အခန်း ၁၈၄၁
Vol. 124 Ch. 1841
အပိုင်း (၁၈၄၁)
ဘုန်း ဘုန်း ဘုန်း …..။
"အမှန်ပဲ"
စနစ်က ပြောလိုက်၏။ "ထူးခြားပစ္စည်းကနေ ရရှိထားတဲ့ သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေကို ထုတ်သုံးနိုင်ပြီပေါ့။ ဒါကို စာဖတ်သူတွေတောင် မေ့နေလောက်ပြီ"
ဝှစ်
ရွှောင်ရောင်လက်ဝါးကြီးသည် တို့ဖူးကို ဓားနှင့် ပိုင်းဖြတ်လိုက်သလိုပင်။ နတ်ဆိုး၊ မိစ္ဆာ ဘာဖြစ်ဖြစ် ထိုအရာနှင့် ထိတွေ့လိုက်သည်နှင့် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
အား အား အား …..>
ဝိညာဉ်နှင့် သစ္ဆေသရဲများသည် သေဆုံးသွားတော့မည့်အတိုင်း အော်ဟစ်နေကြ၏။
"မဟုတ်ဘူး"
ခေါင်းဆောင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ တည်နေရာတစ်ခုလုံးသည် လက်ဝါးရိုက်ချက်ကြီး၏ လွှမ်းမိုးမှုကို ခံလိုက်ရ၏။ သူသည် ကြောက်လန့်တကြားဖြင့် စုးစိုက်ကြည့်ရုံသာ တတ်နိုင်ခဲ့၏။ သူသည် စွမ်းအင်မဲ့သလို ခံစားနေမိသည်။
မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ တပည့်သည် အမှန်ပင် သတိအပြည့်နှင့်တိုက်ခိုက်ခဲ့၏။ တိုကိခိုက်ခြင်းကို စစခြင်းမှာပင် နောက်ဆုံး ဝှက်ဖဲကြီးကို ထုတ်ဖော်ကာ အသုံးပြုခဲ့သေး၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ့ထက် ပိုမိုကာ တည်ငြိမ်လျက် ရှိနေ၏။ နှောင့်နှေးခြင်းမရှိဘဲ တိုက်ကွက်ကို ထုတ်ဖော် အသုံးပြုခဲ့လေသည်။
ဘုန်း ……။
ရန်သူများနှင့် တိုက်ခိုက်လျက် ရှိနေသော ယုစီနန်နှင့် တခြားသူများသည် ရုတ်တရက် ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။ အံ့အားသင့်စွာဖြင့် ခေါင်းလှည့်ကာ ကြည့်လိုက်သည့် အခါမှာတော့ လေဟာနယ်ထဲတွင် ရွှေရောင် ကြာပန်းကြီးနှင့် ဗုဒ္ဓဟူသော စာတန်းကြီး ပေါ်ပေါက်နေသည်ကို တွေ့လိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် လေဟာနယ်ထဲတွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေသည်။
ဝှစ် ဝှစ် ဝှစ်
ရွှေရောင်ကြာပန်းဆီမှ ဗုဒ္ဓ၏ အလင်းတန်းများ ထွက်ပေါ်လျက် ရှိနေပြီး မှောင်မဲလျက် ရှိနေသည့် စကြာဝဠာတစ်ခုလုံးသည် လင်းထိန်သွားခဲ့၏။ ထိုအလင်းများနှင့် ထိတွေ့မိသည့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် နွေဦးလေပြည်ညင်းကို ခံစားလိုက်ရသလိုပင် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအင်များသည်လည်း ပိုမိုကာ တိုးတက်လာခဲ့၏။ ဤနေရာတွင် အကျိုးသက်ရောက်မှု အရှိဆုံးလူမှာ တုနန်ပင် ဖြစ်၏။ တုနန်သည် ကောင်းကင်လျှို့ဝှက်နယ်မြေထဲမှ ရရှိလာသည့် လက်နက်တစ်ခုကို ထုတ်ယူကာ အော်ဟစ်လိုက်၏။ "လက်နက်ကိုချ ၊ ဗုဒ္ဓဆီမှာ အညံ့ခံ ၊ မဟုတ်ရင် သေသွားမယ်"
ဘုန်း ဘုန်း ဘုန်း …..။
၎င်း၏ လက်ထဲတွင် ရှိနေသော လက်နက်သည် နတ်ဆိုးကျင့်ကြံသူများ၏ ခေါင်းကို တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်စေခဲ့၏။ သွေးများသည် နေရာအနှံ့သို့ ပျံ့နှံ့လျက် ရှိနေသည်။
