အခန်း ၁၈၅၆
Vol. 125 Ch. 1856
အပိုင်း (၁၈၅၆)
မိုးခြိမ်းသံကြီး ပေါ်ပေါ်လာခဲ့ပြီးသည့်နောက် စကြဝဠာတစ်ခုလုံးတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်သွားခဲ့သည်။ သိုင်းပညာရှင်များနှင့် ဂိုဏ်းများသည် တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့ကြ၏။ အတိတ်တုန်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ယှဉ်ပြိုင်တိုက်ခိုက်ရဲသည်မှာ ညဘုရင်မဟာမိတ်အဖွဲ့ တစ်ခုသာလျှင် ရှိ၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ နေရာအနှံ့တွင် တွေ့လို့နေခဲ့၏။
ဥပမာအားဖြင့် ယခု ကုထျန်းရှင်းကို လာရောက်ကာ သွေးဆောင်လျက်ရှိနေသည့် နတ်ဆိုးသတ်ဖြတ်ခြင်း မဟာမိတ်အဖွဲ့ပင်။
ပြောရမည်ဆိုလျှင် လက်ရှိအခြေအနေမှာတော့ မိစ္ဆာကို သတ်ဖြတ်မည်ဆိုသည့်အဖွဲ့အစည်းများသည် အလိုလို ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့အားလုံးသည် ၎င်းတို့ မဟာမိတ်အဖွဲ့များကို ပိုမိုကာ အားကောင်းလာစေရန်အတွက် ကျွမ်းကျင်သူများကို လိုက်လံခေါ်ယူလျက်ရှိ၏။ သူတို့သည် ညံ့ဖျင်းလှသူများ မဟုတ်ကြချေ။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာမှာ အလွန်အားကောင်းလှ၏။ ထို့ကြောင့် တစ်ဖက်လူနှင့် ယှဉ်ပြိုင်တိုက်ခိုက်ချင်သည်ဆိုပါက ပိုမိုအားကောင်းသည့်လူစာရင်းကို စုစည်းရန် လိုအပ်နေကြောင်းတော့ နားလည်ကြသည်။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို ကောင်းကောင်းနားလည်၏။ ထို့ကြောင့်ပင်လျှင် ကျွင်းမဟာမိတ် အဖွဲ့ကို စတင်တည်ထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုအဖွဲကို စတင်တည်ထောင်ပြီးသည့်နောက် သူ၏ ပထမဦးဆုံးအတွေးသည် ဦးလေးကုအား လာရောက်ကာ ခေါ်ဆောင်ခြင်းပင်။ နတ်ဆိုးသတ်ဖြတ်ခြင်း မဟာမိတ် အဖွဲ့သည် သူ၏လက်ထဲမှ လုယူချင်နေသည်လား။ မဖြစ်နိုင်ပေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်း အနေဖြင့် ထာဝရ ရွက်သင်္ဘောကြီးနှင့်အတူ အထဲသို့ ဝင်ရောက်လာသည့် အချိန် မှာတော့ ကုထန်းရှင်းသည် အမှန်ပဲ စိတ်ပျက်လျက် ရှိနေ၏။ အထက်စကြဝဠာတစ်ခုလုံးသည် လက်ရှိအခြေအနေ တွင် ရှုပ်ထွေးလျက်ရှိနေ၏။ အဘယ်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် ပုန်းအောင်းမနေဘဲ ပြန်လာရသနည်း။ အဆိုးဆုံးအရာမှာ တစ်ဖက်လူများအား မောက်မာစွာ ပြောဆိုခဲ့ခြင်းပင်ဖြစ်၏။ ဤအရာမှာ ပြဿနာရှာခြင်းနှင့်ပင် ဆင်တူလှ၏။
ထင်မှတ်ထားသည့်အတိုင်းပင် အမဲရောင်ဆံပင်နှင့် အကြီးအကဲ၏ မျက်နှာသည် မဲမှောင်သွားခဲ့သည်။ “ဘာပြောတာလဲ”
“ခင်ဗျား သေသေချာချာ မကြားလိုက်ဘူးလား”
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီးဆီမှ ပျံသန်းထွက်ခွာလာပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်တန့်လျက် ရှိ၏။ “သွားပြီးတော့ အေးအေးဆေးဆေး အနားယူလိုက်တော့”
