← Chapters

အခန်း ၁၈၆၂

Vol. 125 Ch. 1862

အခန်း ၁၈၆၂

Vol. 125 Ch. 1862

အပိုင်း (၁၈၆၂)

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိနေသော သက်ရှိသတ္တဝါများအားလုံးတို့သည် ထာဝရလောကကြီး ဆီသို့ ရွှေ့ပြောင်းခဲ့ပြီးဖြစ်၏။ အဓိကဂိုဏ်းတော်တော်များများသည် ၎င်းတို့၏ ကိုယ်ပိုင်တောင်များကို ရွေးချယ်ခဲ့ကြ၏။ တောင်များသည် မတူညီသည့်အဆင့်များဖြင့် ခွဲခြားထား၏။

တချို့သော နေရာများသည် ကောင်ကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ အလွန်အားကောင်းလွန်းလှ၏။ တချို့သော နေရာများမှာတော့ အားနည်းလွန်းလှ၏။ ထို့ကြောင့် တောင်များကို ရွေးချယ်ခြင်းသည် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်ပင်အရေးကြီးသည့် ကိစ္စရပ်ဖြစ်လို့လာခဲ့သည်။

ထာဝရလောကကြီးထဲသို့ ရောက်ရှိခဲ့သည့် ဂိုဏ်းများသည် ထိုကဲ့သို့ ရွေးချယ်ရန်အတွက်အခွင့်အရေး မရှိကြချေ။ အဘယ့်ကြောင့်ဆိုသော် ဖုန်းရွှေသဘောအရ ကောင်းမွန်သည့် တည်နေရာများကို ထာဝရ ပြိုင်စံရှားဂိုဏ်းမှ အသီးသီးခွဲခြားပေးသောကြောင့်ပင်။

ထို့ကြောင့် သူတို့အနေနှင့် စိတ်ရှိတိုင်း ကြိုက်ရာတည်နေရာကို ရွေးချယ်ခွင့်မရှိကြချေ။ ဥပမာအားဖြင့် သံမဏိအရိုးတောင်နှင့်အနီးကပ်ဆုံးတွင်ရှိနေသော တည်နေရာနှစ်ခုသည် ဖုန်းရွှေသဘောတရားအရ အလွန်ပင် အားကောင်းလွန်းပြီး ပထမတန်းစား တည်နေရာများပင်ဖြစ်၏။

ထိုနေရာများကို ဤအတိုင်း ရွေးချယ်ခွင့်သာ ပေးလိုက်မည်ဆိုပါက အဓိကဂိုဏ်းများသည် အချင်းချင်း တိုက်ခိုက်ကာ လုယက်ကြမှာ သေချာ၏။ ဤကဲ့သို့ ကောင်းမွန်လှသည့်တည်နေရာကို မလိုချင်သူဟူ၍ မည်သူကရှိမည်နည်း။

တောင်ပြာဂိုဏ်း၊ မြောင်ဟွာခန်းမ …. ဤဂိုဏ်းနှစ်ခုတို့သည် ချွင်းချက်မရှိ ထိုနေရာများကို ရရှိခဲ့ကြ၏။ အကြောင်းအရင်းမှာ ရိုးရှင်းလှချေသည်။ ပြိုင်စံရှားဂိုဏ်း ကြယ်ကြွေကုန်းမြေတိုက်၌ ဖွံ့ဖြိုးတိုးတက်ရန် ရုန်းကန်နေရသည့်အတောအတွင်း ဤဂိုဏ်းနှစ်ခုသည် မဟာမိတ်အဖြစ် နေထိုင်ခဲ့ကြသည့်သူများ ဖြစ်သောကြောင်းပင်။

နှစ်ပေါင်းများစွာကြာမြင့်ပြီးသည့်နောက် တောင်ပြာဂိုဏ်း၏ အထက်ပိုင်းရာထူးများအားလုံးသည်လည်း ပြောင်းလဲသွားခဲ့၏။ ယခင်တုန်းက အကြီးအကဲ မာယွင်တန် သည် ယခုဂိုဏ်းချုပ်အသစ်ဖြစ်လို့လာခဲ့၏။ အဆင့်ငါးဂိုဏ်းတစ်ခုသည် လက်ရှိအခြေအနေမှာတော့ ဒုတိယတန်းစား ဂိုဏ်းတစ်ခုအဖြစ် ပြောင်းလဲသွား ခဲ့၏။

