အခန်း ၁၈၄၅
Vol. 124 Ch. 1845
အပိုင်း (၁၈၄၅)
“မယုံကြည်နိုင်စရာပဲ”
အစီအရင်ဟောခန်းအတွင်းမှာတော့ ထိုက်ရွှမ်အဘိုးအိုသည် မှန်ဘီလူးကို အသာယူကာဖြင့် စက်ရုပ်ကြီး၏ ခန္ဓာကိုယ် တစ်ခုချင်းစီတိုင်းအား သေသေချာချာကြည့်ရှုလျက်ရှိ၏။ သူသည် ကြည့်ရှုလေ ပိုမိုကာ တုန်လှုပ်လေဖြစ်သည်။
“တကယ့်ကို အနုပညာတစ်ခုပဲ”
ဖန်ရီကျိသည် ဝက်အူတစ်ခုကို ဖြုတ်ရင်းမှ ထအော်လိုက်၏။ “တကယ်ကိုပြည့်စုံတဲ့ အနုပညာလက်ရာ တစ်ခုပဲ”
………..
ဘေးတစ်ဖက်တွင်ရှိနေသော ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုသာ ခါယမ်းနေမိ၏။ သူသည် ထိုကဲ့သို့သော နည်းပညာများကို ကာတွန်းကား သို့မဟုတ် ရုပ်ရှင်ထဲ၌ ခဏခဏမြင်ခဲ့ဖူးသည်။ ထို့ကြောင့် အံ့အားသင့်မှု မရှိချေ။
“လူကြီးမင်းတို့”
ကျွင်းချောင်ရှောင်းကမေးလိုက်သည်။ “ဒါကို တုပပြုလုပ်နိုင်လား”
“အင်း.. အရမ်းခက်ခဲတယ်” ထိုက်ရွှမ်အဘိုးအိုနှင့် ဖန်းရီကျိတို့သည် သံပြိုင်ဆိုသလို ပြောဆိုလိုက်ကြ၏။ အချက်အလက်အားဖြင့် သူတို့သည် ထိုအရာကို တုပကာ ပြုလုပ်ချင်မိ၏။ သို့ပေမဲ့ သူတို့အားအင်အဆင့်သည် ထိုအရာကို ပြုလုပ်ရန် အခွင့်အရေးမပေးခဲ့ချေ။
“ဖြည်းဖြည်းချင်း လေ့လာသွားပေါ့”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “စိတ်မပူပါနဲ့”
ကုန်းရှန့်အနေနှင့် ယနေ့တွင် စက်ရုပ်ကြီးကို တစ်စစီဖြုတ်ပြီး နောက်တစ်ရက်တွင် ထိုအရာနှင့်တူညီသည့် အရာတစ်ခုကို တုပကာ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ ထို့ပြင် သိပ္ပံနှင့်နည်းပညာသည် သိုင်းပညာနှင့် အလုံးစုံခြားနားလျက်ရှိ၏။ ထို့ကြောင့် နားလည်ရန်အတွက် အချိန်အတော်ကြာ လိုအပ်ပေ လိမ့်မည်။
ရှောင်ထျန်းစက်ရုပ်ကြီးပေါ်ပေါက်လာခြင်းသည် ထိုက်ရွှမ်အဘိုးအိုနှင့် ဖန်းရီကျိတို့အား အမှန်ပင် ဉာဏ်အလင်းရစေခဲ့၏။
သူ့အနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ အသက်သွင်းသည့် လုပ်ငန်းစဉ်ကို ပယ်ဖျက်ချင်သည်ဆိုလျှင် ယနေ့မှစကာ သေသေချာချာလေ့လာခိုင်းရပေလိမ့်မည်။
ဤလုပ်ငန်းစဉ်ကြီးသည် တကယ်ပင်ကောင်းမွန်လှသည့် အရာကြီးတစ်ခုမှန်း ကျင်းဟီက ကောင်းကောင်း သိ၏။ သို့ပေမဲ့ သူမ၏ စက်ရုပ်ကြီး တစ်စစီဖြုတ်ခံလိုက်ရသည်ကို မြင်ပြီးသည့်နောက် နှလုံးသားတစ်ခုလုံး ကွဲကြေလျက် ရှိနေသည်။ စက်ရုပ်ကြီး တစ်စစီဖြုတ်ထားသည့် မြင်ကွင်းကို အိမ်သာဆေးရင်း ပြန်လည် တွေးတောကာဖြင့် မျက်ရည်များသည် မိုးလိုပင် ကျဆင်းလျက်ရှိသည်။
…..
