← Chapters

အခန်း ၁၈၆၇

Vol. 125 Ch. 1867

အခန်း ၁၈၆၇

Vol. 125 Ch. 1867

အပိုင်း (၁၈၆၇)

ဝှစ် ဝှစ် ဝှစ်

အလွန်အားကောင်းလွန်းလှသော အော်ရာများသည် မြောင်ဟွာခန်းမဆီမှ ထွက်ပေါ်လာခဲ့ပြီး အနီးအနားတွင် ရှိနေသော သိုင်းကျင့်ကြံသူများကို အလန့်တကြား ဖြစ်စေ၏။

အနည်းငယ်အလှမ်းဝေးသောနေရာ၌ ရှိနေသော တောင်ပြာဂိုဏ်းရှိ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်အားလုံးတို့သည် ထိုအော်ရာများထဲတွင် ဓား၏ ထက်ရှလှသော အော်ရာများ ပါဝင်လျက်ရှိနေကြောင်းကို သေသေချာချာ တိတိကျကျ ခံစားနိုင်ကြသည်။

“ဘာတွေဖြစ်နေတာလဲ” မာယွင်တန် နှင့် တခြားသောသူများ အားလုံးတို့သည် ဆွံအလျက်ရှိနေ၏။

ဝှစ်

ထိုအချိန်မှာပဲ ဓားအလင်းတန်းတစ်ခုသည် မြောင်ဟွာခန်းမဆီမှ ပျံသန်းထွက်ပေါ်လာခဲ့၏။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ကောင်းကင်ယံထက်တွင် ခုနှစ်စင်ကြယ်ကဲ့သို့ ဖြစ်တည်နေသော ဓားကြီးတစ်စင်းကို သူတို့က မြင်လိုက်ရသည်။

“ဂိုဏ်းချုပ်ကျွင်း”

မာယွင်တန်သည် ကျွင်းချောင်ရှောင်းကို ရှာဖွေတွေ့ရှိသွား၏။ သို့ပေမဲ့ တစ်ဖက်လူသည် လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ဆွဲထားပြီး ဘေးဘယ်ညာသို့ လွင့်မျောလျက် ရှိနေတော့သည်။ တစ်စုံတစ်ခု၏ ဆွဲဆောင်ခြင်းကို ခံနေရသည့်ပုံစံပင်။ ကုန်းရှန့်သည် အားနည်းလျက်ပင် ရှိသေး၏။ ထို့ကြောင့် သူသည် ဓားနှင့်အတူ မပျံသန်းနိုင်သေးချေ။ ထို့ကြောင့် အတင်းဆွဲယူခြင်းကို ခံနေရသည့် ပုံပန်းသွင်ပြင်မျိုးပင်။

ဝှစ်

ရွှမ်ယွမ်နတ်ဘုရားဓားသည် ထူးခြားလွန်းလှသော အော်ရာများကို ဆက်တိုက်ဆိုသလိုပဲ ထုတ်ဖော်လျက် ရှိနေ၏။ ကြည့်ကောင်းလွန်းလှသော ပုံရိပ်ယောင်တစ်ခုသည် ကျွင်းချောင်ရှောင်းကို လွှမ်းခြုံလျက် ရှိနေပြီး သူ၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် ပေါင်းစပ်နေခဲ့၏။

ဝှစ် ဝှစ်

တစ်ချိန်တည်းမှာပဲ ထူးဆန်းလွန်းလှသော မှတ်ဉာဏ်များသည် သူ၏ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လျက် ရှိနေပြီး အရိပ်များ၊ လှုပ်ရှားမှုပုံစံများကဲ့သို့ စုဝေးဖြစ်တည်လာခဲ့၏။ ပုံပန်းသွင်ပြင်များကို ကြည့်ရမည်ဆိုလျှင် ထိုအရာများသည် ဓားတိုက်ကွက်တစ်ခုကဲ့သို့ပင်။