တောင်ပြာဂိုဏ်းသို့ပင် မြောင်ဟွာခန်းမ၏ အလုံးစုံသောအားအင်အဆင့်သည်လည်း မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာခဲ့ကြ၏။ ၎င်းတို့သည် ထာဝရလောကကြီးတွင် ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုအဖြစ် ဖြစ်တည်လာခဲ့တော့၏။ ၎င်းတို့ဂိုဏ်းနှစ်ခု မြန်မြန်ဆန်ဆန်နှင့်တိုးတက်လာခဲ့ခြင်းမှာ ကျွင်းချောင်ရှောင်း အနေနှင့် ဆေးလုံးများ အရင်းအမြစ်များကိုသာမက ပါရမီရှင်များကိုပင် ပေးအပ်ခဲ့သောကြောင့်ပင်။

ပြိုင်စံရှားဂိုဏ်းအနေနှင့် နှစ်စဉ်နှစ်တိုင်း တောင်၏ဂိတ်တံခါးကိုဖွင့်ကာ တပည့်သစ်များကို လက်ခံခဲ့၏။ သို့ပေမဲ့ အရည်အချင်းအလွန့်အလွန် ကောင်းမွန်လွန်းလှသည့် လူအနည်းငယ်ကိုသာလျှင် ဂိုဏ်းသားအဖြစ် ခေါ်ယူခဲ့၏။

ဂိုဏ်းသားအဖြစ် ဝင်ခွင့်မရခဲ့သည့် လူတော်လူရွယ်များအားလုံးတို့သည် တောင်ပြာဂိုဏ်းနှင့် မြောင်ဟွာခန်းမ ဆီသို့ ရောက်ရှိကုန်ကြ၏။ အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အကောင်းမွန်ဆုံသော လူများကို ရွေးချယ်သွားခဲ့၏။ တောင်ပြာဂိုဏ်းနှင့် မြောင်ဟွာခန်းမ မှာမူ အကောင်းမွန်ဆုံးသော ဒုတိယတန်းစားလူများကို ရွေးချယ်နိုင်ခဲ့ခြင်းပင်။

ဂိုဏ်းတစ်ခုအနေနှင့် ပိုမိုအားကောင်းပြီးတိုးတက်ကြီးပွားချင်သည်ဆိုလျှင် လူငယ်သွေးသစ်များကို လိုအပ်သည်ဆိုသည်မှာ သဘာဝပင်ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကောင်းမွန်လွန်းသော ဖုန်းရွေ့တည်နေရာများတွင် နေရာရခဲ့ပြီး ပါရမီရှင်များကိုလည်း လက်ခံခဲ့ရ၏။ ထို့ကြောင့် တဖြည်းဖြည်းနှင့် ပိုမိုကာအားကောင်းလာခဲ့၏။

ထာဝရလောကကြီးထဲသို့ရောက်ရှိလာခဲ့သည်မှာ မကြာမြင့်သေးသည်ဆိုသော်လည်း တောင်ပြာဂိုဏ်းနှင့် မြောင်ဟွာခန်းမတို့သည် ပိုမိုကာ အားကောင်းလာခဲ့ကြ၏။ သူတို့သည် ပြိုင်စံရှားဂိုဏ်းပြီးသည့်နောက် အားအကောင်းဆုံးသော ဂိုဏ်းများ ဖြစ်လာတယ်ဆိုသည်မှာ သံသယမရှိနိုင်ချေ။

………..

