အခန်း ၁၈၃၉
Vol. 123 Ch. 1839
အပိုင်း (၁၈၃၉)
ခရမ်းရောင်ဘုရင်သည် သတိလစ်မေ့မြောသွားခဲ့သည်ဟု အားလုံးက တွေးထင်ခဲ့ကြသည်။ သို့ပေမဲ့ အစစ်အမှန်မှာတော့ သူသည် ဟန်ဆောင်ခဲ့ခြင်းသာဖြစ်၏။
အဘယ့်ကြောင့် ဟန်ဆောင်ရသနည်း။ ရိုးရှင်းလွန်းလှချေသည်။ အရိုက်အနှက် မခံချင်သောကြောင့်ပင်။
လက်နက်ပစ္စည်းများ မပါဘဲနှင့် အတွင်းစည်း တပည့်များအားလုံးတို့သည် ဤ လွီပုဆိုသည့်လူအား ရင်ဆိုင်တိုက်ခိုက်ရန် အလွန်အမင်းကြိုးစားခဲ့ရ၏။ ယခု လက်နက်အပြည့်အစုံ တပ်ဆင်ထားခဲ့ပြီဖြစ်သော လွီပု သည် ပြိုင်ဘက်ကင်းလှသည့် စစ်သူကြီးတစ်ဦး ကဲ့သို့ပင် ဖြစ်နေသည်မှာ သေချာ၏။
ယွမ်သခင်လေး၏ နှိပ်စက်ခြင်းကို ခံလိုက်ရသော ခရမ်းရောင်ဘုရင်သည် အမှန်ပင် ဉာဏ်ကောင်း လာခဲ့ပြီ ဖြစ်၏။ အခြေအနေမကောင်းသည်ကို သိရှိပြီးသည့်နောက် ချက်ချင်းပဲ သေချင်ဟန်ဆောင်ခဲ့ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ ခန္ဓာကိုယ် တစ်ခုလုံးသည် အစစ်အမှန် နာကျင်လျက်ရှိသည်။
“အီ..”
ခရမ်းရောင်ဘုရင်သည် အနည်းငယ်လှုပ်ရှားလိုက်သည်ဆိုသည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးသည် ဆိုးဝါးစွာ နာကျင်နေ၏။ ရှားပါးလှသော ခွန်သားရဲ တစ်ကောင်ဖြစ်သည်မို့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ၏ အားအင် အဆင့်သည် ကောင်းမွန်လွန်းလှချေ၏။ သို့ပေမဲ့ သူသည်သာ သတိလစ်မေ့မြောချင်ယောင်မဆောင်ပါက လွီပု၏ တိုက်ခိုက်မှုကို ဆက်လက်ကာ ခံရမည်ဖြစ်ပြီး လက်ရှိထက်ဆိုးဝါးသည့် အခြေအနေကို ရောက်ရှိမှာသေချာ၏။
“အရမ်းဉာဏ်ကောင်းလွန်းတယ်”
ဟောခန်းသခင်ကျိသည် သူ၏ နည်းဗျူဟာနှင့်ပတ်သက်၍ အမှန်ပင် ဝမ်းမြောက်လျက် ရှိနေသည်။
ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများအားလုံးတို့သည် လှည့်စားခြင်းကို ခံခဲ့ရ၏။ ရီရှင်းချန်နှင့် ထူးမခြားနားစွာ ဂုဏ်ယူဝင့်ကြွားပြီး မောက်မာလွန်းလှသည့်သူသည် သတိလစ် မေ့မြောချင် ဟန်ဆောင်လိမ့်မည်ဟု တစ်ဖက်လူများက ထင်မှတ်လိမ့်မည် မဟုတ်ချေ။
ဂုဏ်သိက္ခာ တရားသည် မည်သည့်နေရာကို ရောက်ရှိသွားခဲ့သနည်း။
အချက်အလက်အားဖြင့် အပ်နှင့်အပ်ချည်ကိုယူကာ အဝတ်အစားများကို ချုပ်နေသည့်အချိန်ကတည်းက ခရမ်းရောင်ဘုရင်တွင် ဂုဏ်သိက္ခာဟူ၍ မရှိတော့ချေ။ ဂုဏ်သိက္ခာတရားဆိုသည်မှာ သူ့အတွက် အရေးမပါတော့ပေ။
……
