← Chapters

အခန်း ၁၈၃၃

Vol. 123 Ch. 1833

အခန်း ၁၈၃၃

Vol. 123 Ch. 1833

အပိုင်း (၁၈၃၃)

ကျွင်းချောင်ရှောင်းအနေနှင့် SSS အဆင့် စိတ်ဝိညာဉ်ကို ဆင့်ခေါ်ပြီးသည့်နောက် ဆိုးရွားသည့် ဘေးထွက် ဆိုးကျိုးကို ခံစားရလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။ ထို့အပြင် သူသည် ရူးသွပ်သောလူတစ်ယောက် ကဲ့သို့ပင် ဖြစ်နေခဲ့၏။ သူ့ကိုယ်သူ မျောက်မင်းဝူခုံးဟု ထင်မှတ်နေပြီး ကောင်းကင်ဘုံသို့ တက်၍တိုက်ခိုက်ရန် နေ့စဉ်နေ့တိုင်း ကြွေးကြော်လျက် ရှိနေ၏။

သာမန်ဖြစ်နေသည့်အရာမှာ မျောက်တစ်ကောင်ကဲ့သို့ သူ၏ဦးခေါင်းကို မကုတ်ခြစ်ခြင်း အလုပ်သာရှိသည်။ မဟုတ်ပါက ကျိန်းသေပေါက် မျောက်တစ်ကောင်ဖြစ်နေသည်ဟု သူ၏တပည့်များက ထင်မှတ်နေပေ လိမ့်မည်။

သူသည် တကယ်တမ်းမှာတော့ မျောက်ဘုရင်၏ ဝင်စီးခြင်း ခံနေရသည်မဟုတ်ချေ။ ဘေးထွက်ဆိုးကျိုးကို ခံစားရင်း ရူးသွပ်နေခြင်းသာဖြစ်၏။ မျောက်ဘုရင်ကြီးသည် သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ခွာ သွားသည်ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင်တော့ သူသည် သူ့ကိုယ်သူ မျောက်ဘုရင်ဟု ထင်မှတ်နေခဲ့၏။

“ငါတို့ ဘာလုပ်ကြမလဲ”

ယုစီနန်နှင့် တခြားသောသူများသည် ဟောခန်းထဲတွင် မတ်တပ်ရပ်ကာဖြင့် ထိုင်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ မျောက်တစ်ကောင်လို ခုန်ဆွခုန်ဆွလုပ်နေသော ဂိုဏ်းချုပ်ကို ကြည့်ရှုနေမိ၏။ ဂိုဏ်းချုပ်သည် ၎င်း၏ဘဝကို သာယာလျက်ရှိနေပုံပင်။

အားလုံးတို့သည် သူတို့၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ ဖြစ်တည်နေကြသည်။

“ဟင်း” အကြီးအကဲဝေသည် သက်ပြင်းချလိုက်မိသည်။ ခန္ဓာကိုယ်အခြေအနေသည် အဆင်ပြေ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် ရူးသွပ်သွားခဲ့၏။

“အားလုံးပဲ”

ဟွာမင်ကွေ့သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “ယွမ်ဖန်က အခုအချိန်မှာ အားလုံးကို တာဝန်ယူထားလိမ့်မယ်”

“ကောင်းပါပြီ” အကြီးအကဲများအားလုံးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်၏။ ဂိုဏ်းချုပ်သည် ရူးသွပ် သွားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်မိန်းမကတော့ ရှိသေး၏။ သူတို့သည် သူမ၏ ဦးဆောင်မှုနောက်ကို လိုက်ပါရ ပေလိမ့်မည်။

“ယောက်ျား”

ဟွာမင်ကွေ့သည် ကျွင်းချောင်ရှောင်းကို ဟောခန်းထဲမှ ဆွဲခေါ်သွားပြီးသည့်နောက် အားတက်တရော ပြောလိုက်သည်။ “ရှင့်ကို ကျွန်မ ကောင်းကင်ဘုံဆီ ခေါ်သွားမယ်”