“ဂိုဏ်းချုပ် ကျွင်း သာမရှိဘူးဆိုရင်”

သိုင်းလေ့ကျင့်ရေးကွင်းပြင်မှာတော့ မာယွင်တန် သည် အဝေးတစ်နေရာတွင်ရှိနေသည့် သံမဏိအရိုးတောင်ကြီးအား လက်ညှိုးညွှန်ကာဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။ “ဒီနေ့ တောင်ပြာဂိုဏ်းဆိုတာ ရှိနေမှာ မဟုတ်ဘူး။ ဒီလောကကြီးမှာလဲ နေထိုင်ခွင့်ရနေမှာ မဟုတ်ဘူး”

တပည့်များအားလုံးသည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ မျက်လုံးထဲ၌ ချီးကျူးဂုဏ်ယူမှုများ ပြည့်နှက်လျက်ရှိသည်။

တစ်စုံတစ်ယောက်က ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းနှင့် တိမ်ပြာဂိုဏ်းတို့ရဲ့အကြား ဇာတ်လမ်းကို ကျုပ်တို့ကို ပြောပြပါလား”

တပည့်များ၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် စုစည်းလျက်ရှိနေသည့် တပည့်တော်တော်များများတို့သည် လွန်ခဲ့သည့် နှစ်အနည်းငယ်က ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သည့် သူများဖြစ်၏။ ထို့ကြောင့် သူတို့၏ဂိုဏ်းနှင့် ပြိုင်စံရှားဂိုဏ်းတို့သည် မဟာမိတ်များဖြစ်ကြောင်း သိရှိပြီဆိုသော်လည်း ဂိုဏ်း၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ သေသေချာချာ မသိရှိခဲ့ကြပေ။

မာယွင်တန် သည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်စုနှစ်များစွာက ချင်းယန်မြို့တွင် ကျင်းပသော ဂိုဏ်းတရာလူသစ်စုဆောင်းပွဲ အခြေအနေမြင်ကွင်းကို ပြန်လည်ကာ မြင်ယောင်လာမိ၏။

ဝှစ်

ရုတ်တရက် အလင်းတန်းတစ်ခုသည် တောင်ပြာဂိုဏ်းကို ဖြတ်သန်းသွားခဲ့၏။ မာယွင်တန် သည် အတွေးနက် နေရာမှ ရုတ်တရက် သတိပြန်ဝင်သွား၏။ သူသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။ “ဂိုဏ်းချုပ် ကျွင်း”

ဟုတ်ပေသည်။ ဤလူသည် ကျွင်းချောင်ရှောင်း ပင် ဖြစ်တော့၏။ သို့ပေမဲ့ သူသည် တောင်ပြာဂိုဏ်းကို ရောက်ရှိလာခဲ့ခြင်း မဟုတ်ချေ။ ထိုနေရာမှ ဖြတ်သွားရင်း မြောင်ဟွာခန်းမဆီသို့ ဦးတည်နေခြင်းပင်ဖြစ်သည်။ အလျင်လိုနေသည်ဖြစ်သောကြောင့် သူ၏မိတ်ဆွေဟောင်းကြီးကိုပင် နှုတ်ဆက်ရန် အချိန်မရှိခဲ့ချေ။

“တကယ့်ကို ဂိုဏ်းချုပ် ကျွင်းပဲ”

“ငါတို့ရဲ့ နတ်ဘုရား”

တောင်ပြာဂိုဏ်းမှ တပည့်များသည် စိတ်လှုပ်ရှားလွန်းသောကြောင့် ရုတ်တရက်ထကာ ခုန်လုမတတ်ပင်။ ထာဝရလောကကြီးထဲတွင် ရှိနေသော သတ္တဝါများအားလုံးတို့သည် ကျွင်းချောင်ရှောင်းကို နတ်ဘုရားအဖြစ် ကိုးကွယ်ကြ၏။

“ဂိုဏ်းချုပ်”

ပထမအကြီးအကဲအဖြစ် အဆင့်တက်ခဲ့ပြီဖြစ်သော ဝမ်တုံလင်သည် အတွင်းခြံဝန်းထဲမှ ထွက်လျှောက်လာ ကာဖြင့် ဇဝေဇဝါမေးလိုက်၏။ “ဂိုဏ်းချုပ်ကျွင်းက ဘယ်လိုဖြစ်ပြီးတော့ ဒီနေ့ မြောင်ဟွာခန်းမဆီကို ကိုယ်တိုင်သွားရတာလဲ။”

