← Chapters

အခန်း ၁၈၆၄

Vol. 125 Ch. 1864

အခန်း ၁၈၆၄

Vol. 125 Ch. 1864

အပိုင်း (၁၈၆၄)

ရှစ်ကျန်းရွမ်သည် ရူးသွပ်သွားခဲ့၏။

ကျွင်းချောင်းရှောင်းသည် သူမကိုအချိန်မီတားဆီးရန် လိုအပ်သည်။ မဟုတ်ပါက ဤပန်းချီကဲ့သို့ လှပလွန်းလှသော ဝါးတောကြီးတစ်ခုလုံးသည် ကြီးမားသည့် ကပ်ဘေးကြီးကို ရင်ဆိုင်ရတော့မှာဖြစ်သည်။

ကုန်းရှန့် ဘာတွေတွေးနေသည်ဆိုသည်ကို သိရှိသည်ဆိုပါက ကျန့်ကွေ့ရှုသည် ကျိန်းသေပေါက် အော်ဟစ် ပေလိမ့်မည်။ “ကျေးဇူးပဲကွာ။ ကျေးဇူးပဲ။ တစ်လောကလုံးက မင်းကိုကျေးဇူးတင်ပါတယ်”

အပျက်အစီးပုံများကြားထဲမှာတော့ ဓားချီများသည်ဖြစ်တည်လျက်ရှိ၏။

အမဲရောင်အဖြစ်ပြောင်းလဲလျက်ရှိနေသည့် ရှစ်ကျန်းရွမ်သည် ရွှမ်ယွမ်နတ်ဘုရားဓား ကိုကိုင်ဆောင်ပြီး သည့်နောက် နတ်ဆိုးမတစ်ပါးကဲ့သို့ပင် ရူးရူးမူးမူး တိုက်ခိုက်လျက်ရှိနေ၏။ လေထုထဲတွင်တော့ မိစ္ဆာ၏ အော်ရာများသည် ပိုမိုကာတင်းကြပ် များပြားလာခဲ့သည်။

ဤမျှလောက်သာဆိုလျှင် အကြီးအကျယ်ပြဿနာရှိလိမ့်မည်မဟုတ်ပေ။ အဓိကအားဖြင့် မိစ္ဆာ အော်ရာများ ကြားထဲသော ထက်ရှလွန်းလှသော ဓား၏အော်ရာများ ပါဝင်လျက်ရှိနေခြင်းပင်။ ထိုအရာသည် ကျန့်ကွေ့ရှု ပြောဆိုခဲ့သော ကြောက်မက်ဖွယ်ရာကောင်းလှသည့် ခုနှစ်စင်ကြယ်ဓားဆန္ဒများပင်ဖြစ်၏။

ဝှစ် ဝှစ်

မိစ္ဆာအော်ရာများနှင့် ဓားဆန္ဒများသည် ရှစ်ကျန်းရွမ်၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးကို လွှမ်းခြုံလျက်ရှိနေပြီး သူမ၏ ရှည်လျားလှသောဆံပင်များသည် ပွစာကျဲနေကာ အမဲရောင်မျက်ဝန်းများသည် သွေးနီရောင်ကဲ့သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

မူလအားဖြင့် ရေကဲ့သို့ပင် နူးညံ့တတ်သည့်အမျိုးသမီးသည် ရုတ်တရက် ရိုင်းစိုင်းသွားခဲ့ကြ၏။ ကွာခြားမှုမှာ အလွန်ပင်ကြီးမားလွန်းလှ၏။ သို့ပေမဲ့ ပြောစရာတစ်ခုက တည်ရှိနေသည်။ အနီရောင်ဆံပင်နှင့် အနီရောင် မျက်လုံးများရှိနေသော ရှစ်ကျန်းရွမ်သည် ပိုမို၍ပင်လှပလာခဲ့ခြင်းပင်။

ကျွင်းချောင်ရှောင်းအနေနှင့် သူမ လှပသလား၊ မလှပသလားဆိုတာကို သေသေချာချာဂရုစိုက်လိမ့်မည် မဟုတ်ချေ။ သူဂရုစိုက်သည်မှာ ထိုကဲ့သို့ ဆံပင်နှင့် မျက်လုံးများ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး သည့်နောက် ဓား၏အော်ရာများ ပိုမိုကာ အားကောင်းလာခဲ့ခြင်းပင်။