လက်ရှိအချိန်မှာတော့ သူမသည် ဂိုဏ်း၏ အတွင်းရေးကိစ္စများကို စီမံခန့်ခွဲပေးနေရ၏။ ထို့ကြောင့် ယွမ်ဖန်ကို အရာအားလုံး လက်လွှဲပေးကာဖြင့် သူမ၏ ယောက်ျားကို ဂရုစိုက်ရန်တစ်ခုတည်းသာ ပြုလုပ်တော့မည်ဟု စိတ်ဆုံးဖြတ်လိုက်တော့၏။

ဆွစ်

ကုန်းရှန့်သည် လက်ကိုယမ်းခါကာ အော်ဟစ်လိုက်သည်။ “မွန်းစတား... ငါ့ကို ယောက်ျားလို့ မခေါ်နဲ့”

“..............”

အားလုံးသော သူတို့သည် ဆွံ့အသွား၏။ ဂိုဏ်းချုပ်သည် တကယ်ပင် ရူးသွပ်နေခဲ့၏။ သူ၏ မိန်းမကိုပင် မွန်းစတားဟု ခေါ်ဆိုနေ၏။

အကြီးအကဲဝေသည် အကူအညီမဲ့စွာဖြင့် တွေးလိုက်မိသည်။ “ဂိုဏ်းချုပ်က ပုံမှန်အခြေအနေဆိုရင် ခံစားချက် သက်ဝင်တတ်သေးတယ်။ အခု ရူးသွားပြီဆိုတော့ ကုစရာနည်းလမ်း မရှိတော့ဘူးနဲ့ တူတယ်”

..........

ကျွင်းချောင်ရှောင်းသည် ရူးသွပ်သွားခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ရှေ့ဆက်ရမည့်ဘဝမှာတော့ တည်ရှိလို့နေသေး၏။

ထို့ကြောင့် ပြိုင်စံရှားဂိုဏ်းအား ယွမ်ဖန်သည် ခဏတာ တာဝန်ယူထားခဲ့ပြီး တခြားသော တောင်ထွတ် အသီးသီးနှင့် ဟောခန်းအသီးသီးတို့သည် ပုံမှန်အတိုင်း လည်ပတ်နေလေသည်။

များပြားလှသော တပည့် များသည် ထျန်းချီထူးခြားလျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ကာ အဆင့်ချိုးဖြတ်နေပြီး အားလုံးသောသူတို့၏ အားအင်အဆင့်သည် တဖြည်းဖြည်း တိုးတက်လာခဲ့၏။

ဘန်း ဘန်း

အစီအရင်ဟောခန်း၏ အပြင်ဘက် လွတ်လပ်သောတည်နေရာတစ်ခုမှတော့ များပြားလှသော အသစ် တည်ဆောက်ထားသည့် ကြယ်တာရာ ရွက်သင်္ဘောများသည် စမ်းသပ် ပျံသန်းလျက်ရှိနေ၏။ ရလဒ်သည် အမှန်ပင် ကောင်းမွန်လွန်းသည်။

ဝှစ်

သားရဲစီးဟောခန်းအတွင်းမှာတော့ ကျွဲရိုင်းစက်ရုပ်များအားလုံးသည် ပုံမှန်အတိုင်း လေ့ကျင့်လျက် ရှိနေ၏။ ၎င်းတို့သည် ပြင်းပြင်းထန်ထန် လေ့ကျင့်မှု ပြုလုပ်ပြီးသည့်နောက် တိုက်ခိုက်နိုင်မှု စွမ်းအင်သည် ပိုမိုကာ တိုးတက်လာ၏။

ဆွစ် ဆွစ်

ရုတ်တရက် စက်ရုပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီးသည့်နောက် အရှိန်အဟုန်ပြင်းပြင်းနှင့် အောက်ဆီသို့ ထိုးဆင်းလာ၏။ အပေါ်ပျံလိုက်၊ အောက်ပျံလိုက်နှင့် လေထဲတွင် ခက်ခဲလှသော လှည့်ပတ်ခြင်း များကိုပင် ပြုလုပ်ခဲ့သည်။ အလွန်ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်စွမ်းရှိနေသည်ဟူသော အချက်ကို သက်သေပြနေခြင်းပင်။