"ချီးတဲ့မှ"
စုရှောင်မိုသည် အံ့အားသင့်စွာဖြင့် ပြောလိုက်၏။ "ဒီကောင် တကယ့်ကို ကြမ်းတမ်းတာပဲ။ ငါတို့ထက်တောင် ပိုပြီးကြမ်းနေပါ့လား"
"မှားတယ်"
တုနန်သည် လက်အုပ်ချီကာဖြင့် ပြောလိုက်သည်။ "ကျုပ်က ကြမ်းတမ်းနေတာ မဟုတ်ဘူး ။ ဒီလူတွေကို ကောင်းကင်ပေါ် ပို့ဆောင်ပေးနေတာ "
"ကောင်းပြီ ။ တူတူပို့ကြတာပေါ့"
စုရှောင်မို၊ လီဖေးနှင့် အခြားသောသူများသည် ငြိမ်ငြိမ်သက်သက်နှင့် ရပ်မနေကြချေ။ ၎င်းတို့၏ ကိုယ်ပိုင်လက်နက်များကို ထုတ်ကာဖြင့် ဗုဒ္ဓ၏ အလင်းကို အခွင့်အရေးယူကာ တစ်ဖက်ရန်သူများအား ရဲရဲဝင့်ဝင့် သတ်ဖြတ်နေကြ၏။
လူတစ်ချို့က မေးစရာရှိသည်မှာ ခေါင်းဆောင်သည် ဘယ်ရောက်သွားသနည်း။ ၎င်းသည် ငရဲပြည်သို့ ရောက်ရှိနေနှင့်ပြီ ဖြစ်၏။ နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပြီး လွတ်မြောက်ရန် မည်သည့် ဝှက်ဖဲမှ မရှိဟု အပြစ်တင်ရန် မသင့်ချေ။ အဘယ့်ကြောင့်ဆိုသော် တိုက်ကွက် တစ်ခုတည်းနှင့်ပင် အရာအားလုံး အဆုံးအဖြတ် ဖြစ်ခဲ့သောကြောင့်ပင်။
...........
ဗုဒ္ဓ၏ အလင်းတန်းများသည် နာရီအနည်းငယ်ပင် ကြာမြင့်ခဲ့၏။ စကြာဝဠာကြီး တစ်ခုလုံး အမဲရောင်အဖြစ် ပြန်ဖြစ်သွားချိန်မှာတော့ အစိမ်းရောင် ညအိမ်မက်လောကမှ လူများသည် နားဝေတိမ်တောင်ဖြင့် ရှိနေကြသည်။
အဝေးတနေရာတွင်တော့ ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များသည် တိုက်ပွဲတည်နေရာကြီးကို သန့်ရှင်းလျက် ရှိနေ၏။ ထိုက်ရွှမ်အဘိုးအိုသည် လူအနည်းငယ်ကို ခေါ်ဆောင်ကာဖြင့် ရွက်သင်္ဘောပေါင်းများစွာကို သိမ်းဆည်းနေ၏။ "ဂိုဏ်းချုပ် …. ရွက်သင်္ဘောတွေ သိမ်းဆည်းပြီးပြီ"
ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်၏။ ထိုရွက်သင်္ဘောများကို ထာဝရလောကထဲသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။ သူသည် လက်ဖျောက်တစ်ချက်တီးပြီးနောက် သူ၏ လူများကို ထာဝရလောကကြီးဆီသို့ ပြန်လည်ကာ ခေါ်ဆောင်သွားခဲ့တော့၏။ သူတို့သည် ငြိမ်ငြိမ်သက်သက်နှင့် ရောက်ရှိလာခဲ့ပြီး ငြိမ်ငြိမ်သက်သက်နှင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့ကြသည်။
ရွက်သင်္ဘောများ ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးနောက် အစိမ်းရောင် ညအိမ်မက်လောကမှ ကျွမ်းကျင်သူများ၏ ခြေထောက်များသည် ပျော့ခွေသွားခဲ့ကြ၏။ မြင်ကွင်းကို အနီးကပ်ကာ ကြည့်ရှုရမည်ဆိုလျှင် အလောင်းပေါင်းတစ်သိန်းကျော်တို့သည် သူတို့၏ အနီးနားတွင် လွင့်မျောနေခဲ့၏။ သွေးများသည် ချောင်းကဲ့သို့ပင် စီးဆင်းနေ၏။ တည်နေရာ တစ်ခုလုံးသည် သားသတ်ရုံကဲ့သို့ပင် ပြောင်းလဲလျက် ရှိနေလေ၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်ပေါင်းတစ်သိန်းကျော်တို့အားလုံးသည် သုတ်သင် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ ၎င်းတို့နှင့်ပါလာခဲ့သည့် ရွက်သင်္ဘောတစ်ဒါဇင်ကျော်တို့အားလုံးသည်လည်း သိမ်းဆည်းခြင်းကို ခံလိုက်ရ၏။ အစိမ်းရောင်ညအိမ်မက်လောကဆီမှ အသက်ရှင်ကျန်ရစ်ခဲ့သည့် သိုင်းကျင့်ကြံသူများသည် ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု မည်သို့မျှမထင်မှတ်ခဲ့ကြချေ။
