← Chapters

အခန်း ၁၈၃၄+၁၈၃၅

Vol. 123 Ch. 1834+1835

အခန်း ၁၈၃၄+၁၈၃၅

Vol. 123 Ch. 1834+1835

အပိုင်း (၁၈၃၄ - ၁၈၃၅)

ဟွာမင်ကွေ့သည် သူမ၏ ယောက်ျားအား ဇာတ်လမ်းထဲမှာသာ နေထိုင်စေပြီး အစစ်အမှန် ဘဝကြီးဆီသို့ အလျှင်စလိုဖြင့် မခေါ်ယူခဲ့ချေ။

ဤအခြေအနေဖြင့် နေထိုင်ခြင်းအားဖြင့် ကျွင်းချောင်ရှောင်းသည် တာဝန်ဝတ္တရားများ လျော့နည်းပြီး လောက၌ ဖိအားကင်းကင်းဖြင့် နေထိုင်နိုင်သည်။

ဟွာမင်ကွေ့သည် စွန်းဝူခုံး၏ ဇာတ်လမ်းကို အနည်းငယ်ပြောင်းလဲပြီး အသုံးတော်ခံလေသည်။ အဓိက အားဖြင့် သရုပ်ဆောင် ကျွင်းချောင်ရှောင်း စိတ်ချမ်းသာရေးသည် သူမ၏ ဦးစားပေးရည်ရွယ်ချက်ပင်။

ဂိုဏ်းထဲတွင် သရုပ်ဆောင်မလုပ်ဖူးသူဟူ၍ပင် ရှားသလောက် ဖြစ်နေလေ၏။ တုနန်သည် ဗုဒ္ဓအဖြစ်ပင် နှစ်ပိုင်းလောက် သရုပ်ဆောင်ပြီးပြီ ဖြစ်သည်။ နောက်ဆုံးပိုင်းတွင် မျောက်မင်း ကျွင်းဝူခုံး၏ တုတ်ရိုက်ချက်ကြောင့် နှာပင် နှပ်ယူခဲ့ရသေးသည်။

“ဟင်း …”

ဟွာမင်ကွေ့သည် ဦးခေါင်းကို ယမ်းခါလိုက်မိ၏ “သူ့ကို ခေါ်သွားလိုက်တော့”

ဂိုဏ်းထဲတွင် ဒဏ်ရာမရဖူးသောသူလည်း ရှားပါးလာသည်။ ကောင်းကင်ဘုံစစ်သူကြီး နှင့် စစ်သည်များအဖြစ် သရုပ်ဆောင်ခဲ့သော လီဖေးနှင့် တခြားသူများသည်လည်း စွန်းပုကုံး၏ ကုသပေးမှုကို ခံနေရလေသည်။

အိုက်ယား ….

စုရှောင်မိုသည် ရောင်ကိုင်းလျက်ရှိနေသော သူ၏ မျက်နှာကို အသာပွတ်သပ်ရင်း ပြောလိုက်၏ “ဂိုဏ်းချုပ်က သူ့ကိုယ်သူ ဘာမှန်းသာ မသိတာ။ အားတော့ကောင်းသေးတာပဲ။”

“ထပ်ပြီး သရုပ်ဆောင်ရင် ကျုပ်တို့ သေကုန်မလားမသိဘူး” လီဖေးသည် တွေးတွေးဆဆဖြင့် ပြောလိုက်မိသည်။

မကြာခင်မှာပဲ နတ်မင်းကြီး လေးပါးထဲမှ တစ်ပါးအဖြစ် သရုပ်ဆောင်သော ရီရှင်းချန်သည် ဆေးဟောခန်းမဆောင်၏ ထမ်းပိုးသွားခြင်းကို ခံလိုက်ရသည်။

“ဆိုးလိုက်တာ”

ဟွာမင်ကွေ့သည် ဇာတ်လမ်းတွင် တိုက်ခိုက်ရမည့် အခန်းများကိုသာ ရွေးချယ်ထားသည်မဟုတ်ချေ။ အချစ်၊ အမုန်း များလည်း ပါဝင်၏။

နဝမမြောက်ဇာတ်လမ်းတွင်တော့ ကျွင်းချောင်ရှောင်းသည် ရေတံခွန်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိနေသည်။ ၎င်းက ပြောလိုက်သည် “မိန်းကလေး … မင်း လူမှားနေပြီ”

