အခန်း ၁၈၅၄
Vol. 124 Ch. 1854
အပိုင်း (၁၈၅၄)
ဖန်းဝမ်လီသည် နားလည်မှုလွဲမှားခဲ့၏။ ကျွင်းချောင်ရှောင်းသည် ကွေ့ရှုဓားသူတော်စင်နှင့် ဘာမှ သက်ဆိုင်ခြင်းမရှိချေ။
တကယ်တမ်းမှာတော့ ဤကဲ့သို့တွေးတောမိသည်မှာ ၎င်း၏အပြစ်လည်းမဟုတ်ချေ။ အဓိကအားဖြင့် တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် ဓားတာအိုနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်အား ပြောဆိုရမည်ဆိုလျှင် အားလုံးသောသူတို့၏ စိတ်ထဲတွင် အရင်ဦးဆုံးရောက်ရှိလာသည့်သူမှာ ဤသိုသိုသိပ်သိပ်ဖြင့် နေထိုင်သွားခဲ့သော စီနီယာပင်ဖြစ်၏။
ထို့အပြင် ပဉ္စမမြောက်အဆင့်မြှင့်တင်ပြီးသည့်နောက် ဖြစ်ပေါ်လာခဲ့သည့် ဓားအော်ရာများသည် ကြောက်မက် ဖွယ်ကောင်းလွန်းလှချေ၏။ ထို့ကြောင့်ပင်လျှင် ဝါရင့်ကျွမ်းကျင်သူတစ်ယောက်အနေနှင့် ဤအရာသည် ကွေ့ရှုဓားသူတော်စင်၏ မျိုးဆက်တစ်ခုခုဖြစ်လိမ့်မည်ဟု ထင်မှတ်မှားခဲ့ရခြင်းပင်ဖြစ်သည်။
ဖန်းဝမ်လီကဲ့သို့ နတ်ဘုရားလျှို့ဝှက်ထိပ်ဆုံးအဆင့်တွင်ရှိနေသော ကျင့်ကြံသူတစ်ယောက်ကို ချက်ခြင်း အနိုင်ယူ တိုက်ခိုက်နိုင်သည်ဆိုသောကြောင့် အဆင့်မြှင့်တင်ပြီးသော စည်းဓားမော့ကြီးသည် အမှန်ပင် အသုံးဝင်သည့်အရာ ဖြစ်လာခဲ့၏။
“အံ့အားသင့်စရာပဲ”
စာကြည့်ခန်းတွင်းမှာတော့ ကုန်းရှန့်သည် စပ်ဖြီးဖြီးနှင့်ရှိလို့နေခဲ့၏။ အချိန်တိုင်း ဆိုသလိုပဲ သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် မတိုက်ခိုက်ရအောင် မည်ကဲ့သို့ရှောင်ရှားရမည်ကို တွေးတောနေခဲ့၏။ လုံလောက်သည့်အားအင်မရှိသောကြောင့် စကြဝဠာအနှံ့တွင် ပတ်ကာလှည့်လည်ပြေးနေခဲ့ရ၏။ ယခု စည်းဓားမော့ကြီးကို ထပ်မံကာ အဆင့်မြှင့်တင်ပြီးပြီဖြစ်သောကြောင့် သူ့အနေနှင့်ပြုလုပ်ချင်စရာ ရှိသည် များကို နှောင့်နှေးခြင်းမရှိဘဲ ပြုလုပ်နိုင်စွမ်းရှိလာသည်။
ဟား ဟား ဟား ဟား
စာကြည့်ခန်းအတွင်းမှ ဗီလိန်တစ်ယောက်၏ရယ်သံမျိုးသည် ထွက်ပေါ်လျက်ရှိနေ၏။
ဘုတ်
ရုတ်တရက်ဆိုသလိုပဲ ထူးဆန်းလှသည့် ရယ်မောသံအစား တစ်စုံတစ်ခုပြုတ်ကျသွားသည့်အသံက ထွက် ပေါ်လာသည်။
ကင်မရာနှင့် အနီးကပ်ကာလှည့်ကြည့်မည်ဆိုလျှင် စာကြည့်ခန်းရှိ မြေပေါ်တွင် ကျွင်းချောင်ရှောင်းသည် လဲလျောင်းလျက်ရှိနေ၏။ သူ၏ ဒန်ထျန်ထဲရှိ စွမ်းအင်များအားလုံးသည် စည်းခတ်ခြင်းကို ခံလိုက်ရပြီး မည်သည့်အားအင် တစ်ခုတစ်လေမှ မရှိတော့ချေ။ အခြေအနေကို သုံးသပ်ရမည်ဆိုလျှင် ……