ဝှစ်

ကျွင်းချောင်ရှောင်းသည် ဆက်တိုက်ဆိုသလိုပဲ ဤထူးဆန်းလှသည့် မှတ်ဉာဏ်များကို အတင်းလက်ခံနေရ၏။ ထက်ရှလှသည့် ဓား၏အရှိန်အဟုန်များသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လျက်ရှိသည်။

“ဒါက”

ဓားသူတော်စင်ကွေ့ရှုသည် ထမင်းပန်းကန်ကို ကိုင်ကာဖြင့် စားသောက်ခန်းထဲမှ အသာထွက်လျှောက် လာသည်။ ပြီးနောက် ထအော်လိုက်မိ၏။ “ခုနှစ်စင်ကြယ် ဓားအဆီအနှစ်ပဲ”

နေအုံး... ဒီလူ ဘယ်လိုဖြစ်ပြီးတော့ ထာဝရလောကထဲကို ရောက်နေတာလဲ။ တခြားနည်းလမ်းလည်း မရှိချေ။ ဝါးတော၊ အိမ်နှင့် တောင်ကြီးတစ်ခုလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သောကြောင့် သူသည် ထာဝရလောကကြီး ထဲတွင် ခဏတာ လာနေရသည်။

ကျွင်းချောင်ရှောင်း အနေနှင့် တစ်ဖက်လူ၏ တည်နေရာကို ဖျက်ဆီးခဲ့ပြီး လျော်ကြေးမပေးပါက ကျိန်းသေပေါက် ပြဿနာတက်ပေလိမ့်မည်။ ထို့ကြောင့်ပင်လျှင် ထာဝရလောကကြီးထဲသို့ ခေါ်ဆောင်ထားခဲ့ခြင်းဖြစ်၏။

ကွေ့ရှုဓားသူတော်စင်ကလည်း အခွင့်အရေးကို လက်လွှတ်မခံချေ။ စားသောက်ခန်းထဲမှပင်မထွက် စားသုံးလျက် ရှိနေ၏။ ကျန့်ကွေ့ရှုက စဉ်းစားလိုက်မိသည်။ ဒီမိန်းကလေးက အမွေဆက်ခံခဲ့တာ မဟုတ်ဘူးလား။ ဘယ်လို ဖြစ်ပြီးတော့ ဂိုဏ်းချုပ်ကျွင်းက အမွေဆက်ခံသွားခဲ့တာလဲ။

သူသည် စားသောက်ရင်း ကြည့်ရှုလျက်ရှိ၏။

ဝှစ်

ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ပတ်လည်တွင် တည်ရှိနေသည့် ခုနှစ်စင်ကြယ် ဓားအဆီအနှစ်သည် ပိုမိုကာ အားကောင်းလာခဲ့၏။ သို့ပေမဲ့ ဓားလှုပ်ရှားမှုများ အားလုံးသည် အတင်းသင်ယူခိုင်းနေသလို ဖြစ်သည်မို့ သူ၏ ဦးခေါင်းတစ်ခုလုံးသည် ပေါက်ကွဲလုမတတ်ပင် ခံစားနေရ၏။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် ရှုံ့တွလျက် ရှိနေ၏။ ကံကောင်းစွာဖြင့် ဤအခြေအနေသည် သိပ်ပြီးမကြာလိုက်ချေ။

ဝှစ် ဝှစ်

နာကျင်မှုများကို အောင့်အီးသည်းခံပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိ၏။ သူ၏ အသက်ရှူသံများသည် မြန်ဆန်လျက်ရှိနေပြီး သူ၏ နဖူးစပ်တွင်လည်း ကြီးမားလွန်းလှသည့် ချွေးသီး ပေါက်များနှင့် ပြည့်နှက်နေ၏။ မျက်နှာသွင်ပြင်တစ်ခုလုံးသည် သက်တောင့်သက်သာနှင့် ဖြစ်တည်လာခဲ့ပြီး သည့်နောက် သူသည် အပြုံးတစ်ခုကို မနည်းဖြစ်ညှစ်ကာ ပြုံးလိုက်ရ၏။

