အခန်း ၁၈၆၁
Vol. 125 Ch. 1861
အပိုင်း (၁၈၆၁)
"ရွှမ်ယွမ် နတ်ဘုရားဓား ဟုတ်လား"
ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားရသည့် အချိန်မှတော့ ပုံရိပ်ယောင်ထဲတွင် မြင်ခဲ့ရသည့် အရာများကို ပြန်လည်ကာ သတိရသွားမိ၏။ ကုရွှမ်ယွမ် မသေဆုံးခင်က သူ၏ ဓားကို ကလေးတစ်ယောက်အား ပေးကာဖြင့် အမြန်ထွက်ပြေးရန် မှာကြားခဲ့၏။
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ထိုအရာများကို ဆက်စပ်တွေးတောလိုက်မိ၏။ သူသည် ရုတ်တရက်ထကာ မေးမြန်းလိုက်သည်။ "စီနီယာ …. စီနီယာက စီနီယာကုရွှမ်ယွမ် ထွက်ပြေးဖို့ ပြောခဲ့တဲ့ ကလေးလေးလား။”
ဓားသူတော်စင် ပြီးတော့ ရွှမ်ယွမ်နတ်ဘုရားဓား။ သူသည် ဤကဲ့သို့ ချိတ်ဆက်စဉ်းစားမိ၏။
"ရွှမ်ယွမ် နတ်ဘုရားဓား"
ကျန့်ကွေ့ရှု၏ လက်များသည် တုန်ယင်နေသည်။ "မင်း ဘယ်လိုဖြစ်ပြီး အဲကလေးကို သိရတာလဲ"
ကျန့်ကွေ့ရှုသည် မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပုံပင်။
"ဒီဂျူနီယာက အမှတ်မထင်နဲ့ ပုံရိပ်ယောင်နယ်မြေထဲကို တစ်ကြိမ်ရောက်သွားခဲ့ဖူးတယ်။ အဲဒီမှာ ဝင်သွားပြီးတဲ့ နောက်မှာ စီနီယာကုတစ်ယောက် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အသေခံပြီး တိုက်ခိုက်ခဲ့တဲ့မြင်ကွင်းကို မြင်ခဲ့ရတယ်” ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။
ကုရွှမ်ယွမ်၏ လက်များသည် ယခင်ကထက် ပိုမိုကာ တုန်ခါလာခဲ့၏။
"ရှေးကံကြမ္မာဖတ်ခြင်း"
ရုတ်တရက် သူသည် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည် "ခင်ဗျားပြောတာ အမှန်ပဲ။ ဒီအဘိုးကြီးက ဘဝတစ်သက်တာမှာ ရေစက်ပါတဲ့လူကို ဆုံတွေ့ခဲ့ပြီ"
"ကံကြမ္မာဖတ်တာ ဟုတ်လား"
ဤကိစ္စသည် သူနှင့် ဘာဆိုင်နေသနည်း။ ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြစ်လို့နေ၏။
"ဂိုဏ်းချုပ်ကျွင်း"
ကျန့်ကွေ့ရှုသည် ရုတ်တရက် မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ဒီအဘိုးကြီးနောက် လိုက်ခဲ့"
၎င်းတို့နှစ်ယောက်သည် ဝါးအိမ်လေးထဲမှ ထွက်ခွာသွားပြီးသည့်နောက် အနောက်ဖက်တွင် ရှိနေသော ကျောက်နံရံကြီး ရှေ့တွင် မတ်မတ်ရပ်လိုက်ကြသည်။
ဘုန်း ….။
ကျန်းကွေ့ရှုသည် ထိုကျောက်နံရံပေါ်သို့ လက်တင်လိုက်ချိန်မှာတော့ ကျောက်တံခါးကြီးသည် ဖြည်းညှင်းစွာဖြင့် ပွင့်သွားခဲ့သည်။ အတွင်းဘက်ဆီမှ ရှေးကျလွန်းသော သမိုင်းဝင် အော်ရာများ စိမ့်ထွက်လျက်ရှိ၏။
"ကျေးဇူးပြုပြီး"
ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါဖြင့် အထဲသို့ လှမ်းဝင်လိုက်သည်။
တံခါး၏ အနောက်ဖက်၌ မကျဉ်းလွန်းသော လူသွားလမ်းလေးတစ်ခု ရှိနေ၏။ ဘေးနှစ်ဖက်ရှိ ကျောက်နံရံများသည် ပြောင်ချောနေပြီး လူသားတို့ ဖန်တီးပြုလုပ်ခဲ့သည်ဖြစ်ကြောင်း သိသာလှ၏။
လမ်ကြောင်းလေးသည် အစပိုင်းတွင် တည့်တည့်သာ ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် အောက်သို့ နိမ့်ဆင်းသွားခဲ့၏။ ဘယ်လောက်ကြာမှန်းမသိ လျှောက်ဆင်းသွားပြီးသည့်နောက် ကျယ်ပြောလှသော လိုဏ်ခေါင်း တစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။
