စက်ဆုပ်ဖွယ်ကောင်းသော
Vol. 130 Ch. 1810
ရှီမာယူယူ လှည့်ပတ်ကြည့်ရာ မည်သူ့ကိုမှမမြင်သလို လေဟာပြင်တွင်လည်း ပုန်းအောင်နေသူရှိသည်ဟု မခံစားရပေ။
“အမည်းလေး လူရှိလို့လား” သူမ လျှောက်သွားပြီး သူ့ခေါင်းကိုထိလိုက် သည်။
အမည်းလေးသည် သူမ ထိလိုက်ချိန်တွင် စိတ်သက်သာရာရသွားပြီး နှစ်ကြိမ်မျှဟောင်နေသည်မှာ အရင်ကနှင့်မတူပေ။
“ဒီမှာတစ်ယောက်ယောက်ရှိနေတယ်လို့ ထင်လို့လား” ရှီမာယူယူ ဆောင့်ကြောင့်ထိုင်ပြီး သူ့လည်ဂုတ်မှ အမွေးကို ပွတ်လိုက်သည် “ခုနက ဧည့်သည်ရှိလာသွားတယ်နဲ့တူတယ် ဒါပေမဲ့ ဒီမှာ ဘယ်သူမှမရှိတော့ဘူး သွား ဆော့လိုက်တော့”
အမည်းလေးသည် သူမကို နှစ်ကြိမ်မျှဟောင်ပြီးနောက် ပြေးထွက်သွားလေသည်။
သူမသည် အမည်းလေးကြည့်သည့် နေရာကိုကြည့်လိုက်ရာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ဘာကိုမှမတွေ့ပေ။ သူမ တံခါးပိတ်ပြီး တည်ဆောက် မှု စီမံကာ စတင်ပြီးကျင့်ကြံသည်။
မမြင်နိုင်သော လေဟာနယ်တွင် ဟွမ်သည် သူမ ကျင့်ကြံသည်ကို မြင်နေရသည်။ သူ ခုံတစ်လုံးဖန်တီးလိုက်ကာ ခြေထောက်ချိတ်ထိုင်ကာ ရေရွတ်လိုက် သည် “မင်းက တကယ်စူးရှတာပဲ ဒါပေမဲ့ မင်းရဲ့ခွေးမည်းလေးက ဘာလဲ… သူ့မှာ ဝိညာဉ်စွမ်းအင်မရှိတာ သေချာတယ် ဒါပေမဲ့ အရမ်းကိုကြီးတဲ့အားကို ခံစားမိစေတယ် အဲဒီစွမ်းအားကို ချိပ်ပိတ်ထားတာမလား”
ပြောပြီးနောက်တွင် သူ ရပ်ပြီး သူမကိုကာကွယ်ထားသည့် အတားအဆီး ကို ကိုင်ကြည့်ရန်ကြိုးစားသည်။ သို့သော် ထိလုဆဲဆဲတွင် ရပ်သွားလေသည်။
“ငါ ထိလိုက်ရင် ငါ့ကိုတွေ့သွားလိမ့်မယ်… ပြီးတော့ ယူယူ ငါတို့ကို ဘယ်တော့မှ မှတ်မိမှာလဲ.. ငါ့အရှင်နဲ့ မင်းတို့ရဲ့ အလောင်းအစားကို ငါ မျှော်လင့်နေပြီ…”
နောက်လအနည်းငယ်တွင် သူမသည် အိမ်ထဲတွင်နေပြီး စိတ်အားထက် သန်စွာ ကျင့်ကြံသည်။ မုရုန်ဟွေ့နှင့် တစ်ခါတရံထွက်သွားသည်ကလွဲပြီး သူမ ၏ ခြံဝန်းတွင်သာ အချိန်ကုန်ဆုံးသည်။ သူမသည် ဝိညာဉ်ဗျူဟာကို ကျင့်ကြံ ခြင်းဖြင့်သာ အချိန်အများစုကုန်သည်။ ကျန်သည့်အချိန်များတွင် အသိကြွယ်ဝ စေရန် စာအုပ်ဖုတ်သည်။ တစ္ဆေလောကကို သိထားခြင်းသည် အဆက်ပြတ်နေ သော အဂ္ဂိရတ်ပညာနှင့် လက်နက်ဖန်တီးမှုတို့ လေ့ကျင့်မှုတွင် သက်ရောက်နိုင် သည်။