ဒင်

ရုတ်တရက် ရွှမ်ယွမ်နတ်ဘုရားဓားသည် လေဟာနယ်ထဲသို့ ပိုင်းဖြတ်လာ၏။ ကုန်းရှန့် အနေနှင့် အင်မော်တယ်ဓား ကိုထုတ်ယူကာဖြင့် တားဆီးလိုက်ရ၏။

ဒေါင် ဒေါင် ဒေါင် ဒေါင်

ဓားနှစ်စင်းသည် တစ်ခုနှင့်တစ်ခုထိတွေ့သွားခဲ့ပြီးသည့်နောက် မီးတောက်များပင်လျှင် ထွက်ပေါ်လာခဲ့၏။ တစ်ယောက်က ဖိနှိပ်လျက်ရှိနေစဉ်မှာတော့ တစ်ယောက်က နောက်ဆုတ်နေရသည်။

ဖြောက် ဖြောက် ဖြောက် ဖြောက်

မြေပြင်တစ်ခုလုံးသည် ကွဲအက်ပြီး ဖုန်များအလိမ့်လိမ့်တက်လို့ နေ၏။ အလွန်ပင်ရှားပါးလွန်းလှသော တန်ဖိုးကြီး ဝါးမျိုးစေ့များ အားလုံးသည် ဖျက်ဆီးခြင်းကိုခံလိုက်ရ၏။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု၏ အောက်တွင် ၎င်းတို့သည် မည်သို့မျှ မလွတ်မြောက်နိုင်ခဲ့တော့ချေ။

ကျန့်ကွေ့ရှုက အော်ဟစ်လိုက်၏။ “ရပ်ကြတော့။ အားလုံးရပ်ကြတော့ ထပ်ပြီး မတိုက်ခိုက်နဲ့တော့”

သူပြောပြောပြီးချင်းမှာပဲ သူ၏အနောက်ဘက်တွင်ရှိနေသော ဝါးတဲလေးသည် ချက်ခြင်းပြိုလဲသွားခဲ့၏။ နတ်ဘုံနတ်နန်းအလား လှပလွန်းလှသော ဝါးတောကြီးသည် အချိန်တိုအတိုင်းအတာအတွင်းမှာပဲ ရုတ်တရက် ဖျက်ဆီးခြင်းကိုခံလိုက်ရ၏။

“........”

ကျန့်ကွေ့ရှုသည် ရင်ဘတ်ကိုဆုပ်ကိုင်ကာဖြင့် နှလုံးရောဂါထိခိုက်ခံစားရသလိုပင် အသက်ကို ပြင်းပြင်းရှူ နေမိသည်။ ဒေါသတရား - ဤဒေါသတရားများသည် သူ၏ဦးခေါင်းခွံများကို ပေါက်ကွဲလုမတတ်ဖြစ်တည် လာစေသည်။

“ကလေးနှစ်ယောက်”

ကျန့်ကွေ့ရှုသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ အော်ဟစ်လိုက်၏။ “လွန်မလာနဲ့တော့”

ဒွီး ဒွီး ဒွီး

ရုတ်တရက် ဖုန်များသည် တလိမ့်လိမ့်တက်လာပြီး ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံး၌ ဓားချီများ ပြည့်နှက်လာခဲ့၏။

“သွားပြီ”

ကျန့်ရှောင်ဟုန်ကပြောလိုက်သည်။ “အဘိုးကတော့ ဒေါသထွက်နေပြီပဲ”

ဘုန်း

ဖုန်မှုန့်များပြည့်နှက်လျက်ရှိသည့်တည်နေရာကြီးတွင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး ရှစ်ကျန်းရွမ် သည် အနောက်ဖက်သို့လွှင့်စင်သွား၏။ ထိုအချိန်မှာတော့ သူမ၏ ဆံပင်နှင့် မျက်လုံးများသည် အနီရောင် အဖြစ်သာမက သူမ၏ နှုတ်ခမ်းများပင်လျှင် ကြက်သွေးရောင်အဖြစ်သို့ ပြောင်းလဲလာခဲ့၏။ သူမကို ကြည့်ရသည်မှာ အလွန်ပင်ချောမောလှသလို အလွန်လည်း မိစ္ဆာဆန်လွန်းလှ၏။

