← Chapters

အခန်း ၁၈၆၃

Vol. 125 Ch. 1863

အခန်း ၁၈၆၃

Vol. 125 Ch. 1863

အပိုင်း (၁၈၆၃)

ကျွင်းချောင်ရှောင်း အနေနှင့် ရွှမ်ယွမ် ဓားကို တကယ့်တကယ်ပင် လိုချင်လွန်းလှ၏။ ဤလက်နက်မည်မျှ အားကောင်းသည်ကို ပြောနေစရာမလိုပေ။ အနည်းဆုံးအနေနှင့် ကုရွှမ်ယွမ် ၏ စိတ်ဆန္ဒကို အမွေ ဆက်ခံနိုင်သည့်အရာဖြစ်သည်ဟု သုံးသပ်နိုင်သည်။

ကွေ့ရှု ဓားသူတော်စင်ဆီမှ မိန်းကလေး၏ နာမည်မှာ ရှစ်ကျန်းရွမ် ဖြစ်ကြောင်းသိရှိပြီးသည့်နောက် ခန်းမသခင်ရှစ်နှင့် နာမည်တူသည့် လူတစ်ယောက်သာဖြစ်လိမ့်မည်ဟု သူအစကတည်းက တွေးတော ထားခြင်း သာဖြစ်၏။

“အင်း”

ကျွင်းချောင်ရှောင်း သည် တွေးတောလိုက်မိသည်။ “လောကကြီးမှာ ဒီလောက်ကြီးတိုက်ဆိုင်တာမျိုး ဘယ်လိုလုပ်ရှိမှာလဲ”

စနစ်သည် အခွင့်အရေးကိုအရယူကာဖြင့်ပြောလိုက်၏။ “ လက်ခံသူ ဒီလိုမျိုး နားလည်တယ်ဆိုတာ ရှားပါးတဲ့ အခြေအနေတစ်ခုပဲ”

“ဂိုဏ်းချုပ် ကျွင်း”

ရှစ်ကျန်းရွမ် သည် ရှေ့ဆီသို့ နှစ်လှမ်း လှမ်းတက်ကာ မေးလိုက်သည်။ “ရှင်ပြောတာ ဒီဓားလား”

“အင်း”

“ကျွန်မဒါကို ယူလို့ရလား”

“ကျေးဇူးပြုပြီး မယူ …”

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပြီးဆုံးအောင် မပြောလိုက်ရချေ။ သူ၏ မျက်လုံးများ ပြူးကျယ်သွားမိသည်။ အဘယ့်ကြောင့်ဆိုသော ရှစ်ကျန်းရွမ် ၏ လက်ထဲတွင် ရွှမ်ယွမ်ဓားက ရောက်နှင့်နေသောကြောင့်ပင်။

သူမ …. သူမ တကယ်ပဲ ထိုအရာကို လွယ်လွယ်ကူကူ ယူနိုင်ခဲ့၏။

“ဒါက”

ကွေ့ရှု ဓားသူတော်စင် သည် ကြောင်အသွား၏။ ပြီးနောက် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် “သူက စီနီယာ ကု စောင့်မျှော်နေတဲ့ ရေစက်ပါတဲ့ လူတစ်ယောက်ပဲ”

ဝေပုကျိသည် သူ့အတွက် တစ်ချိန်က ကံကြမ္မာဖတ်ခဲ့ဖူးသည်။ မကြာခင်တွင် ရွှမ်ယွမ်ဓား နှင့်ပတ်သက်၍ ရေစက်ပါသည့် လူတစ်ယောက်ပေါ်ပေါက်လာမည်ဆိုသည့် အဓိပ္ပာယ်ပင်။ ပထမတုန်းက ထိုသူအား ကျွင်းချောင်ရှောင်း ဟုထင်မှတ်ခဲ့၏။ သို့ပေမဲ့ ကံကြမ္မာရေစက်ပါသည့် သူသည် ဤကလေးမ ဖြစ်လို့နေခဲ့၏။

