← Chapters

အခန်း ၁၈၂၉

Vol. 123 Ch. 1829

အခန်း ၁၈၂၉

Vol. 123 Ch. 1829

အပိုင်း (၁၈၂၉)

ထာဝရလောကကြီးသည် ပုံမှန်အတိုင်း ဖွံ့ဖြိုးတိုးတက်လျက်ရှိနေ၏။ ပြိုင်စံရှားဂိုဏ်းတပည့်များသည်လည်း ပုံမှန် အတိုင်း ၎င်းတို့၏ အဆင့်များကို တိုးတက်အောင် ကြိုးစားလျက် ရှိနေကြ၏။

ဘာမှလုပ်စရာ မရှိသည့် ကျွင်းချောင်ရှောင်းမှာတော့ တောင်ထွတ်ပေါ်တွင် ထိုင်ပြီးသည့်နောက် လောကကြီးတွင် ရှိနေသော ဓာတ်သဘာဝများကို အာရုံခံပြီး နတ်ဘုရားလျှို့ဝှက်အဆင့်ဆီမှ ထပ်မံကာ ချိုးဖြတ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

“အင်း… အန္တိမကုန်းမြေ၊ ဒါဘယ်လိုနေရာမျိုးလဲ။ ငါ့ဘဝတစ်သက်တာမှာ အဲကို ရောက်နိုင်ပါမလား”

ကျွင်းချောင်ရှောင်းသည် စွမ်းအင်များကို လိုလားတောင့်တ၏။ သူ့အနေနှင့် အဆင့်တက်ဖို့အတွက် ခက်ခဲသည့်အရာများကို ပြုလုပ်ရမည်ဆိုလျှင်တောင် ကျိန်းသေပေါက် ပြုလုပ်မှာဖြစ်၏။

“အင်း… အရှေ့ကို အရမ်းကြီး မစဉ်းစားနဲ့အုံး”

စနစ်က ပြောလိုက်သည်။ “လက်ရှိမှာ အဓိက တာဝန်ကို ဘယ်လိုပြည့်စုံအောင် လုပ်မလဲဆိုတာ စဉ်းစား”

အဓိကတာဝန်အကြောင်း ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အမှန်ပင် ဒေါသထွက်လျက်ရှိ၏။ တာဝန်ပြည့်စုံမှုနှုန်းထားသည် အချိန်အတော်ကြာ တစ်လျက်ရှိနေ၏။ စကြဝဠာနတ်တိုက်ပွဲပြိုင်ပွဲကို ဝင်ရောက်ခွင့်ရနိုင်သည့် ကြယ်တာရာပြိုင်ပွဲတွင် ပြိုင်စံရှားဂိုဏ်းအနေဖြင့် အနိုင်ရရှိခဲ့သည်ဆိုသော်လည်း မည်သည့်တိုးတက်မှုမှ မရရှိခဲ့ချေ။

“အင်း… စကြဝဠာနတ်တိုက်ပွဲကို အမှီအခို ပြုရတော့မှာပဲ။ ဂိုဏ်းသားတွေ ဗိုလ်စွဲမယ်ဆိုရင် ဒီအရာက တိုးတက်ကောင်း တိုးတက်နိုင်ပါရဲ့” ကုန်းရှန့်သည် တီးတိုးရေရွတ်နေမိသည်။

“ပြောရခက်တယ်”

စနစ်က ပြောလိုက်၏။ “ဒီလိုပြိုင်ပွဲမျိုးဆိုတာ လူငယ်ပါရမီရှင်တွေအတွက် အကန့် အသတ်ပဲလေ။ စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးနိုင်တဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘာမှ မဆိုင်ဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်း ဒီလိုမျိုး များများ ဆက်ပြောပေး”

