အခန်း ၁၈၇၃
Vol. 126 Ch. 1873
အပိုင်း (၁၈၇၃)
မိုးကောင်းကင်နတ်ဆိုး အင်ပါယာ သည် ရောက်ရှိလာခဲ့၏။ သူ၏လူများနှင့်အတူ ဟိတ်ကြီးဟန်ကြီး ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်၏။ ဤလူသည် အမှန်ပင် ဆန်းကြယ်လွန်းလှ၏။ မည်ကဲ့သို့ ကျင့်ကြံခြင်းအဆင့်နှင့် မည်ကဲ့သို့လူများ ကို ခေါ်ဆောင်၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း မည်သူကမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ကြချေ။
တစ်ခါမှ မမြင်ဖူးသည့် လူတစ်ယောက်အား အဘယ်ကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဟု သတ်မှတ်ကြ သနည်း။ အဘယ်ကြောင့်ဆိုသော် သူ၏ အနောက်မှ လိုက်ပါလာခဲ့သော လူငယ်လူရွယ်များ အားလုံးတို့သည် ၎င်း၏ မွေးစားသားများဖြစ်ပြီး စကြဝဠာပတ်လမ်းအသီးသီးတွင် အနိုင်ရ ဗိုလ်စွဲသည့်လူများ ဖြစ်နေသော ကြောင့်ပင်။
စုစုပေါင်း ရှစ်ဆယ်တစ်ယောက်ဖြစ်၏။ ထိုလူများထဲတွင် ရှစ်ဆယ်သည် ဗိုလ်စွဲသူများဖြစ်ခဲ့ပြီး တစ်ယောက်မှာတော့ နောက်ဆုံးအဆင့်ကို သီကာပွတ်ကာဖြင့် ရောက်ရှိလာခဲ့သူ တစ်ယောက်ဖြစ်၏။
ဦးခေါင်းကို ငိုက်စိုက်ချကာဖြင့် လျှောက်လှမ်းလျက်ရှိသည့် လင်းလီ၏ အေးစက်စက် မျက်လုံးထဲတွင် အမုန်း တရားများ ပါဝင်လျက် ရှိနေ၏။ သူသည် မွေးစားအဖေ၏ တန်ဖိုးအထားရဆုံးသော မွေးစားသားတစ်ယောက် ဖြစ်သောကြောင့် ဤအခြေအနေသည် သူ့အား အမှန်ပင် ဆိုးရွားစေခဲ့၏။ သူသည် တိမ်ပြာစကြဝဠာ ပတ်လမ်းကြောင်းထဲတွင် အနိုင်ရဗိုလ်စွဲအောင် မပြုလုပ်နိုင်ခဲ့သည်သာမက ဆိုးရွားသည့် အခြေအနေ ကိုပါ ရောက်ရှိစေသည်။
“ပြိုင်စံရှားဂိုဏ်း”
လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် နှလုံးသားထဲတွင် ကွဲကြေစွာဖြင့် ပြောဆိုလျက် ရှိ၏။ “ငါ့မွေးစားအဖေရဲ့ ယုံကြည်မှုကို ဆုံးရှုံးစေခဲ့သလို၊ ငါချစ်ခင်နှစ်သက်ရတဲ့ လူကိုလည်း ဆုံးရှုံးစေခဲ့တယ်။ မင်းတို့ အဆပေါင်းတစ်ထောင်ကျော် ပြန်ပြီးပေးဆပ်ရမယ်”
တကယ်တမ်း ပြောဆိုရမည်ဆိုလျှင် သူချစ်ခင်နှစ်သက်သည့်လူအား သတ်ဖြတ်ပစ်ခဲ့သူမှာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သာလျှင် ဖြစ်၏။ သို့ပေမဲ့ သူသည် တခြားသောသူများအား အပြစ်တင်လျက် ရှိနေသည်။
မိုးကောင်ကင်နတ်ဆိုးအင်ပါယာ ရောက်ရှိလာသည့်အချိန်မှာတော့ ဖြတ်သွားဖြတ်လာများ အားလုံးတို့သည် ခပ်ဝေးဝေးသို့ ရှောင်ရှားသွားခဲ့ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ပြည့်နှက်လျက်ရှိ၏။ ထိုလူသည် အမှတ်မထင် ရန်သွားပြု၍ ရနိုင်သည့်သူမျိုးမဟုတ်ချေ။ ထို့ကြောင့် အားလုံးသောသူတို့ ဤမျှ ကြောက်လန့်နေသည်ကို ကြည့်ပြီး အပြစ်တင်၍မဖြစ်ချေ။