မှန်ပေ၏။ ကုန်းရှန့်သည် ထပ်မံကာ အားနည်းသွားခဲ့ပြီဖြစ်၏။
“ဘေးထွက်ဆိုးကျိုးမရှိဘူးဆို” ကျွင်းချောင်းရှောင်းသည် စိတ်ထဲမှ အော်ဟစ်လျက်ရှိ၏။ စည်းဓားမော့ကြီးကို အဆင့်မြှင့်တင်ပြီးသည့်နောက် အချိန်အနည်းငယ် သူသည် ဆော့ကစားခဲ့၏။ သို့ပေမဲ့ မည်သည့် အားနည်းမှုမှ မဖြစ်ပေါ်ခဲ့ချေ။ ထို့ကြောင့် ရုတ်တရက် အားနည်းမှုကို ခံစားရသည့်အချိန်မှာတော့ လက်သင့်မခံနိုင်သလိုဖြစ်လို့နေခဲ့သည်။
စနစ်ကပြောလိုက်၏။ “ငါ မမှားဘူးဆိုရင် လက်ခံသူ ဒါကို ဆော့ကစားရုံက ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ တကယ်တမ်း တိုက်ခိုက်ပွဲတွေမှာ အသုံးပြုလိုက်ပြီဆိုရင်တော့ ဘေးထွက်ဆိုးကျိုးကပေါ်လာတာပဲ”
“........” ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိသည်။
“ဒီလောက်ဆိုရင်လည်း ကောင်းနေပါပြီ”
စနစ်သည် သူ့အားနှစ်သိမ့်လိုက်၏။ “အနည်းဆုံးတော့ စည်းဖွင့်တဲ့ ကိစ္စရပ်ကိုတော့ မပြုလုပ်ရတော့ဘူးပေါ့”
“ဟုတ်လား”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “အရင်တုန်းက စည်းဖွင့်တဲ့အခြေအနေတစ်ခုမှာ စည်းဖွင့်ခြင်းအဆောင် လိုအပ်တယ်ဆိုတာမျိုး ကြုံဖူးလို့လား။ အခု စည်းဖွင့်ဖွင့်၊ မဖွင့်ဖွင့် ငါ့အတွက် ဘာများထူးခြားနေလို့လဲ။ ဘေးထွက်ဆိုးကျိုးရှိနေတာက ပြဿနာပဲ”
“..........”
စနစ်သည် ဆွံ့အသွားမိ၏။ တကယ်တမ်း အရေးအကြောင်း သေခြင်းရှင်ခြင်းအချိန်နှစ်မျိုးတွင် ကုန်းရှန့်သည် စည်းဖွင့်ခြင်းအဆောင်ကို အသုံးပြုရန် ဘယ်သောအခါကမှ အဆောင် လစ်ဟင်းခဲ့ခြင်းမရှိချေ။ လိုချင်သည့်အချိန်တိုင်း စည်းကိုဖွင့်ရန် အဆောင်ရှိခဲ့၏။ ယခု စည်းဖွင့်ခြင်းအခြေအနေသည် ပျက်ပြယ်သွားခဲ့ပြီ ဆိုလျှင်တောင်မှ ဘေးထွက်ဆိုးကျိုးက တည်ရှိလို့နေခဲ့၏။ ထို့ကြောင့် ပျော်ရွှင်ရမည်အစား ကျွင်းချောင်ရှောင်း သည် အမှန်ပဲဝမ်းနည်းလို့နေမိ၏။
မူလအားဖြင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များ သူ့ကို ထပ်မံကာဖမ်းမိမည်ဆိုပါက ပဉ္စမမြောက် အဆင့်မြှင့်ထားသောစည်းဓားမော့ကြီးကို ထုတ်ယူကာဖြင့် ကျိန်းသေပေါက် အားလုံးသော သူတို့ကို သတ်ဖြတ်ပစ်မည်ဟု တွေးတောထားခဲ့သည်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သူသည် ထိုအရာကို ထပ်မံကာစဉ်းစားရပေတော့မည်။
“အင်း”