စနစ်သည် ဒေါသမထွက်သလို ထ၍လည်း မအော်ခဲ့ချေ။ ထိုအစား သူက ပြောလိုက်၏။ “ငါ့အထင်အရဆိုရင် လက်ခံသူအတွက် အဓိကတာဝန်ကို ပြည့်စုံဖို့ အကောင်းမွန်ဆုံးနည်းလမ်းက မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို သတ်ဖြတ်ပစ်တာပဲ”

“………”

ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ တစ်ဖက်လူအကြောင်းကို ပြောသည့်အချိန်တွင် ကုထျန်းရှင်း အနေနှင့် ကြောက်ရွံ့မှုကို ပြသခဲ့၏။ ကုထျန်းရှင်းဆိုသည်မှာ အထက်စကြဝဠာတစ်ခုလုံးတွင် အလွန်အားကောင်းလှသည်ဟု သတ်မှတ်ခံထားရသူတစ်ယောက်ဖြစ်သည်။

သူ့အနေနှင့် တစ်ဖက်လူကိုသာ သတ်ဖြတ်နိုင်သည်ဆိုပါက ကျိန်းသေပေါက် အဓိကတာဝန်ကို ပြည့်စုံကောင်း၊ ပြည့်စုံနိုင်သွားပေလိမ့်မည်။

“ကြည့်ရတာ”

ကျွင်းချောင်ရှောင်းသည် မျက်နှာကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါ့အနေနဲ့ ရွှမ်ယွမ်နယ်မြေကြီးကို အမွေဆက်ခံမရဘူးဆိုရင်တောင်မှ သူက ငါ့ရန်သူ ဖြစ်နေအုံးမှာပဲ”

“ဂိုဏ်းချုပ်ကျွင်း”

အသံတစ်ခုသည် သူ၏နားထဲသို့ ဝင်ရောက်လာသည်။ “ခေါင်းဆောင်က ဂိုဏ်းချုပ်ကျွင်းနဲ့ တွေ့ချင်လို့ အဓိကဟောခန်းထဲကို ရောက်လာပါတယ်”

ဝှစ်

ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးဆီမှနေ၍ သူ၏အခန်းဆီသို့ ပြန်လာတော့၏။ “ကောင်းပြီ”

ကြယ်ပင်လယ်မဟာမိတ်အဖွဲ့၏ အဓိကဟောခန်း

ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာခဲ့၏။ လက်ရှိအချိန်မှာတော့ ကုထျန်းရှင်းသည်သာမက ဒုတိယ ခေါင်းဆောင်ဖန်းနှင့် တခြားသောအကြီးအကဲများအားလုံးလည်း ရောက်ရှိနေကြ၏။ ၎င်းတို့၏ အမူအရာကို ကြည့်ရ သည်မှာ လေးနက်လျက်ရှိသည်။

“ဦးလေး… ဘာကိစ္စလဲ” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထိုင်ချကာ မေးမြန်းလိုက်၏။

“ဒါပြမလို့”

ကုထျန်းရှင်းသည် စာရွက်တစ်ရွက်ကို လှမ်းပစ်ပေးလိုက်၏။ ဤအရာသည် စိန်ခေါ်စာပင်ဖြစ်သည်။ ပါဝင်သည့်အကြောင်းအရာမှာ “သုံးရက်အတွင်း တိုက်ပွဲတစ်ခုအတွက် ငါ မင်းတို့ဆီ လာခဲ့မယ်”

အောက်တွင် ထိုးထားသည့်လက်မှတ်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာပင်ဖြစ်၏။

…………

ထိုအရာကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အမူအရာသည် နဝေတိမ်တောင် ဖြစ်နေ၏။ မကြာသေးခင်ကတင် တစ်ဖက်လူအကြောင်းကို သူစဉ်းစားလျက် ရှိနေ၏။ ရုတ်တရက် တစ်ဖက်လူသည် လာရောက်ကာ စိန်ခေါ်ခဲ့ချေသည်။

“ကျုပ်အထင်အရဆိုရင်”