“ခွေးလေး”
အမဲရောင်ဆံပင်နှင့် အကြီးအကဲသည် တီးတိုးပြောလိုက်သည်။ “မင်းက တကယ့်ကို မောက်မာနေပြီပဲ”
သူသည် အမှန်ပဲ စိတ်ထိန်းထားရ၏။ သူ၏အနောက်တွင် ရှိနေသည့် အဖော်များအားလုံးမှာတော့ သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်ကာ အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်လျက် ရှိနေသည်။
“အကြီးအကဲလင်း”
ကုထျန်းရှင်းသည် အရာအားလုံးကို အဆင်ပြေစေချင်စိတ်ဖြင့် အလောတကြီး ဝင်ရောက်ကာ ပြောဆိုလိုက်၏။ “ဒါက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ကျွင်းချောင်ရှောင်းလို့ ခေါ်တယ်။ သူက တည့်တိုးဆန်တဲ့ လူတစ်ယောက်လေ။ အပြစ်မမြင်ပါနဲ့”
“ဪ”
အကြီးအကဲလင်းသည် အံ့အားသင့်သွားသည်။ “သူက ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုး”
“သိပ်ဟုတ်တာပေါ့”
ကျွင်းချောင်ရှောင်း၏ အမူအရာနှင့် လေသံသည် ကုထျန်းရှင်းသည်ပင်လျှင် ထ၍ ကန်ချင်စိတ် ပေါက်သည့် ပုံစံမျိုးဖြစ်၏။
“ဒီတော့ ဂိုဏ်းချုပ်ကျွင်းကိုး”
အကြီးအကဲလင်း၏ မျက်နှာပေါ်ရှိ ဒေါသတရားများသည် ပျောက်ကွယ်သွား ခဲ့တော့၏။ သူသည် လက်သီးကို ဆုပ်ကာပြောလိုက်သည်။ “ဒီလိုမျိုး တွေ့ဆုံခွင့်ရတာ ဂုဏ်ယူစရာပါပဲ”
ပြိုင်စံရှားဂိုဏ်း၏ ဂုဏ်သတင်းသည် တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် ပျံ့နှံ့နေပြီဖြစ်၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကို စိန်ခေါ်ပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ရွက်သင်္ဘောတော်တော်များများကို ဖျက်ဆီးကာ ဂြိုဟ်တချို့ကို ကယ်တင်ခဲ့သည်ဆိုသည့်သတင်းသည် ပျံ့နှံ့လျက် ရှိနေ၏။ အကြီးအကဲလင်း ပြောဆိုသည့် နတ်ဆိုး သတ်ဖြတ်ခြင်း မဟာမိတ်အဖွဲ့ဆိုသည်မှာ တိမ်ပြာစကြဝဠာပတ်လမ်းထဲတွင် တည်ရှိသည်ဖြစ်သောကြောင့် ထိုအရာကို ကြားဖူးခဲ့ခြင်းပင်။
“အကြီးအကဲလင်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းအနေနဲ့ ခင်ဗျားလို ခန့်မှန်းလို့မရနိုင်တဲ့ သိုင်းကျင့်ကြံသူတွေ လိုအပ်နေတယ်လေ။ ကျုပ်တို့နဲ့အတူ ပူးပေါင်းဖို့ စိတ်ဝင်စားရဲ့လား”
“............”
အကြီးအကဲလင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ သူသည် ကောင်းကင်ဖြတ်သန်းခြင်းလောကဆီသို့ ရောက်ရှိလာသည်ဆိုခြင်းမှာ လူများကို လာရောက်ခေါ်ဆောင်ခြင်းသာဖြစ်၏။ ယခုကဲ့သို့ သူ့အား တခြားတစ်ယောက်က ခေါ်ဆောင်နေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“အားနာပါတယ်”
အကြီးအကဲလင်းက ပြောလိုက်၏။ “ကျုပ်ဆီမှ အဖွဲ့အစည်းတစ်ခု ရှိနှင့်နေပြီးပြီ”
“ဒီလိုဆိုရင်တော့”
ကျွင်းချောင်ရှောင်းသည် အသာလက်ယပ်ကာ ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ပြန်ကြပါတော့”
“........”