ဒွီး ဒွီး ဒွီး
ထာဝရရွက်သင်္ဘောကြီး၏ ပဲ့ခန်းထဲတွင်တော့ သတိပေးသံများသည် အဆက်မပြတ်ဆိုသလို ထွက်ပေါ် လာ၏။ များပြားလှသော အလင်းစက်များသည် ကြယ်တာရာမြေပုံပေါ်တွင် ဖြစ်တည်လာခဲ့၏။ ထိုအရာများ သည် စကြဝဠာ၏နေရာအနှံ့တွင် အရေအတွက်များများဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်၏။
“ဂိုဏ်းချုပ်”
ရှန့်ကွမ်းရှင်းရောင်ကပြောလိုက်သည်။ “သူတို့ ကျွန်မတို့ကို လာရှာတာနဲ့တူတယ်”
“အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကိုအသာမှေးမှီကာဖြင့် လက်ထဲတွင်ရှိနေသော ဝိုင်ခွက်ကို အသာ လှုပ်ယမ်းနေ၏။ “ရွက်သင်္ဘောတော်တော်များများ ဖျက်ဆီးခံရပြီးတဲ့နောက်မှာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာက တကယ့်ကို လှုပ်ရှားပြီပဲ။ ကံကောင်းတာက ထာဝရရွက်သင်္ဘောကြီးက သူတို့ ရောက်လာတာကို ကြိုသိနေတာပဲ။ မဟုတ်ရင် အဝိုင်းခံရနိုင်တယ်”
ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်သည်။ “အမှန်ပဲ”
ကျွင်းချောင်ရှောင်း၏ လက်ရှိအခြေအနေတစ်ခုကိုပြောရမည်ဆိုလျှင် သူသည် အမှောင်ထဲမှာတည်ရှိနေပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများမှာတော့ အလင်းမှာ တည်ရှိနေ၏။ သူအနေနှင့် တစ်ဖက်လူများကို ရှောင်ရှားချင်သည်ဆိုပါက မည်သူမျှ ဖမ်းနိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် သူသည် တစ်ဖက်လူများ၏ ရွက်သင်္ဘောများကို တစ်ခုပြီးတစ်ခု လိုက်လံကာဖျက်ဆီးနေခြင်းဖြစ်၏။
“သူတို့ ရှာမတွေ့စေနဲ့”
ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “အခြားနေရာကို ဆက်ပြီး သွားရအောင်”
“ကောင်းပါပြီ”
နောက်ထပ် အချိန်အနည်းငယ်အတွင်းမှာပဲ ထာဝရရွက်သင်္ဘောကြီးသည် တိမ်ပြာစကြဝဠာ ပတ်လမ်းကြောင်းထဲတွင် ဝိညာဉ်တစ်ခုကဲ့သို့ပင် လွင့်မျောသွားလာလျက် ရှိနေ၏။ သူတို့သည် မိုးကောင်းကင် နတ်ဆိုး အင်ပါယာ၏တပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းကို မပြုလုပ်ကြချေ။ တစ်ခါတစ်ရံ အရေအတွက် နည်းပါးသည့် ရွက်သင်္ဘောများကို တွေ့ရသည့်အချိန်မျိုးတွင်မှာမှ ဝင်ရောက်တိုက်ခိုက်တတ်၏။
လက်ရှိအခြေအနေ တွင် သူတို့သိမ်းဆည်းထားခဲ့ပြီဖြစ်သော ရွက်သင်္ဘောများသည် တစ်ရာပင်ကျော်လာခဲ့၏။ ထာဝရလောကကြီးထဲတွင် ဤရွက်သင်္ဘောများ တန်းစီထားသည့်မြင်ကွင်း သည် တကယ်ပင် ကြည့်ရှု၍ကောင်းလှသည်။