မြေပေါ်သို့ ဆင်းသက်လာသော စက်ရုပ်ကြီးကို အနီးကပ် ကြည့်ရှုရမည်ဆိုလျှင် ကျောနံပါတ် ခြောက်ဆယ့်ခြောက် ဟု ရေးထိုးထားသည်ကို မြင်ရပေမည်။

ကျွီ

စက်ရုပ်၏ ရင်ဘတ်တံခါး ပွင့်သွားပြီးသည့်နောက် ကျင်းဟီသည် အထဲမှ ခုန်ထွက်လိုက်၏။ သူမသည် ဘေးနားတွင် ရှိနေသော သူမ၏ဂျူနီယာဆီသို့ ဦးထုပ်ကို လှမ်းပစ်ပေးလိုက်၏။ ပြီးနောက် အိမ်သာဆေးသည့် တုတ်ကို ယူဆောင်ကာဖြင့် အသာလှည့်ထွက်သွားတော့သည်။ မသွားခင်မှာပဲ အားလုံးသောသူတို့ကို သတိပေးလိုက်၏။ “အရာအားလုံး ပုံမှန်ပဲ။ အချိန်ကာလတစ်ခုအထိ ထိန်းသိမ်းစောင့်ရှောက်စရာ မလိုသေးဘူး”

“စီနီယာအစ်မကျင်းက အံ့အားသင့်စရာပဲ။ ဒီလို လေထဲမှာ လှည့်ဖို့ဆိုတာ နှစ်အနည်းငယ်လောက် သင်ယူ ရမယ့် အရာမျိုးလို့ ထင်တယ်”

“ဟုတ်တယ်။ စီနီယာအစ်မကျင်းက စက်ရုပ်နံပါတ်‌‌ ခြောက်ဆယ့်ခြောက်ကို ကိုင်တွယ်ခဲ့တဲ့ ပထမဦးဆုံး မောင်းနှင်သူပဲလေ။ ဒီတော့ သူက အတော်ဆုံး ဖြစ်နေတာပေါ့”

...........

သားရဲစီးဟောခန်းထဲမှ လျှောက်ထွက်ပြီးသည့်နောက် ကျင်းဟီသည် ရပ်တန့်ကာဖြင့် သူ၏ ဂိုဏ်းတူ ရောင်းရင်းများ ချီးကျူးနေသည်ကို နားထောင်နေမိ၏။ ဂုဏ်ယူသည့်အပြုံးတစ်ခုသည် သူ၏ မျက်နှာပေါ်တွင် ဖြစ်တည်လာ၏။ အားအင်အဆင့်အရဆိုလျှင် ဒုတိယစီနီယာအစ်ကိုနှင့် တခြားသော သူများလောက် မကောင်းလှချေ။ ထို့အတူ ဓာတ်ပုံရိုက်သည့်နေရာတွင်လည်း လီထျန်းထျန်းလောက်လည်း အားမကောင်းချေ။

သို့ပေမဲ့ စက်ရုပ်ကို ထိန်းချုပ်မောင်းနှင်သည့်နေရာမှာတော့ ကျင်းဟီသည် အကောင်းဆုံးဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ကြေညာရဲ၏။

“စီနီယာအစ်မကျင်းက တကယ့်ကို တော်တာပဲ။ ဒါပေမဲ့ ဘာလို့ အိမ်သာဆေးနေရတာလဲ”

“သူက ဒဏ်ရာရချင်ဟန်ဆောင်လို့ ဂိုဏ်းချုပ်က သူ့ကို အိမ်သာဆေးခိုင်းခဲ့တယ်လို့ ပြောတယ်”

“သူ့ရဲ့နည်းပညာက မဆိုးဘူး။ စီနီယာအစ်ကိုမြောင်နဲ့ နှိုင်းယှဉ်ရမယ်ဆိုရင် သူက ပိုတော်တာပဲ”

“အင်း... ဘာပဲဖြစ်ဖြစ် သန့်စင်တဲ့ရွှေဆိုတာ အိမ်သာထဲမှာတောင် ထွန်းလင်းတောက်ပတာပဲ”

ဂျူနီယာညီလေးအားလုံးသည် တဖြည်းဖြည်း‌ ပျောက်ကွယ်သွားခဲ့သော ကျင်းဟီ၏ နောက်ကျောကို ကြည့်ကာ ချီးကျူးလျက် ရှိနေကြသည်။

...........