ခုနှစ်စင်ကြယ်ဓားဆန္ဒကို အမွေဆက်ခံနိုင်ရုံသာမက ခုနှစ်စင်ကြယ် ဓားနည်းစနစ်ကိုလည်း အမွေဆက်ခံလိုက် နိုင်ပြီဖြစ်ကြောင်းကို သူသေသေချာချာ သိရှိခဲ့ရ၏။ ဤတိုက်ကွက်၏ လှုပ်ရှားမှုများ အားလုံးသည် သူ၏ သိစိတ် ပင်လယ်ထဲတွင် ကဗ္ဗည်းရေးထိုးထားသလို ဖြစ်နေပြီး အလွန်ရှင်းလင်းလွန်းလှ၏။ သူသည်သာ အနည်းငယ် အားအင်ရှိသည်ဆိုပါက ထိုအရာများကို လွယ်လွယ်ကူကူ ထုတ်ဖော်အသုံးပြုနိုင်မှာ သေချာသည်။

“ဂိုဏ်းချုပ်ကျွင်း”

ရုတ်တရက် ရှစ်ကျန်းရွမ်၏ အသံသည် သူ၏နားထဲသို့ ဝင်ရောက်လာခဲ့၏။ “ဒီနေ့ကစပြီး ရှင်က ရွှမ်ယွမ်နတ်ဘုရားဓားရဲ့ ပိုင်ရှင်အသစ်ပဲလေ။ ကျွန်မဆရာရဲ့ စိတ်ဆန္ဒကိုလည်း အမွေဆက်ခံခဲ့ပြီးပြီ။ ဒီတော့ ရှင့်သဘောအတိုင်း ဆက်လုပ်ပါတော့”

“အင်း.. တာဝန်ကို ဆက်လုပ်ရမှာပေါ့” ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

ရှစ်ကျန်းရွမ်က ထပ်ပြောလိုက်၏။ “ကျွန်မက ပုံရိပ်ယောင်စိတ်ဝိညာဉ်နည်းစနစ်ကို အသုံးပြုပြီးတော့ လက်နက် စိတ်ဝိညာဉ်နဲ့ အတင်းပေါင်းစပ်ခဲ့တယ်။ ဒီတော့ ရွှမ်ယွမ်နတ်ဘုရားဓားရဲ့ ပိုင်ရှင်ကို ဘယ်သူ့ကို ပေးရမလဲ ဆိုတဲ့ အခွင့်အရေး ရရှိခဲ့တယ်ဆိုပေမဲ့ အကျိုးဆက်အပြစ်ဒဏ်အနေနဲ့ ရွှမ်ယွမ်နတ်ဘုရားဓားရဲ့ အစစ်အမှန် စွမ်းအင်တွေကို ထုတ်ဖော်အသုံးပြုတဲ့အချိန်မှာ ကျွန်မကိုယ်တိုင် ဓားရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရတဲ့တာမျိုး ဖြစ်လာ ခဲ့တယ်”

“ချီးတဲ့မှ”

စနစ်က ပြောလိုက်သည်။ “ငါပြောတာ မှန်တယ်မလား”

နှင်းဆီဧကရီသည် လက်ခံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းနှင်းဆီအဖြစ်ကို အသွင်ပြောင်းလဲခဲ့၏။ လက်ရှိအချိန်မှာတော့ ရှစ်ကျန်းရွမ်သည် ရွှမ်ယွမ်နတ်ဘုရားဓားနှင့် ပေါင်းစပ်ခဲ့ပြီးသည့်နောက်မှာတော့ ကျွင်းကျန်းရွမ်အဖြစ်သို့ ပြောင်းလဲရန် ဆန္ဒရှိသည့်ပုံ ပေါ်၏။

“အဓိပ္ပာယ်မရှိတာ”

စနစ်သည် တဆက်တည်း စဉ်းစားလိုက်မိသည်။ “မိန်းကလေးတွေကို အသုံးချခံပစ္စည်းတစ်ခုလို လုပ်နေတာ အဆင်မပြေဘူး။ ကုန်းရှန့်... မင်းက သေသင့်တယ်”