“ပြိုင်စံရှားဂိုဏ်း”
ကျွမ်းကျင်သူတစ်ယောက်သည် ထာဝရရွက်သင်္ဘောကြီးပျောက်ကွယ်သွားရာ တည်နေရာ ဆီသို့ လက်သီး ဆုပ်ကာဖြင့် ပြောလိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ်”
၎င်းတို့အနေနှင့် ၎င်းတို့၏အိမ်အတွက် အသက်ကိုပင်စတေးရန် ပြင်ဆင်ခဲ့ပြီးသားဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ အရေးအကြောင်း အခြေအနေမျိုးတွင် စကြဝဠာနတ်တိုက်ပွဲပြိုင်ပွဲသို့ နောက်ဆုံးဝင်ရောက် ပြိုင်ဆိုင်ခွင့် ရရှိခဲ့သည့်တပည့်များ တည်ရှိနေသော ပြိုင်စံရှားဂိုဏ်းသည် ရောက်ရှိလာခဲ့ပြီး သူတို့ကိုကယ်တင်ခဲ့သည်။
“ကျုပ်တို့လွတ်မြောက်ခဲ့ပြီ”
“ကျူးကျော်သူတွေသုတ်သင်ခံလိုက်ရပြီ”
“ဒါ ပြိုင်စံရှားဂိုဏ်းပဲ။ ပြိုင်စံရှားဂိုဏ်းက ကျုပ်တို့ကို ကယ်တင်လိုက်တာ”
လောကကြီးအတွင်းထဲမှာတော့ စစ်သည်တော်များအားလုံးသည် ထိုသတင်းကိုဖြန့်လိုက်၏။ အားလုံးသော သူတို့သည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ချီးကျူးလျက်ရှိနေ၏။ ဤကဲ့သို့ ကြီးမားလွန်းလှသည့် ကြင်နာမှု တရားသည် ၎င်းတို့၏နှလုံးသားထဲတွင် အမြဲတမ်းအမှတ်တရနှင့်တည်ရှိနေတော့မည်ဖြစ်၏။
“ဒင်.. လက်ခံသူသည် အစိမ်းရောင်ညအိမ်မက်လောကကြီးကို ကယ်တင်ခဲ့သည်။ ထို့ကြောင့် သက်ရှိသတ္တဝါ အားလုံးတို့သည် ကျေးဇူးတင်ခဲ့ကြသည်။ စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးနိုင်ရန် အဓိကတာဝန်အား တိုးတက် ခဲ့သည်။ တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း”
ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားခဲ့တော့၏။ ဤ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏တပည့်များကို တိုက်ခိုက်ရင်း လောကကြီးတစ်ခုကို ကယ်တင်ခဲ့ခြင်းသည် တာဝန် ပြည့်စုံမှုနှုန်း ၃ ရာခိုင်နှုန်းကိုပင် ပေးစွမ်းခဲ့၏။
“အင်း”
စနစ်ကပြောလိုက်သည်။ “ကြည့်ရတာ လက်ခံသူအနေနဲ့အဆုံးသတ်မှာ မိုးကောင်းကင်နတ်ဆိုး အင်ပါယာနဲ့ မဖြစ်မနေတိုက်ခိုက်ရမဲ့ ပုံပဲ”
“ဒါအမှန်ပဲ”ကျွင်းချောင်ရှောင်းသည် သဘောတူညီလိုက်မိ၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လောကကြီးပေါင်းများစွာတို့အား ပစ်မှတ်ထားခဲ့၏။ အစိမ်းရောင်ည အိမ်မက် လောကကြီးကို ကယ်တင်ခဲ့ခြင်းသည် တာဝန် ပြည့်စုံမှုနှုန်းကို တိုးတက်ခဲ့သည်ဆိုလျှင် အခြားသော လောကကြီးကိုသာ လိုက်လံကယ်တင်မည်ဆိုလျှင် တာဝန်ပြည့်စုံမှုနှုန်းသည် ယခုထက် ပိုမိုကာ တိုးတက်လာနိုင်သည်။