အချိန်နှင့်တည်နေရာ လျှို့ဝှက်နယ်မြေထဲတွင် လဲလျောင်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် ခပ်ဝေးဝေးတည်နေရာဆီသို့ လှမ်းကာကြည့်ရှုရင်း တွေးလျက်ရှိ၏။ “အဆုံးသတ်မှာတော့ ငါက အားနည်း နေတုန်းပဲ။ ပြင်ပအကူအညီ မရှိရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး”
သူ ထိုကဲ့သို့တွေးတောလေ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်ရန် အတွက် မဟာမိတ်တစ်ဖွဲ့ကို ထူထောင်ချင် စိတ်ပေါ်လေပင်။
“အခုကစပြီး”
ကျွင်းချောင်ရှောင်းသည် တည်ကြည်ခိုင်မာသောအကြည့်ဖြင့် ကြည့်ရှုကာ ပြောလိုက်၏။ “ကျွင်းမဟာမိတ်အဖွဲ့ကို စပြီး တည်ထောင်လိုက်ပြီ”
ဘုန်း
မှောင်မဲပြီး အဆုံးအစမဲ့သော စကြဝဠာကြီးအတွင်း အပြင်ဘက်လောကတွင်တော့ .....
ကုန်းရှန့်သည် ဤကဲ့သို့သောစကားကို ပြောဆိုလိုက်သည်နှင့်တပြိုင်နက် ရုတ်တရက် မိုးခြိမ်းသံကြီး တစ်ခုက ဖြစ်တည်လာခဲ့၏။ မည်မျှဝေးကွာလှသည့် ဂြိုဟ်ကဖြစ်ဖြစ် ဤမိုးခြိမ်းသံကြီးကို ကြားနိုင်သည်။
“ဒါ ဘာအသံကြီးလဲ”
“မိုးခြိမ်းသံလား။ ကြည့်ရတာ စကြဝဠာရဲ့အနက်ပိုင်းကနေ ပေါ်ပေါက်လာတဲ့ ပုံပဲ”
မတူညီသည့်ဂြိုဟ်၊ မတူညီသည့်ဂိုဏ်းအသီးသီးတွင် ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးတို့သည် ထိုအရာကို ဆွေးနွေးလျက်ရှိနေ၏။ ၎င်းတို့၏မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက်ရှိနေ၏။
တိမ်ပြာစကြဝဠာပတ်လမ်း၏ သီးခြားတည်နေရာတစ်ခုမှာတော့ အမြန်ဆုံးနှုန်းနှင့်ပျံသန်းလာခဲ့သော အမဲရောင်ဝတ်စုံနှင့်လူသည် ရပ်တန့်လိုက်၏။ သူသည် မိုးခြိမ်းသံကို ကြားလိုက်သည့်အချိန်မှာတော့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။ “အင်း...အထက်စကြဝဠာတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲ နိုင်တဲ့လူဟာ နောက်ဆုံးတော့ပေါ်လာပြီပဲ။ ဘယ်သူလဲ။ သူ ဘယ်သူလဲ”
.......
“ဟမ်”
ကွေ့ရှုနယ်မြေအတွင်းမှာတော့ ဝါးတောထဲတွင် ရေနွေးကြမ်းသောက်လျက်ရှိနေသည့် ကွေ့ရှုဓား သူတော်စင် သည် မိုးခြိမ်းသံကြီးကိုကြားလိုက်ရ၏။ သူသည် ရေနွေးခွက်ကို အသာပြန်ကာချလိုက်၏။ မိတ်ဆွေဟောင်းကြီးတစ်ယောက်၏ အသံသည် သူ၏နားထဲတွင် ပြန်လည်ကာပေါ်ပေါက်လာ၏။ စကြဝဠာ တစ်ခုလုံးကိုလှုပ်ခတ်နိုင်တဲ့ မိုးခြိမ်းသံကြီးတစ်ခု ပေါ်ပေါက်လာရင် ခေတ်သစ်ကြီးကစပြီ။
“အင်း... ရှေးဖြစ်ဟောသမားပြောခဲ့တဲ့ အကြောင်းအရာက နောက်ဆုံးတော့ဖြစ်လာတော့မှာလား”
ဝှစ် …..