ပန်းပဲဟောခန်းထဲမှာတော့ အသစ်ဖန်တီးထားသည့် ချပ်ဝတ်များသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လျက်ရှိနေ၏။ ဖန်းရီကျိသည် ပန်းပဲပြုလုပ်သည့် လုပ်ငန်းစဉ်များကို တာဝန်ယူကာ ပြုလုပ်လျက်ရှိ၏။

ပြိုင်စံရှားဂိုဏ်းတွင် အလုပ်အများဆုံး ဟောခန်းများသည် ဆေးဟောခန်း၊ အစီအရင်ဟောခန်းနှင့် ပန်းပဲ ဟောခန်းတို့ပင် ဖြစ်၏။ ၎င်းတို့သည် ဆေးလုံး သုတေသန ပြုလုပ်ခြင်း၊ စက်ရုပ်များ ဖန်တီးခြင်း၊ ချပ်ဝတ်များ ဖန်တီးခြင်းနှင့် တခြားသော နည်းပညာဆိုင်ရာ လုပ်ငန်းများကိုလည်း ပြုလုပ်နေကြရသည်။

နှစ်အနည်းငယ်အတွင်း ဟောခန်းသခင်ဖန်းသည် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားရသည်ဟု ဆိုရမည်။ သူ၏ မုတ်ဆိတ်များပင်လျှင် မြေပေါ်သို့ ရောက်လုမတတ် ရှည်လျားနေ၏။ မျက်နှာသည်လည်း အိုမင်းရင့်ရော်နေခဲ့၏။ ပြိုင်စံရှားဂိုဏ်း၏ လက်ရှိ ချပ်ဝတ်ထုတ်ဖော်နိုင်မှုနှုန်းကို ကြည့်ရှုရမည်ဆိုလျှင် တပည့်များ လုံလုံလောက်လောက် ဝတ်ဆင်နိုင်သည်ထက်ပင် ပိုလျက်ရှိ၏။

သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ အစီအစဉ်အရဆိုလျှင် အလုံးစုံသော အားအင်အဆင့်ကို ပိုင်ဆိုင်ပြီး ကြယ်တာရာစိတ်ဝိညာဉ်လောကကို သွားရောက်ကာ ဖိနှိပ်ရိုက်နှက်ချင်သည်ဆိုမှတော့ ဂိုဏ်းတစ်ခုတည်းကို အမှီအခိုပြု၍ မရချေ။ ထို့ကြောင့် ထာဝရလောကကြီးတစ်ခုလုံးရှိ အားလုံးသောသူများ၏ အားအင်ကို အသုံးပြု၍ တိုက်ခိုက်ရန် စီစဉ်ထားသည်။ ထို့ကြောင့်ပင် လက်နက်ပစ္စည်းများကို အများအပြား ဆက်လက်ကာ ထုတ်လုပ်ရဦးမှာဖြစ်သည်။

သူသည် ဂိုဏ်းတစ်ခုလုံးကို ချပ်ဝတ်နှင့် လက်နက်များ တပ်ဆင်ပေးရန် အလုပ်လုပ်နေရခြင်း မဟုတ်ချေ။ ဂြိုဟ်ကြီးတစ်ခုလုံးအတွက်ပင် လုပ်နေရခြင်းဖြစ်၏။

..........

သံမဏိအရိုးတောင်၏ အရှေ့ဘက် ရေတံခွန်၌ နှင်းဆီဧကရီသည် ရုတ်တရက် ရပ်ကာဖြင့် အထဲတွင် ရှိနေသော ဂူတစ်ဂူကို လက်ညှိုးထိုးပြလိုက်၏။ “ယောက်ျား.. ဒါက ရှင်ပြောနေတဲ့ ရေတံခွန်လား”

ကျွင်းချောင်ရှောင်းသည် တောင်နှင့် ရေတံခွန်ကြီးအကြောင်းကို တောက်လျှောက် ပြောဆိုလျက်ရှိ၏။ ထို့ကြောင့် သူမသည် ပုံပန်းသွင်ပြင်ကို ခန့်မှန်းကာဖြင့် တောဝက်ရိုင်းလေးကို ဖန်တီးပြုလုပ်ခိုင်းထားခြင်းပင်။