ထို့အပြင် သူ၏ အဓိကတာဝန်ကို ပြည့်စုံစေရန် အတွက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်ရန် လိုအပ်လိမ့်မည် ဖြစ်ကြောင်းကို သူက အကြမ်းဖျင်း ခန့်မှန်းလိုက်မိ၏။ ကြည့်ရသည်မှာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ တပ်ဖွဲ့များအားလုံးကို လိုက်လံ သုတ်သင်ခြင်းအားဖြင့် သူ၏အဓိကတာဝန်သည် ချောချောမွေ့မွေ့နှင့် အောင်မြင်သွားရမည့်ပုံပင်ရှိသည်။ ကျွင်းချောင်ရှောင်းသည် သူ၏လက်ချောင်းများကို တတောက်တောက်ခေါက်ကာဖြင့် အေးစက်စက်ပြောလိုက်၏။ “အင်း ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့နှစ်ယောက် ထဲက တစ်ယောက်သေမှဖြစ်မယ်”
“ငါလည်း ဒီလိုပဲထင်တယ်”
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနှင့် လက်ရှိအချိန်မှာ ဘယ်လို ထွက်ပြေးရမလဲဆိုတာကို ကြိုပြီးစဉ်းစားထားသင့်တယ်”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များကို သတ်ဖြတ်ခဲ့ခြင်းဆိုသည်မှာ တစ်ဖက်လူအား ကျိန်းသေပေါက် ဒေါသူပုန်ထစေလိမ့်မည်။ ထို့ကြောင့် အဆုံးအစမဲ့ လိုက်လံကာ အမဲလိုက်သတ်ဖြတ်မည် ဆိုသည်မှာ သာမာန်ပင်ဖြစ်၏။
“ငါ့ဆီမှာ ထာဝရလောကကြီးရှိတယ်”
ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူ ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ “သူက ဘာလုပ်နိုင်မှာလဲ”
ကုန်းရှန့်အနေနှင့် ဂုဏ်ယူဝံ့ကြွားလောက်သည့်အရာဟူ၍ ဤတစ်ခုသာလျှင် ရှိ၏။ အနည်းဆုံး မည်သူမှ ရှာဖွေမတွေ့ရှိသွားအောင် ပုန်းအောင်းနိုင်စွမ်းရှိနေ၏။
“ငါစိုးရိမ်တာက”
စနစ်ကပြောလိုက်သည်။ “ကောင်းကင်ဖြတ်သန်းခြင်းလောကကြီးပါ ဒုက္ခရောက်မှာပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ သူ့အနေနှင့် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ အမဲလိုက်ခံရမည်ကို စိုးရိမ်ပူပန်မှုမရှိချေ။ အဆိုးဆုံးအနေဖြင့် ပြန်လည်တိုက်ခိုက်နိုင် လောက်အောင် လုံလောက်သည့် အားအင်အဆင့်ပိုင်ဆိုင်သည်အထိ ထာဝရလောကကြီးတွင် ပုန်းအောင်း နိုင်စွမ်းရှိနေ၏။ သို့ပေမဲ့ ဦးလေးကုနှင့် အဒေါ်ကုတို့သည် အပြင်ဖက်တွင်တည်ရှိလို့နေ၏။
“နည်းလမ်းတစ်ခုပဲရှိတယ်”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “သွားပြီးတော့ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို တိုက်ခိုက်ဖို့ပေါ့”
ပုန်းအောင်းနေခြင်းဆိုသည်မှာ ဖြေရှင်းနိုင်သည့်အရာ မဟုတ်ပေ။ သူ၏တည်ရှိမှုကို အကောင်းဆုံးဖော်ပြပြီး တစ်ဖက်လူ ဒေါသထွက်စေရန်အတွက် တစ်ဖက်လူ၏ နောက်လိုက်များကို အချိန်တိုင်း တိုက်ခိုက်မည်ဆိုပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အခြားသောသူများကို အာရုံစိုက်နိုင်လိမ့်မည်မဟုတ်ချေ။
“ဒါက နည်းနည်းအန္တရာယ်များတယ်”