ဘုတ်

ကျွင်းချောင်ရှောင်းသည် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပြုတ်ကျသွား၏။ သူသည် အားအင်ဟူ၍ တစ်စက်ကလေးမှ မရှိခဲ့ချေ။

ဝှစ်

ဓားအိမ်သည် ပျံသန်းရောက်ရှိလာခဲ့၏။

ချလွမ်

ပြီးသည့်နောက် ရွှမ်ယွမ်နတ်ဘုရားဓားသည် သူ၏ ဓားအိမ်ထဲသို့ ပြန်လည်ရောက်ရှိသွား၏။ တစ်ချိန်တည်းထဲမှာ ဝိညာဉ်သိစိတ်တစ်ခုသည် ပျံ့လွင့်သွားခဲ့ပြီးသည့်နောက် ရှစ်ကျန်းရွမ်သည် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။

ရွှမ်ယွမ်နတ်ဘုရားဓားသည် ချက်ချင်းပဲ မှေးမှိန်သွားခဲ့၏။ လက်နက် စိတ်ဝိညာဉ်၏ ထောက်ပံ့မှုကို ဆုံးရှုံးသွားခဲ့ခြင်းသည် အသက်ဝိညာဉ် ဆုံးရှုံးသွားခြင်းနှင့် ဆင်တူ၏။

“ခန်းမသခင်ရှစ်”

ကျွင်းချောင်ရှောင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ “ဘယ်လိုဖြစ်ပြီး ဒီလောက် အလုပ်ရှုပ်ရတာလဲ”

စီနီယာကု၏ လက်နက်ကို အမွေဆက်ခံနိုင်ခြင်းနှင့် ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် တကယ်ပဲ ပျော်ရွှင်မိ၏။ ထို့အပြင် ဓားဆန္ဒနှင့် ဓားတိုက်ကွက်ကိုပါ ရရှိခဲ့သည် မဟုတ်ပါလား။ သို့ပေမဲ့ ဤမိန်းကလေးနှင့် အသက်သွေး ပဋိညာဉ်ကို ရေးထိုးခဲ့ရသည်ဆိုခြင်းမှာ အတူတကွ ပေါင်းစည်းလိုက်ခြင်းနှင့် ဆင်တူလှ၏။ သူမ၏ သေခြင်း၊ ရှင်ခြင်းကိစ္စရပ်များအားလုံးသည် သူ၏အပေါ်သို့ ရောက်ရှိလာခဲ့၏။

“ဒါ ကျွန်မရဲ့ ကံတရားပဲ”

ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ “ပြီးတော့ ဂိုဏ်းချုပ်ကျွင်းရဲ့ ကံတရားလည်းဖြစ်တယ်”

သူမအနေနှင့် မှတ်ဉာဏ်များကို ဆက်ခံရရှိပြီးသည့်နောက် အတိတ်ဘဝက အရာများအားလုံးကို နားလည်သွား ခဲ့၏။ ပထမဆုံး သူမဆီ ရောက်ရှိလာခဲ့သည့် အတွေးသည် ကျွင်းချောင်ရှောင်းကို ရှာဖွေကာဖြင့် အသက်သွေး ပဋိညာဉ် ရေးထိုးရန်ပင်ဖြစ်၏။

အချက်အလက်အားဖြင့် ရှစ်ကျန်းရွမ်သည် ကျွင်းချောင်ရှောင်း၏ လက်နက်စိတ်ဝိညာဉ်ဖြစ်ဖို့အတွက် ရွေးချယ် သည့်နေရာတွင် မည်သည့်ခံစားမှ မပါခဲ့ချေ။ ဤလူသည် အစစ်အမှန်ပင် ယုံကြည်ရသည့် လူတစ်ယောက်ဖြစ်ပြီး သူမဆရာ၏ နောက်ဆုံးဆန္ဒကို အမွေဆက်ခံနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသည့်လူတစ်ယောက်ဖြစ်ကြောင်း ယုံကြည်သောကြောင့်လည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် တစ်ဖက်လူအား နားလည်၏။ ထို့အပြင် တစ်ဖက်လူအား ယုံကြည်သည်။