ကျိရှားမင်းသမီးအဖြစ် သရုပ်ဆောင်နေသော ဟွာမင်ကွေ့သည် ရင်နာနာနှင့် မေးလိုက်၏ “ရှင် ဘယ်အချိန်ထိ ရှောင်ပုန်းနေအုံးမှာလဲ”

“ဘယ်ကို ရှောင်ပုန်းရမှာလဲ”

“ရှင့်ရဲ့ ခံစားချက်အစစ်အမှန်တွေဆီကပေါ့”

“ကျုပ်ထပ်ပြောမယ်။ ကျုပ်က စွန်းဝူခုံး …. ခင်ဗျားလူမှားနေပြီ။ သွားပါတော့”

ဟွာမင်ကွေ့သည် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိသည်ဆိုသော်လည်း သူမ ယောက်ျား၏ နှင်ထုတ်မှုကို ခံရချိန်မှာတော့ မျက်ရည်များ စီးကျလာခဲ့သည်။

ဤအရာသည် သရုပ်ဆောင်နေခြင်းဖြစ်သည်။ သို့ပေမဲ့ အစစ်အမှန်ဟု သူမ က ခံစားမိနေ၏။

“ဆရာကတော် ဘာလို့ ငိုနေရတာလဲ”

“ဇာတ်ကောင်နဲ့ တသားတည်းဖြစ်သွားလို့နေမှာပေါ့”

အဝေးတစ်နေရာရှိ တောထဲတွင် ပုန်းအောင်းလျက်ရှိနေသော တပည့်များသည် တီးတိုးပြောဆိုနေကြသည်။ တစ်ချိန်တည်းမှာပဲ ဆရာကတော်၏ သရုပ်ဆောင်မှု ချီးကျုနေမိကြသည်။

“ဘုရင်”

မျောက်အိုကြီးအဖြစ် သရုပ်ဆောင်သော အကြီးအကဲညိုသည် အပြေးရောက်လာကာ ပြောလိုက်သည် “ခင်ဗျား ကျိရှားမင်းသမီးကို လက်ထပ်ရမယ်လို့ ပြောခဲ့တယ်လေ”

“ဘယ်တုန်းကပြောခဲ့တာလဲ”

“လွန်ခဲ့တဲ့နှစ်ကပဲ”

“ပေါက်ကရတွေ … ဒါဆို ငါဘာလို့မမှတ်မိရတာလဲ”

အကြီးအကဲညိုသည် ဓားတစ်စင်းကို ထုတ်ပေးကာ ပြောလိုက်သည် “ဓားကို ထုတ်နိုင်ရင် ကျိရှားမင်းသမီးကို လက်ထပ်ရမယ်လို့ ဘုရင်ပဲ ပြောခဲ့တာလေ”

“ရှင့်ဆီမှာ ကျွန်မရဲ့ ခရမ်းစိမ်းဓား ရှိနေတာပဲ။ ဘယ်လိုလုပ် ရှင်မဟုတ်ဘူးလို့ လိမ်ရတာလဲ” ဟွာမင်ကွေ့က ပြောလိုက်၏။

ကျွင်းချောင်ရှောင်းသည် သူမကို လျစ်လျူရှုပြီး ဓားကို အသာဆွဲထုတ်လိုက်သည်။ ပြီးနောက် ကြောင်အအဖြင့် ပြောလိုက်သည် “တကယ်ဆွဲထုတ်လို့ရတာပဲ”

“ဘုရင် … ဘုရင်က မလိမ်တတ်ပါဘူး” အကြီးအကဲညိုသည် အရောက်ပို့လိုက်၏။

“…..”