ထာဝရ ရွက်သင်္ဘောကြီးပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် မောင်းနှင်သူထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိနေပြီး ကြယ်မြေပုံကို ကြည့်ရှု့နေ၏။ မြင်ကွင်းပေါ်တွင် ပေါ်နေသည့် အလင်းတန်းများသည် ရွက်သင်္ဘောများ တည်ရှိမှုကို ကိုယ်စားပြုလျက်ရှိ၏။
ရွှီး
ရှန့်ကွမ်းရှင်းရောင် သည် မြင်ကွင်းကို အကျယ်ချဲ့ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ အလင်းတန်း များသည် တစ်ဒါဇင်ကျော်တည်ရှိနေပြီး ထိုအလင်းတန်းများသည် ကြယ်တာရာ စိတ်ဝိညာဉ် လောကဆီမှ ရွက်သင်္ဘောများနှင့် တူညီသည့် ရွက်သင်္ဘောများပင်ဖြစ်နေသည်။
ကျွင်းချောင်ရှောင်း က ပြောလိုက်၏။ “အင်း... ဒါ ကြယ်တာရာစိတ်ဝိညာဉ်လောကက ရွက်သင်္ဘောတွေနဲ့ နည်းနည်းလေး ကွာခြားနေတယ်”
ထိုက်ရွှမ်အဘိုးအိုသည်လည်း လက်ရှိအခြေအနေ၌ တည်ရှိနေ၏။ သူသည် သေသေချာချာ စမ်းသပ် စစ်ဆေးပြီးသည့်နောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ပုံပန်းသွင်ပြင် ကိုယ်ထည်အရဆိုလို့ရှိရင် ထာဝရရွက်သင်္ဘောကြီးထက် ပိုပြီးတော့ ကြီးမားတယ်”
“ဂိုဏ်းချုပ်”
ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်၏။ “ဒီရွက်သင်္ဘောတွေ သွားနေတဲ့နေရာက ဘယ်နေရာမှန်း သေချာ မသိဘူး”
“………”
ကျွင်းချောင်ရှောင်းသည် ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် သူက ပြောလိုက်သည်။ “သူတို့ နောက်ကို လိုက်တော့”
ဤရွက်သင်္ဘောများနှင့် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ရွက်သင်္ဘောများကြားတွင် တူညီမှုများ တည်ရှိနေ၏။ ထို့ကြောင့် နှစ်ခုကြားတွင် ပတ်သက်ဆက်နွယ်မှုများ တည်ရှိနေမှာ သေချာ၏။ ထိုအရာကိုသာ သူအဖြေရှာနိုင်မည်ဆိုလျှင် သူသည် ……
စနစ်က ဖြတ်ပြောလိုက်၏။ “လုယက်တော့မှာမလား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ ဒါမျိုးဘယ်တော့မှ မလုပ်ဘူး”
ကုန်းရှန့်၌ လုယက်မည်ဆိုသော အကြံအစည် မရှိချေ။ ဟုတ်ပေ၏။ သို့ပေမဲ့ ကြယ်တာရာ စိတ်ဝိညာဉ်လောကနှင့် သူနှင့်ကြားတွင် ကြီးမားလွန်းသော ရန်ကြွေးများတည်ရှိနေ၏။ ထိုသူများနှင့်သာ ပတ်သက်နေသည်ဆိုပါက သူသည် ကျိန်းသေပေါက် သက်ညှာပေလိမ့်မည် မဟုတ်ချေ။
ထို့အပြင် များပြားလှသော ရွက်သင်္ဘောများ တပြိုင်နက်တည်း ရွက်လွှင့်ကာ ရောက်ရှိလာသည်ဖြစ်သောကြောင့် အပျော်ခရီး ထွက်လာကြခြင်းမဟုတ်ခြင်းမှာ သေချာသည်။ တစ်စုံတစ်ခု ဆိုးဝါးသည့်အရာများကို ပြုလုပ်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်နိုင်၏။
ဆွစ်..