“နားလည်ပါပြီ”

ကျွင်းချောင်ရှောင်းသည် ဓားနှင့်အတူ မတ်တပ်ထရပ်ပြီးသည့်နောက် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ကျုပ်က စီနီယာကုရဲ့ နောက်ဆုံးဆန္ဒကို ဆက်ခံပြီးတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ တိုက်ခိုက်မယ်”

ပြီးနောက် သူသည် ကောင်းကင်ပေါ်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ “အဆုံးထိပဲ”

ထူးဆန်းလှချေသည်။ သူသည် ရှင်းရှင်းလင်းလင်း အားနည်းလျက် ရှိနေ၏။ သို့ပေမဲ့ သူအော်ဟစ်လိုက်သည့် စကားလုံးထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အရှိန်အဝါများ ပါဝင်လျက် ရှိနေသည်။ ကောင်းကင်ယံတွင် မူလအားဖြင့် မဲနက်သည့်တိမ်များ တည်ရှိနေခဲ့၏။ ထိုအရာများသည် အသံပျံ့လွှင့်လာပြီးသည့်နောက် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

ကျန့်ကွေ့ရှုသည် ထမင်းပန်းကန်ကို အသာချကာဖြင့် လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်၏။ သူသည် သူတော်စင် တစ်ပါး၏ ပုံပန်းသွင်ပြင်မျိုးဖြင့် ဟန်ထုတ်လျက် ရှိနေ၏။ ပြန်လည်ပေါ်ပေါက်လာသော နေလုံးကြီးကို မော့ကြည့်ကာဖြင့် သူသည် လေးလေးနက်နက် ပြောလိုက်သည်။ “အင်း... ကောင်းကင်ကြီးက တောက်ပတော့မယ့် အချိန်ကို ရောက်တော့မှာပဲ”

ဝှစ်

ထာဝရရွက်သင်္ဘောကြီးသည် စကြဝဠာထဲကို ဖြတ်သန်းကာဖြင့် ခရီးထွက်လျက် ရှိနေတော့၏။ တစ်ဖက်ဆီမှ ဓားရွက်သင်္ဘောကြီးသည် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သောကြောင့် ဤနေရာတွင် ကြာကြာနေ၍ မဖြစ်တော့ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ လူများ ထပ်မံမလာသေးခင် အမြန်ဆုံး ထွက်ခွာသွားမှ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေသည်။ ထာဝရလောကကြီးဆီသို့ ရောက်ရှိလာခဲ့သည့် ကွေ့ရှုလောကမှ တခြားသော သက်ရှိသတ္တဝါများလည်း တည်ရှိနေ၏။ ကံကောင်းစွာဖြင့် ဤလောကကြီးသည် သိပ်ပြီး မကြီးမားလှချေ။ ကောင်းကင်ဖြတ်သန်းခြင်းလောက အရွယ်အစားလောက်တောင် မရှိသောကြောင့် အဆင်ပြေစွာ ရွေ့ပြောင်းနိင်သည်။

“ဟင်း” ပြိုင်စံရှားဂိုဏ်းထဲမှာတော့ ကျန့်ကွေ့ရှုသည် သက်ပြင်းချလျက်ရှိ၏။

“စီနီယာ”

ကျွင်းချောင်ရှောင်းသည် ထမင်းကြော်ပန်းကန်ကို အသာကမ်းပေးကာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က တူညီတဲ့ ရန်သူတွေ ရှိနေတာပဲ။ ဘာလို့ အတူတူ တိုက်ခိုက်ပြီး အလုပ်မလုပ်ရမှာလဲ”

“........”