အကြီးအကဲလင်းသည် ဒေါသထွက်သွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို စိန်ခေါ်ရဲသည့်အတွက် သူသည် လေးစားသမှု ပေးခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူသည် အစစ်အမှန် မောက်မာလှချေ၏။
အခြေအနေသည် တင်းမာသည့် အခြေအနေဆီသို့ ပြောင်းလဲသွားသည်ကို မြင်ရသည့်အချိန်မှာတော့ ကုထျန်းရှင်း သည် အလောတကြီးဝင်ကာပြောလိုက်သည်။ “အကြီးအကဲလင်း... ခင်ဗျားတို့ မဟာမိတ်အဖွဲ့က လောကကြီး ကောင်းကျိုးအတွက် စဉ်းစားပြီး ပြုလုပ်တယ်ဆိုတာ သိရတဲ့အတွက် ကျုပ်တကယ်ပဲ ရင်ထဲမှာ ခံစားမိတယ်။ အနာဂတ်မှာ ကျုပ်ရဲ့အကူအညီကို လိုတယ်ဆိုရင် ကြယ်ပင်လယ်မဟာမိတ်အဖွဲ့က ကျိန်းသေပေါက် ခင်ဗျားတို့ကို ကူညီပါ့မယ်”
သူသည် တကယ်ပဲ အတွေ့အကြုံ ရင့်ကျက်လှ၏။ အကြီးအကဲလင်းကို ထွက်ခွာသွားရန် ပြောဆိုနေသည်သာမက အကြီးအကဲလင်း၏ ဖိတ်ကြားခြင်းကိုလည်း ယဉ်ကျေးမှုရှိရှိနှင့် ငြင်းပယ်လိုက်ခြင်းဖြစ်၏။
“ကောင်းပြီ”
အကြီးအကဲလင်းသည် ရွေးချယ်ခွင့် မရှိတော့ဘဲ ထွက်ခွာသွားခဲ့ရ၏။ သို့ပေမဲ့ မထွက်ခွာခင်မှာပင် သူသည် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “မဟာမိတ်ခေါင်းဆောင်ကု၊ ဂိုဏ်းချုပ်ကျွင်း ... မိုးကောင်းကင်နတ်ဆိုး အင်ပါယာက အရမ်းကို အားကောင်းပြီး ကြမ်းတမ်းရက်စက်လွန်းလှတယ်။ ကျုပ်တို့ ပူးပေါင်းပြီး တိုက်ခိုက်မှပဲ ဖြစ်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကြောင့်ပဲ နတ်ဆိုးသတ်ဖြတ်ခြင်း မဟာမိတ်အဖွဲ့ကို ကျွင်းမဟာမိတ်အဖွဲ့ဆီ ပူးပေါင်းလိုက်ဖို့ ကျုပ်ပြောတာပေါ့။ ကျုပ်တို့ အတူတူ အလုပ်လုပ်လိုက်ပြီး လောကကြီးကို ကယ်တင်လို့ရတယ်”
“..........”