ထာဝရ ရွက်သင်္ဘောကြီးသည် ဦးတည်ရာကို ပြောင်းလိုက်ပြီးသည့်နောက် အရှေ့မှ ပျံသန်းလျက်ရှိနေသည့် ရွက်သင်္ဘောများ ရှိရာဆီသို့ ပျံသန်းလိုက်၏။ လမ်းတစ်လျှောက်မှာတော့ ၎င်းတို့သည် တစ်ဖက်လူများ သိရှိသွားမည်ကို စိုးရိမ်သောကြောင့် ခပ်လှမ်းလှမ်းဆီမှ လိုက်ပါလာခဲ့သည်။
“ထင်ထားတဲ့အတိုင်းပဲကိုး”
ထိုက်ရွှမ်အဘိုးအို သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ “အင်း.. ငါကိုယ်တိုင် ဖန်တီးထားတဲ့ ဖုံးကွယ်ခြင်းအစီအရင်တွေက တကယ့်ကို အလုပ်ဖြစ်တာပဲ။ ရွက်သင်္ဘောကြီး တစ်ခုလုံးရဲ့ အော်ရာတွေကို ဖုံးကွယ်ထားနိုင်စွမ်းတောင်ရှိတယ်။ အံ့အားသင့်စရာပဲ”
“တကယ်တော်တယ်” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ချီးကျူးလိုက်၏။
“ဂိုဏ်းချုပ်... သူတို့ ရပ်သွားပြီ” ရှန့်ကွမ်းရှင်းရောင် က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောများဆီကို လှမ်းကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ ရွက်သင်္ဘော တစ်ဒါဇင်ကျော်တို့သည် ဖြည်းညင်းစွာ ရွေ့လျားနေရာမှ ရပ်တန့်သွားခဲ့ကြ၏။ ၎င်းတို့သည် တောက်ပလျက် ရှိနေသည့် ဂြိုလ်တစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်နေကြခြင်းပင်။
သူ၏ မျက်လုံးများသည် ချက်ချင်းပဲ အေးစက်သွားခဲ့၏။ “မိုးကောင်ကင်နတ်ဆိုးအင်ပါယာရဲ့ ရွက်သင်္ဘောတွေလား”
သူ အဘယ့်ကြောင့် သိသနည်း။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များသည် ရွှမ်ယွမ်နယ်မြေကို ရွက်သင်္ဘောများနှင့် ရောက်ရှိလာကာ ဖျက်ဆီးခဲ့၏။ ကွာခြားချက်ဆိုသည်မှာ ဤတစ်ကြိမ်မြောက်ရောက်ရှိသာသည့် ရွက်သင်္ဘောများသည် အနည်းငယ်နည်းပါးသည်သာရှိ၏။ သို့ပေမဲ့ လူစာရင်းမှာတော့ အားမနည်းလှချေ။
“အင်း”
“အစိမ်းရောင်ညအိမ်မက်လောကမှာရှိတဲ့ သက်ရှိတွေအကုန်လုံး နားထောင်ကြ။ ငါတို့အင်ပါယာက မင်းတို့ကို ပေးခဲ့တဲ့ စဉ်းစားဖို့အချိန်က ကုန်သွားပြီ။ ဒီတော့ ငြင်းဆန်ဖို့ ရွေးချယ်မယ်ဆိုရင် မင်းတို့အားလုံးက ကြီးမားတဲ့ အကျိုးဆက်ကို ခံရမယ်”
အဓိကရွက်သင်္ဘောဆီမှ အေးစက်သည့် အသံတစ်ခုထွက်ပေါ်လာ၏။
ထိုအရာသည် ကျွန်းချောင်ရှောင်း၏ ခန့်မှန်းချက်များကို အတည်ပြုစေခဲ့၏။ အချက်အလက်အားဖြင့် အစိမ်းရောင်ညအိမ်မက်လောကကြီးသည် ကုထျန်းရှင်းပြောခဲ့သည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာမှ စိန်ခေါ်စာပေးပို့ခဲ့သည့် ဂြိုဟ်များထဲမှ တစ်ခုပင် ဖြစ်ပေလိမ့်မည်။ စိန်ခေါ်စာပါအရဆိုလျှင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို အညံ့ခံရန် ငြင်းဆန်သူများအားလုံးသည် ယနေ့အချိန်၌ အပြစ်ပေးမှုကို ခံရမှာဖြစ်သည်။
ဆွစ်.. ဆွစ်..