ထိုအချိန်အတွင်း သူမ ထွက်ရသည့် တစ်ခုတည်းသော အကြောင်းအရင်း မှာ မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင်ရန်ဖြစ်သည်။ ထိုအချိန်တွင် လျောင်မြို့သည် မိုးကြိုးဘေးဒုက္ခကို ကျင့်သားရလာသည်။ အကြိမ်တိုင်းတွင် ထိုနေရာသို့ ရောက်လာသောလူများရှိသော်လည်း ဘေးဒုက္ခရင်ဆိုင်သည့် လူကိုတစ်ခါမှ မတွေ့ဖူးပေ။
အချိန်ကြာလာသည်နှင့်အမျှ ပြောစမှတ်တွင်စရာ များစွာထွက်ပေါ်လာ သော်လည်း ရှီမာယူယူ မပါဝင်ခဲ့ပေ။
ထိုဘဝအတိုင်း နောက်နှစ်ထိဆက်သွားရာ မြို့ပြိုင်ပွဲစတော့မည့်အချိန် တွင် သူမ အားလုံးရှေ့တွင် ပေါ်လာသည်။ သို့သော် မြို့ပြိုပွဲကျင်းပသည့် အချိန် အတွင်း၌သာ နေသည်။ ပြီးသွားသည်နှင့် သူမ ပြန်ကျင့်ကြံသည်မှာ ပြည်နယ် ပြိုင်ပွဲအထိဖြစ်သည်။
ပြီးခဲ့သည့်နှစ်များတွင် သူမ၏ စွမ်းအားသည် ခုန်တက်လာကာ သတ္တု ကြောရှာတွေ့ခဲ့ခြင်းကြောင့် လျောင်ပြည်နယ်၏ အင်အားသည်လည်း များစွာ တိုးတက်လာခဲ့သည်။ သို့သော် တခြားသော နယ်များနှင့်ယှဉ်လျှင် ကွာခြားချက် ကြီးတုန်းပင်ဖြစ်သည်။
သုန်းမျိုးနွယ်နှင့် ရှောင်မျိုးနွယ်တို့ကိစ္စသည် လူအများ ညစာစားပြီး နောက် ပြောစရာဖြစ်နေတုန်းပင်။ မုရုန်ဟွေ့နှင့် ရှီမာယူယူတို့၏ ဂုဏ်သတင်း သည် လျောင်ပြည်နယ်တွင်ပျံ့နေကာ သရဖူမြို့အထိရောက်သွားသည်။
သို့သော် မိသားစုနှစ်ခု ပျက်သုဉ်းသွားသည်မှာ ရိုက်ခတ်မှုမရှိတော့ပေ။ လူတချို့သာ ဤကိစ္စကို တစ်ခါတစ်ခါသတိရတော့သည်။
“ပြောဦး မုရုန်ဟွေ့က မုရုန်ရှီကိုခေါ်လာမှာလား” နှင်းဆီနက်ကို ကိုင်ရင်း နှင့် သူမသည် ကတ်ကြေးနှင့် ရိုးတံကိုဖြတ်ပြီး ပန်းအိုးထဲထိုးလိုက်သည်။
သူမ၏ လှုပ်ရှားမှုမှာ အလွန်သိမ်မွေ့သည်။ သူမကိုကြည့်ရသည်မှာ တော်ဝင်ဆန်သည်။ သူမလက်ထဲမှ ပန်းများသည် သူမ၏အလှကို အလုံးစုံမမှီ ပေ။ သို့သော် ထိုအရာကပင် သူမကို ပိုလှအောင်ပံ့ပိုးပေးသည်။
သို့သော် သူမ၏ စကားပြောဆိုပုံမှာ အပြုအမူလောက် မသိမ်မွေ့ဘဲ လူသတ်မည့် အသံရောစွက်နေသည်။
“ဟုတ်ပါတယ် ကြင်ယာတော်မင်းသမီး သူတို့ထွက်လာပါပြီ” ကြမ်းခင်း ပေါ်တွင် ဒူးထောက်နေသောလူသည် ခေါင်းငုံ့ကာ သူမကိုကြည့်ရဲပေ။
“သူမကို ၁၀ နှစ်လောက်တော့ လျောင်ပြည်နယ်ကို သွားပြီး ပြဿနာမရှာပါနဲ့လို့ မိုမျိုးနွယ်က ငါ့ကိုပြောထားတယ်… ၂ နှစ်လောက်နဲ့ သူမ ထောင်ချောက်ထဲကျသွားမယ်လို့ ထင်မထားဘူးပဲ… အဲလိုဆိုမှတော့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ငါ ဘယ်လိုလုပ် လက်လွတ်ခံမလဲ” ကြည့်ရသည်မှာ သူမသည် ပန်းရိုးတံကိုညှပ်သည်နှင့်မတူဘဲ ရန်သူကို တိုက်ခိုက်နေသကဲ့သို့ဖြစ်နေသည်။