ဒုတိယမဟာမိတ်ခေါင်းဆောင်ဖန်းက လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ရုတ်တရက် စိန်ခေါ်စာကို ပို့လိုက်တယ်ဆိုတာ သူ့ရဲ့ မွေးစားသားတစ်ယောက် ဆိုးဆိုးရွားရွား ရိုက်နှက်နှိပ်စက်ခံရတဲ့ အကြောင်းအရာနဲ့ ပတ်သက်လိမ့်မယ် ထင်တယ်”

“ဒီတော့”

ကုထျန်းရှင်းက ပြောလိုက်သည်။ “ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေထဲကိုလာပြီး ကျုပ်ကို စိန်ခေါ်တာ ကျုပ်မစိုးရိမ်ဘူး။ ဒါပေမဲ့”

သူသည် ကျွင်းချောင်ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ဖျက်ဆီးချင်တာပဲ”

“မဟုတ်သေးပါဘူး” ကုန်းရှန့်သည် စိတ်ဓာတ်ကျလျက်ရှိ၏။ မိုးကောင်းကင်အင်ပါယာဆိုသည်မှာ တကယ့် ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ သူ၏ မွေးစားသား နှိပ်စက်ရိုက်နှက်ခံရသည့် အကြောင်းအရာနှင့်ပတ်သက်၍ အင်္ကျီလက်ကို ခေါက်တင်ကာ ရန်စွယ်ငေါငေါဖြင့် လာရောက် စိန်ခေါ်လိမ့်မည်ဟု မထင်ချေ။ အနည်းဆုံး သူ့အား တိုးတက်လာစေရန် အချိန်အနည်းငယ်တော့ ပေးသင့်၏။

“မင်းအနေနဲ့ ပိုပြီးတော့ ကြီးထွားလာမယ်ဆိုရင် သူဘာမှ မလုပ်နိုင်မှာကို စိုးရိမ်လို့ ကြိုပြီးတော့ လာတာလည်း ဖြစ်နိုင်တယ်” စနစ်က ပြောလိုက်၏။

…………

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဤကဲ့သို့ ဉာဏ်ကောင်းလွန်းလှသော ဗီလိန်များနှင့် ရင်ဆိုင်ရသည့် အချိန်တွင် သူမည်ကဲ့သို့ ရင်ဆိုင်ရမည်နည်း။

“ကောင်လေး”

ကုထျန်းရှင်းက ပြောလိုက်၏။ “မင်းလူတွေကို မြန်မြန်ခေါ်ပြီးတော့ ကောင်းကင်ဖြတ်သန်းခြင်း လောကကနေ ထွက်သွားလိုက်”

“ဦးလေး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ဒီကိုလာတယ်ဆိုတာ သူ့ရဲ့ မွေးစားသား ရိုကနှက်နှိပ်စက်ခံရလို့။ ဒီကိစ္စက ကျုပ်နဲ့ ပတ်သက်နေတာ။ ကျုပ် ဘယ်လိုလုပ်ပြီး ထွက်သွားလို့ ရမှာလဲ”

အတိတ်တုန်းကသာဆိုလျှင် သူသည် အနိုင်မယူနိုင်ဘူးဆိုပါက ကျိန်းသေပေါက် ထွက်ပြေးပေလိမ့်မည်။ သို့ပေမဲ့ ဤနေရာသည် ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးဖြစ်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် သူ့ကိုပစ်မှတ်ထား၍ လာရောက်ကာ ရှာဖွေပြီး မတွေ့ရှိသည်ဆိုပါက ၎င်း၏ ဒေါသတရားများကို ဤဂြိုဟ်ပေါ်သို့ ပစ်မှတ်ထားသွားပေလိမ့်မည်။ ထိုသို့ဆိုရင် ဦးလေးကုကိုပါ ဝင်ရောက်ကာ ပတ်သက်မိပေ လိမ့်မည်။

