အခန်း ၁၈၇၁
Vol. 126 Ch. 1871
အပိုင်း (၁၈၇၁)
ကျားလော်ဘုရင်သည် သေဆုံးသွားခဲ့၏။ အသားစ တစ်ခုတစ်လေပင် မကျန်ခဲ့တော့ချေ။ ဤအရာမှာ အမှန်ပင် အထင်ကြီးစရာ ဖြစ်လိုနေခဲ့၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်ဆွဲ စစ်သူကြီးရှစ်ယောက်ထဲမှ တစ်ယောက် ဖြစ်သူသည် လက်ရှိအခြေအနေမှာတော့ သေဆုံးသွားခဲ့ပြီဖြစ်သည်။
ဒင် ဒင်
ကျားလော်ဘုရင်ကို သတ်ပြီးသည့်နောက် တာဝန်ပြည့်စုံသည့် သတိပေးချက်များသည် ဆက်တိုက်ဆိုသလိုပဲ ထွက်ပေါ်လာခဲ့၏။
စနစ်သည် အံ့အားသင့်သွားသည်။ “အင်း.. နောက်ထပ်လျှို့ဝှက်နယ်မြေတွေ ရှိသေးတာလား”
အစစ်အမှန်ပင်ဖြစ်သည်။ သီးခြားတာဝန်ကို ပြည့်စုံခဲ့ပြီးသည့်နောက် လျှို့ဝှက်နယ်မြေသုံးခုကို ဝယ်ယူခွင့်ရှိသော အခွင့်အရေးကို ရရှိခဲ့သည်။ အားလုံးတို့သည့် ကပ်ဘေးလွန်အဆင့် ထူးခြားသည့်အရာများ ဖြစ်လို့နေခဲ့တော့၏။ သူ့အနေနှင့် ကုန်းရှန့်အား မည်သည့်စကားမှ မပြောဆိုခဲ့သည်ဆိုသော်လည်း စနစ်သည် ကောင်းမွန်သည့် အရာများကို ပေးအပ်လျက် ရှိနေတော့သည်။ သောက်ကျိုးနည်းလှချေသည်တကား။
များပြားလွန်းလှသော လျှို့ဝှက်နယ်မြေများကို ရုတ်တရက် ရရှိခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပုံမှန် အရဆိုလျှင် မျက်နှာကို အုပ်ကာကာ ထူးဆန်းစွာ ရယ်မောရပေလိမ့်မည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ အလွန်ပဲ တည်ငြိမ်နေခဲ့၏။
အရေးမကြီးသော အခြေအနေမျိုးတွင် ကုန်းရှန့်သည် ဗီလိန်တစ်ယောက်၏ အသွင်အပြင်မျိုးကို ထုတ်ဖော်လေ့ ရှိသည်ဆိုသော်လည်း ယနေ့အချိန်မှာတော့ ကုရွှမ်ယွမ်၏ စိတ်ဆန္ဒကို အမွေဆက်ခံခဲ့သည်ဖြစ်သောကြောင့် သူ၏ စကားလုံး၊ အပြောအဆိုနှင့် အမူအရာများ အားလုံးသည် သဘာဝအားဖြင့် လေးနက်လို့ နေလေသည်။
ထို့အပြင် လျှို့ဝှက်နယ်မြေသုံးခုကို ဝယ်ယူခွင့် အခွင့်အရေးသာ ရရှိခဲ့ခြင်းဖြစ်သည်။ ဝယ်ယူဖို့ အတွက်ဆိုလျှင် ဂိုဏ်းဂုဏ်သိက္ခာ အမှတ်များကို အသုံးပြု၍ ဝယ်ယူရပေလိမ့်မည်။ စောဏက ရရှိခဲ့သည့် သတိပေးချက်အရဆိုလျှင် ကျွင်းချောင်ရှောင်း၏ လက်ရှိဂိုဏ်းဂုဏ်သိက္ခာအမှတ်သည် တစ်သောင်းသာလျှင်ရှိ၏။ သူ့၌ ပိုက်ဆံရှိလျှင် သူဌေးဖြစ်မည်။ ပိုက်ဆံမရှိပါက သူတောင်းစားကဲ့သို့ပင်။