ထိုအချိန်မှာပဲ အမဲရောင်ပုံရိပ်တစ်ခုသည် လေထုထဲမှ ပေါ်ပေါက်လာ၏။ ပြီးနောက် လေးလေးစားစားနှင့် ပြောလိုက်သည်။ “သခင်ကြီး.... ပြိုင်စံရှားဂိုဏ်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ရွက်သင်္ဘော တော်တော်များများကိုဖျက်ဆီး ပစ်လိုက်တယ်ဆိုတဲ့ သတင်းကို ရခဲ့ပါတယ်”
“ဟမ်” ကျန့်ကွေ့ရှုသည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆိုသည်မှာ အလွန်အားကောင်းလွန်းလှ၏။ သူ၏တပည့်နေထိုင်သည့်ဂိုဏ်းသည် တကယ်ပဲ တစ်ဖက်လူများကို တိုက်ခိုက်ရဲ လျက်ရှိနေ၏။ တကယ်ပင် ရဲတင်းလွန်းလှချေ၏။
“အမိန့်ပေးလိုက်တော့”
ကျန့်ကွေ့ရှုသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ သူ၏ ပျင်းရိလေးကန်သည့် ခန္ဓာကိုယ်ဆီမှ ရပ်တန့်၍ မရနိုင်သည့် ဓားအော်ရာများ ရုတ်တရက်ပေါ်ပေါက်လာခဲ့၏။ သူကပြောလိုက်သည်။ “ဓားမဟာမိတ် အဖွဲ့ဝင်တွေ အားလုံးစုစည်းကြတော့။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို တရားဝင် စစ်ကြေညာမယ်”
“ဒါက”
အမဲရောင်ဝတ်စုံနှင့်သူသည် အနည်းငယ်ဆွံ့အသွားမိ၏။ “ဒါ နည်းနည်းလေး အလျင်မလိုဘူးလား”
ကျန့်ကွေ့ရှုကပြောလိုက်သည်။ “ဒီလိုပဲ လှုပ်ရှားမယ့် ရောင်းရင်းဟောင်းကြီးတွေ အများကြီးရှိနေမယ်လို့ ငါယုံကြည်တယ်။ ပြီးတော့ သူတို့က ရှေ့ဖြစ်ဟောသူရဲ့စကား မှန်ကန်လားဆိုတာကို စောင့်နေကြတာ။ သူတို့အားလုံးက စကြဝဠာကြီးတစ်ခုလုံးရဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့သူပေါ်လာတာကို စောင့်မျှော် နေကြတာ။ ခုဏကမိုးခြိမ်းသံကြီးက အဲဒီလူပေါ် လာပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ အားလုံးအတွက် အခွင့်အရေး ရောက်လာပြီဆိုတဲ့အဓိပ္ပာယ်ပဲ”
“အခွင့်အရေး ဟုတ်လား”
အမဲရောင်ဝတ်စုံနှင့်လူသည် ဇဝေဇဝါဖြစ်သွားမိ၏။ “ဆိုလိုတာက ….”
“ပြောလို့မရဘူး။ ငါ ဒီကိစ္စကို ပြောလို့မရဘူး” ကျန့်ကွေ့ရှုသည် ဆန်းကြယ်လှသော စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်ဖြင့် ပြောဆိုလိုက်မိသည်။
.....