ကျွင်းချောင်ရှောင်းသည် ဓားကို မြေကြီးပေါ်ပစ်ချပြီးနောက် ပွစိပွစိဖြင့် ရေတံခွန်ဂူထဲသို့ ဝင်သွားလေသည်။

“မင်္ဂလာအခမ်းအနားပြင်ဆင်”

ဟွာမင်ကွေ့သည် သူမ၏ မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ရင်း ပြောလိုက်၏ “ကျွန်မ သူနဲ့ လက်ထပ်ချင်တယ်”

“……”

အကြီးအကဲညို၏ နှုတ်ခမ်းများသည် တဆတ်ဆတ် တုန်ယင်လျက်ရှိသည်။ သောက်ကျိုးနည်း … ဆရာကတော်သည် သရုပ်ဆောင်ခြင်းအတတ်ပညာ၌ တစ်ဖက်ကမ်းခတ်ပင်။

တစ်ရက်အတွင်းမှာပဲ မျောက်မင်း၏ မင်္ဂလာပွဲအတွက် မျောက်အပေါင်းတို့သည် အလှပဆုံး ပြင်ဆင်ကြလေတော့သည်။

“ရှောင်မို”

ဟွာမင်ကွေ့က ပြောလိုက်၏ “မင်းရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်းကောင်းတယ်လို့ ငါ့ယောက်ျားက ပြောခဲ့ဖူးတယ်”

“အင်း”

စုရှောင်မိုသည် ခေါင်းကုတ်ကာ ပြောလိုက်သည် “နည်းနည်းပါ ဆရာကတော်”

“ဒါဆိုရင် သတို့သမီးကို ခိုးယူမယ့် နွားမိစ္ဆာဘုရင်နေရာကနေ သရုပ်ဆောင်”

“ဟမ်”

စုရှောင်မိုသည် ပါးစပ်အဟောင်းသားဖြစ်လို့နေ၏။ ဂိုဏ်းချုပ်မိန်းမကို ခိုးပြေးရမည်လား။

“ဒါက ဇာတ်ညွှန်းပဲ” ဟွာမင်ကွေ့က ပြောလိုက်သည်။

“……”

စုရှောင်မိုသည် ဇာတ်ညွှန်းကို လှမ်းယူကာ ဖတ်ကြည့်လိုက်သည်။ လူဆိုးအခန်းမှ သရုပ်ဆောင်ရမည်ဖြစ်သည်။

…..

ညရောက်ချိန်မှာတော့ မင်္ဂလာဆောင် အခမ်းအနားက အဆင်သင့်ဖြင့်လို့နေလေ၏။ ရေတံခွန်လှိုဏ်ဂူ တစ်ခုလုံးသည် လှပလို့နေ၏။

ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် သတို့သား နှင့် သတို့သမီးတို့ ပေါ်လာမည်ကို စောင့်စားလျက်ရှိသည်။

နွားမိစ္ဆာဘုရင်အဖြစ် သရုပ်ဆောင်သော စုရှောင်မိုသည် အမှောင်ထဲ၌ ပုန်းအောင်လျက်ရှိ၏။ သူသည် အမျိုးမျိုးသော ဇာတ်ရုပ်များကို သရုပ်ဆောင်ခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ အနည်းငယ် စိုးရွံ့လျက်ရှိပြီး လက်ဝါးတစ်ခုလုံး၌လည်း ချွေးများ ရွှဲလျက်ရှိ၏။

“အချိန်ကျပြီ”

“သတို့သားကို ကြိုဆိုရအောင်”

တောက်ပသည့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျွင်းချောင်ရှောင်းအား မျောက်များက ဆွဲခေါ်လာသည်။ သူ၏ မျက်နှာအမူအရာသည် ပျက်ရွင်းလို့နေ၏။ လက်ထပ်ချင်စိတ် ရှိပုံမပေါ်ပေ။

“သတို့သမီးကို ကြိုဆိုရအောင်”

အော်ဟစ်သံ ထွက်ပေါ်လာချိန်မှာတော့ အားလုံးတို့သည် အမှတ်မထင် နောက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဟွာမင်ကွေ့သည် အစောတည်းက လှပလွန်းသူဖြစ်သည်။ ယခုကဲ့သို့ ခြယ်သထားချိန်မှာတော့ အတိုင်းထက်အလွန် လှပလို့နေ၏။ အားလုံးသော သူတို့သည် ဂိုဏ်းချုပ်မိန်းမ၏ အလှကို အသိအမှတ်ပြုမိကြ၏။

“ဟမ့်”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့လိုက်သည်။

“ကောင်းကင်နဲ့မြေကြီးကို ကန်တော့မယ်” သဘာပဓိဖြစ်သော အကြီးအကဲဝေက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“နေအုံး ....”