“ဆိုးတာပဲ”
ကျွင်းချောင်ရှောင်းသည် ရွှမ်ယွမ်နတ်ဘုရားဓားအား အသာသိမ်းဆည်းကာဖြင့် ခေါင်းကို ခါယမ်း လိုက်သည်။ “တစ်ဖက်လူမှာရှိတဲ့ ပစ္စည်းကောင်းတွေ အကုန်လုံး ပြာအဖြစ် ပြောင်းလဲသွားခဲ့တာကိုး”
သူ့အနေနှင့် မည်သည့်ပစ္စည်းကိုမှ မရရှိခဲ့ချေ။ ထို့ကြောင့် အသားမကျသလို ခံစားနေမိ၏။
ထာဝရရွက်သင်္ဘောကြီး၏ ပဲ့ခန်းထဲမှာတော့ ကျန့်ကွေ့ရှုနှင့် တခြားသော ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများ သည် ဆွံ့အလျက် ရှိနေကြ၏။ တိုက်ခိုက်မှုသည် မကြာခဲ့ချေ။ သို့ပေမဲ့ ကျားလော်ဘုရင်သည် ချက်ချင်းပဲ သေဆုံး သွားခဲ့ပြီဖြစ်၏။ တစ်ဖက်လူသည် အလွန်အမင်း အားကောင်းလွန်းလှသည် ဆိုသော်လည်း ဂိုဏ်းချုပ်သည် တစ်ဖက်လူအား လွယ်လွယ်ကူကူပင် သတ်ဖြတ်ပစ်ခဲ့သည်။
“အထက်စကြဝဠာ”
ကျန့်ကွေ့ရှုသည် သူ၏ စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်တော့ချေ။ “ကျုပ်တို့ကတော့ လုံခြုံပြီ”
ယခင်တုန်းက ကျွင်းချောင်ရှောင်းအနေနှင့် ရွှမ်ယွမ်နတ်ဘုရားဓားကို အမွေဆက်ခံပြီးသည့်နောက် မိုးကောင်းကင် နတ်ဆိုးအင်ပါယာများ၏ နောက်လိုက်များနှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ရန် အခွင့်အရေး ရှိမလား၊ မရှိမလား ဆိုသည်ကို မသေချာလှချေ။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် လုပ်ရပ်ဖြင့် သက်သေပြခဲ့ပြီဖြစ်သည်။
တစ်ဖက်လူသည် မည်သည့်ဖိအားကိုမှ မခံစားရဘဲ တိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းသာဖြစ်၏။ ကောင်းကင်ကြီးသည် အစစ်အမှန်ပင် ထွန်းလင်းတောက်ပလာပေလိမ့်မည်။
“အင်း”
ရွက်သင်္ဘောကြီး၏ ပဲ့ခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သော ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါကို ပထမဦးဆုံးအကြိမ် အသုံးပြုတာဆိုတော့ နည်းနည်း မပြည့်စုံသလိုပဲ”
“........”