“မလုံလောက်သေးဘူးလား”

ပြောပြီးသည့်နောက် ကျန့်ကွေ့ရှုသည် ဦးခေါင်းကိုငုံ့ကာဖြင့် ရှေ့ဆီသို့ လှမ်း‌လျှောက်လာ၏။ သူ၏ခြေလှမ်းများသည် အလွန်ပင်တည်ငြိမ်လွန်း၏။ သို့ပေမဲ့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းတွင် ခန္ဓာကိုယ်ဆီမှ အားကောင်းလွန်းလှသော ဓားအော်ရာများထွက်ပေါ်လျက်ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားအဖြစ်သို့ပြောင်းလဲသွားသကဲ့သို့ပင်။

ဓားသူတော်စင်တစ်ယောက်ဖြစ်သည်နှင့်အညီ ကျန့်ကွေ့ရှု၏ ဓားအပေါ်နားလည်မှုသည် ရှင်းပြစရာမလိုလောက်အောင် အားကောင်းလွန်းလှချေ၏။ သို့ပေမဲ့ ရှေ့ဆီသို့လှမ်းလျှောက်လိုက်သည့် အချိန်မှာတော့ သူ့ကို ရစ်သိုင်းလျက်ရှိနေသည့် ဓားအော်ရာများသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ အမှတ်မထင်ဆိုသလို ထိုအရာများအားလုံးသည် ရှစ်ကျန်းရွမ်ကို ရစ်သိုင်းကာဖြင့် လေဝဲကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့၏။

“ဒါက”

ကျန့်ကွေ့ရှုသည် အံ့အားသင့်တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။ “ငါ့ရဲ့ ဓားစွမ်းအင်တွေကို ယူသုံးတာလား”

ရွှီး

ရှစ်ကျန်းရွမ်သည် သူမ၏ဓားကို မျဉ်းဖြောင့်အတိုင်း ကိုင်ဆောင်ထားခဲ့၏။ ဖြူဖွေးလှသော လက်နှစ်ချောင်း သည် ဓားပေါ်သို့အသာတင်လိုက်ပြီးသည့်နောက် သူမ၏ ကြက်သွေးရောင်ကဲ့သို့သော နှုတ်ခမ်းဆီမှ ထူးဆန်း သည့် ဘာသာစကားနှင့် မန္တာန်တစ်ခုကို ရွတ်ဆိုသံထွက်ပေါ်လာခဲ့၏။

ဆွစ် ဆွစ်

ချက်ခြင်းပင် သူ၏အနောက်ဘက်တွင်ရှိနေသော လေဝဲကဲ့သို့ဖြစ်တည်နေသည့် ဓား၏အရှိန်အဟုန်များ အားလုံးသည် ကြည်လင်ရှင်းလင်းလျက်ရှိနေသည့် သလင်းကဲ့သို့ ဓားဆယ့်နှစ်ချောင်းအဖြစ် ဖြစ်တည်သွား ခဲ့သည်။

“ခုနှစ်စင်ကြယ်ဓားအတတ်”

ကျန့်ကွေ့ရှုက ထအော်လိုက်၏။ ရုတ်တရက် သူသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။ ပျော်ရွှင်စွာ ပြောလိုက်မိ၏။ “စီနီယာကုက ထူးဆန်းတဲ့စွမ်းအင်ကိုအသုံးပြုပြီး ရွှမ်ယွမ်နတ်ဘုရားဓားထဲမှာ ဓားစွမ်းအင်တစ်ခုခုကို သိမ်းဆည်းထားခဲ့တာပဲ။ ဒီကောင်မလေးက ဓားကို ဆွဲထုတ်ပြီးသည့်နောက်မှာ ဒါကို အလိုလိုအမွေဆက်ခံခဲ့တာလား”