စနစ်သည် သဘောမတူညီပေ။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့ ထွက်ပေါ်လာပြီး တစ်ဖက်လူများနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်းဆိုသည်မှာ မနှေးနှင့် မမြန်ဆိုသလို အမှားအယွင်းများ ဖြစ်ပေါ်လာနိုင်၏။
“ဒီထက်ကောင်းတဲ့နည်း ရှိသေးလား”
“အင်း... မရှိလောက်တော့ဘူး”
“ဒါဆိုရင်လည်း ဒီနည်းကိုပဲ အသုံးပြုပြီး လောင်းကစားလုပ်လိုက်ကြတာပေါ့”
ကျွင်းချောင်ရှောင်းအနေနှင့် အချိန်အကန့်အသတ် တစ်ခုအတွင်းတွင် အကောင်းဆုံးကြိုးစားပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ဒုက္ခပေးနိုင်လိမ့်မည်ဟု စဉ်းစားထား၏။ အနည်းဆုံးအနေနှင့် တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် လုပ်ချင်တာ လုပ်နိုင်စွမ်း မရှိအောင် သူတားဆီးရပေလိမ့်မည်။
“ကောင်းပြီ”
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနှင့် ဓားသူတော်စင် ကွေ့ရှုကို သွားပြီးတော့ ရှာဖွေသင့်တယ်”
“ထားလိုက်ပါတော့”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ငါ... ငါရဲ့ဒုက္ခတွေကို တခြားသူတွေဆီ တွန်းပို့မနေချင်တော့ဘူး”
ဦးလေးကုနှင့်ပြောဆိုသည့် စကားလုံးအရဆိုလျှင် ကွေ့ရှုဓားသူတော်စင်သည် အလွန်တရာအားကောင်းလွန်း လှပြီး တိမ်လွှာစကြဝဠာပတ်လမ်းထဲ၌ စီနီယာတစ်ယောက်ဟု သုံးသပ်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိလိမ့်မည်ဟု သူမထင်ချေ။
အရေးမကြီးသော တစ်ချို့သောကိစ္စရပ်များတွင် ကုန်းရှန့်သည် သူ၏အပြစ်ကို ခေါင်းပေါ်တင်ပေးနိုင်ရန် အတွက် တခြားသော တစ်စုံတစ်ယောက်ကို ရှာဖွေတတ်သည်ဆိုသော်လည်း အဓိကကိစ္စရပ်များတွင်တော့ အပြစ်ကင်းမဲ့သော မည်သူ့ကိုမှ မသက်ရောက်စေချင်ပေ။ ဤအရာသည် သူ၏အကန့်အသတ်ပင်ဖြစ်၏။
ပြောနေစရာကိုမလိုပင်။ ကျိုးဟုန် သည်လည်း လက်ရှိအခြေအနေမှာတော့ အပြင်းအထန်ကျင့်ကြံလျက် ရှိနေသည်။
မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် ရန်သူဖြစ်နေပြီဆိုရင်တောင်မှ ကျွင်းချောင်ရှောင်းအနေဖြင့် စကြဝဠာနတ်တိုက်ပွဲဆီသို့ ပါဝင်ယှဉ်ပြိုင်ရပေဦးမည်။ ထို့ကြောင့် စကြဝဠာကြီးတစ်ခုလုံးကို အနိုင်ယူရန် ဆိုသည့်ကိစ္စရပ်သည် ဤတိုက်ပွဲနှင့် လည်း ပတ်သက်ဆက်နွယ်နေရပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ရှန့်ကွမ်းရှင်းရောင်ကပြောလိုက်သည်။ “တခြား ရွက်သင်္ဘောအဖွဲ့တစ်ခုကိုတွေ့တယ်”
ကျွင်းချောင်ရှောင်းသည် ကြယ်တာရာမြေပုံဆီသို့ လှမ်းကြည့်လိုက်၏။ အလင်းစက်များသည် အဝေး တစ်နေရာတွင် ပေါ်ပေါက်လျက်ရှိနေ၏။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “သူတို့နောက်ကို လိုက်မယ်”
ရွက်သင်္ဘောတစ်ဖွဲ့ကို သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သောကြောင့် အခြားသောအဖွဲ့များကို လိုက်လံသတ်ဖြတ်ရန် တွန့်ဆုတ်နေတေ့မည်မဟုတ်ချေ။
….. …….