ဤနေရာတွင် ပြဿနာတစ်ခုရှိ၏။ ကျွင်းချောင်ရှောင်းသည် စွန်းဝူခုံးဟူသော နာမည်ကိုသာလျှင် ရွတ်ဆိုနေခြင်းဖြစ်သည်။ အဘယ်ကြောင့် သူမသည် ဤအရာများကို ဖန်တီးပြုလုပ်နိုင်ရသနည်း။

အဘယ်ကြောင့်ဆိုသော် ယခင်တုန်းက အားနေသည့် အချိန်မျိုး ၊ ဘာမှလုပ်စရာမရှိသည့် အချိန်မျိုး၌ ကုန်းရှန့်သည် နှင်းဆီဧကရီအား အနောက်ဘက်သို့ ခရီးသွားခြင်း၊ နတ်ဘုရားဖြစ်တည်ခြင်း စသည့် အကြောင်းအရာ ပုံပြင်များကို ပြောဆိုခဲ့၏။ ထို့ကြောင့် သူမသည် အနည်းနှင့်အများ ဆိုသလို သိရှိနေခြင်းပင်။

“ချီးတဲ့မှ..”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ရေတံခွန်လှိုဏ်ဂူ မဟုတ်ဘူး။ ကျုပ်ကို မညာနဲ့” သူထိုသို့ပြောလိုက်သည်ဆိုသော်လည်း သူ၏ခန္ဓာကိုယ်မှာတော့ ရှေ့သို့ ထွက်သွား၏။

“ဘုရင်ပြန်လာပြီ။ ဘုရင် ပြန်လာပြီ”

ရေတံခွန်ဆီသို့ သွားရာလမ်းမှတဆင့် လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးသည့်နောက် မျောက်များသည် သူ့အား ဝိုင်းရံလာကြသည်။

မျောက်များ ဘယ်ကရောက်လာသနည်းဟု မေးမြန်းစရာ လိုမည်မထင်ချေ။ စိတ်ဝိညာဉ်သားရဲဟောခန်းဆီမှ ဟောခန်းသခင်ကျိသည် ဂိုဏ်းချုပ်၏ မိန်းမအမိန့်အတိုင်း မျောက်များကို သွားရောက် ခေါ်ယူလာခဲ့ခြင်းပင်။

“ဟား ဟား ဟား... ကလေးတို့၊ ငါ မင်းတို့ကို အကြာကြီး စောင့်ခိုင်းစေခဲ့ပြီ”

ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။ ပြီးနောက် ခြေတစ်ဖက်ထောင်ကာ ပြောလိုက်သည်။ “ငါ့အတွက် ဝိုင်ကောင်းကောင်းတစ်ခွက် ယူခဲ့စမ်း”

ခလွပ်

အရက်မူးအိမ်မက်ဝိုင်များ ရောက်ရှိလာခဲ့သည်။ စည်းအဖုံးကို ဖွင့်ပြီးသည့်နောက် အရက်နံ့သည် လှိုဏ်ဂူ တစ်ခုလုံးကို ပျံ့နှံ့သွား၏။

“လာခဲ့ကြ... စိတ်လိုလက်ရ သောက်ကြရအောင်”

ရူးသွပ်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ့ကိုယ်သူ စွန်းဝူခုံးဟု ထင်မှတ်နေပြီး ဝိုင်များကို အောင်ပွဲခံ သောက်လျက်ရှိသည်။

ဘုတ်

သုံးခွက်လောက် သောက်ပြီးသည့်နောက် မြေပေါ်သို့ လဲကျသွားခဲ့၏။

အကြီးအကဲညိုသည် မျောက်ဝတ်စုံ အရေခွံကို ချွတ်ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်သည်။ “ဆရာကတော်... ဒီလိုမျိုး ဘယ်လောက်ကြာအောင် သရုပ်ဆောင်ရအုံးမှာလဲ”

“အင်း... သူပြန်ကောင်းတဲ့အထိပေါ့” ဟွာမင်ကွေ့က ပြောလိုက်၏။

“...............”