ကျွင်းချောင်ရှောင်းအနေနှင့် ဓားစွမ်းအင်ဟုတ်လား၊ မဟုတ်လားဆိုသည်ကို ဂရုမစိုက်ချေ။ သူစိတ်ပူနေ သည်မှာ လက်ရှိအခြေအနေတွင် ဆိုးဝါးသည့်အခြေအနေများဖြစ်ပေါ်လာမည်ကိုပင်။

ဝှစ် ဝှစ်

ဓားဆယ့်နှစ်ချောင်းတို့သည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့ပြီးသည့်နောက် နာရီတစ်ခု၏ပုံစံကဲ့သို့ပင် ကုန်းရှန့်အား စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်နေခဲ့၏။

“နောက်ကိုဆုတ်”

ထိုအချိန်မှာပဲ ကျန့်ကွေ့ရှုက အော်ဟစ်လိုက်သည်။ “မြန်မြန် နောက်ကိုဆုတ်”

အချိန်သည် အလျင်လိုလျက်ရှိနေ၏။ ထို့ကြောင့် သူသည် ပြောပြီးပြီးချင်းမှာပဲ သူ၏မြေးကို ပွေ့ချီကာဖြင့် ခပ်ဝေးဝေး တစ်နေရာဆီသို့ ပျံသန်းသွားလိုက်သည်။

လီချင်းယန်နှင့် အခြားသောသူများသည် ဘာတွေဖြစ်နေသည်ကို မသိရှိခဲ့ကြချေ။ သို့ပေမဲ့ ဓားသူတော်စင် တစ်ယောက် ထိတ်လန့်တကြားဖြင့် အနောက်ဖက်သို့ ပြေးလွှားနေသည်ကို မြင်ရသည့်အချိန်မှာတော့ သူတို့အားလုံးသည်လည်း ဖြစ်နိုင်သမျှ အမြန်ဆုံးနှုန်းဖြင့် သူတို့၏လှုပ်ရှားမှု နည်းစနစ်များကို အသုံးပြုကာ ပြေးလေတော့၏။

ကုန်းရှန့်မှာတော့ မလှုပ်ရှားချေ။ တိတိကျကျပြောရမည် ဆိုလျှင် သူ မလှုပ်ရှားရဲခြင်းပင်။ ဓားဆယ်နှစ်‌ချောင်း တို့သည် ဗုံးဆယ့်နှစ်လုံးကဲ့သို့ပင် သူ့အား ရစ်သိုင်းလျက်ရှိနေ၏။ ထိုအရာများသည် အချိန်မ‌ရွေး ပေါက်ကွဲ ထွက်တော့မည့်အရာများကဲ့သို့ပင်။

“ဟောခန်းသခင်ရှစ်.. ကျုပ်ပါ၊ ကျွင်းချောင်ရှောင်းပဲ”

ကုန်းရှန့်သည် တည်နေရာတွင် မတ်တပ်ရပ် ပြီးသည့်နောက် သူ၏အသံဖြင့် မိစ္ဆာကဲ့သို့ဖြစ်တည်နေသော ရှစ်ကျန်းရွမ်ကို သတိဝင်လာစေရန် ကြိုးစားနေမိ၏။ ကံဆိုးစွာဖြင့် တစ်ဖက်လူသည် ထူးမခြားနားလှချေ။

“.......”

ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်နှင့် ပြုံးလိုက်၏။ ပြီးနောက် သူသည် အင်မော်တယ်ဓားကို အသာမြှောက် ကာပြောလိုက်၏။ “ဒီလိုဆိုမှတော့”

ဘုန်း ဘုန်း ဘုန်း

ပျက်စီးလျက် ရှိနေသည့် တည်နေရာထဲမှာတော့ ပေါက်ကွဲသံကြီးဆယ့်နှစ်ခုက ဖြစ်တည်လာခဲ့သည်။

ဝေါ့

လွတ်လပ်လုံခြုံသော တည်နေရာတွင် ပုန်းအောင်းလျက်ရှိနေသည့် ကွေ့ရှုဓားသူတော်စင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်မိတော့၏။ အခြားအကြောင့်ကြောင့်မဟုတ်ချေ။ သူ၏ဝါးတောကြီးသည် ပျက်စီးသွားခဲ့ပြီဖြစ်သလို သူ၏အိမ်သည်လည်း ပျောက်ဆုံးသွားခဲ့၏။ သူသီးသန့်နေထိုင်ရာ တောင်ကြီး တစ်ခုလုံးပင်လျှင် ဤတိုက်ခိုက်ချက်ကြောင့် ဘာမှမရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့၏။