“ဒီအချိန်က သူရဲကောင်းလုပ်ရမယ့် အချိန်မျိုး မဟုတ်ဘူး။ တစ်ဖက်လူမလာခင် ထွက်သွားတာ အကောင်းဆုံးပဲ” ကုထျန်းရှင်းက ဆော်ဩလိုက်၏။

မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆိုသည်မှာ အမှန်ပင် ရည်မှန်းချက်ကြီးမားပြီး လွှမ်းမိုးနိုင်သည့်လူ တစ်ယောက် ဖြစ်၏။ ထို့အပြင် လူကောင်းတစ်ယောက်လည်း မဟုတ်ချေ။

“ဦးလေး… ကျုပ် ဒီလိုမျိုး ထွက်သွားမှာ မဟုတ်ဘူး။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက စိန်လာခေါ်ရင် ကျုပ်တို့ ပြိုင်စံရှားဂိုဏ်းက ကျိန်းသေပေါက် လက်ခံရမယ်”

ကျွင်းချောင်ရှောင်း၏ ကိုယ်၊ စိတ်၊ အမူအရာများ သည် သံမဏိကဲ့သို့ ခိုင်ကြည်လွန်းလှ၏။ လက်ရှိအခြေအနေမှာတော့ သူ၏ ကျောဘက်ကို ကြည့်ရှုရမည် ဆိုလျှင် ကျောမှာမတ်လျက်ရှိပြီး သံမဏိကဲ့သို့ ခိုင်ကြည်သည့် စိတ်ကို ထုတ်ဖော်နေသည်ကို မြင်ရပေလိမ့်မည်။

“……”

ကုထျန်းရှင်းသည် ဆွံ့အလျက်ရှိ၏။ မူလအားဖြင့် တစ်ဖက်လူအား တဖြည်းဖြည်းဖြင့် ထွက်ခွာသွားရန် ဖြောင်းဖျမည်ဟု တွေးတောထားခဲ့၏။ သို့ပေမဲ့ ကုန်းရှန့်မျက်လုံးများနှင့် အကြည့်ချင်းဆုံသည့်အခါမှတော့ ချက်ချင်းပဲ ထိုအကြံအစည်ကို ဖယ်ချလိုက်မိသည်။ ပြီးနောက် သူသည် စကားလမ်းကြောင်းကို ပြောင်းလိုက် တော့၏။ “ဦးလေး… မင်းကို ထောက်ပံ့ပေးမယ်”

“ကျုပ်ကောပဲ”

ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသောအထက်ပိုင်း အကြီးအကဲများအားလုံးသည် မတ်တပ် ထရပ်ကာ ပြောလိုက်၏။ “ကျုပ်တို့အားလုံး ဂိုဏ်းချုပ်ကျွင်းကို ထောက်ပံ့ပေးမယ်”

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် စကြဝဠာနတ်တိုက်ပွဲတွင် ကောင်းကင်ဖြတ်သန်းခြင်းနယ်မြေကို ကိုယ်စားပြု၍ တိုက်ခိုက်ခဲ့ကြ၏။ ထိုအရာသည် သူတို့အား ကြီးမားသည့်ဂုဏ်သိက္ခာတရားကို ပိုင်ဆိုင်စေရန် ပြုလုပ်ပေးခြင်းနှင့် ဆင်တူ၏။ မူလအားဖြင့် ၎င်းတို့သည်လည်း အကောင်းဆုံး ပြန်လည်ကာ ကူညီပေးရမှာ ဖြစ်သည်။