မိုးခြိမ်းသံကြီးသည် စကြဝဠာတစ်ခုလုံးအနှံ့တွင် ပျံ့နှံ့လျက်ရှိနေပြီး ထင်ရှားသည့်ပုဂ္ဂိုလ်များ အားလုံးကို အထိတ်တလန့်ဖြစ်စေခဲ့၏။ လက်ရှိအခြေအနေမှာတော့ များပြားလှသော ဂြိုဟ်အသီးသီး၌ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ပြောဆိုဆွေးနွေးလျက်ရှိ၏။
ဆွစ်
နယ်မြေတစ်ခု၏ ရေကန်ဘေးမှာတော့ အဖြူရောင်ဆံပင်နှင့်အဘိုးအိုသည် သူ၏ငါးမျှားတံကို အသာသိမ်း ပြီးသည့်နောက် ငါးများထည့်ထားသော ခြင်းတောင်းကိုဆွဲကာ ထွက်ခွာသွားခဲ့၏။ သူသည် သင်္ချိုင်းဆီသို့ ခြေတစ်ဖက်လှမ်းလျက်ရှိသော အဘိုးအိုတစ်ယောက်၏ ပုံပန်းသွင်ပြင်မှသည် အားမာန်အပြည့်ရှိသော လူငယ်တစ်ယောက်၏ ခြေလှမ်းမျိုးဖြင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။
ဘုန်း
နယ်မြေတစ်ခု၏ တောင်ကြီးအတွင်းမှာတော့ အလွန်တောင့်တင်းခိုင်မာလှသော သက်လတ်ပိုင်းအရွယ် လူရွယ် တစ်ယောက်သည် ကွင်းကိုးကွင်းရှိသော ဓားမော့ကြီးကို ဆွဲကိုင်ကာဖြင့် ထွက်ခွာလာခဲ့၏။ သူသည် ပြုံးကာ ပြောလိုက်သည်။ “ရောင်းရင်းဟောင်းကြီး... အခွင့်အရေးကပေါ်လာပြီ ကျုပ်တို့ လွတ်လို့မဖြစ်ဘူး”
တူညီသည့်အခြေအနေများသည် မတူညီသည့် ဂြိုဟ်အသီးသီးတွင်ဖြစ်ပေါ်လျက်ရှိနေကြ၏။ ကောင်းကင် ဘုံ၏ မိုးခြိမ်းသံကို ကြားရပြီးသည့်နောက် လူများအားလုံးတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် အော်ရာများအားလုံး ပြန်လည်မွေးဖွားဖြစ်တည်လာသကဲ့သို့ပင်။
.....
ကြီးကျယ်ခမ်းနားလှသော ဟောခန်းကြီးအတွင်းထဲမှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် စားပွဲ၏ ထိပ်တွင် ထိုင်လျက်ရှိနေ၏။ သူသည်လည်း မိုးခြိမ်းသံကိုကြားခဲ့ရ၏။ ထို့ပြင် ရှေ့ဖြစ်ဟောဆရာ ဝေပုကျိ ပြောခဲ့သည့်အကြောင်းအရာကိုလည်း ပြန်လည်ကာ စဉ်းစားနေမိ၏။
ကောင်းကင်မိုးခြိမ်းသံကြီး စကြဝဠာ၌ ပေါ်ပေါက်လာသည်အချိန်တွင် အခြေအနေတစ်ခုလုံးကို ပြောင်းလဲနိုင်သည့် လူတစ်ယောက်ပေါ်လာမည် ဆိုသည့် ရှေ့ဖြစ်သော သဘောင်တစ်ခု တည်ရှိခဲ့သည်။
“အင်ပါယာ”
အတိုင်ပင်ခံတစ်ယောက်သည် လေးနက်တည်ကြည်သည့်အမူအယာဖြင့် သတင်းပို့လိုက်၏။ “ဂိုဏ်းခွဲတွေရဲ့ သတင်းပို့ချက်အရဆိုလျှင် တကယ်ကို ဇာတ်မြှုပ်နေတဲ့ ကျွမ်းကျင်သူတွေက တစ်ယောက်ပြီး တစ်ယောက် ပေါ်ပေါက်လာခဲ့ကြတယ်။ သူတို့က ကျုပ်တို့နဲ့ အကဲစမ်းတော့မယ်နဲ့တူတယ်”
မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် အထင်အမြင်သေးစွာဖြင့်ပြောလိုက်သည်။ “ဒီလို အမှိုက်တစ်ဖွဲ့က ပေါ်လာတော့ရော ဘာလုပ်နိုင်မှာမို့လို့လဲ”
သူ့အနေနှင့် ရန်သူများ များပြားရခြင်းကို မကြောက်လန့်ချေ။ ထို့ပြင် တစ်လောကလုံးနှင့် ရန်သူဖြစ်ရမည် ဆိုလျှင်ပင် သူလုပ်ရမည့် ရည်မှန်းချက်ကို ရောက်ရှိအောင်ပြုလုပ်မှာဖြစ်သည်။ သူ၏ ရည်မှန်းချက်သည် အထက်စကြဝဠာ တစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်ပင်။