“အင်း ဒီကိစ္စနည်းနည်း ထူးဆန်းတယ်” မာယွင်တန် က ပြောလိုက်သည်။ သူတို့သည် ပြိုင်စံရှားဂိုဏ်းနှင့် ရင်းနှီးနေခဲ့သည်မှာ အချိန်အတော်ကြာမြင့်ပြီး ဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းနှင့် မြောင်ဟွာ ခန်းမသခင်တို့၏ ကြားတွင် လျှို့ဝှက်ဇာတ်လမ်းတစ်ခုခုတည်ရှိခဲ့ပုံပေါ်သည်ကိုလည်း ခန့်မှန်းမိ၏။ သို့ပေမဲ့ ၎င်းတို့နှစ်ယောက်သည် တိတိကျကျ ဤနှစ်ပိုင်းအတွင်း တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်သွယ်မှုမျိုး ပြုလုပ်သည်ကို မတွေ့ခဲ့ရချေ။

………

မြောင်ဟွာခန်းမ

တောင်များ၊ ချောင်းများနှင့် ဝန်းရံခြင်းကို ခံထားရသည့် ပတ်ဝန်းကျင်ကြီးတစ်ခုသည် အလွန်ပင်လှပလွန်းလှ၏။

တောင်ပြာဂိုဏ်းနှင့်မတူဘဲ ဤဂိုဏ်းသည် ယခင်တုန်းက နည်းလမ်းအတိုင်းပင် အမျိုးသမီးတပည့်များကိုသာ လက်ခံခေါ်ယူခဲ့၏။ ပြိုင်စံရှားဂိုဏ်းထဲတွင်ရှိနေသော ကျော်ကြားလွန်းလှသော အမျိုးသမီးတပည့် အရေအတွက်သည် လက်ဆယ်ချောင်းပင် မပြည့်ချေ။ သို့ပေမယ့် မြောင်ဟွာ ခန်းမမှာတော့ အမျိုးသမီးတပည့် များသာ ဖြစ်လို့နေခဲ့သည်။

“စီနီယာ အကိုလီ”

တောင်၏ တည်နေရာမှာတော့ လှပလွန်းသော မိန်းကလေးတစ်ယောက်သည် ရှက်ဝဲဝဲနှင့် ပြောလိုက်၏ “ကျေးဇူးတင်ပါတယ်”

“ကျုပ်တို့ ဂိုဏ်းချင်းက မဟာမိတ်တွေပဲလေ ဒီတော့ တစ်ယောက်ကို တစ်ယောက်ကူညီရမှာ သဘာဝပဲ မဟုတ်လား” လီထျန်းထျန်းသည် စပ်ဖြီးဖြီးနှင့် ပြန်ပြောလိုက်သည်။

မဟုတ်သေးပေ။ ဤအကောင်သည် အဘယ့်ကြောင့် မြောင်ဟွာခန်းမဆီသို့ ရောက်ရှိနေရသနည်း။

သို့ပေမဲ့ တခြားနေရာများကို လှမ်းကာကြည့်ရှု့လိုက်သည်ဆိုရင် လုံကျိရန် နှင့် တခြားသောသူများ အားလုံးသည်လည်း သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် မိန်းကလေးများကို သင်ကြားပြသမှု ပြုလုပ်လျက်ရှိ၏။

သင်ကြားပြသရာ၌ ၎င်းတို့၏ စိတ်အားတက်ကြွမှုသည် ဂိုဏ်း၏ တပည့်များကို သင်ကြားပြသပေးသည်ထက် ပိုမိုကာပင် တက်ကြွလို့နေခဲ့၏ သို့ပေမဲ့ သေသေချာချာကြည့်ရှု့ရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ တပည့် တစ်ဦးတစ်ယောက်မှသည် တောင်ပြာဂိုဏ်းကို လာရောက် သင်ကြားပြသခြင်းမရှိချေ။ သောက်ကျိုးနည်းလှချေသည်တကား။

ဝှစ်

ကျွင်းချောင်ရှောင်းသည် မြောင်ဟွာခန်းမဆီသို့ ပျံသန်းသွားခဲ့ပြီးနောက် လေ့ကျင့်ရေးကွင်းပြင်ဆီသို့ ဆင်းသက်လိုက်၏။