ဟား ဟား ဟား

ကျန့်ကွေ့ရှု့ သည် ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ၏ မျက်လုံးထဲတွင် မျက်ရည်များပင် ဝိုင်းလျက်ရှိသည်။ “စီနီယာကု ….. ကျုပ် ကျန့်ကွေ့ရှု့ စီနီယာ့ကို စိတ်မပျက်စေခဲ့ပါဘူး”

ယခင်တုန်းက ကုရွှမ်ယွမ်သည် သူ၏ တပည်အပေါ် သွေးသားအရင်းကဲ့သို့ အလွန်အမင်းယုံကြည်ခဲ့၏။ ထို့ကြောင့်ပင်လျှင် ရွှမ်ယွမ် ဓားကိုစောင့်ရှောက်ရန် တာဝန်ကို ပေးအပ်ခဲ့ခြင်းပင်။ ယခု ကံကြမ္မာရေစက်ပါသည့်လူ ရောက်ရှိလာခဲ့ပြီ ဆိုသောကြောင့် ကုရွှမ်ယွမ်၏ မသေဆုံးခင်က ရှိခဲ့သည့် ဆန္ဒတစ်ခုမှာ ပြည့်စုံပေတော့မည်။

ကျွင်းချောင်ရှောင်းသည်လည်း စိတ်လှုပ်ရှား လျက်ရှိနေ၏။ ဤဓားသည် သူ့ကို အသိအမှတ် မပြုသည်ဆိုသော်လည်း ရှစ်ကျန်းရွမ်ကိုတော့ အသိအမှတ်ပြုခဲ့၏။ သူတို့သည် မိတ်ဆွေကောင်း ၊ သူငယ်ချင်းကောင်းများဖြစ်သောကြောင့် ဘယ်သူပင်ရရ ကိစ္စမရှိလှချေ။

“ဂိုဏ်းချုပ်ကျွင်း”

ရှစ်ကျန်းရွမ် သည် ရွှမ်ယွမ်ဓားကို ချစ်မြတ်နိုးစွာဖြင့် အသာပွတ်သပ်ရင်း မေးလိုက်သည် “ဒီဓားကို ဆွဲထုတ်လို့ရလား”

“အင်း လုပ်ကြည့်လိုက်လေ”

ရှလွမ်

ရှစ်ကျန်းရွမ် သည် ဓားကိုအသာဆွဲထုတ်လိုက်၏။ ဓားဆွဲထုတ်လိုက်သည့် အသံသည် လျှို့ဝှက်ခန်းထဲမှ ထွက်ပေါ်လာခဲ့၏။

ကျွင်းချောင်ရှောင်းအနေနှင့် ရွှမ်ယွမ် နတ်ဘုရားဓားကို ကြည့်ရှု့ရန် အချိန်မရှိသေးပေ။ အဘယ့်ကြောင့်ဆိုသော် ဓားကို ဆွဲထုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားလွန်းလှသော ဓား၏ အရှိန်အဟုန်များသည် ထွက်ပေါ်လာခဲ့ပြီး ရှစ်ကျန်းရွမ် ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွား၏။ နာကျင်နေသည့် အမူအရာ မျိုးသည် သူမ၏ မျက်နှာပေါ်တွင် ထင်ပေါ်လာခဲ့သည်။

“မကောင်းတော့ဘူး”

ကျွင်းချောင်ရှောင်းသည် အခြေအနေမှာ ဆိုးဝါးသွားပြီဖြစ်ကြောင်းကို သိရှိလိုက်ရ၏။ ထို့ကြောင့် ရှစ်ကျန်းရွမ် ကို အသာလှမ်းကာ ဆွဲယူလိုက်သည်။ သို့ပေမဲ့ သူ၏ လက်ချောင်းများသည် ဓားချီများနှင့်ထိမိလိုက်သည့် အချိန်အတွင်းမှာပဲ ကြီးမားလှသည့် တူကြီးများနှင့် ထုနှက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် နံရံဆီသို့ လွင့်စင်သွားပြီး အောက်သို့ပြုတ်ကျခဲ့၏။