“အမိန့်ပေးလိုက်တော့”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏မျက်လုံးထဲတွင် အလွန်ကြီးမားလွန်းလှသော သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်နှက်လာ၏။ “ဒီအင်ပါယာကို ခုခံတဲ့သူတွေအကုန်လုံး သူတို့ရဲ့ ဂြိုဟ်တွေနဲ့အတူ တစ်ခါတည်း ပျက်ဆီးသွားရမယ်”
“ကောင်းပါပြီ” အတိုင်ပင်ခံသည် အသာနောက်ဆုတ်သွားသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏ ထိုင်ခုံပေါ်သို့ အသာမှေးမှီကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “ရှေ့ဖြစ်ဟောဝေပုကျိ …. ခင်ဗျား အနေနဲ့ တွက်ချက်မှုမှာ အနည်းငယ်လွဲသွားတယ်။ ဘာလို့လဲဆိုတော့ ဒီ အင်ပါယာရဲ့ကျင့်ကြံခြင်းအဆင့်ကို ထည့်မတွက်ခဲ့ဘူးပဲ။ ကျုပ်က ကောင်းကင်နှင့်မြေကြီးရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းရှိနေတယ်။ အထက်စကြဝဠာကြီးထဲမှာ ဒီအင်ပါယာတစ်ယောက်တည်းကသာ ပြောင်းလဲပစ်နိုင်တဲ့အရည်အချင်း ရှိတယ်။ တခြား ဘယ်သူကမှ ဒီလိုလုပ်ဖို့မထိုက်တန်ဘူး”
.....
အထက်နယ်မြေတစ်ခုလုံးသည် ပုံမှန်ထက်ပိုကာထူးခြားလာခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကင် မိုးခြိမ်းသံကြောင့်ပင်။
ကျွင်းချောင်ရှောင်းမှာတော့ အချိန်နှင့်တည်နေရာလျှို့ဝှက်နယ်မြေထဲတွင် ရွံ့ရုပ်တစ်ခုကဲ့သို့ပင် လဲလျောင်းပြီး အားမွေးနေရ၏။ သူသည် ကျွင်းမဟာမိတ်အဖွဲ့ကို မည်ကဲ့သို့ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရမည် ဆိုသည့်အစီအစဉ်ကို စတင်ကာစဉ်စားလျက်ရှိနေသည်။
မဟာမိတ်အဖွဲ့ ….။
မဟာမိတ်အဖွဲ့ဆိုမှတော့ ပထမဦးဆုံးအနေနှင့် မဟာမိတ်များကို စတင်ကာခေါ်ဆောင်ရပေလိမ့်မည်။
“ဘေးထွက်ဆိုးကျိုး ပျောက်ကွယ်သွားပြီးရင် ငါ အဓိကဂြိုဟ်အသီးသီးကို လှည့်လည်သွားလာဦးမှပဲ” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်၏။
သူအနေနှင့် မဟာမိတ်အဖွဲ့ကို ဖန်တီးရန်ဆုံးဖြတ်လိုက်ရသည့် အကြောင်းအရင်းသည် ညဘုရင်မဟာမိတ် အဖွဲ့ဆိုသည့်အရာမှတဆင့် ဉာဏ်အလင်းရရှိခဲ့ခြင်းဖြစ်၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆိုသည်မှာ သူတစ်ယောက်တည်း ရင်ဆိုင်၍ရနိုင်သည့်လူများ မဟုတ်ချေ။ ထို့ကြောင့် အားလုံးအတူတကွ စုစည်းပြီး ရင်ဆိုင်ရန် လိုအပ်ပေလိမ့်မည်။
“အင်း .... မင်းနောက်ကိုဘယ်သူကလိုက်မှာလဲ” စနစ်သည် ရင်နာအောင်ပြောဆိုလိုက်၏။
“လိုက်ရမယ်။ ဘာလို့လဲဆိုတော့ … ” ကျွင်းချောင်ရှောင်းသည် ခဏရပ်တန့်ကာဖြင့် သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်သည်။
“ငါနားလည်ပြီ”
စနစ်သည် ရုတ်တရက် စကားကို ဖြတ်ကာ ဝင်ပြောလိုက်၏။ “မင်းရဲ့ မျက်နှာက သောက်ရမ်း အရေထူလို့ပဲ”