်တွေက ဝန်းရံထားတယ်။ တိုက်ပွဲက အလွန်ပြင်းထန်တယ်။အံ့ဖွယ်စွမ်းအင်တွေနဲ့ သိုင်းနည်းစနစ်တွေတိုက်ခိုက်ပြီး တိုက်ကွက်တွေ ယှဉ်ပြိုင်နေကြကာ ဟိန်းဟောက်သံတွေ ထွက်ပေါ်နေတယ်။
ဖြောင်း! ဖြောင်း!
လေပေါ်မှာ ပျံဝဲနေတဲ့ တိုက်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားတယ်။ တောင်ကုန်းတွေလောက်ကြီးတဲ့ဧရာမအရိုးကြီးတွေ တစ်ခုပြီးတစ်ခု ကြေမွကုန်ပြီး မြေပြင်ပေါ်မှာ အက်ကြောင်းတွေ ပေါ်လာတယ်။ အဲ့ဒါတွေက ကြီးမားတဲ့ကျောက်တုံးကြီးတွေအဖြစ် ကြေမွပြီး ပြုတ်ကျကုန်တယ်။အဆုံးအစမဲ့သဲကန္တာရထဲမှာ နစ်မြုပ်သွားကြတယ်။
‘‘ပဲစေ့စစ်သားများ။’’
ရှပ်! ရှပ်!
ချီမင်က ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ရဲ့သိုလှောင်ခန်းထဲကနေ ရွှေပဲစေ့တွေကို ထုတ်ယူလိုက်တယ်။ ဒါတွေက သူပစ္စည်းအမျိုးမျိုးနဲ့သန့်စင်ပြုလုပ်ထားတဲ့ ရွှေပဲစေ့တွေဖြစ်တယ်။။ အဲ့ဒီထဲမှာ ပဲစေ့စစ်သားများဆိုတဲ့လျှို့ဝှက်နက်နဲနည်းစနစ်အံ့ဖွယ်စွမ်းအင်တွေလည်းပါဝင်နေတယ်။
ပဲစေ့စစ်သားများဆိုတာကလည်း ကောင်းကင်ဘုံကြယ်တာရာ သုံးဆယ့်ခြောက်ပညာရပ်ထဲကလျှို့ဝှက်နက်နဲနည်းစနစ်တစ်ခုဖြစ်တယ်။ အဲ့ဒါကို သုံးပြီးတဲ့နောက်မှာ သူက မတူညီတဲ့ပဲစေ့တွေကို ပြောင်းလဲပြီး သန့်စင်နိုင်တယ်။ ဒီပဲစေ့တွေက အဝါရောင်ပဝါစစ်သားများ၊ ကောင်းကင်ဘုံစစ်သားများ စတဲ့စစ်သားတွေအဖြစ် ပြောင်းလဲနိုင်တယ်။ သူတို့ကို တာအိုစစ်သားများလို့လည်းခေါ်တယ်။ တာအိုစစ်သားတွေမှာ သူတို့ကိုယ်ပိုင် ဓမ္မစွမ်းအားတွေနဲ့အံ့ဖွယ်စွမ်းအင်တွေ ရှိကြတယ်။
ချီမင်က တစ်ချိန်တည်းမှာ ရွှေပဲစေ့ ၉၉ စေ့ကိုပဲ ပြောင်းလဲနိုင်တယ်။ ရွှေပဲစေ့တွေက ပျံထွက်သွားတယ်။ တစ်ခဏအတွင်းမှာပဲ သူတို့က သုံးမီတာမြင့်ပြီး တောက်ပတဲ့ရွှေရောင်ချပ်ဝတ်တန်ဆာတွေ ဝတ်ဆင်ထားတဲ့ တာအိုစစ်သား ၉၉ ယောက်အဖြစ် ပြောင်းလဲသွားတယ်၊ သူတို့က အဝါရောင်ပဝါစစ်သားတွေဖြစ်တယ်။ သူတို့တစ်ယောက်ချင်းစီတိုင်းမှာ အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်ကျင့်ကြံမှုရှိကြတယ်။
‘‘အဝါရောင်ပဝါစစ်သားများအစီအရင်။’’
ဘုန်း! ဘုန်း!
အဝါရောင်ပဝါစစ်သား၉၉ ယောက်က ကြီးမားတဲ့အစီအရင်တစ်ခုဖွဲ့စည်းလိုက်ပြီး ဧရာမအဝါရောင်ပဝါစစ်သားဓမ္မရုပ်တုတစ်ခု
ပေါ်ထွက်လာတယ်။ ရွှေရောင်အလင်းတန်းတွေ လက်သွားပြီး အစွမ်းထက်တဲ့ ဓားခုတ်ချက်တစ်ခု ထွက်ပေါ်လာတယ်။