ထိုအချိန်မှာပဲ နှာခေါင်းတွင် ကြီးမားလွန်းသောကွင်းကြီးကို ဝတ်ဆင်ထားသည့် စုရှောင်မိုက ပေါ်ပေါက်လာသည်။ ၎င်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည် “ဒီလက်ထပ်ပွဲကို ကန့်ကွက်တယ်”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထကာ ပြောလိုက်၏ “မင်းကို မြင်ဖူးသလိုပဲ”

“တော်စမ်း”

နွားမိစ္ဆာဘုရင်သည် ပြောလိုက်သည် “ကျိရှားနတ်မိမယ်က ငါ့အပိုင်ပဲ”

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်၌ ရှိနေသော ပန်းသီးတစ်လုံးကို ယူကာ အသာကိုက်ဝါးရင်း သက်တောင့်သက်သာ ဖြင့် ပြောလိုက်၏ “ဒါဆို ယူသွားလေ”

“……”

ဤစကားစုသည် စုရှောင်မိုအား အမှန်ပင် ကြောင်အသွားစေသည်။ သူသည် ဂိုဏ်းချုပ်မိန်းမအား အကူအညီ တောင်းသလို လှမ်းကြည့်လိုက်သည်။ ဇာတ်ညွှန်းသည် လွဲနေပြီဖြစ်သည်။ မည်ကဲ့သို့ ဆက်လက်ကာ သရုပ်ဆောင်ရမည်နည်း။

“ဘန်း …..”

ထိုအချိန်မှာတော့ ဟွာမင်ကွေ့သည် ခေါင်းပေါ်ရှိ သရဖူကို မြေပေါ်ကောက်ပေါက်လိုက်ပြီး ကျွင်းချောင်ရှောင်းအား စူးစိုက်စွာ ကြည့်လိုက်သည် “ရှင် အကြင်နာတရား ကင်းမဲ့လှပါလား”

ပြောနေရင်းမှာပဲ သူမသည် နှုတ်ခမ်းကို ကိုက်လိုက်သည်။ မျက်ရည်များသည် ပါးပြင်ပေါ်သို့ တလှိမ့်လှိမ့် စီးဆင်းလာ၏။

သူမ၏ သရုပ်ဆောင်မှုသည် အလွန်ကောင်းမွန်လွန်းသည်ဟု အားလုံးက သတ်မှတ်လိုက်ကြသည်။ သို့ပေမဲ့ ဤအရာမှာ သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း အကြီးအကဲဝေ နှင့် စုရှောင်မိုတို့က သိရှိလိုက်ကြသည်။

“ကောင်းပြီ”

ဟွာမင်ကွေ့သည် ဒေါသတကြီး ပြောလိုက်၏ “ကျွန်မထွက်သွားတော့မယ်”

သူမသည် ပြောဆိုပြီးသည့်နောက် အသာ လှည့်ထွက်သွားတော့၏။ သူမ၏ ဆံနွယ်များသည် လေထဲလွင့်ခါသွားသလို မျက်ရည်စများသည်လည်း ထိုနည်းလည်းကောင်းပင်။

“ဟားဟား …”

စုရှောင်မိုသည် အားရပါးရ ထရယ်ကာ အော်ဟစ်လိုက်သည် “ကူညီတဲ့အတွက် ကျေးဇူးပဲ”

ဇာတ်လမ်းက မပြီးသေးချေ။ ထို့ကြောင့် ဆက်လက်ကာ သရုပ်ဆောင်ရပေဦးမည်။

သို့ပေမဲ့ ကုန်းရှန့်မှာတော့ ဇာတ်လမ်းအတိုင်းမလိုက်တော့ချေ။ ဟွာမင်ကွေ့၏ နောက်သို့ ခပ်သုတ်သုတ် လိုက်ပါသွားသည်။

“ရပ်လိုက်”

ရေတံခွန်လှိုဏ်ဂူထဲမှ ထွက်ခွာသွားရန် ပြင်လိုက်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လှမ်းကာ အော်ဟစ်လိုက်၏။

ဟွာမင်ကွေ့သည် ရပ်တန့်လိုက်သည်။ သူမသည် ပျော်ရွှင်သွားမိသည်။

ယောက်ျားသည် သူမကို နေစေချင်သည်လား။

“အဝတ်တွေ ချွတ်ပေးခဲ့အုံး …. ဒါတွေက ပိုက်ဆံပေးပြီး ငှားထားရတာ”