“ဘုန်း”

အားကောင်းလွန်းလှသော စွမ်းအင်များသည် ဓားအားအင်ထဲတွင် ပါဝင်လျက်ရှိနေ၏။ ကျန့်ကွေ့ရှု့ ပင်လျှင် ထိုအရာကို မရှောင်ရှားနိုင်ဘဲ အနောက်ဘက်သို့ လွင့်စင်သွားရသည်။ “ဒါ ဒါကစီနီယာကုရဲ့ မိုးကောင်းကင် ခုနှစ်စင်ကြယ်ဓားဆန္ဒပဲ”

“ဘာကို ဆိုလိုတာလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်တွင် ဖြစ်ပေါ်လာခဲ့သည့် နာကျင်မှုကို ဖိနှိပ်ကာ မေးမြန်းလိုက်၏။

ကျန့်ကွေ့ရှု့ က ပြောလိုက်သည်။ “စီနီယာကုက ဓားနှင့်သိုင်း ကျင့်ကြံသူပဲ။ သူက မိုးကောင်းကင် ခုနှစ်စင်ကြယ်ဓားဆန္ဒကို ဖန်တီးခဲ့တယ်။ ထက်ရှမှုက အထက်စကြဝဠာ တစ်ခုလုံးမှာ နှိုင်းယှဉ် ယှဉ်ပြိုင်လို့တောင် မရနိုင်ဘူး။ ဒီလိုမျိုး အားကောင်းလွန်းလှတဲ့ ဓားဆန္ဒကို ရွှမ်ယွမ် နတ်ဘုရားဓားထဲမှာ စည်းခတ်ထားခဲ့တာပဲ”

“လိုရင်းကို ပြောပါတော့”

ကျွင်းချောင်ရှောင်း အနေနှင့် ပုံပြင်တစ်ခုလုံးကို နားထောင်ရန် စိတ်ပါဝင်စားမှု မရှိချေ။ ဟောခန်းသခင် ရှစ် ၏ လုံခြုံမှုကိုသာ စိတ်ပူလျက်ရှိ၏။

ကျန့်ကွေ့ရှု့ ကပြောလိုက်သည်။ “ ဒီမိန်းကလေးက စီနီယာကုရဲ့ မိုးကောင်းကင် ခုနှစ်စင်ကြယ်ဓားဆန္ဒကို အမွေဆက်ခံနေတာလေ။ ဒါကိုကျွမ်းကျင်ပြီဆိုတာနဲ့ သူမရဲ့ ဓားပညာနဲ့ပတ်သက်တဲ့ နားလည်မှုက တမဟုတ်ချင်း တိုးတက်သွားလိမ့်မယ်။ ရွှမ်ယွမ်ဓားကို ရရှိသွားတာထက် ပိုပြီးတော့ ကြီးမားတဲ့ အခွင့်အရေး အကျိုးကျေးဇူးကို ရမှာပဲ”

“ကျုပ်နားလည်ပြီ”

ကျွင်းချောင်ရှောင်းသည် စိတ်မသက်မသာ ဖြစ်သွား၏။ ကြည့်ရသည်မှာ ကြီးမားလွန်း လှသည့် အခွင့်အရေးတစ်ခုပင် ဖြစ်ပေလိမ့်မည်။ ခန်းမသခင် ရှစ် အနေနှင့် ထိုအရာကို အမွေဆက်ခံနိုင်သည် ဆိုပါက ကြီးမားသည့်အကျိုးကျေးဇူးကို ရပေလိမ့်မည် ဆိုသော်လည်း မရခဲ့လျှင် ဘာဖြစ်မည်နည်း မသေချာပေ။ လက်ရှိအခြေအနေကတင် ဆိုးရွားသည့်ဘက်သို့ ရောက်ရှိလိုနေ၏။

“အင်း”