“ဘာလို့ နံပါတ်ခုနှစ် ရွက်သင်္ဘောက အကြောင်းအရာမရှိဘဲနဲ့ ပျောက်ကွယ်သွားရတာလဲ”
“အင်း… မထင်မှတ်တဲ့အရာတစ်ခုခုဖြစ်သွားခဲ့မှာ စိုးရိမ်ရတယ်”
အဓိက ရွက်သင်္ဘော နံပါတ်ခြောက်ထဲတွင်ရှိနေသော ခေါင်းဆောင်သည် အေးစက်စက်အမူအရာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “အင်း… ဒါဆိုရင် မြန်မြန် မိုးကောင်းကင် နတ်ဆိုးအင်ပါယာဆီကို သတင်းပို့ရမယ်”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် များပြားလွန်းလှသော စိန်ခေါ်စာများကို ပို့လွှတ်ခဲ့၏။ သို့ပေမဲ့ ဂြိုဟ်တော်တော်များများသည် အညံ့ခံရန်ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ၎င်းတို့ကို အပြစ်ပေးရန်အတွက် ရွက်သင်္ဘောများသည် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်၏။ ဥပမာအားဖြင့် ကျွင်းချောင်ရှောင်း ဖျက်စီးခဲ့သည့် အဓိကရွက်သင်္ဘော နံပါတ်ခုနှစ်ပင်ဖြစ်သည်။
ဤအရာသည် ယခင်တုန်းက နံပါတ်ခုနှစ် ရွက်သင်္ဘော ဖြစ်ခဲ့ဖူးသည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ချင်းချင်းဖြစ်လို့ နေ၏။ အဘယ့်ကြောင့်ဆိုသော် ထိုက်ရွှမ်အဘိုးအိုသည် ၎င်းရွက်သင်္ဘောပေါ်တွင် ရှိနေသည့် အစီအရင်စနစ် အားလုံးကို ဖျက်စီးပြီးသည့်နောက် အသစ်ပြန်လည်တည်ဆောက်ခဲ့သည်။ ထို့ပြင် ရွက်သင်္ဘောကြီးတစ်ခုလုံးကိုပင် အရောင်အသစ်ဖြင့် ပြန်လည်ကာ ဆေးသုတ်ထားသေး၏။
ရွက်သင်္ဘောများသည် တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ကြ၏။ ထိုအရာများသည် ပြန်လည်ပြင်ဆင်ပြီး သည့်နောက် တပည့်များ၏နာမည်များကို တစ်ခုပြီး တစ်ခုပေးနေ၏။ ဥပမာအားဖြင့် ချင်းချင်း၊ ချင်းယန် စသဖြင့်ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် နာမည်ကို တကူးတက စဉ်းစားမနေချေ။ ရွက်သင်္ဘောတစ်စီး ရောက်ရှိလာသည် ဆိုတိုင်း ၎င်း၏လက်ရွေးစင် တပည့်များ နာမည်ကို တန်းကာပေးလိုက်၏။
သူသည် အလင်းစက်များဆီသို့ ချဉ်းကပ်သွားသည့်အချိန်မှာတော့ ရွက်သင်္ဘောအတော်များများတို့သည် သူ၏ထာဝရရွက်သင်္ဘောကြီးထက်မည်သို့မျှ အားမနည်းလှကြောင်း သတိပြုလိုက်မိသည်။
ယုစီနန်ကပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ နောက်လိုက်တွေပဲ”
“ဒီတော့”
ကျွင်းချောင်ရှောင်းသည် သူ၏ လက်သီးကိုဆုပ်၍ တောက်လောင်လွန်းသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "ဒါတွေအကုန်လုံးကို သိမ်းဆည်းကြမယ်”
ဘာပဲဖြစ်ဖြစ် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် အဆုံးထိ တိုက်ခိုက်ရမည်ဖြစ်သောကြောင့် တစ်ဖက် လူများဆီမှ လူယူရသည့်အကြံအစည်သည် နည်းတောင်နည်းပါးသေးသည်ဟု သတ်မှတ်ရပေမည်။
......
ဒူ ဒူ
သားရဲစီးဟောခန်းအတွင်းထဲမှာတော့ သတိပေးသံသည် ကျယ်လောင်စွာထွက်ပေါ်လာခဲ့၏။
ရွှီ ရွှီ ရွှီ
အဖွဲ့သားတစ်ယောက်ပြီးတစ်ယောက်တို့သည် ၎င်းတို့၏အဆောင်ဆီမှ ထွက်ပေါ်လာခဲ့ပြီး သက်ဆိုင်ရာ ကျွဲရိုင်းစက်ရုပ်များဆီသို့ ခုန်ဝင်လိုက်ကြ၏။ ၎င်းတို့သည် အမိန့်ကိုလက်ခံရရှိခဲ့ပြီးသည့်နောက် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်လို့နေသည်။
“ဟင်း”
အိမ်သာဆေးလျက်ရှိနေသည့် မြောင်ရှောင်တောင်သည် ၎င်း၏ ဂိုဏ်းတူရောင်းရင်းများ လှုပ်ရှား သွားလာနေသည်ကို မြင်ရသည့်အချိန်မှာတော့ မနာလိုစွာဖြင့် ပြောလိုက်မိ၏။ “ငါလည်း တိုက်ခိုက်ချင် လိုက်တာ”
.....