“ဟာ … မဟုတ်သေးဘူး။ ဘာလို့ ဂိုဏ်းချုပ်ရောက်လာရတာလဲ”

ဝှစ်

ဝှစ်

ချက်ချင်းပဲ လီထျန်းထျန်းနှင့် တခြားသောသူများသည် မြောင်ဟွာခန်းမဆီမှ ပျောက်ကွယ်သွားခဲ့ကြ၏။ ၎င်းတို့၏ လှုပ်ရှားမှုသည် အမှန်ပင် မြန်ဆန်လွန်းလှ၏။

ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် ဦးခေါင်းကို ခါယမ်းလိုက်သည် “အကြီးအကဲဝေ ကျုပ်ခင်ဗျားကို ရည်းစားမထားရဘူးလို့ တားမြစ်မထားပါဘူး။ ဘယ်လိုဖြစ်ပြီး ခိုးကြောင် ခိုးဝှက်လုပ်နေရတာလဲ”

“အင်း”

ထွက်ပြေးရန်ပြင်ဆင်လျက်ရှိနေသည့် အကြီးအကဲဝေ သည် ကြောင်အအနှင့် ပြုံးလိုက်၏။

“ဂိုဏ်းချုပ်ကျွင်း”

လန့်ရှင်းရွဲ့ သည် ဟောခန်းထဲမှ ထွက်လျှောက်လာပြီးသည့်နောက် အမှောင်ထဲတွင် ပုန်းနေသော တစ်ဖက်လူ၏အနားတွင် မတ်မတ်ရပ်လိုက်၏။ ပြီးနောက် ဂိုဏ်းချုပ်ကျွင်းအား နှုတ်ဆက်လိုက်သည်။ “ကိစ္စရှိလို့လား”

ကျွင်းချောင်ရှောင်းက မေးလိုက်သည်။ “ခင်ဗျားတို့ ဟောခန်းသခင်ဘယ်မှာလဲ”

“သူတံခါးပိတ် ကျင့်ကြံနေတယ်လေ”

“သူဘယ်တော့ထွက်လာမှာလဲ”

“အမြန်ဆုံးဆိုရင် သုံးလကနေ ငါးလပေါ့။ အင်း … ကြာမယ်ဆိုရင်တော့ သုံးနှစ်ကနေ ငါးနှစ်ပဲ”

“…….”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ကျုပ်အရမ်းအရေးကြီးတဲ့ကိစ္စ လုပ်စရာရှိတယ်။ သူမကို သွားပြီးပြောပေးလို့ရလား”

“ဒါက သတင်းပေးစရာမလိုတော့ဘူး ထွက်လာပြီ”

ရုတ်တရက် ရှစ်ကျွမ်းရွှမ် ၏ အသံသည် အတွင်းခြံဝန်း ဆီမှ ထွက်ပေါ်လာသည်။

“…….”

လန့်ရှင်းရွဲ့ သည် ဆွံ့အသွားခဲ့၏။ ခန်းမသခင်သည် သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နိုင်ရန်အတွက် တံခါးပိတ်ကျင့်ကြံလို့နေခဲ့၏။ အားလုံး လာရောက်ကာ မနှောက်ယှက်ရန်ပင် မှာကြားသေး၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း ရောက်လာသည်ဆိုသည်နှင့် တစ်ခါတည်း ထွက်လာခဲ့၏။ အင်း ငါ့ရဲ့ ရူးကြောင်ကြောင် ခန်းမသခင်ပဲ။ သူ့မှာ အစောကြီးကတည်းက မိန်းမရှိနေပြီလေ ဘာတွေ စဉ်းစားနေရတာလဲ။

ထိုအချိန်မှာတော့ ရှစ်ကျွမ်းရွှမ် သည် အတွင်းခြံဝန်းထဲမှ ထွက်လျှောက်လာခဲ့၏။ သူမသည် အဝါဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုက တည်ရှိနေသည်။