ကျန့်ကွေ့ရှုသည် ထမင်းပန်းကန်ကို အသာပြန်တွန်းပေးကာ တည်ကြည်လေးနက်သည့်အသံဖြင့် ပြောလိုက်၏။ “ကောင်လေး... ထမင်းကြော် တစ်ပန်းကန်လောက်နဲ့ ငါ့ကို အညံ့ခံသွားမယ်လို့ မင်းထင်နေတာလား”

“မဟုတ်ပါဘူး”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထိုင်ချလိုက်ပြီးသည့်နောက် ထမင်းကြော်ပန်းကန်ဆီ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ကျုပ် မျက်လုံးထဲမှာတော့ ဒီထမင်းကြော်ပန်းကန်ဆိုတာ အထက်စကြဝဠာ တစ်ခုလုံးကို ကိုယ်စားပြုတယ်လေ။ ဒီထဲမှာ ရှိနေတဲ့ ထမင်းကြော် တစ်ခုချင်းစီတိုင်းက ထောင်နဲ့ချီတဲ့ ဂြိုဟ်၊ သောင်းနဲ့ချီတဲ့ သတ္တဝါတွေ၊ သက်ရှိတွေကို ကိုယ်စားပြုနေတာပေါ့”

“......”

ကျန့်ကွေ့ရှုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ကျွင်းချောင်ရှောင်းသည် အသာလက်လှမ်းပြီးသည့်နောက် ပန်းကန် ထဲတွင် ရှိနေသည့် ထမင်းကြော်ကို လက်တစ်ဆုပ်စာ လှမ်းယူပြီးသည့်နောက် စားပွဲပေါ်သို့ အသာပစ်ချလိုက်၏။ “အတူတူသာ အလုပ် မလုပ်ဘူးဆိုရင် ကျုပ်တို့က နတ်ဆိုးအင်ပါယာရဲ့ စားသောက်ခြင်းကို ဖြည်းဖြည်းချင်း ခံရလိမ့်မယ်။ တကယ့်ကို ကြီးမြတ်တဲ့ သူရဲကောင်းတွေက လောကကြီးနဲ့အတူတူ ကယ်တင်ဖို့ ထိုက်တန်ကြတယ်။ အထက်စကြဝဠာ တစ်ခုလုံးက ကျုပ်နဲ့ စီနီယာတို့လိုမျိုး ရှေ့က မားမားမတ်မတ်တဲ့ ရပ်တည်ပြီး ရေတွေ၊ မီးတွေကို ကျော်ဖြတ်နိုင်တဲ့ လူမျိုးကို လိုအပ်နေကြတယ်”

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် ထမင်းကြော်များကို ကောက်ယူလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ပန်းကန်ကို မြှောက်ပြီး တော့ သူ့ခေါင်းကို တည့်တည့်ပေါက်တာပဲ”

ဘုတ်

ထမင်းကြော်များသည် စားပွဲပေါ်တွင် ပြည့်နှက်သွားခဲ့တော့၏။

“..........”

ကျန့်ကွေ့ရှုသည် ရုတ်တရက် ထမင်းကြော် တစ်ပန်းကန် အလဟသ ဖြစ်သွားသည့်အတွက် ဝမ်းနည်းလို့ သွားလေသည်။ “ကောင်းတယ်။ ပြောတာကောင်းတယ်”

သူသည် မတ်တပ်ထရပ်ကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း.. ကျေးဇူးပြုပြီး ဓားမဟာမိတ်အဖွဲ့ကို ဝင်ပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ အတူတူ တိုက်ခိုက်လိုက်ကြတာပေါ့”

“..........”

ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ လဲပြိုသွားခဲ့သည်။ သူသည် အများကြီး ပြောဆိုခဲ့၏။ သို့ပေမဲ့ တစ်ဖက် လူသည် စိတ်မပြောင်းခဲ့ချေ။ တခြားနည်းလမ်းလည်း မရှိချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်သို့ ရွှမ်ယွမ်နတ်ဘုရားဓားကို တင်ကာ ပြောလိုက်သည်။ “ကျန့်ကွေ့ရှု... ဒီနေ့ကစပြီး ကျွင်းမဟာမိတ်အဖွဲ့ဆီဝင်ဖို့ ခင်ဗျားကို အမိန့်ပေးတယ်”