အစိမ်းရောင်ညအိမ်မက်လောကဆီမှ နတ်ဘုရားလျှို့ဝှက်ခြေတစ်လှမ်းအဆင့် ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် ပျံသန်းထွက်ပေါ်လာခဲ့ကြ၏။ ၎င်းတို့သည် နက်မှောင်လျက်ရှိနေသည့် စကြဝဠာ ကောင်းကင်ထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး ရွက်သင်္ဘောဒါဇင်ချီတို့အား ရင်ဆိုင်လျက်ရှိ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ဒေါသတရားများနှင့် ပြည့်နှက်နေ၏။
ဖြောက်… ဖြောက်… ဖြောက်…ဖြောက်..
ဟား..ဟား..ဟား…
အဓိက ရွက်သင်္ဘောဆီမှ ကျယ်လောင်သည့် အော်ဟစ်ရယ်မောသံကြီး ထွက်ပေါ်လာခဲ့၏။ “မင်းတို့ မျက်နှာတွေကို ကြည့်ရတာ အညံ့ခံဖို့ ငြင်းဆန်မယ့်ပုံပဲ”
“သိပ်မှန်တာပေါ့” ဆံပင်အဖြူနှင့်အဘိုးအိုသည် တိကျခိုင်မာစွာပြောလိုက်၏။ စိန်ခေါ်စာကို လက်ခံရရှိစဉ် ကတည်းက သူသည် သူနှင့်သူ့အဖော်များသည် ဆက်တိုက်ဆိုသလိုပဲ ဆွေးနွေးမှုကို ပြုလုပ်ခဲ့၏။ နောက်ဆုံး အနှစ်ချုပ်ရလျှင် ဂုဏ်သိက္ခာမဲ့စွာ နေထိုင်အသက်ရှင်ရသည်ထက် သေဆုံးသွားခြင်းကိုတော့ သူတို့က လိုချင်တောင့်တခဲ့သည်။
“ဒီလိုဆိုရင် ဒီနေ့မှာ ကျုပ်ကြေညာမယ်။ ဒီနေ့ကစပြီး အစိမ်းရောင်ညအိမ်မက်လောကကြီးဆိုတာ တိမ်ပြာစကြဝဠာပတ်လမ်းနဲ့ အထက်စကြဝဠာ တစ်ခုလုံးကနေ ဖယ်ရှားခြင်းကို ခံလိုက်ရပြီ”
“………..”
ထိုအသံကို ကြားရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ အကြည့်များသည် ပိုမိုကာ အေးစက်သွားခဲ့၏။ တစ်ခြားသော ဂိုဏ်းများကို သူသည်လည်း ဖျက်ဆီးခဲ့ဖူး၏။ သို့ပေမဲ့ နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သောကြောင့် ဤကဲ့သို့ ပြုမူရခြင်းသာဖြစ်သည်။
သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုး အင်ပါယာမှာတော့ တစ်ဖက်လူများကို အညံ့ခံရန် ငြင်းပယ်သည်ဆိုသောအကြောင်းပြချက်ဖြင့် ဖျက်ဆီးလျက် ရှိနေ၏။ သူကိုယ်သူ စကြဝဠာတစ်ခုလုံး၏ အုပ်စိုးသူဟု တွေးထင်နေသည်လားမသိချေ။
ကျွီ…. ကျွီ… ကျွီ…..