ဟုတ်ပေသည်။ ခန်းမသခင်သည် သူမ၏ အဝတ်ကိုပင် လဲဝတ်ခဲ့သေး၏။

“ဂိုဏ်းချုပ် ကျွင်း”

ရှစ်ကျွမ်းရွှမ် က ပြုံးလိုက်သည်။ “ဘာကိစ္စရှိလို့လဲ”

“ကျုပ်ဓားတစ်ချောင်း ရှာဖွေတွေ့ရှိထားတယ်။ ဒါက ခန်းမသခင်ရှစ် နဲ့ သက်ဆိုင်နေမယ်လို့ထင်တယ်” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ပြောလိုက်၏။

“ဟုတ်လား” ရှစ်ကျွမ်းရွှမ်၏ မျက်နှာတွင်လည်း အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။

……

ဝှစ်

ဝှစ်

ကွေ့ရှုလောကထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျွမ်းရွှမ် တို့သည် လေထုထဲ၌ ပေါ်ပေါက်လာခဲ့၏။ ကုန်းရှန့်သည် သူမကို တစ်ခါတည်း ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။

“ဂိုဏ်းချုပ်ကျွင်း ဓားဘယ်မှာလဲ”

“ကျုပ်နောက်လိုက်ခဲ့”

၎င်းတို့ နှစ်ယောက်သည် ဝါးတော၏ အပြင်ဘက်တွင် ရှိနေသော ကျောက်နံရံဆီသို့ လျှောက်သွားလိုက်၏။ ပြီးနောက် ရွှမ်ယွမ်နတ်ဘုရားဓား ချိတ်ဆွဲထားရာ လျှို့ဝှက်ကျောက်အခန်းထဲသို့ ဝင်လိုက်တော့သည်။

ရှစ်ကျွမ်းရွှမ်ကို သေသေချာချာစမ်းသပ်စစ်ဆေးပြီးသည့်နောက် ကွေ့ရှု ဓားသူတော်စင်သည် ဦးခေါင်းကို ခါယမ်းလိုက်မိ၏။

“အင်း သူမက ဒီလိုပုံမျိုးမဟုတ်ဘူး”

ကလေးတစ်ယောက်၏ ပုံပန်းသွင်ပြင်သည် အရွယ်ရောက်ပြီးသည့်နောက် ပြောင်းလဲသွားနိုင်သည်ကို သူကနားလည်၏။ သို့ပေမဲ့ အနည်းဆုံးအနေနှင့် တူညီမှုလေးတွေတော့ ရှိရမည်။ သူ့ရှေ့မှာ ရှိသောမိန်းကလေးနှင့် ကုရွှမ်ယွမ်၏ တပည့်တို့သည် မတူညီသည့် လူသားနှစ်ယောက်ကဲ့သို့ ကွာခြားနေသည်။

“ဟောခန်း သခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားကို ညွှန်ပြကာပြောလိုက်၏။ “ဒါကို အရင်တုန်းက မြင်ဖူးလား”

“မမြင်ဖူးဘူး” ချစ်ကျွမ်းရွမ်း က ခေါင်းကို ခါယမ်းလိုက်သည်။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ “ထင်ထားတဲ့အတိုင်းပဲကို နာမည်တူတာဖြစ်လိမ့်မယ်”

ကျွင်းချောင်ရှောင်းအနေနှင့် ရှစ်ကျွမ်းရွမ် ကို လျှို့ဝှက်ကျောက်အခန်းထဲကို ခေါ်ဆောင်လာပြီးသည့်နောက် တစ်ချိန်လုံး အကဲခတ်နေမိသည်။ သူမသည် တည်နေရာထဲသို့ ရောက်ရှိလာခဲ့သည်ဆိုသော်လည်း အစမှအဆုံးထိ စိတ်ခံစားချက် ပြောင်းလဲသွားခြင်းမျိုး တစ်ချက်ကလေးမှ မဖြစ်ခဲ့ချေ။ ထို့ကြောင့် သူမသည် ဤအရာများအားလုံးနှင့် ပတ်သက်ရင်းနှီးမှုမရှိဟူသည့် အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်မဟုတ်ပါလား။

All Chapters