ကျင်းဟီသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမ အနေနှင့် တိုက်ခိုက်ချင်စိတ်ကို မပြသခဲ့ချေ။ သို့ပေမဲ့ သူမသည် ကျွဲရိုင်းစက်ရုပ် နံပါတ်ခြောက်ဆယ့်ခြောက်ပေါ်သို့ ပြေးတက်ချင်စိတ်များကို မနည်းဖိနှိပ်ထားရသည်။
“ကျင်းဟီ”
ထိုအချိန်မှာပဲ ကျုံးရီက အော်ဟစ်လိုက်၏။ “လာခဲ့”
ကျင်းဟီသည် ၎င်း၏ခန္ဓာကိုယ်ကို မတ်ပြီးသည့်နောက် အလေးပြုလိုက်၏။ ပခုံးတစ်ဖက်တွင် ထမ်းပိုးထား သည့် ချေးပုံးသည် မြောင်ရှောင်တောင်၏ ကိုယ်ပေါ်သို့ ပြုတ်ကျသွားလေသည်။
“သောက်ကျိုးနည်း”
“ဂိုဏ်းချုပ်ရဲ့အမိန့်”
ကျုံးရီက ပြောလိုက်၏။ “ကျွဲရိုင်းစက်ရုပ် နံပါတ် ခြောက်ဆယ့်ခြောက်ကို မင်း ထိန်းချုပ်ရမယ်”
“ဟမ်”
ဤစကားစုသည် သူမ၏နားထဲသို့ မိုးကြိုးပစ်သံကဲ့သို့ပင် ကျယ်လောင်စွာ ဝင်ရောက်လာခဲ့တော့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အမှတ်မထင်ဖြင့် တုန်ယင်သွားခဲ့၏။ မျက်လုံး၏ထောင့်၌ မျက်ရည်များပင် ဖြစ်တည်လာခဲ့၏။ သူမသည် အိမ်သာဆေးသည့်အချိန်၌ပင် ကျွဲရိုင်းစက်ရုပ်ကို မည်ကဲ့သို့အသုံးပြုရမည် ဖြစ်ကြောင်း မရပ်မနား စဉ်းစားခဲ့၏။ နောက်ဆုံးမှာတော့ ဂိုဏ်းချုပ်သည် သူမ အား အစွမ်းပြခွင့် ပေးခဲ့ပြီဖြစ်သည်။
“ဘာတွေတွေဝေနေတာလဲ”
ကျုံးရီက အော်ဟစ်လိုက်၏။ “မြန်မြန်”
“ကောင်းပါပြီ”
ကျင်းဟီသည် သူမ၏မျက်လုံးထဲတွင်ရှိသော မျက်ရည်စများကို အသာသုတ်ပြီးသည့်နောက် ကျွဲရိုင်းစက်ရုပ် နံပါတ် ခြောက်ဆယ့်ခြောက်ဆီသို့ပြေးသွားလိုက်သည်။
“စီနီယာအစ်မ”
အနောက်ဘက်တွင်ရှိနေသော မြောင်ရှောင်တောင်သည် လက်ဝှေ့ယမ်းကာအော်ဟစ် လိုက်၏။ “ကိုယ့်ကိုယ်ကိုယ် သက်သေပြရမည့်အချိန်ရောက်ပြီ။ အားလုံးကို စိတ်မပျက်စေနဲ့”
......