ထိုအချိန် ယွိမြို့တော်၏ တခြားအပိုင်းတွင် ချောမောလှသော အမျိုးသား တစ်ယောက်သည် ဥယျာဉ်ငယ်ဆီသို့ လျှောက်လာသည်။ သူ ဝင်လာသည်နှင့် ကန်ဘေးတွင် ငေးငိုင်စွာထိုင်နေသော ရှောင်ရော့ပိုင်ကို မြင်လေသည်။
“ထပ်ပြီးမှိုင်နေပြန်ပြီလား” ထိုအမျိုးသားသည် လျှောက်သွားပြီး သူမ ဘေးတွင် ဝင်ထိုင်ကာ ရေထဲမှရောင်ပြန်လာသော သူတို့ကိုကြည့်နေသည်။
“မင်းသား ၇ ရောက်လာတာ ကိစ္စရှိလို့လား” ရှောင်ရော့ပိုင်သည် အသာ အယာခေါင်းညိတ်ပြကာ နှုတ်ဆက်လေသည်။
သူမကို သူ့အိမ်တော်သို့ ကယ်လာပြီးနောက်ပိုင်းတွင် သူ တစ်ခါတစ်ခါ ရောက်လာတတ်သည်။ အစတော့ သူမ သူ့ကိုလျစ်လျူရှုပြီး မရှိသလိုဆက်ဆံခဲ့ သည်။ သူကြောင့်သာ ရှောင်မျိုးနွယ်က ဝင်ပါမိသွားပြီး အခုလိုမျိုး အဆုံးသတ် သွားတာမဟုတ်ဘူးလား။
သို့သော် ယွိချီသည် သူမ၏ သဘောထားကို အရေးမထားဘဲ အကောင်းဆုံး ဂရုစိုက်ပြခဲ့သည်။ အတော်အတန်ကြာပြီးမှပင် သူတို့ အပြန်အလှန် စကားပြောကြခြင်းဖြစ်သည်။
“ပြည်နယ်ပြိုင်ပွဲက စတော့မယ်” ယွိချီ ပြောသည် “လျောင်ပြည်နယ်က လူတွေလည်း တယွိမြို့တော်ကို ထွက်လာနေပြီ မုရုန်ရှီလည်းပါတယ်”
မုရုန်ရှီဆိုသည့် အမည်ကိုကြားသည်နှင့် ရှောင်ရော့ပိုင်သည် နှုတ်ခမ်း ကိုက်မိသည်။ သူ၏ ဒူးပေါ်မှ လက်သည်လည်း အလိုလို ကျစ်ကျစ်ပါအောင် ဆုပ်မိသည်။
“သူမက တမန်တော်ကို သတ်ထားတာ သိပ်မကြာသေးဘူး ကြင်ယာတော်မင်းသမီးကလည်း သူမကိုရှင်းချင်နေတာ ဒီအချိန်ကျမှ ဘာလို့ လာတာလဲ”
ယွိချီသည် သူမကို ကြည့်လေသည် “မင်းက သူမကို ဂရုစိုက်တုန်းလား သူမက ယွဲ့ရှီတောင်ကြားမှာ ထင်ယောင်ထင်မှားတည်ဆောက်မှု စီမံပြီးတော့ အဆိပ်ပါသုံးခဲ့တာပဲ… ထင်ယောင်ထင်မှား တည်ဆောက်မှုသာမရှိရင် ရှောင် မျိုးနွယ်က ဒီလိုလွယ်လွယ်နဲ့ ဖျက်ဆီးခံရမှာမဟုတ်ဘူး… သူမကို မုန်းသင့်တာ မဟုတ်ဘူးလား”
“မုန်းတယ်” ရှောင်ရော့ပိုင်သည် သူမ၏ အမုန်းတရားကို ဖုံးကွယ်မထား ပေ “ဒါပေမဲ့ သူမက ရှောင်မျိုးနွယ်ကို ထင်ယောင်ထင်မှား ဝင်္ကပါဆင်တာ မဟုတ်ဘဲနဲ့ မုရုန်ဟွေ့ကို လုပ်ကြံတဲ့လူကို ရှာချင်လို့လုပ်တယ်ဆိုတာ သိတယ်… အဘိုးကာ မုရုန်ဟွေ့ကို မတိုက်ခိုက်ခဲ့ရင် ဒီလိုကိစ္စကဖြစ်မလာဘူး ပြောရမယ်ဆိုရင်…”