ဘုတ် ....။

အကြီးအကဲဝေသည် မြေပေါ်သို့ပင် လဲကျသွားသည်။ ဂိုဏ်းချုပ်သည် ရူးသွပ်လို့နေသည်။ သို့ပေမဲ့ ကပ်စေးနည်းသည့် အမူအကျင့်ကတော့ ကျန်ရှိလို့နေသေး၏။

ဟွာမင်ကွေ့သည် စကားတစ်ခွန်းမှမဆိုချေ။ လှိုဏ်ဂူရှေ့၌ ရပ်တန့်ရင်း မျက်ရည်များ ကျဆင်းလျက်ရှိသည်။

“……”

အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များသည် ဆရာကတော် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြ၏။

“ကျွင်းချောင်ရှောင်း”

ဟွာမင်ကွေ့သည် ရုတ်တရက် လှည့်ကာဖြင့် အဝတ်များကို ဆွဲဖြဲကာာ အော်ဟစ်လိုက်သည် “ကျွန်မက ငှားထားတဲ့အရာတွေလောက်တောင် ရှင့်နှလုံးသားထဲမှာ တန်ဖိုးမရှိဘူးလား”

လက်ရှိအချိန်မှာတော့ ဟွာမင်ကွေ့သည် ကျိရှားနတ်မိမယ် မဟုတ်တော့ချေ။ သူမသည် ဟွာမင်ကွေ့သာလျှင်။

“ရှင့်နှလုံးသားထဲမှာ ရှိနေဖို့ ကျွန်မ အမြဲမျှော်လင့်မိတယ်။ ရှင် ရူးနေတယ် ဆိုရင်တောင်မှပေါ့ ….”

ဟွာမင်ကွေ့က ပြုံးလိုက်သည်။ သို့ပေမဲ့ သူမ၏ အပြုံးသည် နာကျင်လျက်ရှိသည် “ကျွန်မမှားတယ်။ ကျွန်မ အတွေးများခဲ့တယ်”

ဂွက် ...။

ကျွင်းချောင်ရှောင်းသည် ပန်းသီးကို ဆက်လက် ကိုက်ဝါးလိုက်၏။

အလွန်ချိုသည်။

သို့ပေမဲ့ ထပ်မံကာ ဝါးလေ ခါးလာလေပင်။ နှလုံးသားထဲကလည်း နာကျင်လာမိ၏။

ဟွာမင်ကွေ့ လှည့်ထွက်သွားချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ စိတ်တစ်ခုလုံးသည် ရှုပ်ထွေးသွားသည်။ ဘာကြောင့်လဲ ဆိုသည်ကို သူမပြောနိုင်ချေ။

“ကျွန်မ ပင်ပန်းနေပြီ”

ဟွာမင်ကွေ့သည် ပြောလိုက်သည် “ဒီပွဲမှာ မပါတော့ဘူး”

ဂွက် …

ကျွင်းချောင်ရှောင်းသည် ခေါင်းငုံ့ရင်းလက်ထဲရှိ ပန်းသီးကို ဆက်ကာ ကိုက်ဝါးလိုက်၏။

ဟွာမင်ကွေ့သည် လှိုဏ်ဂူအပြင်ဘက်သို့ ဦးတည်လျှောက်လှမ်းသွားသည်။ သူမ သည် တံခါးနားသို့ပင် ရောက်လုပြီ ဖြစ်သည်။

“ရှောင်မို”

ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထအော်လိုက်၏ “တံခါးပိတ်လိုက်”

စုရှောင်မိုသည် တစ်စက္ကန့်၏ ဆယ်ပုံတစ်ပုံလောက် ဆွံ့အသွားသည်။ ပြီးနောက် ချက်ချင်းပဲ ဂိုဏ်းချုပ်မိန်းမ ထွက်၍မရအောင် တံခါးကို ပြေးပိတ်တော့သည်။

ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ကျလျက်ရှိသော သရဖူနှင့် အဝတ်များကို ကောက်ယူပြီး ဟွာမင်ကွေ့၏ အရှေ့ဆီသို့ ပြေးသွားလိုက်သည်။ ပြီးနောက် သူမ၏ ခေါင်းပေါ်သို့ သရဖူကိုတင်ကာ အဝတ်များကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြန်ဝတ်ပေးလိုက်သည်။ မျက်နှာပေါ်ရှိ မျက်ရည်များကို ကြင်နာစွာ သုတ်ပေးပြီးသည့်နောက် နူးညံ့စွာ ပြောလိုက်သည် “ဇာတ်လမ်းမပြီးမချင်း နှုတ်ထွက်လို့မရဘူး”

“ရှင် ....”