ကျွီ
ကလစ်
ကျွဲရိုင်းစက်ရုပ်၏တံခါးသည် ဖြေးညှင်းစွာပွင့်သွား၏။ အချိန်ကာလကြာမြင့်စွာ လွမ်းဆွတ်လျက်ရှိနေသည့် ခံစားချက်များသည် ကျွဲရိုင်းစက်ရုပ်ကို ပြန်လည်ထိတွေ့ပြီးသည့်နောက် ကျင်းဟီ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
“နံပါတ် ခြောက်ဆယ့်ခြောက် ဖြေပါ။ ပြန်ဖြေပါ။ နံပါတ် ခြောက်ဆယ့်ခြောက်ပြန်ဖြေပါ” အသံသည် ဆက်တိုက် ဆိုသလိုထွက်ပေါ်နေ၏။
“ဒီကလေးမ”
တောက်ယွမ်က ပြောလိုက်သည်။ “ဘာလို့ပြန်မဖြေရတာလဲ”
ဆွစ်
ထိုအချိန်မှာပဲ ကျင်းဟီသည် ရုတ်တရက် သတိဝင်သွား၏။ သူမ၏လက်များသည် အစီအရင်ပေါ်တွင် မြန်ဆန်စွာဖြင့် ရွှေ့လျားလျက်ရှိနေ၏။
“လေဖိအား - ပုံမှန်၊ စွမ်းအင် - ပုံမှန်၊ အပူချိန် - ပုံမှန်၊ အားလုံးပုံမှန် နံပါတ် ခြောက်ဆယ့်ခြောက် ကျင်းဟီ တိုက်ခိုက်ဖို့ တောင်းဆိုသည်”
နောက်ဆုံးစကားကို ပြောပြီးသည့် နောက်မှာတော့ ကျင်းဟီ၏အတွေးထဲတွင် တိုက်ခိုက်လိုခြင်းဆန္ဒများ တဟုန်းဟုန်း တောက်လာခဲ့သည်။
“ထွက်မယ်”
တောက်ယွမ်သည် ချက်ခြင်းပဲ အမိန့်ပေးလိုက်၏။ ကျင်းဟီ၏ ညာဘက်လက်သည် လေထုထဲတွင် ဝှေ့ယမ်းသွားပြီးသည့်နောက် ကျွဲရိုင်းစက်ရုပ်သည် အရှိန်ဟုန်ပြင်းပြင်းနှင့် အပြင်ဘက်ဆီသို့ ပျံသန်းသွားခဲ့၏။ “ငါ…. ကျင်းဟီ လာပြီ”
ဘုန်း
စကြဝဠာအတွင်းမှာတော့ ဆက်တိုက် တိုက်ပွဲကြီးများဖြစ်ပေါ်လျက်ရှိနေပြီး မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ နံပါတ်ခြောက် ရွက်သင်္ဘောကြီးတွင်ရှိနေသော စစ်သည်ပေါင်းများစွာ တို့သည် သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။
တောက်ပသည့် အလင်းတန်းများပျောက်ကွယ်ပြီး အမှောင်ထုအဖြစ် ပြန်လည်ရောက်ရှိသွားပြီးနောက် တိုက်ပွဲသည်အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
တိုက်ပွဲအတွင်း ရွက်သင်္ဘော နံပါတ်ခြောက်၏ ခေါင်းဆောင်သည် ကျွင်းချောင်ရှောင်း၏သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး စစ်သည်ပေါင်းတစ်သိန်းကျော်တို့သည်လည်း သတ်ဖြတ်ခဲ့ရ၏။ ရွက်သင်္ဘော နှစ်ဆယ်စင်းသည် ၎င်းတို့၏ လက်ထဲတွင် ရောက်ရှိလာခဲ့သည်။ ပြိုင်စံရှားဂိုဏ်းသည် အလုံးစုံသော အောင်မြင်မှုကိုရရှိခဲ့၏။
“ဂိုဏ်းချုပ်”
တိုက်ပွဲပြီးသည့်နောက် လီချင်းယန်ကပြောလိုက်သည်။ “ကျွဲရိုင်းစက်ရုပ်ပေါင်း တစ်ရာကျော် ထိခိုက်ခဲ့တယ်။ အားလုံးကပြန်ပြင်ဖို့လိုလိမ့်မယ်။ ဒါပေမဲ့ ဂျူနီယာညီမလေး ကျင်းဟီ ထိန်းကျောင်းတဲ့ နံပါတ် ခြောက်ဆယ့်ခြောက် ကတော့ ပေါက်ကွဲသွားတယ်”
“မဟုတ်ဘူး”
အခြားသောဂိုဏ်းတူရောင်းရင်းများ အားလုံး၏ ဆွဲခေါ်ခြင်းကို ခံနေရသော ကျင်းဟီ သည် အော်ဟစ်လျက် ရှိ၏။ “ဒီစက်ရုပ်က သေသေချာချာ ထိန်းသိမ်းမထားခဲ့လို့ အသုံးပြုရင်းတန်းလန်း ပျက်စီးသွားခဲ့တာပါ။ ဒါကြောင့် ကျွန်မအနေနဲ့ ဖျက်စီးဖို့နည်းလမ်းကိုပဲရွေးနိုင်ခဲ့တာ။ ဂိုဏ်းချုပ်…. ကျေးဇူးပြုပြီး ရှင်းပြတာကို နားထောင်ပေးပါအုံး”