အစီအရင်ဟောခန်းမှ အဖွဲ့ဝင်များအားလုံးသည် ထိုအရာများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ကြိုးကြိုး စားစားနှင့် အလုပ်လုပ်နေလျက်ရှိနေကြပြီး ရွက်သင်္ဘောများကို တပည့်များ၏ နာမည်လည်း တစ်ခုချင်းစီ ပေးအပ်လျက်ရှိ၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် အဆင့်မြင့်ရွက်သင်္ဘောများကို တစ်ခုပြီးတစ်ခု ပို့ဆောင်လျက်ရှိ၏။ ထိုအရာများအားလုံးသည် နောက်ဆုံးအချိန်မှာတော့ ထာဝရလောကကြီးထဲသို့ ရောက်ရှိနေလေသည်။
ဤရွက်သင်္ဘောများသည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ရွက်သင်္ဘောများနှင့် အနည်းငယ် ဆင်တူလျက်ရှိနေကြောင်းကို ကျွင်းချောင်ရှောင်းက မမေ့လျော့ချေ။
ရန်သူများသည် ပိုမိုကာသတိဝင်လာ လေလေ သူ့အနေနှင့် လှုပ်ရှားတိုက်ခိုက်ရန် အခွင့်အရေးနည်းပါးလေလေ ဖြစ်သည်။ ထို့ကြောင့် ရန်သူ များအား အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ပြီး ဖမ်းဆီးတတ်သည့် သူ၏နည်းဗျူဟာအား ပြန်လည်ကာ ပြောင်းလဲလိုက်၏။
တစ်ခါတစ်ရံဆိုသလို သူသည် လအတော်ကြာသည်အထိ ပုန်းအောင်းလျက်ရှိနေ၏။ မိုးကောင်ကင် နတ်ဆိုးအင်ပါယာကို ပစ်မှတ်ထားကာ ထပ်တလဲလဲ တိုက်ခိုက်လျက်ရှိနေတုန်းမှာပဲ သူသည် တခြားသော ဂြိုဟ်များ တိုက်ခိုက်ဖျက်ဆီးခံရခြင်းမှလည်း ကာကွယ်ပေးသည်။ ပြိုင်စံရှားဂိုဏ်းဟူသည့် နာမည်သည် တိမ်ပြာစကြဝဠာပတ်လမ်းတစ်ခုလုံးတွင် စတင်ကာ ပျံ့နှံ့နေခဲ့ပြီးဖြစ်သည်။
၎င်းတို့သည် နောက်ဆုံးမှာတော့ ဂြိုဟ်တော်တော်များများ၏ သူရဲကောင်းများ၊ ကယ်တင်ရှင်များပင် ဖြစ်လို့ လာခဲ့၏။ သို့ပေမဲ့ ဂြိုဟ်အားလုံးတို့သည် ကျွင်းချောင်ရှောင်း၏ ကယ်တင်ခြင်းကို ခံရသည်မဟုတ်ပေ။ နှစ်အနည်းငယ်အတွင်းမှာပဲ ဂြိုဟ်ဆယ်ခုကျော်ကျော်တို့သည် မိုးကောင်ကင်နတ်ဆိုး အင်ပါယာ၏ ဖိနှိပ်ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
“တောင်းပန်ပါတယ်”
ထာဝရရွက်သင်္ဘောကြီးသည် ဖျက်ဆီးခံလိုက်ရသော ဂြိုဟ်တစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် ပဲ့ခန်းထဲတွင် မတ်တပ်ရပ်လျက်ရှိပြီး အကူအညီမဲ့စွာဖြင့် ပြောလိုက်မိ၏။ “ငါ စကြဝဠာတစ်ခုလုံးကို ကယ်တင်ရတဲ့ သူရဲကောင်းကြီး ဖြစ်ချင်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့စွမ်းဆောင်ရည်က အကန့်အသတ် နဲ့ ဖြစ်နေတယ်”
ဝှစ် ဝှစ်
ထိုအချိန်မှာပဲ များပြားလှသည့် ရွက်သင်္ဘောများသည် အဆုံးအစမဲ့ မဲမှောင်လျက်ရှိနေသည့် စကြဝဠာထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့တော့၏။ ထိုအရာသည် လျှပ်တပြက်ပစ်လွှတ်လိုက်သည့် ဒုံးကျည်များကဲ့သို့ပင်။ ပြိုင်စံရှားဂိုဏ်းကို အလစ်အငိုက် ဝိုင်းပိတ်လိုက်ကြသည်။