ထိုအချိန်မှာတော့ ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့ဆီမှ တံခါးပေါက်များသည် ပွင့်သွားခဲ့၏။ အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်နှင့် စစ်သည်များသည် ထူးခြားလွန်းလှသော ချပ်ဝတ်များကို ဝတ်ဆင်ကာဖြင့် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးသည် လေဟာနယ်တွင် တန်းစီကာ ရပ်လျက်ရှိနေပြီး စုစုပေါင်း လူတစ်သိန်းနီးပါးခန့်ပင် ရှိ၏။
ဟုတ်ပေသည်။ စကြဝဠာထဲတွင် ဤကဲ့သို့ လှုပ်ရှားသွားလာနိုင်သည် ဆိုခြင်းမှာ အားလုံးသောသူတို့သည် နတ်ဘုရား လျှို့ဝှက်အဆင့် ခြေလှမ်းဝက် ကျင့်ကြံသူများဖြစ်နေသည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ၎င်းတို့အားလုံးသည် တည်နေရာစွမ်းအင်ကို လစ်လျူရှုနိုင်စွမ်းရှိသည့် ရတနာ များကို တပ်ဆင်ထားခဲ့ခြင်းသာ ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ထိုကဲ့သို့သော ရတနာများကို အရင်တုန်း ကလည်း ရရှိခဲ့ဖူးသည်။
“ဖျက်ဆီးလိုက်ကြတော့” ခံစားချက်ကင်းမဲ့လျက်ရှိနေသည့် အသံတစ်ခုသည် အဓိက ရွက်သင်္ဘောဆီမှ ထွက်ပေါ်လာ၏။
ဆွစ်… ဆွစ်…
ချက်ချင်းပဲ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် စစ်သည် တစ်သိန်းကျော်တို့သည် အစိမ်းရောင်ညအိမ်မက် လောကဆီသို့ ခြေလှမ်းလိုက်သည်။
ကျူးကျော်သူများနှင့် ခုခံသူများတို့သည် အကြိတ်အနယ် တိုက်ခိုက်ကြပေတော့မည်။ အားကောင်းလွန်းလှသော နတ်ဆိုးချီများသည် တဝုန်းဝုန်းနှင့် ပေါက်ကွဲထွက်လျက်ရှိပြီး စကြဝဠာတွင် ရှိနေသော လေဟာနယ်များကိုပင် တုန်ခါနေစေခဲ့၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အုပ်ချုပ်မှုအောက်တွင် များပြားလွန်းလှသော နတ်ဘုရားလျှို့ဝှက် ခြေတစ်လှမ်းအဆင့်ကျင့်ကြံသူများ တည်ရှိနေ၏။ အထူးသဖြင့် အရေအတွက်အရဆိုလျှင် ၎င်းတိုသည် တစ်ပန်းသာလျှက်ရှိနေသည်။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤမြင်ကွင်းသည် ကုရွှမ်ယွမ် တစ်ယောက် သူ၏အိမ်ကို ကာကွယ် ပေးခြင်းနှင့် ခြားနားနေသေး၏။ သို့ပေမဲ့ ထာဝရရွက်သင်္ဘောကြီးတွင် ရှိနေသော အထက်ပိုင်း အကြီးအကဲနှင့် တပည့်များအားလုံးတို့ကို ထိတ်လန့် အံ့အားသင့်စေခဲ့၏။
ဘုန်း….ဘုန်း….
စကြဝဠာ ထဲတွင် စွမ်းအင်လှိုင်းများသည် မီးပန်းများကဲ့သို့ပင် ပေါက်ကွဲထွက်ပေါ်နေခဲ့၏။ တည်နေရာကို တုန်ခါစေသည်သာမက အစစ်အမှန်ရှာဖွေခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံသူတော်တော်များများနှင့် ကောင်းကင် နတ်ဘုရားလျှို့ဝှက်ခြေလှမ်းဝက်အဆင့် သိုင်းကျင့်ကြံသူများကိုပင် နောက်ဘက်သို့ လွှင့်စင်သွားစေခဲ့သည်။
“ဂုဏ်သိက္ခာမဲ့စွာ အသက်ရှင်နေရတာထက် သေသွားတာကို ပိုကြိုက်တယ်”
ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိသွားခဲ့သော အစိမ်းရောင်ညအိမ်မက်လောကဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက်သည် အော်ဟစ် လိုက်၏။ ပြီးတော့ သူသည် သူ၏ဝိညာဉ်ကို ဖောက်ခွဲဖျက်ဆီးရန် ကြိုးစားလိုက်၏။
ဂျွတ်…..
ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ သူ၏ မျက်လုံးများသည် နီရဲလျက်ရှိနေ၏။ အစိမ်းရောင်ညအိမ်မက်လောကကြီးမှ ကျွမ်းကျင်သူသည် သူကိုယ်သူ စတေးပြီး သူ၏ အိမ်ကို ကာကွယ်ပေးမည့် မြင်ကွင်းကို မြင်ရပြီး ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီး ဖျက်ဆီးခံရသည့် မြင်ကွင်းကို ပြန်လည်ကာ သတိရလာခဲ့၏။ သူ၏ စိတ်တစ်ခုလုံး၌ ဒေါသတရားများနှင့် သတ်ဖြတ်လိုခြင်းဆန္ဒများ ပေါ်ပေါက်လာခဲ့သည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန် သည် ပဲ့ခန်းထဲတွင် ပေါ်ပေါက်လာ၏။ သူသည် အေးစက်စက်ပြောလိုက်၏။ “တပည့် တိုက်ခိုက်ဖို့အတွက် တောင်းဆိုချင်ပါတယ်”
“ကျုပ်တို့လည်း ပါမယ်”
လီချင်းယန်၊ ရှောင်ကျီနှင့် အခြားသောသူများအားလုံးတို့ ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “တိုက်ခိုက်ဖို့ တောင်းဆိုချင်ပါတယ်”
သူတို့သည် အစိမ်းရောင်ညအိမ်မက်လောကကြီးနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိချေ။ သို့ပေမယ့် လက်ရှိ ဖြစ်ပေါ်နေသော မြင်ကွင်းကိုမြင်ရချိန်မှာတော့ မည်သို့မျှ ရပ်၍ ကြည့်မနေနိုင်ကြတော့ချေ။
သို့ပေမဲ့ တပည့်တစ်ယောက်အနေနှင့် သူတို့လုပ်နိုင်သည်မှာ ဂိုဏ်းချုပ်ဆီမှ အမိန့်ကို စောင့်မျှော်ခြင်းသာဖြစ်သည်။
ကျွင်းချောင်ရှောင်း သည် ထိုင်ခုံဆီမှ ဖြည်းညှင်းစွာထလိုက်၏။ သူသည် ခေါင်းကို အသာငုံ့ထားပြီး တပည့်များကို ကျောပေးထားသည်။ အချိန်အတော်ကြာပြီးသည့်နောက် ပြောလိုက်၏။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ အစောကြီးထဲက ရန်သူတွေဖြစ်နေပြီဆိုမှတော့”
သူသည် သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်လျက်ရှိနေသည် မျက်လုံးအစုံနှင့် မော့ကြည့်လိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက တိုက်ပွဲတိုက်ခိုက်ဖို့ ဘယ်တော့မှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး”
…….
ဘုန်း… ဘုန်း…
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်တပ်သည် တစ်သိန်းနီးပါခန့်ပင် ရှိ၏။ အစိမ်းရောင်ညအိမ်မက် လောကမှ ကျွမ်းကျင်သူများသည် ခေါင်းမာမာနှင့်ခုခံနေသည်ဆိုလျှင်တောင်မှ ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိနေကြပြီဖြစ်၏။ အားလုံးသောသူတို့သည် လဲပြိုလုမတတ်ဖြစ်နေကြ၏။ သူတို့သာ သေဆုံးသွားသည် ဆိုပါက အစိမ်းရောင်ညအိမ်မက်လောကကြီးတစ်ခုလုံးသည် ဖျက်ဆီးခံရမှာပင်။
“အားလုံးပဲ”
ငွေရောင်ဆံပင်နှင့်အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်၏။ “ဒီလောကကြီးတည်ရှိနေရင် ကျုပ်တို့အသက်ရှင်မယ် ။ ဒီလောကကြီးမရှိတော့ရင် ကျုပ်တို့လဲသေမယ်”
ဝှစ်… ဝှစ်….