ကုန်းရှန့်သည် တစ်ခါတစ်ရံတွင် ကဗျက်ကချော်ပြုလုပ်၍ အရှက်မဲ့သည့် လူတစ်ယောက်ဖြစ်သည်ဆိုသည်ကို မငြင်းပယ်နိုင်ချေ။ သို့ပေမဲ့ သူနှင့် မိတ်ဆွေဖြစ်ခဲ့သည့်လူများသည် ဆိုးရွားလှသည့်လူများ မဟုတ်ကြချေ။ အနည်းဆုံးအားဖြင့် ဘာမှမလုပ်နိုင်လျှင်တောင်မှ ထွက်ပြေးတတ်သည့်လူမျိုး မဟုတ်ဘဲ သူ၏ ဘေးနားတွင်ရပ်ကာ အားပေးတတ်သည့် လူမျိုးပင်။ ဤအရာသည် သူ၏ ကံတရားဟုပင် ပြောဆိုရမည်လား။

………………

“ငါ ဘာလုပ်သင့်လဲ။ ငါ ဘာလုပ်သင့်လဲ”

ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် နှောင့်နှေးလို့ နေခဲ့၏။ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့တွင် သူသည် အမှန်ပင် ရဲရင့်လှသည့် စကားများကို ပြောဆိုခဲ့သည် ဆိုသော်လည်း စိတ်ထဲတွင်တော့ စိုးရွံ့လျက်ရှိ၏။

“ဘာကြောက်နေတာလဲ”

စနစ်က ပြောလိုက်သည်။ “လုပ်စရာရှိတာ လုပ်လိုက်ရုံပဲပေါ့”

…………

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်လျက်ရှိ၏။ “ငါ့ဆီမှာ အဲလောက်ယုံကြည်ချက်မျိုး မရှိဘူး”

သူသည် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ အဆင့်ချိုးဖြတ်ရောက်ရှိခဲ့ပြီဖြစ်သည်။ ပုံမှန်အရဆိုလျှင် မင်းသားမှာ အဆင့်တိုးတက်သည်ဆိုသည်နှင့် ဗီလိန်များသည် လာရောက်ကာ ပြဿနာရှာမည်။ မင်းသားသည် ကောင်းကောင်းကြီး ဖျော်ဖြေပေးလိုက်မည်ဖြစ်၏။ သို့ပေမဲ့ လက်ရှိမှာ‌တော့ သူ့ဆီလာရောက်ကာ စိန်ခေါ်သည့်လူသည် သာမန်ဗီလိန်မျိုး မဟုတ်ပေ။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဆရာကြီးပင် ဖြစ်နေသည်။

အတိုချုပ် ပြောရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်၍ စဉ်းစားမနေချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို မည်ကဲ့သို့ တိုက်ခိုက်အနိုင်ယူရမည်ဆိုသည့် အကြောင်းကို စဉ်းစားနေမိတော့၏။

“အသုံးမဝင်ဘူး”

သူသည် ရပ်တန့်ကာဖြင့် လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည်။ “မင်း ငါ့ကို ကူပြီး တိုက်ခိုက်ပေးမှ ဖြစ်လိမ့်မယ်”

ကုန်းရှန့်သည် သူမနိုင်သည့် အခါမျိုးတွင် စနစ်ကို ခေါ်ယူကာ တိုက်ခိုက်တတ်သည့်အကျင့်ကို ပြုလုပ်တတ်၏။ သူ့အနေနှင့် ဂိမ်းဆာဗာကို ခိုးယူနိုင်စွမ်း မရှိဘူးဆိုလျှင် သူ့အတွက် တိုက်ခိုက်နိုင်မည့် တစ်စုံ တစ်ယောက်ကို ရှာဖွေသည်ဆိုသည်မှာ နိယာမပင်။ သူသည် လူသားဆန်လွန်းလှ၏။

“….….”