ရှန့်ကွမ်းရှင်းရောင်သည် အလောတကြီးဖြင့် တည်နေရာကို ပြောင်းလဲလိုက်၏။ ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးသည် အလွန်မြန်ဆန်သည့်နှုန်းထားဖြင့် ရှောင်ရှားနိုင်စွမ်းလည်းရှိနေ၏။
“မိုးကောင်ကင် နတ်ဆိုးအင်ပါယာက ရှာတွေ့သွားပြီလား”
ဤအရာသည် ကျွင်းချောင်ရှောင်း၏ ပထမဦးဆုံး အတွေးဖြစ်၏။ သို့ပေမဲ့ အလင်းတန်းများ ဖြစ်ပေါ်လာရာနေရာကို ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးကို ဝတ်ဆင်ထားသော လူသုံးယောက်သည် စကြဝဠာ၏ အပြင်ဘက်သို့ လှမ်းလျှောက်ထွက်လာ၏။ ၎င်းတို့၏ သွင်ပြင်အမူအရာများကိုကြည့်ရှုရမည် ဆိုလျှင် လူသားများ ဖြစ်ပုံပေါ်သည်။
“အင်း”
အရှေ့ဆုံးမှလျှောက်လှမ်းလာခဲ့သည့် အမဲရောင်ဝတ်စုံ၊ မျက်နှာဖုံးနှင့်လူသည် သက်ပြင်းချလိုက်၏။ “ငါတို့ ခြေတစ်လှမ်းနောက်ကျသွားတာပဲ”
“ဂြိုဟ်တစ်ခုကိုဒီလိုမျိုး ဖျက်ဆီးပစ်လိုက်တယ်ဆိုတော့ ဘယ်လောက် နှလုံးသားကင်းမဲ့လိုက်လဲ”
ညာဘက် ခြမ်းတွင်ရှိနေသော ကျင့်ကြံသူက အေးစက်စက်ပြောလိုက်၏။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးသည် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်လာသည်။
“ဒီတော့”
ဘယ်ဘက်ခြမ်းတွင် ရှိနေသောစစ်သည်တော်သည် သူ၏ဓားကိုထုတ်ယူကာဖြင့် ထာဝရ ရွက်သင်္ဘောကြီးဆီသို့ ညွှန်လိုက်၏။ “ဒီလိုမျိုး ပုန်းလျှိုးကွယ်လျှိုးပြုလုပ်တဲ့သူတွေကို ငါတို့ အပြစ် ပေးရမှာပေါ့”
၎င်းတို့သုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြောဆိုလျက်ရှိနေသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူမှာ သူ့အား ဤဂြိုဟ်ကြီးကို ဖျက်ဆီးပစ်လိုက်သောလူများနှင့် မှားယွင်းနေကြောင်း နားလည်လိုက်မိ၏။ သူ့အား မိုးကောင်ကင်နတ်ဆိုးအင်ပါယာ၏ အောက်ဆွဲများဟုပင် တစ်ဖက်က သတ်မှတ်ထားခဲ့လေ၏။
“နားလည်မှုမလွဲပါနဲ့”
ကုန်းရှန့်ကရှင်းပြလိုက်သည်။ “ဒီဂြိုဟ်ကို ဖျက်ဆီးလိုက်တာ ကျုပ်မဟုတ်ဘူး”
“မင်းလုပ်ရဲတယ်ဆိုမှတော့ ဘာလို့ဝန်မခံရဲရတာလဲ” ဓားကိုကိုင်ဆောင်ထားသည့် အမဲရောင်ဝတ်စုံနှင့် လူသည် နှာခေါင်းကိုရှုံ့လိုက်၏။
“ကျုပ်မှ မလုပ်တာ ဘာလို့ဝန်ခံရမှာလဲ” ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြန်ပြောလိုက်မိသည်။
“မင်း ဝန်ခံတာဖြစ်ဖြစ်၊ ဝန်မခံတာဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘာလို့လဲဆိုတော့”