ဟွာမင်ကွေ့သည် အံ့အားတသင့်ဖြင့် ပြောလိုက်သည် “ရှင် ရူးနေတာ မဟုတ်ဘူးလား”

ဝှစ် .....။

ကျွင်းချောင်ရှောင်းသည် သူမကို ပွေ့ဖက်ပြီး အဓိက ဟောခန်းဆီသို့ လှမ်းလျှောက်လိုက်၏ “ခင်ဗျားရေးထားတဲ့ ဇာတ်ကို အဆုံးသတ်လှ‌အောင် ကရမှာပေါ့”

“ကောင်လေးတို့ …. သီချင်းဖွင့်”

အားလုံးတို့သည် သတိပြန်ဝင်လာပြီးနောက် မှော်ပညာနှင့် အဆင့်မြင့်တင်ထားသော ဆောင်းဘောက်ကြီးကို ထုတ်ယူကာ ဖွင့်လေတော့သည်။

ဤသို့နှင့်ပဲ ကျွင်းချောင်ရှောင်းနှင့် ဟွာမင်ကွေ့တို့၏ လက်ထပ်ပွဲသည် ပျော်ရွှင်စွာ ကျင်းပခဲ့လေ၏။

စုရှောင်မိုသည် အမှန်ပဲ ဝမ်းမြောက်မိသည်။ ဇာတ်လမ်းပြီးဆုံးသည် အထိ အရိုက်မခံရသောကြောင့်ပင်။

ထို့အပြင် မင်းသားမိန်းမကို ခိုးယူရသည့် ဇာတ်ရုပ်ကို သရုပ်ဆောင်ရသူမဟုတ်ပါလား။ အမှန် သေလမ်းရှာခဲ့ခြင်းပင်။

သို့ပေမဲ့ အဆုံးသတ်မှာတော့ ဂိုဏ်းချုပ်သည် ဇာတ်ညွှန်းအတိုင်းမလိုက်ခဲ့ချေ။

“ဂိုဏ်းချုပ်က ရူးနေတာမဟုတ်ဘူးလား”

ဇာတ်လမ်းပြီးသွားပြီးနောက် အားလုံးသောသူတို့သည် ဤမေးခွန်းကို တွေးတောလျက်ရှိသည်။ ဂိုဏ်းချုပ်သည် နွားမိစ္ဆာဘုရင်အဖြစ် သရုပ်ဆောင်သော စုရှောင်မိုအား‌ ရှောင်မိုဟု ခေါ်ခဲ့သည့်အပြင် လေသံသည်လည်း သာမန်ကဲ့သို့ပင်။

“ကျုပ် ရူးနေတာ”

နှင်းဆီပန်းခင်းထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ရှင်းပြလိုက်၏ “ဒါပေမဲ့ သတိပြန်ဝင်လာပြီ”

“ဘယ်အချိန်က သတိပြန်ဝင်တာလဲ” ဟွာမင်ကွေ့သည် သူ့အား မော့ကြည့်လိုက်သည်၊။

“…….”

ကျွင်းချောင်ရှောင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။ ပြီးနောက် ပြောလိုက်၏ “ခင်ဗျား ဝတ်စုံကို ချွတ်ပြီး ထွက်သွားချိန်ပေါ့”

နာကျင်မှု ...။

နှလုံးသားထဲမှ နာကျင်မှုသည် ဦးနှောက်ကိုပင် ရိုက်ခတ်ခဲ့သည်။

“ကျေးဇူးပဲ … ကျုပ်ကို ဂရုစိုက်ပေးလို့ ။ ပြီးတော့ နားလည်ပေးလို့”

ရူးသွပ်နေစဉ်အတောအတွင်း ဟွာမင်ကွေ့၏ ကြင်နာမှုများကို သူ ပြန်မှတ်မိလာခဲ့သည်။ နေ့နေ့ညည ကာကွယ် စောင့်ရှောက်ပေးခဲ့ပြီး သူ့အတွက် ဇာတ်လမ်းများပင် ကပြ အသုံးတော်ခံခဲ့သေးသည်။