စနစ်က ပြောလိုက်၏။ “ဒါဆိုရင် လက်ခံသူ ထွက်ပြေးသင့်ပြီ”

သူ့အနေနှင့် မကူညီချင်၍ မဟုတ်ချေ။ တစ်ကြိမ်‌ပေါ်ပေါက်လာသည်ဆိုသည်နှင့် အထက် စကြဝဠာနယ်မြေကြီး တစ်ခုလုံးတွင် ကြီးမားလှသည့် ထိခိုက်မှု၊ ဆိုးရွားမှုများကို ခန့်မှန်း၍ မရနိုင်အောင် ဖြစ်တည်လာနိုင်ခဲ့၏။ အထက်စကြဝဠာကြီး၏ လှည့်ပတ်နေသည့် စနစ်တစ်ခုလုံးပင် ပျက်ဆီး ယိုယွင်းသွားနိုင်သေးသည်။

“မဖြစ်ဘူး။ မဖြစ်ဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို ပွတ်သပ်ကာ ပြောလိုက်၏။ “ငါ နည်းလမ်း တစ်ခုကို စဉ်းစားရမယ်”

သူ့အနေနှင့် ထွက်ပြေးနိုင်စွမ်းမရှိ၊ စနစ်က ကူညီပေးနိုင်စွမ်းမရှိသည့် အချိန်မျိုးတွင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို မည်ကဲ့သို့ ရင်ဆိုင်ရမည်ဆိုခြင်းမှာ သူ့အတွက် ကြီးမားလှသည့် ပြဿနာကြီးပင် ဖြစ်လာခဲ့သည်။

………

သုံးရက်ကြာမြင့်ပြီးနောက် ကြယ်ပင်လယ်အဓိကဟောခန်း၏ အပြင်ဘက်တွင်တော့ ကုထျန်းရှင်းနှင့် တခြားသော အထက်ပိုင်းအကြီးအကဲများသည် လေးနက်တည်ကြည်သည့် အမူအရာများဖြင့် ရှိလို့နေ၏။

ဒွီ ဒွီ…

ကောင်းကင်ယံတွင် အက်ကွဲကြောင်းကြီး ဖြစ်တည်လာခဲ့ပြီး အလွန်သုန်မှုန်လှသည့် အော်ရာများသည် ဂြိုဟ်ကြီးတစ်ခုလုံးဆီသို့ ပြည့်နှက်လာခဲ့၏။ ကောင်းကင်ဖြတ်သန်းခြင်းလောကထဲတွင် ရှိနေသော သက်ရှိ သတ္တဝါများသည် တုန်ယင်သွားခဲ့၏။ အထူးသဖြင့် တစ်ခုခုဖြစ်တော့မည်ဆိုလျှင် ကြိုတင်ကာ အာရုံခံမိကြသည့် မွန်းစတားများပင် ဖြစ်တော့သည်။ ၎င်းတို့အားလုံးသည် မြေပေါ်တွင် ဒူးထောက်လိုက်ကြပြီး မျက်လုံးထဲတွင် ကြောက်လန့်မှုများနှင့် ဖြစ်တည်လာခဲ့ကြသည်။

ဝှစ်

ရုတ်တရက် အလင်းတန်းတစ်ခုသည် တည်နေရာအက်ကွဲကြောင်းထဲမှ ပျံသန်းဝင်ရောက်လာ၏။

“သူလာပြီပဲ”

ကုထျန်းရှင်း၏ နှလုံးသားထဲတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

တစ်ချိန်တည်းမှာပဲ အလင်းတန်းသည် ကောင်းကင်ပေါ်တွင် ခပ်မတ်မတ် ရပ်လျက်ရှိ၏။ ၎င်းသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာဖုံးကို စွပ်ထားသည့်လူတစ်ယောက်လည်းဖြစ်၏။ ကြောက်မက် ဖွယ်ရာကောင်းလှသည့် နတ်ဆိုးအော်ရာများသည် ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိပြီး နတ်ဆိုး နတ်ဘုရားကြီး ဆင်းသက်လာသည့်ပုံပင်။