ကျန့်ကွေ့ရှု၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက် ရှိနေ၏။ တခြားသောဘုရင်များနှင့် ရင်ဆိုင်တိုက်ခိုက် ရမည်ဆိုလျှင် ဤမျှ လွယ်ကူစွာ တိုက်ခိုက်နိုင်မည်လား မသိနိုင်ချေ။
ရွှမ်ယွမ်နတ်ဘုရားဓားနှင့် ပဋိညာဉ်ရေးထိုး ပြီးသည့်နောက်မှာတော့ ရှစ်ကျန်းရွမ်၏ လက်နက်စိတ်ဝိညာဉ်၏ ထောက်ပံမှုနှင့်အတူ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်နိုင်မှု စွမ်းအင်သည် တမဟုတ်ချင်း တိုးတက်သွားခဲ့၏။ နတ်ဘုရားလျှို့ဝှက်နယ်မြေ အထက် အဆင့်နှင့်ပင် နှိုင်းယှဉ်၍ရသည့် လူတစ်ယောက် ဖြစ်လာခဲ့သည်။
“အရင်တုန်းက ဟွာမင်ကွေ့ရဲ့ အကူအညီကို ရယူခဲ့တယ်။ ဒီနေ့မှာတော့ ရှစ်ကျန်းရွမ်ရဲ့ အကူအညီကို ရရှိနေပြန်ပြီ”
စနစ်သည် မနေနိုင်ဘဲ သက်ပြင်းချလိုက်မိ၏။ “အောင်မြင်တဲ့ ယောက်ျားတစ်ယောက်ရဲ့ နောက်မှာ မိန်းမတွေ တည်ရှိနေတယ်ဆိုတာ အမှန်ပဲ”
ဝှစ်
ထာဝရ ရွက်သင်္ဘောကြီးသည် ကျယ်ပြောလှသော စကြဝဠာကို ဖြတ်သန်းကာ သွားလာနေခဲ့၏။ ရွှမ်ယွမ် နတ်ဘုရားဓား လက်ထဲတွင် ရှိနေသည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းသည် ပိုမိုကာ ရဲရင့်လာခဲ့သည်။ သူသည် ပုန်းအောင်းမနေတော့ချေ။ စကြဝဠာနတ်တိုက်ပွဲ တည်ရှိရာနေရာဆီသို့ ရဲရဲရင့်ရင့်ပင် သွားလာနေတော့ သည်။
စကြဝဠာနတ်တိုက်ပွဲအကြောင်း ပြောရမည်ဆိုလျှင် နှစ်ဝက်ခန့် လိုအပ်နေသေး၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ အဓိကပစ်မှတ်သည် တိမ်ပြာစကြဝဠာပတ်လမ်းပင်ဖြစ်၏။ ထို့ကြောင့် အခြေအနေသည် ဤတည်နေရာတွင်သာ ကြမ်းတမ်းလျက်ရှိနေသည်ဖြစ်ပြီး တခြားသောနေရာများတွင်တော့ တည်ငြိမ်လျက် ရှိ၏။ ပါရမီရှင်များသည် စကြဝဠာနတ်တိုက်ပွဲကျင်းပရာ နေရာဆီသို့ ကြိုတင်ကာ သွားရောက်နေကြပြီဖြစ်၏။
အားလုံးသောသူတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ လက်ရှိပြုမူဆောင်ရွက်ပုံများနှင့် ပတ်သက်၍ ကြားခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ ၎င်းတို့သည် မည်သည့်စကားကိုမှ မဆိုကြသလို မည်သို့မှ ပါဝင်ပတ်သက်ခြင်းလည်း မလုပ်ကြချေ။
ပြဿနာသည် အိမ်ပေါက်ဝ ကို တံခါးလာမခေါက်မချင်း သူတို့နှင့် သက်ဆိုင်သည့် အလုပ်မဟုတ်ဟု သတ်မှတ်ထားကြသည်မှာ လူသားများ၏ သဘာဝလား မသိချေ။ သို့ပေမဲ့ တံခါးပွင့်သွားပြီဆိုသည်နှင့် မည်သည့်အရာမှ ကျန်ရှိတော့မည် မဟုတ်ကြောင်းကို နားမလည်နိုင်ကြချေ။
အထက်ပိုင်းစကြဝဠာတစ်ခုလုံးတွင် ရှိနေသော ကျင့်ကြံသူများသည် ခုခံရန် သတ္တိမရှိကြချေ။ ထို့ကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ပိုမိုကာ အားကောင်းလာခဲ့ပြီး အထပ်ထပ် ကျူးကျော်ခြင်းများကို ပြုလုပ် လာနိုင်ခဲ့ခြင်းဖြစ်၏။