ဤကျောက်ဂူကြီးကို ထောက်ပံ့ပေးထားသော ကျောက်တိုင်ကြီး ရှစ်တိုင်အား ထင်ထင်ရှားရှား မြင်နေရပြီး ထိုကျောက်တိုင်များ၏ အပေါ်တွင်တော့ သားရဲများ၏ ပုံကို ရေးထိုးထားသည်။
အလယ်ဗဟိုတွင် ကျောက်စင်မြင့်တစ်ခုတည်ရှိနေပြီး စင်မြင့်ဖက်တွင် ကျောက်ရုပ်ထုနှစ်ခု တည်ရှိနေ၏။ ကျောက်ရုပ်ထုနှစ်ခုသည် အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သတ်လတ်ပိုင်း လူတစ်ယောက်နှင့် ဓားကိုပိုက်ထားသည့် မိန်းကလေးငယ်လေး တစ်ယောက်ပင်။
ကျွင်းချောင်ရှောင်း၏ အမူအရာသည် လေးနက်သွားခဲ့၏။
ဤသက်လတ်ပိုင်းလူသည် ဘေးမှကလေးအား စောင့်ရှောက်သည့် လူတစ်ယောက် ဖြစ်နေသည်လား။ ကောင်မလေး ပိုက်ထားသည့် ဓားမှာ …..။
ကျွင်းချောင်ရှောင်းသည် မည်သို့မျှ မနေနိုင်ပဲ ပြောလိုက်မိ၏။ "စီနီယာကု ရဲ့ ရွှမ်ယွမ်နတ်ဘုရားဓားလား"
"အမှန်ပဲ"
ကွေ့ရှုဓားသူတော်စင်သည် လေးနက်စွာဖြင့် ပြောလိုက်သည်။
"ပြောရမယ်ဆိုရင်"
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်စွာဖြင့် ပြောလိုက်၏။ "ခင်ဗျားက မိန်းကလေးက စီနီယာကု ထွက်ပြေးဖို့ပြောတဲ့ ကလေးမလေးကို စောင့်ရှောက်ပေးရတဲ့သူလား"
"အမှန်ပဲ"
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ ရွှမ်ယွမ်နယ်မြေကြီးကို အမွေမဆက်ခံခင်ကတည်းက စီနီယာကုသည် ကလေးတစ်ယောက်ကို အပြင်ဖက်သို့ စေလွှတ်ခဲ့သည်သာ သိ၏။ ဤကလေးမှာ ယောက်ျားလား၊ မိန်းမလား သူ သေချာမသိချေ။ လက်ရှိအချိန်မှာတော့ မိန်းကလေးတစ်ယောက်ဖြစ်ကြောင်း နားလည်သွားမိသည်။
"သူဘယ်မှာလဲ"
"ထွက်သွားပြီ"
"ဘယ်ကိုသွားတာလဲ"
"အထက်စကြဠာတစ်ခုလုံးကို ကျုပ်ရှာခဲ့တယ်။ ဒါပေမယ့် ဘာသတင်းမှ မရခဲ့ဘူး"
ဤတစ်ကြိမ်မှာတော့ ကျန့်ကွေ့ရှု၏ မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာများ ဖြစ်တည်လာခဲ့၏။ သူသည် ကလေးငယ်ကို မကာကွယ်နိုင်ခဲ့သည့်အတွက် သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်ဖြင့် အပြစ်တင်လျက် ရှိနေ၏။
"စီနီယာကုနဲ့ ခင်ဗျားကြားက ဆက်ဆံရေးက ဘာလဲ"
"ဆရာ ပြီးတော့ မိတ်ဆွေ"
အတိတ်မှ မှတ်ညဏ်များသည် သူ၏ မျက်လုံးထဲတွင် ပြန်လည်ကာ ထင်ပေါ်လာခဲ့၏။ သူသည် ပျောက်ဆုံးသွားခဲ့သော သူ၏ ငယ်ဘဝကို ပြန်လည်ကာ တွေးတောနေမိသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ရွှမ်ယွမ် နတ်ဘုရားဓားက ဘယ်မှာလဲ"
ကျန့်ကွေ့ရှုသည် သက်ပြင်းချလိုက်သည် "ဒါက ဇာတ်လမ်းရှည်ကြီးပဲ"
"ဒါဆိုလည်း ရိုးရိုးရှင်းရှင်း မြန်မြန်ပြောတော့ "
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ကျုပ်က မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ ရွက်သင်္ဘောတွေကို ဖျက်စီးခဲ့ပြီးပြီ။ ခင်ဗျား အေးအေးဆေးဆေး ပြန်စဉ်းစားဖို့ အချိန်မရှိတော့ဘူး"
…….........