သူမသည် ယွိချီကို မော့ကြည့်သည် “ပြောရရင် ကျွန်မ ရှင့်ကို ပိုမုန်းသင့် တယ်… ရှင့်ကြောင့်သာမဟုတ်ရင် ရှောင်မျိုးနွယ်က အရင်ရှောင်မျိုးနွယ်ဖြစ် နေဦးမှာပဲ ကျွန်မမိသားစုဝင်တွေလည်း အသက်ရှင်နေဦးမှာပဲ”
ယွိချီသည် သူမ ပြောသည့်စကားကို မငြင်းဆန်သလို ဒေါသမထွက်ပေ။ အမှန်တကယ်ပင် ထိုကဲ့သို့ဖြစ်နေခြင်းကြောင့်ပင်။
“မင်း ငါ့ကိုမုန်းတာကို ငါခံနိုင်တယ်… ဒါပေမဲ့ မုရုန်ရှီ တယွိမြို့တော်ကို လာတာ ဘာကြောင့်လဲလို့ထင်လဲ” သူသည် သူမ၏ မျက်နှာကိုကြည့်ပြီး သူမ၏ မျက်နှာအမူအရာကို အလွတ်မပေးပေ “မင်း သူမကို လက်စားမချေချင်ဘူးလား”
“ကျွန်မ မသိတော့ဘူး” ရှောင်ရော့ပိုင်သည် ခေါင်းငုံ့သွားသည် “ကျွန်မက ထောက်ပံ့မှုမရှိ အားအင်မရှိတဲ့ မိဘမဲ့ဖြစ်နေပြီ… သူမနဲ့ မုရုန်ဟွေ့တို့ကို ဘယ်လိုလုပ် ကိုင်တွယ်နိုင်မှာလဲ”
“မင်းမှာ ငါရှိသေးတယ်လေ” ယွိချီ ပြောလိုက်သည် “မင်း ပြောလိုက်တာ နဲ့ မင်းအတွက် ငါအကုန်လုပ်ပေးနိုင်တယ်”
“ကျွန်မက ရှင့်ကိုယ်ရှင် သတ်သေခိုင်းရင် သတ်သေမှာလား” ရှောင်ရော့ပိုင်သည် သူ့ကိုအလေးအနက်စိုက်ကြည့်သည်။
“မင်းအဲလိုဖြစ်စေချင်လို့လား” ယွိချီသည် အလေးအနက်ပင် မေးလိုက် သည်။
ရှောင်ရော့ပိုင်သည် ခေါင်းငုံ့သွားသည် “အဲဒါနဲ့ဘာဖြစ်သွားဦးမှာလဲ ရလဒ်ကတော့ အတူတူပဲ မဟုတ်ဘူးလား ကျွန်မအတွက်က ဘာများရွေးစရာရှိ ဦးမှာလဲ”
ယခုအချိန်တွင် သူမသည် အထီးကျန်ပြီး အကူအညီမဲ့နေသူတစ်ယောက် ပင်ဖြစ်သည်။ သူမက လက်စားချေဖို့ကို တွေးနိုင်ဦးမှာလား။
“ရော့ပိုင် ငါပြောတယ်လေ မင်း ခေါင်းညိတ်လိုက်ရင် မင်းက ငါ့မင်းသမီး ပဲ” ယွိချီသည် သူမအား မတတ်သာစွာကြည့်လေသည် “ငါ့စိတ်ကို နားမလည် သေးဘူးလား”
“ကျွန်မ ပင်ပန်းနေပြီ သွားနားလိုက်ဦးမယ်” သူမသည် ထိုကိစ္စများကို ထပ်မပြောချင်တော့သဖြင့် မတ်တတ်ထကာ ထွက်သွားလိုက်သည်။
ယွိချီသည် လက်ဆန့်ထုတ်ပြီး သူမကိုဆွဲထားချင်သည်။ သို့သော် သူမ ပြန်ကြည့်သောအကြည့်ကြောင့် ရပ်တန့်သွားပြီး အားပါပါသက်ပြင်းချလိုက် သည်။
“စိတ်မပူပါနဲ့ ငါ မင်းအတွက် လက်စားချေပေးမှာပါ” သူသည် သူမ၏ အနောက်မှ ကျယ်လောင်စွာ ပြောလိုက်သည် “လက်စားချေပေးမယ်”
ရှောင်ရော့ပိုင်သည် ရပ်သွားသော်လည်း နောက်ပြန်မလှည့်ပေ။
“တကယ်တော့ မုရုန်ဟွေ့က ရှင့်ဘက်မှာမနေချင်တာကို ရှင်က သူ့ကို ရှင်းချင်တာကို ဆင်ခြေရှာရုံတင်ပါ အဲဒါကိုကျွန်မကိုအကြောင်းပြတာ စက်ဆုပ် ဖို့မကောင်းလွန်းဘူးလား”
***