အကြီးအကဲလင်းသည် အင်္ကျီလက်ကို ယမ်းခါကာဖြင့် အမှန်တကယ် ထွက်ခွာသွားတော့သည်။ အချိန်အတော်ကြာ စကား ပြောဆိုပြီးသည့်နောက် သူ၏ သုံးသပ်ချက်အရ ကျွင်းချောင်ရှောင်းမှာ အမှန်တကယ် မောက်မာလှပြီး မာနကြီးသူ တစ်ယောက်ဖြစ်၏။ ဤကဲ့သို့သောလူ၏ ဦးဆောင်မှုနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို တိုက်ခိုက်ခြင်း ဆိုသည်မှာ ဦးနှောက်မရှိသူများသာလျှင် လုပ်မည့်အလုပ်ဖြစ်သည်။
မည်မျှ တိုက်ဆိုင်လိုက်သနည်း။ ကုန်းရှန့်သည်လည်း ထိုကဲ့သို့သော အတွေးမျိုးကို အကြီးအကဲလင်းအပေါ် တွေးလျက်ရှိ၏။ အကြီးအကဲလင်း၏ စကားလုံးနှင့် လှုပ်ရှားပြုမူပုံများသည် မဟာမိတ်အဖြစ် လေးလေးနက်နက် လာရောက်ကာ ခေါ်ဆောင်နေခြင်းနှင့် မတူပေ။ ထိုအစား နောက်လိုက်တစ်ယောက်ကို လာရောက်ခေါ်ယူခြင်းနှင့် ဆင်တူနေ၏။
အိုက်ယား ယား ယား
ရုတ်တရက် ကုထျန်းရှင်းသည် ကျွင်းချောင်ရှောင်း၏ နားကို အသာဆွဲကာဖြင့် ကောင်းကင်ဖြတ်သန်းခြင်းလောကထဲရှိ သူ၏ မဟာမိတ်ခန်းမထဲသို့ ဆွဲခေါ်လိုက်၏။ သူသည် လှမ်းလျှောက်သွားရင်းမှ အော်ဟစ်လိုက်၏။ “အသက်ရှင်ရတာ ပင်ပန်းနေပြီ လား။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ထွက်လာရဲရတာလဲ”
ပြိုင်စံရှားဂိုဏ်းနှင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာတို့၏ကြားတွင် ရှိသော ပဋိပက္ခများအကြောင်းကို သူကြားခဲ့ ပြီးပြီဖြစ်၏။ ဖမ်းမိသွားပြီး သူ၏သား တစ်ခုခုဖြစ်မည်ကို နေ့စဉ်နေ့တိုင်း စိုးရိမ်လျက်ရှိသည်။
“ဦးလေး... အား အား ဖြည်းဖြည်းလုပ်ပါ”
.........
အဓိကဟောခန်းထဲမှာတော့ ကုထျန်းရှင်းသည် ရေနွေးခွက်ကိုအသာမော့ကာဖြင့် ပြောလိုက်၏။ “အင်း.. အခြေအနေက အဲလိုလား”
“အခြေအနေက အဲလိုပဲ”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ အထက်စကြဝဠာတစ်ခုလုံးသည် သူ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲ အားမွေးခဲ့သည့်အချိန်အတောအတွင်း ဤမျှရှုပ်ထွေးလျက် ရှိနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“အင်း.. မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ယှဉ်ပြိုင်တိုက်ခိုက်ရဲနေတဲ့ အဖွဲ့တွေ အများကြီး ပေါ်လာခဲ့တယ်။ ဦးလေး”
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါနှင့် ဖြစ်လို့နေခဲ့၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ယှဉ်ပြိုင် တိုက်ခိုက်ဖို့ သတ္တိတောင် ရှိနေပြီဆိုမှတော့ ဘာလို့ စောစော မလုပ်ကြတာလဲ”
“ငါလည်း မသိဘူး”
ကုထျန်းရှင်းသည် ခေါင်းခါယမ်းလိုက်မိသည်။ “အဲနေရာမှာ တစ်စုံတစ်ခု လွှဲမှားနေတာ ရှိမယ်”
..........
အစတုန်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို မည်သူမှ မတိုက်ခိုက်ရဲကြချေ။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ အားလုံးသောသူများသည် တိုက်ခိုက်လျက်ရှိနေ၏။ ထိုအရာကို စဉ်းစားမိလိုက်မည်ဆိုလျှင် သာမန် မဟုတ်ကြောင်း သိရှိနိုင်၏။
“ကောင်လေး”
ကုထျန်းရှင်းက မေးမြန်းလိုက်သည်။ “ကျွင်းမဟာမိတ်အဖွဲ့ဆိုတာ ဘာလဲ”
“ဦးလေး... ကျွင်းမဟာမိတ်အဖွဲ့ဆိုတာ ကျုပ်တည်ထောင်ထားတဲ့အရာပဲ။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို တိုက်ခိုက်ပြီး လောကကြီးကို ကယ်တင်ဖို့ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“.........”