“ပြီးရင် ကျွန်မယောက်ျားရဲ့ သွေးသောက်ညီအစ်ကိုဖြစ်တဲ့ နတ်ဆိုးနွားဘုရင်အဖြစ် သရုပ်ဆောင်ဖို့ရှိသေးတယ်” ဟွာမင်ကွေ့သည် တဆက်တည်း မှာကြားလိုက်သည်။

“ကောင်းပါပြီ”

မျောက်အဖြစ် ဟန်ဆောင်ရသည်မှာ ခက်ခဲလွန်းလှသည် ဆိုသော်လည်း နွားအဖြစ် ဟန်ဆောင်ရခြင်းကတော့ သူ့အတွက် အခက်အခဲ မဟုတ်ချေ။ သူသည် အစတည်းက နွားမဟုတ်ပါလား။

...........

ညသို့ရောက်ရှိလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် ရေတံခွန်လှိုဏ်ဂူထဲတွင် အိပ်ပျော်လျက် ရှိနေ၏။ အရက် အလွန်အကျွံ သောက်ထားသောကြောင့် ဟောက်သံများပင် ထွက်ပေါ်နေသည်။

ဟွာမင်ကွေ့သည် ရောက်ရှိလာပြီးသည့်နောက် သူမ၏ ယောက်ျားကို စောင်အသာခြုံပေးလိုက်၏။ ပြီးနောက် ဘေးတစ်ဖက်တွင် ထိုင်ချကာ တီးတိုးပြောလိုက်၏။

“ယောက်ျား... ကျွန်မတို့ မင်္ဂလာဦးညကို မှတ်မိရဲ့လား။ ကျွန်မ စာတွေဖတ်နေတုန်းမှာ ရှင်စောင်ခြုံပြီးတော့ ထွက်ခွာသွားခဲ့တယ်လေ”

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမှ မဆိုချေ။ အဘယ်ကြောင့်ဆိုသော် ခွေးတစ်ကောင်ကဲ့သို့ အိပ်မောကျနေသောကြောင့်ပင်။

ဟွာမင်ကွေ့သည် အိပ်ရာကို အသာမှီပြီးသည့်နောက် လက်နှစ်ဖက်ကို မေးထောက်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် အတိတ်က ဖြစ်ရပ်များ ထင်ပေါ်လျက် ရှိနေ၏။

“ဘာလို့ ရှင့်ကို ချစ်မိလဲဆိုတဲ့ အကြောင်းကို ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်။ သေချာစဉ်းစားပြီးတဲ့နောက်မှာ နားလည်သွားခဲ့တယ်။ အဲနေ့က ရှင် ပြုလုပ်ခဲ့တဲ့ အပြုအမူကြောင့် ချစ်မိသွားတာ ထင်တယ်”

“ရှင်က နှလုံးသားထဲမှာ ရှိနေတဲ့ အချစ်တွေကို ပိတ်လှောင်ထားခဲ့တာ တခြားကြောင့် မဟုတ်ဘူး။ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် စိတ်ပါလက်ပါ ပြုလုပ်ချင်လို့ပဲ။ ရှင် ခံစားချက်တွေကို ဘာကြောင့် ရှောင်ဖယ်နေရတယ် ဆိုတာ ကျွန်မပဲ သိတယ်။ လူတော်တော်များများက ရှင့်ကို အထင်အမြင်မှားနေတယ် မဟုတ်လား။ အခု ရှင့်အနေနဲ့ စိတ်ထဲမှာရှိတဲ့ ဝန်ထုပ်ဝန်ပိုး အားလုံးကို ဖယ်ချလို့ ရပါပြီ။ ပြီးတော့ ကျွန်မ..”

ဟွာမင်ကွေ့သည် ဦးခေါင်းကို ကျွင်းချောင်ရှောင်း၏ လက်မောင်းပေါ်သို့ အသာမှေးလိုက်သည်။ ပြီးနောက် ကြင်နာစွာဖြင့် တီးတိုးပြောလိုက်သည်။ “ရှင့်ရဲ့မိန်းမ တစ်ယောက်အနေနဲ့ ဘေးနားမှာ တစ်သက်လုံးနေမယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အတူနေထိုင်သွားကြတာပေါ့”

All Chapters