စနစ်က ပြောလိုက်သည်။ “သမိုင်းမှတ်တမ်းထဲမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရမယ့် ဒီမိန်းကလေးက နောက်ဆုံးမှာတော့ တကယ့်ကို ကြီးမားတဲ့ အားအင်ကို ပိုင်ဆိုင်တဲ့သူတစ်ယောက် ဖြစ်လာတော့မှာလား”

ဝှစ်

ဝှစ်

ဝှစ်

ဓား၏ အဟုန်များသည် ပိုမိုကာ များပြားလာခဲ့၏။ ရှစ်ကျန်းရွမ် ၏ အမူအရာသည် ပိုမိုကာ နာကျင်နေသည့် ဟန်ပန်မျိုး ဖြစ်တည်လာခဲ့၏။ အထူးသဖြင့် သူမ၏ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်မျောလျက်ရှိနေပြီး လှပလွန်းသည် ဟန်ပန်မျိုးကို ထုတ်ဖော်လျက်ရှိနေ၏။

“စီနီယာ သူ အဆင်ပြေပါ့မလား” ကျွင်းချောင်ရှောင်းသည် စိုးရိမ်ပူပန်နေမိသည်။

ကျန့်ကွေ့ရှု့ သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “မိုးကောင်းကင် ခုနှစ်စင်ကြယ်ဓားဆန္ဒကို အမွေဆက်ခံတယ်ဆိုတာက သူမအတွက် အခွင့်အရေးတင် မဟုတ်ဘူး ဘေးအန္တရာယ်တွေလည်း ဖြစ်တယ်”

“…….”

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ပြေးသွားပြီး သူမကို ဆွဲထုတ်လိုက်ချင်၏။ သို့ပေမဲ့ သူသည် အလောင်းအစား မပြုလုပ်ရဲချေ။

ဝှစ်

ထိုအချိန်မှာတော့ ဆန်းကြယ်လှသည့် လေလှိုင်းများသည် ရှစ်ကျန်းရွမ် ၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး ဓားဆန္ဒတစ်ခုအဖြစ် စုဝေးလာခဲ့၏။ ပြီးသည့်နောက် ထိုဓားဆန္ဒများသည် လေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်တည်ကာ သူမ၏ ရှေ့တွင် အသွင်ဖြစ်တည်လာ၏။

ဓားဆန္ဒများသည် အတားအဆီးအဖြစ် ဖြစ်တည်လာသောကြောင့် ရှစ်ကျန်းရွမ် မျက်နှာပေါ်တွင်ရှိနေသော နာကျင်မှုများသည် တဖြည်းဖြည်းနှင့် အားနည်းလာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချရန် ပြင်လိုက်ချိ်နမှာပဲ အမျိုးသမီး၏ မျက်နှာသည် နူးညံ့ကြင်နာနေရာမှ အေးစက်သည့်အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားပြန်ကြောင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရ၏။

ဤမြင်ကွင်း

ဤမြင်ကွင်းကို သူရင်းနှီးနေလေသည်။

“ဒုက္ခပဲ”

ကျွင်းချောင်ရှောင်းက အော်လိုက်၏။ “ခန်းမသခင်ရှစ် အရင်တစ်ခါလို စိတ်လွတ်ဦးမှာလားမသိဘူး”

ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာတုန်းက ရှစ်ကျန်းရွမ် သည် မျက်စိကန်းခဲ့၏။ သူမအနေနှင့်စိတ်ဓာတ်ကျ သည့်အချိန်တိုင်း မတူညီသည့် လူသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ဖူးသည်။