ဟုတ်ပေသည်။ လက်ရှိအချိန်တွင် အမှောင်ထဲ၌ အလင်းစက်တစ်ခုက တည်ရှိလို့နေခဲ့၏။ များပြားလှသော အဖွဲ့ အစည်းများသည် စတင်ကာ လှုပ်ရှားလာခဲ့ပြီဖြစ်ပြီး ၎င်းတို့သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အညံ့ မခံဘဲ နောက်ဆုံးအထိ တိုက်ခိုက်သွားမည်ဟု ကျိန်ဆိုလျက် ရှိနေကြသည်။
“စီနီယာ”
ပြိုင်ပွဲဆီသို့ သွားရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ “ခင်ဗျားနဲ့ တခြား အဖွဲ့အစည်းတွေကို မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို အစောကြီးကတည်းက နှစ်သက်ကြတာ မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ အခုမှ ရုတ်တရက်ကြီး ထပြီးတော့ ခုခံနေရတာလဲ”
ဤမေးခွန်းသည် အမှန်ပင် အားလုံးသိချင်နေသော အကြောင်းအရာလည်း ဖြစ်သည်။ ကုထျန်းရှင်းသည်လည်း ထိုအရာကို သိချင်မိသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အားအင်သည် တစ်ညအတွင်း ကောင်းမွန်ခဲ့သည်မဟုတ်ချေ။ ဆက်တိုက်ဆိုသလို ကျူကျော်ရင်း၊ ချဲ့ထွင်ရင်းနှင့် ပိုမိုကာ အားကောင်းလာခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆက်တိုက် ကျူးကျော်မှုများကို တောက်လျှောက် ငြိမ်ခံခဲ့ကြပြီး လက်ရှိအချိန်မှ ထကာ အဖွဲ့အစည်းများဖွဲ့၍ ခုခံနေသည် ဆိုခြင်းမှာ တစ်ခုခု လွဲမှားနေခြင်းသာ ဖြစ်ပေလိမ်မည်။
“ဟင်း”
ကျန့်ကွေ့ရှုသည် စွပ်ပြုတ်တစ်ပန်းကန်ကို အသာသောက်ကာဖြင့် ပြောလိုက်၏။ “ဒါက ဇာတ်လမ်းရှည် ကြီးပဲ”
“ဒါဆိုရင် ရိုးရိုးရှင်းရှင်း မြန်မြန်ပြောလိုက်တော့” ကျွင်းချောင်ရှောင်းက ဆော်ဩလိုက်သည်။
စနစ် “သောက်ကျိုးနည်း …. ဒီလူ ဒီရောက်ပြီးတည်းက အစားနဲ့ ပါးစပ် ပြတ်တယ် မရှိပါလား”
...........
စီနီယာကွေ့ရှုသည် သီးမတတ်ပင် ဖြစ်သွား၏။
“ဂိုဏ်းချုပ်ကျွင်း”
သူသည် ရင်ဘတ်ကို တဘုန်းဘုန်းဖြင့် ထုကာ ပြောလိုက်၏။ “အထက်စကြဝဠာတစ်ခုလုံးက အခွင့်အရေးတစ်ခုကို စောင့်မျှော်နေကြတာ”
“ဘာအခွင့်အရေးလဲ” ကျွင်းချောင်ရှောင်းသည် နားစွင့်ကာ ထောင်ထားသည်။
ကျန့်ကွေ့ရှုသည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးနောက် ပြောလိုက်၏။ “ဝေပုကျိ ပြောခဲ့တဲ့ အခွင့်အရေးပေါ့”
“လာပြန်ပြီ ဝေပုကျိ”
ကျွင်းချောင်ရှောင်းသည် အထက်စကြဝဠာထဲသို့ ခရီးသွားလာခဲ့သည့် အချိန်တိုင်း တခြားလူများသည် ထိုလူ့အကြောင်း ပြောဆိုသည်ကို ကြားခဲ့ရ၏။ အမှန်ပင် ဆန်းကြယ်လှသည့် ခံစားချက်ကို ပေးစွမ်းသည့် လူတစ်ယောက်ပင်။
“ဒီလူက ရှေ့ဖြစ်နိမိတ်တွေ ထားခဲ့တယ်”
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “မကြာခင်မှာ စကြဝဠာကြီးက ကပ်ဘေးတွေ ကျလာပြီး အားလုံးက တက်တက်ကြွကြွနဲ့ တုန့်ပြန်ပြီး ပါဝင်လာခဲ့ကြလိမ့်မယ်။ ပြီးတော့ ကံတရားကို အမှီအခိုပြုပြီးတော့ အန္နိမလမ်းစဉ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရရှိကြလိမ့်မယ်”
“.........”
ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးတောကာ ပြောလိုက်၏။ “စီနီယာဆိုလိုကာ မိုးကောင်းကင်နတ်ဆိုး အင်ပါယာကဆိုတာ ကပ်ဘေးကြီးကို ဆိုလိုတာပေါ့။ ဝေပုကျိရဲ့ ရှေ့ဖြစ်ဟောအရဆိုရင် အားလုံးစောင့်မျှော်နေကြ တာက ကံတရားဆိုတဲ့အရာ ပေါ်ပေါက်လာမယ့် အချိန်ကိုလား”
“ဒါ အမှန်ပဲလေ” ကျန့်ကွေ့ရှုက ပြောလိုက်သည်။
“ဟမ်”
ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ “အားလုံးက လောကကြီးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးပေါ်မှာ တာဝန်ရှိကြတယ်လေ။ ဘယ်လိုဖြစ်ပြီးတော့ ကံတရားအတွက်ဆိုမှ ထပြီး ကြိုးစားဖို့ စဉ်းစားနေကြတာလဲ”
“တခြားလည်း နည်းလမ်းမရှိဘူး”
ကျန့်ကွေ့ရှုသည် ခေါင်းကို ခါယမ်းကာဖြင့် ပြောလိုက်မိသည်။ “အန္နိမလမ်းစဉ် ကို ရောက်ရှိနိုင်ဖို့ဆိုတာ အားလုံး မျှော်လင့် တောင့်တနေတဲ့အရာမျိုးပဲလေ”
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ဒီလောက်တောင် ပြဿနာရှာနေတာ။ သူတို့က ခပ်တည်တည်နဲ့ နေနိုင်စွမ်း ရှိတယ်။ ဒီလိုငြိမ်နေလို့လည်း တစ်ဖက်လူက ဆိုးလာတာပေါ့။ အနာဂတ်မှာ သူတို့တွေသာ အန္နိမလမ်းစဉ်ကို ရောက်နိုင်ကြမယ်ဆိုရင် ဒီလိုစိတ်ဓာတ်ကြီးက သူတို့နဲ့အတူ ပါသွားမှာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်မိ၏။
“.......”
ကျန့်ကွေ့ရှု၏ မျက်လုံးထဲတွင်တော့ ရှက်ရွံ့မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် မဝန်ခံချင်သည်ဆိုသော်လည်း သူ၏ နှလုံးသားထဲတွင် အန္နိမလမ်းစဉ်ဆီသို့ တက်လှမ်းနိုင်မည့် စိတ်ဆန္ဒက တည်ရှိလို့နေခဲ့သည်။
“စီနီယာက ကံတရားအကြောင်း ပြောရုံပဲ ရှိသေးတယ်။ ဘာအခွင့်အရေး ကံတရားအကြောင်းလဲ ဆိုတာ မပြောရ သေးဘူး” ကျွင်းချောင်ရှောင်းသည် ဤကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်၏။ ထို့ကြောင့် ဆက်လက်ကာ မေးမြန်း လိုက်၏။
“ရှေးဖြစ်ဟောဆရာ ဝေပုကျိက ပြောခဲ့တယ်။ စကြဝဠာကြီးရဲ့ ပုံပန်းသွင်ပြင်ကို ပြန်လည် ပြုပြင်နိုင်တဲ့ တစ်စုံတစ်ယောက်က ပေါ်ပေါက်လာလိမ့်မယ်။ အဲတာက စွမ်းအားမြင့် ကျင့်ကြံသူတွေအတွက် အခွင့်အရေး တစ်ခုပဲ။ ကျုပ်တို့က သူ့ကို ကူညီပြီးတော့ တိုက်ခိုက်ရမယ်။ သူ့ကို ကူညီပြီးတော့ ခေတ်သစ်တစ်ခု ဖန်တီးနိုင်အောင် ပြုလုပ်ပေးရမယ်။ ဒါဆိုရင် ကံကြမ္မာရဲ့ ကောင်းချီးကို ကျုပ်တို့ ရရှိလိမ့်မယ်” ကျန့်ကွေ့ရှု က ပြောလိုက်သည်။
“အင်း... စကြဝဠာကို ပြောင်းလဲနိုင်တဲ့ လူတစ်ယောက်က ပေါ်လာပြီလား”
“အင်း”
“ဘယ်သူလဲ”
“ကျုပ်လည်း မသိဘူးလေ”
“.........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ ဒီလောက်အကြာကြီး မေးမြန်းခဲ့သည်ဆိုသော်လည်း ဘာမှမမေးမြန်း ခဲ့သည်နှင့်ပင် တူညီလျက် ရှိနေ၏။ ဘာတစ်ခုမှလည်း မသိရှိခဲ့ချေ။