ဖြောက် ဖြောက် ဖြောက်

တည်နေရာအတားအဆီးကြီး ဤကြောက်မက်ဖွယ်ရာကောင်းသည့် နတ်ဆိုးအော်ရာများကို မည်သို့မှ မခုခံ နိုင်ခဲ့ဘဲ ကြီးမားလှသည့် အက်ကွဲကြောင်းကြီးများ စတင်ကာ ဖြစ်ပေါ်လာခဲ့၏။ အော်ရာသီးသန့်နှင့်ပင် တည်နေရာတစ်ခုလုံးကို ပျက်စီးသွားခဲ့၏။

ဒုတိယခေါင်းဆောင်ဖန်းနှင့် တခြားသောသူများ အားလုံးသည် ကြက်သေသေလျက် ရှိနေသည်။ ယခုရောက်ရှိလာသည့်လူသည် ဤအထက်စကြဝဠာ နယ်မြေထဲတွင် ကြောက်မက်ဖွယ်ရာ အကောင်းဆုံးလူ ဖြစ်သော မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဖြစ်ကြောင်း အားလုံးက အတည်ပြုလိုက်ကြသည်။

“ခေါင်းဆောင်ကု”

အမဲရောင်နှင့်လူသည် တင်းမာခက်ထန်သည့် မျက်နှာဖြင့် ပြောလိုက်၏။ “ဒီနေရာကို ရောက်လာတာ ပထမအကြိမ်ပဲ။ ကျုပ်ကို အကြောင်းပြချက်ပေး”

“.........”

ကုထျန်းရှင်းသည် မျက်မှောင်ကုတ်မိသွား၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ပြောဆိုလိုက်သည့် စကားလုံး ထဲတွင် ဝိညာဉ်အဆင့် တိုက်ခိုက်မှုများ ပါဝင်လျက်ရှိ၏။ ထို့ကြောင့် သူသည် ကြီးမားလှသည့်ဖိအားကြီးကို ခံစားနေရပြီး နဖူးစပ်ဆီမှ ချွေးစေးများပင် ကျဆင်းလာသည်။

ဒုန်း

ထိုအချိန်မှာတော့ ကုချင်း၏ အသံတစ်ခုထွက်ပေါ်လာခဲ့သည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အသံ ထွက်ပေါ်လာရာကို လှမ်းကာကြည့်ရှုလိုက်သည့်အချိန်မှာတော့ ကြယ်ပင်လယ်တောင်ထွတ်ပေါ်ရှိ စားပွဲတစ်လုံးရှေ့တွင် ထိုင်လျက်ရှိနေသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရ၏။

ထိုသူသည် ကုချင်းပေါ်သို့ လက်တင်ထားပြီး ပြုံးကာပြောလိုက်၏။ “မိတ်ဆွေတစ်ယောက် အဝေးက ရောက်လာတယ်ဆိုတာ ပျော်စရာပါပဲ”

ရှောင်ကျီနှင့် ရီရှင်းချန်တို့သည် ကျွင်းချောင်ရှောင်း၏ အနောက်တွင် မတ်မတ်ရပ်လျက်ရှိသည်။

“မင်းက”

“ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ” ကျွင်းချောင်ရှောင်းက ထူးမခြားနားသလို ဖြေလိုက်၏။ သို့ပေမဲ့ သူ၏ စိတ်ထဲတွင် စိုးရွံ့လျက်ရှိ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ သူ့အားကြည့်ရှုလိုက်သည့်အချိန်တွင် ကြီးမား ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးအော်ရာများ သူ့ဆီသို့ ကျဆင်းလာ၏။ သူ့အနေနှင့် နတ်ဘုရားလျှို့ဝှက်အဆင့်ဆီသို့ ဝင်ရောက်ထားနိုင်သည့်လူသာ မဟုတ်ပါက ကျိန်းသေပေါက် ထိုအရာကို ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ကျိန်းသေပေါက် သွေးပွက်ပွက် အန်နိုင်၏။

“ချီးတဲ့မှ... အခုရောက်လာတဲ့သူက တကယ်ကြောက်စရာပဲ။”

All Chapters