ကုထျန်းရှင်းသည် ဆွံ့အသွားသည်။ “ပြဿနာ မရှာပါနဲ့ကွာ။ မင်းနောက်မှာ ငါ့သားလည်း ပါတယ်ကွ”
“ကျုပ် တကယ်ပြောနေတာ” ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွား၏။
ကုထျန်းရှင်းသည် သူ့အား ကြည့်ရှုကာ မေးလိုက်သည်။ “မင်းအနေနဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
“မရှိဘူးလေ”
ကျွင်းချောင်ရှောင်းက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ဒါပေမဲ့”
သူသည် ခဏလောက် ရပ်တန့် လိုက်၏။ ပြီးနောက် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “တစ်စုံတစ်ယောက်ရဲ့ အားအင်အဆင့်က မလုံလောက်ဘူး ဆိုရင် လူပေါင်းများစွာတို့ရဲ့ အားအင်အဆင့်ကို စုစည်းရမယ်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အားလုံးဝိုင်းပြီး တိုက်ခိုက်လို့ မနိုင်ဘူးဆိုတာ ကျုပ်မယုံဘူး”
“ကလေး”
ကုထျန်းရှင်း က ပြောလိုက်သည်။ “တချို့ကိစ္စတွေက မင်းတွေးထားသလို မလွယ်ကူဘူးလေ။ ဒီတော့ အဓိပ္ပာယ်မရှိတဲ့အတွေးကို မြန်မြန်လက်လျော့ပြီးတော့ ကျင့်ကြံခြင်းအပေါ်ပဲ အာရုံစိုက်တော့”
“ဦးလေး.. ကျုပ်ကို မယုံကြည်ဘူးလား”
ကျွင်းချောင်ရှောင်းသည် နှလုံးသားထဲတွင် နာကျင်လျက်ရှိ၏။ “ကျုပ်ဆီမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ အားအင်အဆင့် မရှိသေးဘူးဆိုပေမဲ့ လူငယ်တွေကို နိမ့်ကျနေတုန်းမှာ မစော်ကားနဲ့ ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ ကျုပ်ကို နှစ်အနည်းငယ် လောက် အချိန်ပေးလိုက်မယ်ဆိုရင် ကျိန်းသေပေါက် အားလုံးသောသူတွေကို တိုက်ခိုက်အနိုင်ယူနိုင်တဲ့လူ ဖြစ်လာလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။
ကုထျန်းရှင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “မင်းအနေနဲ့ မဟာမိတ်အဖွဲ့ကို တည်ထောင်ချင်တယ်ဆိုရင် အရင်ဆုံး ဌာနချုပ်တစ်ခုကို ရှာဖွေရမယ်။ မင်းရဲ့မဟာမိတ်အဖွဲ့သားတွေကို မင်းနဲ့အတူ ပုန်းအောင်းစေချင် တယ်လို့ ငါ့ကို မပြောနဲ့”
“ကျုပ်ဆီမှာ ဌာနချုပ်ရှိတယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကုထျန်းရှင်း၏ နှုတ်ခမ်းများသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ “ထာဝရရွက်သင်္ဘောကြီးလို့ ငါ့ကို မပြောနဲ့နော်”
“ဂိုဏ်းချုပ်ကျွင်း”
ဒုခေါင်းဆောင်ဖန်းက ပြောလိုက်သည်။ “ကျုပ်ရထားတဲ့ သတင်းအရဆိုရင် မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို ပုန်ကန်တဲ့ အဖွဲ့အစည်းတွေ အားလုံးက ပထမတန်းစားဂြိုဟ်မှာ သူတို့ရဲ့ ဌာနချုပ်ကို ထားရှိထားတယ်။ အဲဒီမှာ ကျွမ်းကျင်သူတွေ အများကြီးရှိပြီး အရင်းအမြစ်တွေကလည်း အရမ်းပေါတယ်။ မင်းကကော။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် ရွက်သင်္ဘောကြီးတစ်စင်းနဲ့ လေလွင့် နေတာလား”
သူတို့နှစ်ယောက်သည် ကျွင်းချောင်ရှောင်းကို လှောင်ပြောင်နေခြင်း မဟုတ်သလို ပိုးဆိုးပက်စက် ပြောဆိုနေကြခြင်းလည်း မဟုတ်ပေ။ မဟာမိတ်အဖွဲ့ဆိုသည်မှာ ပါးစပ်နှင့်ပြော၍ တည်ထောင်ရသည့် အရာမဟုတ်မှန်း သိရှိစေချင်သောကြောင့်ပင်။ စစ်သည်များ၊ ဌာနချုပ်များ၊ အရင်းအမြစ်များ အားလုံး လိုအပ်နေ သေး၏။ တစ်ခုမှ လစ်ဟင်း၍ မဖြစ်ချေ။
“ဟင်း..”