ကျွင်းချောင်ရှောင်းသည်ပင် လက်ရှိအခြေအနေ၌ အသက်ရှုအောင့်ထားမိ၏။ သူသည် ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ခြင်းနည်းစနစ်ကို အသုံးပြုထား၏။ စောဏတုန်းက သူ မည်မျှ မောက်မာလှသည့်ဖြစ်စေ လက်ရှိ အခြေအနေမှာတော့ လိမ်လိမ်မာမာနှင့် နေထိုင်နေရ၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို မကြောက်လန့်ချေ။ အဓိကအားဖြင့် သူသည် တစ်ဖက်လူ၏ကိုယ်ပွားကို ဖျက်ဆီးခဲ့ပြီး နောက်လိုက်ရှစ်ဦးထဲမှ တစ်ယောက်ဖြစ်သော ကျားလော်ဘုရင် ကိုလည်း သတ်ဖြတ်ခဲ့၏။ ၎င်းတို့နှစ်ယောက်ကြားတွင် ရှိနေသော အမုန်းတရားဆိုသည်မှာ ပြေငြိမ်း၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် နောက်ဆုံးအချိန်တွင် အကြီးအကျယ် တိုက်ခိုက်ကြရမှာဖြစ်သည်။ သို့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ စကားများ ရန်ဖြစ်နေရန် မလိုသေးချေ။ ယုံချင်လျှင်ယုံ၊ မယုံချင်လျှင်နေ ဤကဲ့သို့ ရှင်းပြမှသာလျှင် ဖြစ်ပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်း... စိတ်မပူနဲ့”
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ဒါ သူရဲ့ ကိုယ်ပွားတစ်ခုခု ဖြစ်လိမ့်မယ်။ သူရဲ့ အစစ်အမှန်ခန္ဓာကိုယ် မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။ “ဒီလူဆီမှာ ကိုယ်ပွားတွေ တော်တော်များတာလား”
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ယင်ယန်ပြောင်းပြန်လည်ခြင်းအတတ်ကို ကျင့်ကြံခဲ့တယ်။ သူက အနည်းဆုံး ကိုယ်ပွားလေးခုရှိတယ်”
......
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လိုက်မိ၏။ “ငါတောင် မနာလိုဖြစ်လာပြီ”
သူ့တွင်လည်း ကိုယ်ပွားများ ရှိ၏။ သို့ပေမဲ့ ဤအရာများသည် အရိပ်တစ်ထောင် ကိုယ်ပွားနည်းစနစ်ကို အမှီအခိုပြုသည့် အရာများထက် မပိုခဲ့ချေ။
ဘုတ်
ထိုအချိန်မှာတော့ မြို့ထဲသို့ ဝင်ရောက်လာခဲ့သည့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ရုတ်တရက် ရပ်တန့် လိုက်၏။ သူ၏ အေးစက်သည့်အကြည့်များသည် လမ်းများကို ကျော်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်း တည်ရှိရာ စားသောက်ခန်းဆီသို့ ရောက်ရှိလာ၏။
“ရှာတွေ့သွားပြီလား” ကုန်းရှန့်၏ နှလုံးခုန်သံများသည် မြန်ဆန်သွားခဲ့သည်။
“ကွေ့ရှုဓားသူတော်စင် … ခင်ဗျားလည်း ရောက်နေတာလား” မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ အေးစက်စက် အသံက ထွက်ပေါ်လာ၏။
“ချီးတဲ့မှ”
သူ့အား ရှာတွေ့သွားခြင်း မဟုတ်ပေ။ စီနီယာကွေ့ရှုကို တွေ့ရှိသွားခြင်းဖြစ်သည်။