ဓားကိုင်ဆောင်ထားသည့် လူသည် အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်၏။ ဓားချီများသည် တစ်ဝုန်းဝုန်း နှင့် ထွက်ပေါ်လျက်ရှိသည်။ ၎င်းဖြတ်သန်းသွားရာ တည်နေရာတစ်ခုလုံးတွင် နက်ရှိုင်းလွန်းလှသည့် ဓားရာကြီးသည် ကျန်ရှိလျက်ရှိခဲ့၏။
“ဂိုဏ်းချုပ်”
ရှန့်ကွမ်းရှင်ရောင် သည် အံ့အားသင့်သွားမိသည်။ “ကျွန်မတို့ရှောင်လို့မရတော့ဘူး”
ဘုန်း ဘုန်း
ထိုအချိန်မှာပဲ စကြဝဠာတစ်ခုလုံးသည် ရုတ်တရက် ပေါက်ကွဲထွက်သွား၏။ ဝင်ရောက်လာသည့် ဓားချီများသည် ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိပြီး ၎င်း၏ ဆံနွယ်ရှည်များသည် လေထဲတွင် လွင့်မျောနေ၏။ သူသည် အေးစက်စက်ပြောလိုက်၏။ “ခင်ဗျားတို့ ကန်းနေလား၊ ဒီမှာ ထာဝရရွက်သင်္ဘောကြီးလို့ရေးထားတယ်။ ဒါပြိုင်စံရှားဂိုဏ်းလေ”
ထာဝရရွက်သင်္ဘောကြီးသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောများနှင့်တူညီသည် ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်းရဲ့ ထာဝရရွက်သင်္ဘောဆိုသည့်အရာကို သေသေချာချာ ကြီးကြီးမားမား ရေးသားထားခဲ့၏။ ထို့အပြင် သူသည် လတ်တလောတွင် များပြားလှသော ဂြိုဟ်များကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့် သတင်းမွှေးပျံ့လျက်ရှိ၏။ ဦးနှောက်ရှိသည့်လူဆိုလျှင် သူ့ကို မှားယွင်း အပြစ်တင်လိမ့်မည်မဟုတ်ချေ။
“ဂိုဏ်းတစ်ခုဟန်ဆောင်ပြီး ဆိုးရွားတဲ့ အရာတွေကိုပြုလုပ်နေတာ”
အမဲရောင်ဝတ်စုံနှင့်လူသည် ထူးမခြားနား သလိုပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုး အင်ပါယာက တကယ့်ကို ဒီလိုကိစ္စမျိုးတွေလည်း လုပ်နိုင်တာပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာဆဲလိုက်မိသည်။ “ဘယ်လောက်ဦးနှောက်မဲ့လိုက်လဲ”
“အားလုံးပဲ”
ခေါင်းဆောင်ကပြောလိုက်သည်။ “ဆုံတွေ့နေပြီဆိုမှတော့ မဟာမိတ်အဖွဲ့ရဲ့ နည်းဥပဒေရဲ့အတိုင်း ငါတို့ ပြုလုပ်ရလိမ့်မယ်။ ကောင်းကင်ကြီးရဲ့ကိုယ်စား တရားမျှတမှုကို စောင့်ရှောက်ပြီး မိစ္ဆာတွေကို သတ်ဖြတ်ပစ် ရတာပေါ့”
ပြောပြီးပြီးချင်းမှာပဲ တခြားသောသူနှစ်ယောက်တို့သည်လည်း သဘောတူညီလိုက်၏။ ၎င်းတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်၏။
“ချီးထဲမှ”
ကျွင်းချောင်ရှောင်းသည် ဆဲဆိုလိုက်မိသည်။ “ခင်ဗျားတို့က ဘယ်ကလူတွေလဲ”
ခေါင်းဆောင်သည် ရွှေရောင်ကတ်ပြားတစ်ခုကို အသာမြှောက်လိုက်၏။ ထိုပေါ်တွင် “ည” ဟုရေးသားထား ၏။
“ညဘုရင်မဟာမိတ်အဖွဲ့”