လှိုဏ်ဂူထဲတွင်တော့ ကျောက်အခေါင်းလေးတစ်ခုက တည်ရှိလို့နေ၏။ ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်သွားသည့် အချိန်မှာတော့ ရိုးရှင်းလွန်းလှသည့် ဓားတစ်စင်းသည် နံရံတွင် ချိတ်ထားကြောင်း မြင်လိုက်ရသည်။
"ဂိုဏ်းချုပ်ကျွင်း "
ကျန့်ကွေ့ရှုက ပြောလိုက်၏။ "ဒါ ရွှမ်ယွမ်နတ်ဘရားဓားပဲ"
“…….”
ကျွင်းချောင်ရှောင်း၏ အမူအရာသည် အမှန်ပင် လေးနက်သွားခဲ့သည်။
နံရံပေါ်တွင် ဓားတစ်စင်းကို ချိတ်ဆွဲထားပြီး ထိုအရာဆီမှ ထွက်ပေါ်လာသည့် အော်ရာများမှာတော့ လူသားများကို အမှန်ပင် စိတ်လှုပ်ရှားစေခဲ့၏။ ပုံရိပ်ယောင်ထဲတွင် မြင်ခဲ့စဉ်က စီနီယာကုရွှမ်ယွမ်သည် ထိုဓားကို ကိုင်ဆွဲပြီး ရန်သူပေါင်းများစွာကို တိုက်ခိုက်ခဲ့၏။
"ဒါကျုပ်ယူလို့ရလား"
"ရတယ်"
ကျန့်ကွေ့ရှုက ဆက်ပြောလိုက်၏။ "ဒီဓားက ကံကြမ္မာရေစက်ပါသူကို စောင့်မျှော်နေတာပဲ"
ဆွစ် …..
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လာ၏။ သူသည် ရွှမ်ယွမ်နတ်ဘုရားဓားနှင့် နီးကပ်လာလေ ပိုမိုလေးနက်သည့် အော်ရာများကို ခံစားရလေပင်။
ကုန်းရှန့်သည် အမှန်ပင် ပြောင်ပြောင်နောက်နောက် နေတတ်သူဖြစ်၏။ သို့ပေမဲ့ ယနေ့အချိန်မှာတော့ အမှန်ပင် လေးနက်လို့ နေခဲ့၏။ သူ၏ နှလုံးသားထဲတွင်လည်း ချီးကျူးမှုများနှင့် ပြည့်နှက်လျက် ရှိ၏။
အနောက်ဖက်တွင် ရပ်တန့်လျက် ရှိနေသည့် ကျန့်ကွေ့ရှုသည်လည်း စိတ်လှုပ်ရှားနေ၏။ စီနီယာအရဆိုလျှင် သူသည် ကုရွှမ်ယွမ်ထက် ငယ်ရွယ်လွန်း၏။ ထို့အပြင် ကုရွှမ်ယွမ်ကို အမှန်ပင် အားကိုး ယုံကြည်သူဖြစ်သည်။ ကွေ့ရှုဓားသူတော်စင်ဟူသော ဂုဏ်ပုဒ်ကို လက်ရှိအချိန်၌ ပိုင်ဆိုင်နေခြင်းသည် စီနီယာ ကုရွှမ်ယွမ်၏ သင်ကြားပြသခဲ့ခြင်းများကြောင်းသာဖြစ်သည်။ ထို့ကြောင့် ဓားကို စောင့်ရှောက်ပြီး ကံကြမ္မာရေစက်ပါသူကို စောင့်မျှော်နေခြင်းပင်။
နာကျင်စရာတစ်ခုမှာ စီနီယာ ကုရွှမ်ယွမ် ကာကွယ်ခိုင်းလိုက်သည့် တပည့်အား ကာကွယ်မပေးနိုင်ခြင်းပင်။
ဘန်း …
ကျန့်ကွေ့ရှု တွေးနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် အနောက်ဖက်သို့ ပြန်ကန်လာပြီး တခြားတစ်ဘက်ရှိ နံရံနှင့် ရိုက်မိသွားသည်။ ၎င်း၏ လက်များသည် ဓာတ်လိုက်ခံထားရသလို တုန်ယင်လျက် ရှိနေ၏။
“……….”