အလင်းတန်းများသည် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့၏။ ဤသင်္ကေတသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်ကျွမ်းလောင်နေသည့် သင်္ကေတပင်ဖြစ်လေ၏။ ၎င်းသည် ကိုယ့်ကိုကိုယ် ဖောက်ခွဲပြီးသည့်နောက် များပြားလွန်းလှသော ရန်သူများကို ခေါ်ဆောင်သွားရန် ကြံစည်နေခြင်းပင်။
“သူကို တားလိုက်ကြ။ သူ့ကို မဖောက်ခွဲစေနဲ့”
ချက်ချင်းပဲ ရန်သူဘက်မှ ဒါဇင်နှင့်ချီသော ကျွမ်းကျင်သူ များသည် ရောက်ရှိလာပြီး ဖိနှိပ်လိုက်၏။ စွမ်းအင်အမျိုးအစားပေါင်းစုံတို့သည် ဖြစ်တည်လျက်ရှိနေပြီး ၎င်းတို့သည် ပစ်မှတ်ကို အရင်ဆုံး သတ်ဖြတ်ပစ်ရန် ကြိုးစားလျက်ရှိနေ၏။
ဝှစ်… ဝှစ်…
ထိုအချိန်မှာတော့ အဝေးလေဟာနယ်ထဲဆီမှ မြားများ ရုတ်တရက်ပေါ်ပေါက်လာခဲ့ပြီး ရန်သူဘက်မှ ကျွမ်းကျင်သူများ အားလုံးကို ထိမှန်သွားခဲ့၏။ ထိုသူတို့သည် ချက်ချင်းပဲ ပေါက်ကွဲထွက်သွားပြီး သွေးမြူများ ဖြစ်သို့ပြောင်းလဲကုန်သည်။
ဘုန်း…
ငွေရောင်ဆံပင်နှင့်အကြီးအကဲသည် တားဆီးမည့်သူမရှိခဲ့သောကြောင့် အောင်မြင်စွာနှင့် မိမိကိုယ်ကို ဖောက်ခွဲပစ်လိုက်နိုင်ခဲ့၏။ ၎င်းသည် ပေါက်ကွဲသွားခဲ့ပြီးနောက် စကြဝဠာတစ်ခုလုံးတွင် လှိုင်းအဟုန်များ ဖြစ်တည်လာခဲ့ပြီး ရန်သူစစ်သည်ပေါင်းထောင်ကျော်တို့ကိုပါ တစ်ခါတည်း သေဆုံးစေခဲ့၏။
သူသည် မသေဆုံးခင်မှာပဲ မြားများရောက်ရှိလာသည့် တည်နေရာဆီသို့ လှမ်းကာ ကြည့်ရှု့လိုက်၏။ လေးတစ်စင်းကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက်သည် ထိုတည်နေရာအမှောင်ဆီမှ အသာလှမ်းလျှောက်ထွက် လာခဲ့သည်။
၎င်း၏ နောက်တွင်တော့ တူညီသည့်ဝတ်စုံကိုဝတ်ဆင်ထားခဲ့သည့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော် တို့သည် လိုက်ပါလာခဲ့ကြ၏။ သူသည် ထိုသူတို့၏ မျက်နှာကို သေသေချာချာ ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရချေ။ သူသိရှိလိုက်သည်မှာ ၎င်းတို့၏ ရင်ဘတ်ပေါ်တွင် ရေးသားထားသည့် စာတန်းတစ်ခုပင်။
ပြိုင်စံရှားဂိုဏ်း။