“မင်း... မင်း”

ကျန့်ကွေ့ရှုသည် တစ်ဖက်လူအား လက်ညှိုးထိုးလိုက်၏။ ခဏလောက် ကြာပြီးသည့်နောက် သူသည် သူ၏ဂုဏ်ပုဒ်များအားလုံးကို ခဝါချကာ ပြောလိုက်သည်။ “ကောင်းပါပြီ”

ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါးသည် ပူးပေါင်းပါဝင် လိုက်ရတော့၏။ ကျွင်းချောင်ရှောင်းကြောင့် မဟုတ်ချေ။ ထမင်းကြော်ပန်းကန်ကြောင့်လည်း မဟုတ်ချေ။ သို့ပေမဲ့ ကုရွှမ်ယွမ်ကြောင့် ဖြစ်လို့နေခဲ့၏။

“ကောင်လေး”

ကျန့်ကွေ့ရှုသည် လေးနက်တည်ကြည်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာရဲ့အောက်မှာ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူ ကောင်းကင်နဂါးစစ်သူကြီး ရှစ်ယောက်ရှိတယ်။ သူတို့ရဲ့ အားအင်အဆင့်က ငါနဲ့တောင် နှိုင်းယှဉ်လို့ရတယ်လေ။ သူတို့ကို အနိုင်ယူဖို့အတွက် မင်းဆီမှာ ယုံကြည်ချက်ရှိလား”

“ကျုပ် မသေချာဘူး”

“........”

“ဒါပေမဲ့ စိတ်မပူပါနဲ့ စီနီယာ”

ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာ ပြောလိုက်၏။ “ကျုပ် ကျွင်းချောင်ရှောင်းက ကောင်းကင်နဲ့မြေကြီးကို ကျိန်ဆိုတယ်။ ကျုပ် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနဲ့ သူ့အဖော် တွေအကုန်လုံးကို သတ်ဖြတ်ပစ်မယ်”

“ကောင်းပြီ”

ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ငါနဲ့အတူ ဓားမဟာမိတ်က အဖွဲ့ဝင်တွေအားလုံး ကျွင်းမဟာမိတ် အဖွဲ့ကို ဝင်မယ်”

စကားပြောဆိုပြီးပြီးချင်းမှာပဲ သူ၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူသည် ရင်ဘတ်ကို အုပ်ကိုင်ကာဖြင့် နာကျင်စွာဖြင့် ပြောလိုက်မိ၏။ “ကွေ့ရှုလောကကြီးကလည်း မရှိတော့ပါဘူး”

.........

ဝှစ် ဝှစ် ဝှစ်

အမဲရောင်မီးတောက်များသည် ကွေ့ရှုလောကကြီးတစ်ခုလုံးတွင် ပျံ့နှံ့လျက် ရှိနေ၏။ ဗလတောင့်တောင့်နှင့် အမဲရောင်ပုံရိပ်တစ်ခုသည် ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့၏။ ထိုလူသည် အမှန်ပင် တင်းမာခက်ထန်းလွန်းပြီး ရုပ်ဆိုးသည့်မျက်နှာကို ပိုင်ဆိုင်၏။ ဦးခေါင်းပေါ်တွင် ဂျိုကြီးနှစ်ခုက တည်ရှိနေပြီး အနောက်ဘက်တွင်လည်း လင်းနို့ကဲ့သို့ အတောင်ပံကြီးနှစ်ခုက တည်ရှိနေသည်။

ဘန်း ဘန်း

ထိုလူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏အောက်တွင်ရှိသည့် စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ယောက်ဖြစ် သော ကျားလော်ပင်ဖြစ်သည်။ “ပြိုင်စံရှားဂိုဏ်း ဟုတ်လား။ မင်းတို့ လောကကြီးရဲ့အဆုံးထိ ထွက်ပြေး သွားမယ် ဆိုရင်တောင်မှ အသတ် ခံရမှာပဲ”

All Chapters