ကျွင်းချောင်ရှောင်းသည် ပခုံးကိုတွန့်လိုက်၏။ “ကျုပ်က သာမန်လူတစ်ယောက် အနေနဲ့ပဲ နေချင်တာ။ ဘယ်လိုဖြစ်ပြီး အားလုံးရဲ့ သံသယရှိမှုကို ရနေရတာလဲ”
“ကျုပ်က နယ်မြေတစ်ခုရဲ့ အရှင်သခင်ပဲ”
ကုထျန်းရှင်း၊ ဒုခေါင်းဆောင်ဖန်းနှင့် တခြားသူများ အားလုံးတို့သည် အော်ကြီးဟစ်ကျယ်နှင့် ထ၍ရယ်လုမတတ်ပင် ဖြစ်သွားမိ၏။
ဝှစ် ဝှစ်
ချက်ချင်းပဲ မြင်ကွင်းမှာ ပြောင်းလဲသွားခဲ့သည်။ ကြယ်ပင်လယ်မဟာမိတ်အဖွဲ့သားများအားလုံးတို့သည် ပေါကြွယ် လှသည့် ဓာတ်သဘာဝများနှင့် လှပလှသည့် မြင်ကွင်းများရှိရာ လောကကြီးဆီသို့ ရောက်ရှိသွားခဲ့သည်။ လေပြေများ တိုက်ခတ်လျက်ရှိပြီး မွေးပျံ့လှသည့် ဆေးပင်များနှင့် မြက်ပင်များ၏ ရနံ့သည် စိတ်ကို လန်းဆန်း သွားစေခဲ့သည်။
“ဒါက”
ကုထျန်းရှင်းနှင့် တခြားသူများအားလုံးတို့သည် ဆွံ့အသွားခဲ့ကြ၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်ကာဖြင့် ပြောလိုက်သည်။ “ထာဝရ လောကကြီးက ကြိုဆိုပါတယ်။ ဒါ ကျုပ်ရဲ့လောကကြီးပဲ”
“ကြိုဆိုပါတယ်။ နွေးထွေးစွာ ကြိုဆိုပါတယ်”
ပြိုင်စံရှားဂိုဏ်းတပည့်များနှင့် များပြားလှသော ကလန်အသီးသီး တို့သည် တည်နေရာထဲတွင် စုဝေးလျက် ရှိနေကြ၏။ ၎င်းတို့သည် ကောင်းကင်ကြီးတစ်ခုလုံး ပြိုလဲလုမတတ်ပင် အော်ဟစ်နေခဲ့ကြ၏။
“............”
ကုထျန်းရှင်း၊ ဒုခေါင်းဆောင်ဖန်းနှင့် တခြားသောသူများ အားလုံးတို့သည် မြင်ကွင်းထဲတွင် ရှိနေသည့် လူအားလုံး ကောင်းမွန်လှသည့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်သည့်ကျင့်ကြံသူများဖြစ်ကြောင်း သိရှိလိုက်ရသည်။ ၎င်းတို့၏ အမူအရာများသည် ချက်ချင်းပဲ အေးခဲသွားခဲ့ကြသည်။