သူ နားလည်သွားပြီ ဖြစ်သည်။ အစောကြီးကတည်းက ဖြစ်တည်ခဲ့သည့် မကောင်းသည့် စိတ်ခံစားချက်များသည် ဤအရာကြောင့်ပင် ဖြစ်ပေလိမ့်မည်။

“ဆရာ”

ကျိုးဟုန်သည် နာနာကျင်ကျင်ပြောလိုက်သည်။ “တပည့် တစ်ချိန်တုန်းကပြောခဲ့ဖူးတာကို နားလည်ပြီလား”

“ဘာလဲ”

“ဂိုဏ်းချုပ်နှင့်မတွေ့ရင်အကောင်းဆုံးဖြစ်မယ် ဆိုတဲ့စကားပဲ”

“ငါနားလည်ပြီ”

ကျန့်ကွေ့ရှုသည် ရင်ဘတ်ကိုဆုပ်ကိုင်ကာဖြင့်ပြောလိုက်၏။ “ဒီကောင် တကယ့်ကို ဂြိုဟ်ဆိုးပဲ”

သီးသန့်တံခါးပိတ်ကျင့်ကြံရာတွင် အသုံးပြုသည့် တောင်ကြီးတစ်ခုလုံးသည် တိုက်ခိုက်ပေါက်ကွဲချက်ကြီး ဆယ့်နှစ်ချက်အောက်တွင် ပြိုလဲသွားခဲ့၏။ သို့ပေမဲ့ ဖုန်မှုန့်များကျဆင်းသွားပြီး လေလှိုင်းများ အားနည်းသွားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျန်းရွမ်တို့၏ ပုံရိပ်များသည် အားလုံး၏ အမြင်အောက်တွင် ပေါ်ပေါက်လာခဲ့သည်။

၎င်းတို့သည် ဆယ်ပေအကွာအဝေးရှိ လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိနေပြီး တစ်ယောက်သည် ဆံပင်များသည် စုတ်ပြတ်သတ်လျက် ရှိနေသည်။ တော်တော် ဆိုးဝါးသည့်အခြေအနေမျိုးရှိကာ အခြားသောတစ်ယောက်မှာတော့ လှပသောအနီရောင်နှုတ်ခမ်းများဖြင့် ထူးဆန်းသည့် မန္တာန်များကို ရွတ်ဆိုလျက်ရှိနေ၏။

“ခန်းမသခင်ရှစ်က တကယ့်ကိုအားကောင်းတာပဲ”

စုရှောင်မိုက ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကိုတောင်မှ ဆိုးဆိုးဝါးဝါးအခြေအနေမျိုးဖြစ်အောင် ရိုက်နှက်နိုင်တယ်။ ဂိုဏ်းချုပ်က ခန်းမသခင်ရှစ် နာကျင်မှာကို စိုးရိမ်လို့ လေးလေးနက်နက် မတိုက်ခိုက်တာလည်းဖြစ်နိုင်တယ်”

“မဖြစ်နိုင်တာ” စုရှောင်မိုနှင့် အခြားသူများသည် သံပြိုင်ဆိုသလို ပြောလိုက်ကြ၏။ သူတို့သည် နှစ်ပေါင်းများစွာ အတူတူနေ ထိုင်ခဲ့ပြီးသည့်နောက် ဂိုဏ်းချုပ်၏ အမူအကျင့်ကိုနားလည်ပြီးသားဖြစ်၏။ အကယ်၍ ရှစ်ကျန်းရွမ်ကို လက်သီးတစ်ချက်တည်းနဲ့ ငြိမ်သက်သွားအောင် ထိန်းချုပ်နိုင်သည်ဆိုပါက ကျိန်းသေပေါက် မနှေးမမြန်ဆိုသလို တစ်ဖက်လူ၏ နာကျင်မည်ကို ဂရုမစိုက်ဘဲ ထိုးနှက်လိုက်မှာ သေချာသည်။