“ညဘုရင် မဟာမိတ်အဖွဲ့ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် အထက်စကြဝဠာကြီး တစ်ခုလုံးနှင့်ပတ်သက်၍ ဦးလေးကုပြောပြခဲ့သည့် အကြောင်းအရာများကို ပြန်လည် စဉ်းစားလိုက်မိ၏။ သို့ပေမဲ့ အနှစ်ချုပ်ရမည်ဆိုလျှင် ထိုအရာကို သူ တစ်ခါမှ မကြားခဲ့ဖူးချေ။
ဝှစ်
ထိုအချိန်မှာပဲ ဓားကိုင်ထားသည့်ကျင့်ကြံသူသည် အရှေ့ဆီသို့ရောက်ရှိလာပြီး ဓားချီများသည် ဥက္ကာခဲများ ကဲ့သို့ပင် တည်နေရာအနှံ့ဆီမှ ကျဆင်းလာခဲ့၏။ ဓား၏အရှိန်အဟုန်တစ်ခုတည်းနှင့်တင် နတ်ဘုရား လျှို့ဝှက်အဆင့်နှင့် နှိုင်းယှဉ်၍ရသည့် အရာတစ်ခုဖြစ်လာခဲ့၏။
“နားလည်မှုအလွဲခံရတာကို ကျုပ်အမုန်းဆုံးပဲ” ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်းဓားမော့ကြီး ကို ထုတ်ယူကာ အေးစက်စက်ပြောလိုက်သည်။
ဘန်း ဘန်း
ဓားသွားချင်းထိခိုက်သွား၏။ ဓားချီများအားလုံး ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။
“ဒီကောင်လေးက အားမနည်းဘူးပဲ” ခေါင်းဆောင်သည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
ဘေးတစ်ဖက်တွင် ရှိနေသည့် သိုင်းကျင့်ကြံသူက ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အထက်စကြဝဠာတစ်ခုလုံးကိုတောင် လွှမ်းမိုးဖို့ကြိုးစားခဲ့တာ။ သူ့ရဲ့အောက်ဆွဲတွေကလည်း အထင်သေးလို့ ရတဲ့သူတွေမဟုတ်ဘူး။ ဒီတော့ မိစ္ဆာကိစ္စတွေကိုလုပ်တဲ့သူ တွေနဲ့ ရင်ဆိုင်တွေ့တဲ့အချိန်မှာ ကျုပ်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်နေစရာမလိုဘူး”
ဝှစ် ဝှစ်
အခြားသော နှစ်ယောက်တို့သည် ဘေးတစ်ဖက်ဆီသို့ ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် အော်ရာများကို ထုတ်ဖော်လိုက်သည့်တစ်ပြိုင်နက် နတ်ဘုရားလျှို့ဝှက်အဆင့်တွင်ရှိနေသော သိုင်းကျင့်ကြံသူ သုံးယောက် ဖြစ်ကြောင်း ထုတ်ဖော်ပြသလာသည်။
တစ်ယောက်နှင့် သုံးယောက် ...... စိတ်ဝင်စားစရာကောင်းလွန်းလှ၏။
“..........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အလို့နေခဲ့၏။ သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ရှာဖွေတွေ့ရှိသွားမှာကို ခက်ခက်ခဲခဲနှင့် ကြိုးစားကာ ရှောင်ရှားခဲ့ရ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သောက်တလွဲ မဟာမိတ်အဖွဲ့ရဲ့ တားဆီးခြင်းကိုခံခဲ့ရသည်။ ပိုမို၍လက်သင့်မခံနိုင်ဆုံးသောအရာမှာ တစ်ဖက်လူရဲ့အောက်ဆွဲအဖြစ် အသိအမှတ်ပြု ခံနေရခြင်းပင်။
“ကောင်းပြီ ဒါဆိုလည်း ခင်ဗျားတို့ စိတ်ကြိုက် လုပ်လိုက်ကြတာပေါ့”