“တကယ်တော့”
ကျန့်ကွေ့ရှုသည် သူ့ကို မော့ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် ခန့်မှန်းချက် တစ်ခုရှိတယ်။ စကြဝဠာကြီးကို ပြောင်းလဲနိုင်တဲ့လူဆိုတာ ဂိုဏ်းချုပ်ကျွင်း ဖြစ်နိုင်တယ်”
“ကျုပ်လား”
“ဂိုဏ်းချုပ်ကျွင်းက စီနီယာကုရဲ့ စိတ်ဆန္ဒကို အမွေဆက်ခံနိုင်ရုံတင်မကဘူး။ ရွှမ်ယွမ်နတ်ဘုရားဓားကို အသုံးပြု ပြီးတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ စစ်သူကြီးရှစ်ဦးထဲက တစ်ယောက်ကို သတ်ဖြတ်ပစ်နိုင်ခဲ့တယ်။ ဒါ အကောင်းဆုံး သက်သေပဲ”
ကျန့်ကွေ့ရှုက မသိရှိချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စကြဝဠာတစ်ခုလုံးကို ပြောင်းလဲနိုင်ပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို သတ်ဖြတ်နိုင်လိမ့်မည်ဟု သူက မျှော်လင့်နေမိ၏။
“အင်း... ဟုတ်ပြီ”
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “လက်ရှိ အခြေအနေမှာ ဒီလိုဖြစ်နိုင်တဲ့ လူတစ်ယောက်က ညဘုရင်မဟာမိတ်အဖွဲ့ရဲ့ ညဘုရင်လည်း ဖြစ်နိုင်သေးတယ်”
“ညဘုရင်ကို စီနီယာသိတယ်လား”
“တစ်ခါမှာတော့ မတွေ့ဖူးဘူး။ ဒါပေမဲ့ ကြားဖူးတယ်”
“ဂိုဏ်းချုပ်”
သူတို့နှစ်ယောက် ပြောဆိုလျက် ရှိနေတုန်းမှာပဲ ရှန့်ကွမ်းရှင်းရောင်၏ အသံက ထွက်ပေါ်လာခဲ့သည်။ “ကျွန်မတို့ လောကရှစ်ဘုံနေရာကို ရောက်ပြီ။ နောက်သုံးရက်ကြာလို့ရှိရင် စကြဝဠာ နတ်တိုက်ပွဲကို ကျင်းပမယ့် ထျန်းလော်နေရာကို ရောက်မယ်”
ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ကျန့်ကွေ့ရှုသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ “အင်း... အဲဒီပြိုင်ပွဲကျင်းပရာနေရာကို ရောက်ပြီဆိုရင် ကျုပ်တို့ ခဏတာတော့ လုံခြုံပါပြီ”
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက အဲကို မလာရဲဘူးလို့ ပြောတာလား”
“စကြဝဠာနတ်တိုက်ပွဲက စတင်တော့မယ်လေ။ အဲဒီမှာ တခြားတည်နေရာ အသီးသီးက စွမ်းအားမြင့် ကျင့်ကြံသူတွေ စုဝေးရောက်ရှိနေမှာ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ဘယ်လောက်ကြီး မောက်မာပြီး သတ္တိ ရှိတယ်ပြောပြော ဒီလိုပွင့်ပွင့်လင်းလင်း ပြဿနာ လာရှာရဲမှာ မဟုတ်ဘူး”
“ဒါဆိုရင် ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ပြတင်းပေါက်မှတဆင့် အဝေးတစ်နေရာရှိ ကြယ်များကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် သူသည် ပြုံးကာပြောလိုက်၏။ “ဒါဆိုရင် တပည့်တွေ ဗိုလ်ဆွဲမယ့်ကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထိုင်ကြည့်ရတော့မှာပေါ့”