“ဘာကြောင့်လဲ”

လေထုထဲတွင်ရပ်တန့်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးထက်တွင် ရှိနေသော အဝတ်များကို ဆွဲဖြဲကာပြောလိုက်၏။ “ခန်းမသခင်ရှစ် မိစ္ဆာအဖြစ်သို့ပြောင်းပြီးလို့ရှိရင် ဘာလို့ ကျုပ်ကိုအမြဲပစ်မှတ်ထားနေရတာလဲ”

ဤနေရာတွင် လူပေါင်းများစွာတို့ရှိ၏။ အချက်အလက်များဖြင့် ဓားကိုဆွဲထုတ်လိုက်သည့်အချိန်၌ သူ၏ဘေးနားတွင် ကျန့်ကွေ့ရှုလည်း ရှိနေ၏။ သို့ပေမဲ့ သူမသည် သူကလွဲ၍ တခြားသောသူများကို ဂရုမစိုက်ခဲ့ချေ။ သိပ္ပံပညာအရ ရှင်းပြ၍ရနိုင်သည့် အရာမျိုးမဟုတ်သော်လည်း ကုန်းရှန့်သည် ထိုအခြင်းအရာ နှင့်ပတ်သက်၍ သေသေချာချာသိချင်နေမိ၏။ သူများ အရမ်းချောမောနေ၍လား။

“ဘာလို့လဲဆိုတော့”

ရှစ်ကျန်းရွမ်သည် ဓားကို မြှောက်ကာဖြင့်ညွှန်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “ရှင်က မသန့်ရှင်းလို့ပဲ”

ဂိုဏ်းချုပ်က မသန့်ရှင်းဘူးဟုတ်လား။ လီချင်းယန်နှင့်တခြားသူများသည် စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်၏။

“ငါမနက်တစ်ခါ ညနေတစ်ခါရေချိုးတယ်။ သွားလည်း တိုက်တယ်။ ပြီးတော့ အိပ်ရာမဝင်ခင် အသားလှ မျက်နှာကပ်ခွာကိုတောင် သုံးသေးတယ်။ ဘယ်လိုဖြစ်ပြီးတော့ မသန့်ရှင်းရတာလဲ”

“ရှင့်ရဲ့ နှလုံးသား၊ ရှင့်ရဲ့သွေး၊ ရှင့်ရဲ့ ဝိညာဉ်”

ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “ရှင်ကမသန့်ရှင်းဘူး”

ဟား ဟား ဟား

ကျွင်းချောင်ရှောင်းသည် ရယ်မောကာပြောလိုက်သည်။ “ငါ့ရဲ့နှလုံးသား၊ ငါ့ရဲ့သွေး၊ ငါ့ရဲ့ဝိညာဉ်တွေက မသန့်ရှင်းဘူးလို့ မင်းဘယ်လိုသိတာလဲ”

“ရှင်သိချင်လို့လား”

ရှစ်ကျန်းရွမ်သည် ခုနှစ်စင်ကြယ်ဓားဆန္ဒကို သူမ၏လက်နက်ထဲသို့ စုဝေးပြီးသည့်နောက် အေးစက်စက်ပြောလိုက်၏။ “ရှင့်ရဲ့ နှလုံးသားကိုထုတ်၊ သွေးကိုဖောက်ထုတ်ပြီး ဝိညာဉ်ကို ဆွဲထုတ်လိုက်မယ်ဆိုရင် သိလိမ့်မယ်”

“လာခဲ့လေ”

ကျွင်းချောင်ရှောင်းသည် ရင်ဘတ်တွင်ရှိနေသော အဝတ်များကို ဆွဲဖြဲကာ အော်ဟစ်လိုက်၏။ “သန့်ရှင်းတာဟုတ်လား၊ မဟုတ်လား ကျုပ်ကြည့်ချင်သေးတယ်”