ထိုအရာကို မြင်ရသည့် အချိန်မှာတော့ ကျန်းကွေ့ရှု၏ နှလုံးသားသည် စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ဂိုဏ်းချုပ်ကျွင်းသည် ထိုအရာကို ထိပြီး အနောက်ဖက်သို့ လွင့်စင်သွားခဲ့၏။ ဆိုလိုသည်မှာ ကံကြမ္မာရေစက် မပါပုံ ပင်။
"ဂိုဏ်းချုပ်ကျွင်း "
ကျန့်ကွေ့ရှုသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ "ကြည့်ရတာ ခင်ဗျားက ရွှမ်ယွမ်နတ်ဘုရားဓား စောင့်မျှော်နေတဲ့လူ မဟုတ်ဘူးထင်တယ်"
"ကျုပ် ထပ်စမ်းကြည့်လိုက်ပါအုံးမယ်"
ကျွင်းချောင်ရှောင်းအနေဖြင့် လက်လျော့ရန် ရည်ရွယ်ချက်မရှိချေ။ ရွှမ်ယွမ် နတ်ဘုရားဓားဆီသို့ လျှောက်သွားခဲ့၏။ သို့ပေမဲ့ ထိမိလိုက်သည့် အချိန်မှာတော့ လျှပ်စစ်ဓာတ်များကြောင့် အနောက်ဖက်သို့ လွင့်စင်သွားပြန်သည်။
ကျန့်ကွေ့ရှုသည် ကောင်းကင်ကို မော့ကြည့်ပြီးနောက် သက်ပြင်းချလိုက်၏။ နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် ကံကြမ္မာရေစက်ပါသူကို ရှာတွေ့ခဲ့ပြီဟု သူကထင်မှတ်ခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ဖြစ်မလာခဲ့ချေ။ သူသည် ငိုပင် ငိုချင်လာမိ၏။
ကျွင်းချောင်ရှောင်းသည် အင်္ကျီကို လိပ်တင်ပြီးနောက် အရှေ့ဆီသို့ ထပ်မံကာ သွားလိုက်ပြန်သည်။
နောက်ဆုံးမှာတော့ ကုန်းရှန့်သည် မြေပေါ်တွင် လဲလျောင်းလျက် ရှိနေပြီး ပါးစပ်မှ အမြုပ်များပင် ထွက်နေ၏။ သူသည် ရွှမ်ယွမ် နတ်ဘုရားဓားနှင့် ရေစက်ပါသူမဟုတ်ကြောင်း ထင်ရှားလွန်းလှ၏။
သူ၏ ဆိုးဆိုးရွားရွား ပုံစံကို ကြည့်ရှုရမည်ဆိုလျှင် လျှပ်စီးဓာတ်များကြောင့် ဖြစ်ပေါ်လာသည် ဆိုသော်လည်း စည်းဓားမော့ကြီး၏ ဘေးထွက်ဆိုးကျိုးက ပိုမိုကာ သာလွန်းလှသည်။
………
"စီနီယာ … အဲမိန်းကလေးရဲ့ နာမည်က ဘာလဲ"
ရက်အနည်းငယ်လောက် အနားယူပြီးနောက် ကျွင်းချောင်ရှောင်းသည် အားနည်းနေသေးသည် ဆိုသော်လည်း စကားတော့ ပြောဆိုနိုင်သေး၏။
ရွှမ်ယွမ်နတ်ဘုရားဓားသည် ကျောက်အခန်းထဲတွင် တည်ရှိနေ၏။ သူသည် ကံကြမ္မာရေစက်မပါသောကြောင့် ထိုအရာကို မရရှိခဲ့ချေ။ ထို့ကြောင့် ဓားကိုင်ထားသည့် မိန်းကလေးအကြောင်းကို မေးမြန်းလိုက်မိ၏။ ထိုအရာထဲမှ လျို့ဝှက်ချက် တစ်စုံတစ်ခုများ ရှာဖွေတွေ့ရှိနိုင်မလားဆိုသည့် ရည်ရွယ်ချက်နှင့်ပင်။