သူမအား ဖုန်စုပ်စက်ကြီးနှင့်ပင် စုပ်ယူကာ ကုသပေးခဲ့ဖူး၏။ မဟုတ်သေးပေ။ ပြောရမည်ဆိုလျှင် သူမ၏ ခန္ဓာကိုယ်ထဲမှ ထူးခြားလွန်းလှသော ဓာတ်သဘာဝများသည် သန့်စင်ခံထားရပြီးပြီဖြစ်၏။ သို့ပေမယ့် ယနေ့ မိုးကောင်းကင်ခုနှစ်စင်ကြယ်ဓားဆန္ဒကို အမွေဆက်ခံပြီးသည့်နောက် ထိုဓာတ်သဘာဝများသည် ပြန်လည်ကာ ဖြစ်တည်လာသည့်ပုံပင်။ သူမသည် ယခင်နှင့်မတူပဲ ပိုမိုကာ ကြမ်းတမ်းလာခဲ့တော့၏။

“ခန်းမသခင် ရှစ်”

ဝှစ်

ရှစ်ကျန်းရွမ်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ ရွှမ်ယွမ်နတ်ဘုရားဓားသည် လေဟာနယ်ကို ထိုးခွင်းပြီး တည်နေရာတစ်ခုလုံးကို ပိုင်းဖြတ်သွားသည်။

………

ဝါးတောထဲမှာတော့ လီချင်းယန်နှင့် တခြားသောသူများသည် ကျိုးဟုန်၏ ဓားသိုင်းကို ကြည့်ရှု့လျက်ရှိနေ၏။

ဒီကောင် ….။

ရီရှင်းချန်သည် ကြိတ်ကာ ပျော်ရွှင်လျက်ရှိသည်။ ကံကောင်းလို့ ငါ သူ့ကို စိန်မခေါ်မိတာပဲ။

ဓားသမားများသည် ခြားနားလွန်းလှ၏။ ဓားအတတ်ပညာဆိုသည်မှာလည်း အဆင့်အမျိုးမျိုးဖြင့် ခွဲခြားထားသေး၏။ ကျိုးဟုန် တစ်ယောက်၏ တိုးတက်လာသည်ကို သူတို့အားလုံးက သိရှိနားလည်ခဲ့ရပြီ ဖြစ်ပြီး ကျိုးဟုန် လက်ရှိ ထုတ်ဖော်နေသည့် ဓားလှုပ်ရှားမှုတိုက်ကွက်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။

ဘုန်း

ရုတ်တရက် အဝေးတစ်နေရာ၏ တောင်ပေါ်တွင် ပေါက်ကွဲသံကြီး ဖြစ်လာသည်။

“ဘာတွေ ဖြစ်နေတာလဲ”

စုရှောင်မိုသည် ရုတ်တရက် ထခုန်လုမတတ်ပင် တုန်လှုပ်သွားမိ၏။ အလောတကြီးဖြင့် ခေါင်းကို လှည်ကာကြည့်ရှု့လိုက်သည့်အချိန်မှာတော့ အဝေးတစ်နေရာတွင် လွင့်စင်သွားခဲ့သည့် ဂိုဏ်းချုပ်ကို မြင်လိုက်ရ၏။ တစ်စုံတစ်ယောက်၏ ရိုက်နှက်မှုကို ခံလိုက်ရသည့်ပုံပင်။

ရှလွမ်

ရှလွမ်

ထိုအချိန်မှာပဲ အနီးအနားတွင်ရှိနေသော ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးတို့သည် ၎င်းတို့၏ ဓားကို ဆွဲထုတ်ကာဖြင့် ဂိုဏ်းချုပ်ရှိရာသို့ ပြေးသွားကြတော့၏။ ၎င်းတို့၏ မျက်နှာသွင်ပြင်တစ်ခုလုံးတွင် ဒေါသတရားများ ပြည့်နှက်နေ၏။

ကြည့်ကောင်းလွန်းသော ပုံရိပ်ယောင် တစ်ခုသည် ဖုန်လုံးများကြားထဲမှ လျှောက်ထွက်လာခဲ့၏။ သူမသည် အဝါဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်များသည် လေထဲတွင် လွင့်မျောနေ၏။ လက်ထဲတွင်တော့ ထက်ရှလွန်းသော ဓားတစ်စင်ကို ကိုင်ဆောင်ထားပြီး ဓားဦးသည် မြေပြင်နှင့် ထိကာ ဆွဲယူလာသည်။