ဝှစ်

ရုတ်တရက် ရှစ်ကျန်းရွမ်သည် ရှေ့ဆီသို့ရောက်ရှိလာခဲ့၏။ သူမ၏ အမြန်နှုန်းသည် အလွန်ပင် မြန်ဆန် လွန်းလှ၏။ သို့ပေမဲ့ ဓားကို ဖြည်းညင်းစွာအသုံးပြုလျက်ရှိသည်။

တစ်ယောက်သည် ဓားကိုရှေ့ဆီသို့ တိုးလျက်ရှိနေပြီး အခြားသောတစ်ယောက်မှာမူ ရင်ဘတ်ကိုကော့ပြထားခဲ့၏။ ခုခံမည့်ပုံလည်းမရှိချေ။

ဇွိ

ခုနှစ်စင်ကြယ်ဓားဆန္ဒများ ပါဝင်လျက်ရှိနေသည့် ရွှမ်ယွမ်ဓားသည် တိုက်ရိုက်ဆိုသလိုပဲ ကျွင်းချောင်ရှောင်း၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားခဲ့၏။ ဤအမျိုးသမီး သူမသည် တကယ်ပင် လေးလေးနက်နက် ထိုးနှက်ခဲ့၏။

“ဂိုဏ်းချုပ်” လီချင်းယန်နှင့်အခြားသောသူများသည် ထအော်လိုက်ကြသည်။

တောက် တောက်

ဓားပေါ်သို့ သွေးများကျဆင်းလာခဲ့ပြီး မြေပြင်သို့ တစ်ခါထပ်ကျ၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ဖြည်းညင်းစွာမော့ပြီးသည့်နောက် ဖျစ်ညှစ်ပြုံးလိုက်၏။ “သန့်ရှင်းရဲ့လား”

“ရှင်”

ရှစ်ကျန်းရွမ်သည် တုန်လှုပ်စွာဖြင့် မတ်တပ်ရပ်လိုက်၏။ ဓားကိုင်ထားသော သူမလက်များသည် တုန်ယင်လာခဲ့သည်။ နီရဲနေသည့်မျက်လုံးများထဲတွင် မျက်ရည်များ ရစ်သိုင်းလာခဲ့သည်။

“တောင်း... တောင်းပန်ပါတယ်။ ကျွန်မ... ကျွန်မ မတတ်နိုင်ခဲ့ဘူး။ ထူးဆန်းတဲ့ ဓာတ်သဘာဝတွေကို ဖြေရှင်းဖို့အတွက် ဘယ်လိုမှ မတတ်နိုင်တော့ဘူး” ရှစ်ကျန်းရွမ်ရဲ့အသံသည် တဖြည်းဖြည်း အားနည်းလာခဲ့သည်။ ပြီးသည့်နောက် သူမသည် ဦးခေါင်းကို ငုံထားမိသည်။

“ဂိုဏ်းချုပ်” လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အသံကုန်အော်ဟစ်လိုက်၏။

အား

ရှစ်ကျန်းရွမ်သည် ရွှမ်ယွမ်ဓားကို အသာလက်လွှတ်ပြီးသည့်နောက် သူမခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာဖြင့် နာကျင်စွာအော်ဟစ်လိုက်၏။ မျက်ရည်များသည် တစ်တောက်တောက်နှင့်ကျဆင်းလျက် ရှိပြီး အနီရောင်မျက်လုံးများသည် ပုံမှန်အတိုင်းပြန်လည်ဖြစ်တည်လာခဲ့၏။ သူမ၏စိတ်တစ်ခုလုံးသည်လည်း ကြည်လင်ရှင်းသန့်လာသည်။

ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် သေဆုံးသွားခဲ့၏။ ထိုအရာသည် မိစ္ဆာကဲ့သို့ဖြစ်တည်နေသည့် ရှစ်ကျန်းရွမ်အား ပုံမှန်အဖြစ်သို့ သတိဝင် နိုးထနိုင်ခဲ့ပြီဖြစ်၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် ဆို့နင့်စွာဖြင့် အော်ဟစ်လျက်ရှိနေကြ၏။ သို့ပေမဲ့ သူတို့၏နားထဲသို့ အသံတစ်ခု ဝင်ရောက်လာသည်။ “ငါ သရုပ်ဆောင်တာ ကောင်းတယ်မလား”

All Chapters