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “မိန်းကလေးနာမည်က ရှစ်ကျန်းရွှမ်တဲ့"
ဖွီး …။
ကျွင်းချောင်ရှောင်းသည် ပါးစပ်မှ ရေနွေးများ ပြန်ထွက်လာခဲ့၏။
ကျန့်ကွေးရှုသည် ချက်ချင်းပဲ သူ၏ မျက်နှာပေါ်တွင် ရှိနေသော ရေနွေးများကို သုတ်ကာ ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း ဘာဖြစ်တာလဲ"
"မဟုတ်ဘူး မဟုတ်ဘူး"
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်စွာဖြင့် ပြောလိုက်မိသည်။ "နာမည်တူတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
ကျန့်ကွေ့ရှု နာမည်ကို ပြောလိုက်သည့်အချိန်မှာတော့ သူသည် ထာဝရလောကကြီးထဲတွင် ရှိနေသော မြောင်ဟွာခန်းမသခင်ကို သတိရလိုက်မိ၏။ သို့ပေမယ့် ကုရွှမ်ယွမ်၏ တပည့်သည် နှစ်ပေါင်းများစွာကတည်းက ထွက်ပြေးလာခဲ့သူဖြစ်သည်။ အသက်မှာ ကွာခြားလွန်းလှ၏။ နာမည်တူခြင်းသာ ဖြစ်ပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ "ကြီးမြတ်သူကုဟုန် တစ်ခါပြောဖူးတယ်။ ခန်းမသခင်ရှစ်က လောကကြီးရဲ့ ကလေးငယ် တစ်ယောက်ဆိုတာကို …. လက်ခံသူမှတ်မိသေးလား"
"ဘာကိုဆိုလိုတာလဲ"
"ကုရွှမ်ယွမ်က ရွှမ်ယွမ်နယ်မြေကြီးရဲ့ သခင်ဖြစ်တယ်။ ဒီလိုလူမျိုးက အသက်ပေးပြီး ကာကွယ်ခဲ့တဲ့ တပည့်အကြောင်း သေသေချာချာ တွေးကြည့်လိုက်စမ်း"
"……." ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွားမိ၏။ သေသေချာချာ တွေးတောရန် လိုနေသည်လား။ ခြေထောက်နှင့် တွေးတောမည်ဆိုလျှင်တောင်မှ ထိုအရာကို တွေးတောနိုင်ပေလိမ့်မည်။
"ဒါဆို ဘာကိုစောင့်နေတာလဲ"
စနစ်က ပြောလိုက်သည်။ "ထာဝရလောကကြီးကို မြန်မြန်ပြန်ပြီး ဟောခန်းသခင်ရှစ်ကို ခေါ်ခဲ့လေ။ သူ့အနေနဲ့ ရွှမ်ယွမ်နတ်ဘုရားဓားကို ထိန်းချုပ်နိုင်စွမ်း ရှိရင်ရှိလိမ့်မယ်။"
ကျွင်းချောင်ရှောင်းအနေဖြင့် ဆွံ့အသွားမိသည်။ ပြီးနောက် ပြောလိုက်မိ၏။ "ဘယ်လိုဖြစ်ပြီး မင်းက အရမ်းအလျင်လိုနေတာလဲ။”