“ကျေးဇူးတင်စရာမလိုဘူး။ ကျွန်မ ကိုယ်တိုင်လုပ်ချင်စိတ်ရှိလို့ပဲ”

“ဘဝက ဇာတ်လမ်းတစ်ခု ဆိုရင်တောင်မှ ကျုပ်ဆီမှာ ဇာတ်ပို့၊ ဇာတ်ဆောင် အားလုံးရှိတယ်။”

ကျွင်းချောင်ရှောင်းသည် ရှေ့နားတိုးလိုက်သည်။ ပြီးနောက် ဟွာမင်ကွေ့၏ နား နားသို့ အသာကပ်ကာ တီးတိုးပြောလိုက်သည် “မင်းသမီးလိုနေတယ်။ ခင်ဗျား သရုပ်ဆောင်မလား”

ဟွာမင်ကွေ့၏ အပြုံးသည် ရုတ်တရက် အေးခဲသွားသည်။ သူမ သည် အနောက်သို့ အသာ ဆုတ်လိုက်မိ၏။ ပြီးနောက် သူမသည် သံသယဖြင့် လှမ်းမေးလိုက်၏ “ရှင် … ကျွင်းချောင်ရှောင်း ဟုတ်ရဲ့လား”

“မဟုတ်ဘူး”

စနစ်သည် အော်ဟစ်လျက်ရှိသည် “ဒီကောင် ကုန်းရှန့်မဟုတ်ဘူး”

လက်ခံသူသည် ဤကဲ့သို့ ပြီတီတီစကားမျိုးကို ပြောမည့်သူ မဟုတ်ကြောင်း သူ ယုံကြည်မိသည်။ မင်းသမီး လိုနေတယ် … ချီးတဲ့မှ …. ဒါ ဘာစကားလဲ။

တစ်ယောက်ယောက် ဝင်စီးထားတာလား။ သို့မဟုတ် ဦးနှောက်ကို မြည်းကန်ခံလိုက်ရသည်လား။

“ခင်ဗျား ပင်ပန်းနေပြီလို့ ပြောသလိုပဲ”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့ခြေနှစ်လှမ်း လှမ်းတက်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “တကယ်တော့ ကျုပ်လည်း ပင်ပန်းနေပြီ။ ဟန်မဆောင်ထားချင်တော့ဘူး”

“ပြီးတော့ …”

ဟွာမင်ကွေ့၏ မေးစေ့လေးအား အသာပင့်ကိုင်ပြီးနောက် ကုန်းရှန့်သည် ဟန်ပါပါနှင့် ပြောလိုက်၏ “ကျုပ်ဘဝ ဇာတ်လမ်းထဲမှာ ခင်ဗျားက အမြဲတန်း မင်းသမီးပဲ”

“မဟုတ်ဘူး”

စနစ်သည် အော်ဟစ်လျက်ရှိသည် “ဓားပေးစမ်း …. ဒီကောင့်ကိုယ်ကို ခွဲပြီး အထဲမှာ ဘယ်သူဝင်နေတာလဲ ကြည့်ရမယ်”

ကုန်းရှန့် မည်ကဲ့သို့သောသူမျိုး ဖြစ်ကြောင်းကို အားလုံးထက် သူက ပိုသိသည်။ ယနေ့ ကုန်းရှန့်သည် အချစ်ရေး၊ အချစ်ရာ၌ ကျွမ်းကျင်လွန်းသူတစ်ယောက်ကဲ့သို့ ပြုမူလျက်ရှိသည်။

ကျွင်းချောင်ရှောင်းသည် စနစ် အော်ဟစ်နေသည်ကို ကောင်းကောင်းသိ၏။ သို့ပေမဲ့ မရှိသလိုပင် လျစ်လျူရှုလို့ထား၏။

ဟူး ..

ဟူး .. ဟူး ….