အားလုံးသောသူတို့သည် အံ့အားသင့်သွားမိ၏။ “ဟောခန်းသခင်ရှစ်လား နှုတ်ဆက်ပါတယ်”

ဝှစ်

ဝှစ်

ချက်ချင်းပဲ စုဝေးရောက်ရှိလာသော တပည့်များအားလုံးတို့သည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သူတို့ အားလုံးသည် ဘာတစ်ခုမှ မဖြစ်ခဲ့သလိုပင်။

“သေစမ်း”

ရှစ်ကျန်းရွမ် သည် ဦးခေါင်းကို ငုံကာဖြင့် ဓားကိုကိုင်ဆွဲရင်း ရှေ့သို့ လှမ်းလျှောက်လာသည်။

“ခန်းမသခင် ရှစ်”

ကျွင်းချောင်ရှောင်း အော်ဟစ်လိုက်၏။“ကျုပ်ပါ”

သူအနေနှင့် မပြောသေးတာကမှ အဆင်ပြေသေးသည်။ ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ရှစ်ကျန်းရွမ် ၏ မျက်လုံးထဲတွင်ရှိနေသော တင်းမာခက်ထန်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။ သူမသည် တိုက်ခိုက်ရန်အတွက် ဓားကို မြှောက်လိုက်သည်။

ရွှီး …။

ဓားအော်သံများသည် ဝါးတောထဲတွင် ဖြစ်တည်လာခဲ့၏။ ပထမတုန်းက ဘာပြဿနာမှ မရှိချေ။ သို့ပေမဲ့ နှစ်ယောက်သား တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေသည့်အချိန်မှာတော့ ပတ်ဝန်းကျင်တွင် ရှိနေသော ဝါးများအားလုံးသည် ပျက်ဆီးကုန်တော့၏။

ဝေါ့

တည်နေရာပျက်ထဲမှ လျှောက်ထွက်လာခဲ့သော ကျန့်ကွေ့ရှု့ သည် ထိုအချင်းအရာကို မြင်သည့် အချိန်မှာတော့ သွေးများ အန်ထွက်လာခဲ့သည်။

ဤဝါးတောသည် တန်ဖိုးကြီးလှသော မျိုးစေ့များပင် ဖြစ်၏။ သူစိတ်လိုလက်ရဖြင့် သေသေချာချာ စိုက်ပျိုးထားခဲ့ခြင်းပင်။ လက်ရှိအခြေအနေမှာတော့ အားလုံးဖျက်ဆီးခံနေရ၏။

“ခန်းမသခင် ရှစ်”

ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည် “ခင်ဗျား ဆက်ပြီးတော့ စိတ်လွတ်နေရင် ကျုပ်က ခင်ဗျားကို အပြစ်ပြုမိတော့မယ်”

ဝှစ်

ချက်ချင်းပဲ ကြမ်းတမ်းလွန်းလှသော အော်ရာများထွက်ပေါ်လာခဲ့ပြီး ရေလှိုင်းများကဲ့သို့ပင် တည်နေရာ အနှံ့ဆီသို့ ပြန့်နှံ့သွားခဲ့၏။ ပေါက်ကွဲမှုသည် အလွန်ပင် ကြမ်းတမ်းလွန်းသည်ဖြစ်သောကြောင့် ဖြတ်သွားရာ နေရာတိုင်းရှိ ဝါး၊ ဝါးမြစ် ၊ ဝါးရွက် ဘာမဆို အားလုံးတို့သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကုန်၏။

ဘုတ်

ကျန့်ကွေ့ရှု့ သည် မြေပေါ်သို့လဲကျသွား၏။ သူသည် စိတ်ပျက်လက်ပျက်နှင့်ထကာ အော်ဟစ်လိုက်မိသည် “ကုန်ပြီ ….. အားလုံးကုန်ပါပြီကွာ”

All Chapters