ဟွာမင်ကွေ့၏ အသက်ရှုသံများသည် မြန်ဆန်လို့နေသည်။

သူမ လက်ခံလိုက်သည်လား။

မဟုတ်သေးပေ။ သူမသည် စိုးရွံ့လို့နေသည်။ ရုတ်တရက်ဆန်လွန်းသောကြောင့် လက်မခံနိုင်သလိုပင် ဖြစ်လို့နေ၏။

အတိတ်တုန်းက ကျွင်းချောင်ရှောင်းသည် ခံစားချက်များကို မျိုသိပ်ပြီး စောင့်ထိန်းခဲ့သည်။ ဟွာမင်ကွေ့သည် ထိုအရာကို အသားကျလို့နေပြီဖြစ်သည်။ ယနေ့ ရုတ်တရက်ကြီး ထကာ ဖွင့်ပြောခဲ့သည်ဖြစ်သောကြောင့် အံ့အားသင့်လို့နေမိသည်။

“အစ်မကြီး … တိကျတဲ့အဖြေကို ပေးတော့”

“ကျွန်မ ….”

ဟွာမင်ကွေ့သည် သူမ ၏ နလုံးခုန်သံကို ဖိနှိပ်ကာဖြင့် ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ ပြီးနောက် ခေါင်းကို ငုံ့ကာဖြင့် ရှက်ရွံလျက်ရှိသည့် မိန်းကလေးငယ်လေးတစ်ယောက်ကဲ့သို့ တီးတိုးဆို၏ “တစ်သက်လုံး မင်းသမီးလုပ်မယ်”

နှင်းဆီပန်းခင်းကြီးထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဟွာမင်ကွေ့ကို မြတ်နိုးတွယ်တာစွာဖြင့် ပွေ့ဖက်ထားသည်။ ဤမြင်ကွင်းသည် အမှန်ပင် လှပလွန်းသည်။

ပုန်းကာကြည့်ရှုလျက်ရှိနေသော လီထျန်းထျန်းသည် မကြောက်မရွံဖြင့် ဤမြင်ကွင်းကို ဓာတ်ပုံရိုက်ယူထားလေ၏။

ကျွင်းချောင်ရှောင်းသည် လက်ကို ကောင်းကင်ပေါ်သို့ မြှောက်ကာ ပြောလိုက်သည် “အရာကိစ္စအားလုံးပြီးရင် အထက်စကြဝဠာကြီးတစ်ခုလုံး သက်သေထားပြီး မင်းကို လက်ထပ်ယူမယ်”

“ဒါတွေမလိုပါဘူး”

ဟွာမင်ကွေ့က ပြောလိုက်၏ “ကျွန်မတို့ နှစ်ကြိမ်တောင် လက်ထပ်ပြီးပြီပဲ”

“အဲတာက သရုပ်ဆောင်တာလေ”

ကျွင်းချောင်ရှောင်းသည် ရယ်မောလိုက်သည် “ပြီးတော့ လက်ဖွဲ့လည်းမရဘူး”

“ခွီး ....”

ဟွာမင်ကွေ့သည် ပါးစပ်ကို အုပ်ကာကာဖြင့် ရယ်မောလိုက်မိ၏ “ရှင်က မင်္ဂလာဆောင်ချင်တာလား၊ လက်ဖွဲ့ငွေ လိုချင်တာလား”

ကျွင်းချောင်ရှောင်းသည် သူ၏ ချစ်ရသူအား ရင်ခွင်ထဲ ဆွဲထည့်ပြီး ပြောလိုက်သည် “နှစ်ခုလုံးပဲ …. ပြီးတော့ ကိုယ်တို့ ကလေးမွေးရင် ထပ်ဖိတ်အုံးမယ်။ စကြဝဠာထဲက အစစ်အမှန်ရှာဖွေခြင်းအဆင့်မှာ ရှိတဲ့ မည်သူမဆိုတက်ရောက်ရမယ်။ တစ်ယောက်မှ ကျန်ခဲ့လို့မရဘူး”

သူ၏ အသံသည် မကျယ်လွန်းချေ။ သို့ပေမဲ့ ခြံဝန်းတစ်ခုလုံး၌ ပျံ့လွင့်နေလေ၏။

ထို့အတူ သူ၏ အသံသည် တော်ဝင်လမ်း၏ အသံများ ပါဝင်နေသကဲ့သို့ပင် ထာဝရလောကကြီးအတွင်း၌ ရှိနေသော အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူတိုင်းသည် ကြားလိုက်ရသည်။

“ဒါက ……”

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်မိ၏ “ဒါ ကပ်ဘေးကြီးပဲ”

All Chapters