“စကြဝဠာနတ်တိုက်ပွဲဆိုတာ အထက်စကြဝဠာတစ်ခုလုံးမှာ အကြီးဆုံး ပြိုင်ပွဲကြီးပဲ။ ကျုပ် လာပြီး အားပေးတာ သဘာဝပါပဲ”
ကျန့်ကွေ့ရှုသည် အေးစက်တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။ တစ်ဖက်လူသည် အဆင်ခြင် ကင်းမဲ့စွာဖြင့် မြို့ထဲတွင် တိုက်ခိုက်မည်ကို သူ အနည်းငယ် စိုးရိမ်မိ၏။
“ဒီလိုဆိုမှတော့”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ပြောလိုက်သည်။ “ခင်ဗျားရဲ့ဘေးနားက ပြိုင်စံရှားဂိုဏ်းချုပ် မဟုတ်လား”
ဤစကားစုသည် အေးစက်လှသည်ဆိုသော်လည်း အားလုံးသောသူများအား ကြောက်ရွံ့စိတ်ကို ဖြစ်တည်စေခဲ့၏။
ခလွပ်
ပြိုင်စံရှားဂိုဏ်းဆိုသည့် စကားကို ကြားသည့်အချိန်မှာတော့ လင်းလီသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ သူ၏ မျက်လုံးများသည် နီရဲလာခဲ့သည်။
ဟား ဟား ဟား ဟား
ထိုအချိန်မှာတော့ စားသောက်ခန်းဆီမှ နှစ်လိုဖွယ်ရာ ရယ်မောသံတစ်ခု ထွက်ပေါ်လာ၏။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာ... ကျုပ်တို့ တွေ့ဆုံရတာ ဒုတိယအကြိမ်ပေါ့ ဟုတ်တယ်မလား”
စီနီယာကွေ့ရှုအား တွေ့ရှိ သွားပြီဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းအနေဖြင့် ပုန်းအောင်းနေရန် မလိုတော့ချေ။ စကား၏ လေယူလေသိမ်းကို နားထောင်လိုက်သည်နှင့် လူများကို ဒေါသထွက်စေသည်။ ဤအရာမှာ ကျွင်းချောင်ရှောင်း၏ သန္ဓေပါရမီပင် ဖြစ်လေသည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးများသည် တည်ကြည်အေးစက်သွား၏။ သတ်ဖြတ်လိုခြင်းဆန္ဒများ သည် ဖြစ်တည်လာသည်။ ဒေါသတရားများကလည်း အဆုံးစွန်အထိ ပေါ်ပေါက်လာခဲ့တော့၏။ သူ၏ စိတ်ခံစားချက်များအား အစစ်အမှန်ပင် ထိန်းချုပ်ထားရသည့်ပုံပေါ်၏။
......
ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ အားလုံးသော သူများသည် တုန်လှုပ်နေမိခဲ့၏။ ဤမြို့သည် မကြာခင် ငရဲခန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားတော့မည့်ပုံပင်။
.......
ကျွင်းချောင်ရှောင်းသည်လည်း ထိုအရာကို ခံစားမိ၏။ ထို့ကြောင့် မျက်မှောင်ကိုကုတ်ကာ တွေးလိုက်မိသည်။ “ဒီကိုယ်ပွားက မျောက်ဘုရင်သတ်ခဲ့တဲ့ ကိုယ်ပွားထက် ပိုပြီးအားကောင်းတာ ဖြစ်လိမ့်မယ်”
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ”
ထိုအချိန်မှာပဲ များပြားလှသောလူများသည် အဝေးဆီမှ ပျံသန်းရောက်ရှိ လာခဲ့၏။ ရှေ့ဆုံးမှ ဦးဆောင်လာသည့် ဆံပင်ရွှေရောင်နှင့်လူသည် စိတ်ထဲတွင် ဖြစ်တည်နေသည့် ကြောက်လန့်မှု များကို ဖိနှိပ်ကာ ပြောလိုက်၏။ “ဒါက စကြဝဠာနတ်တိုက်ပွဲ ပြိုင်ပွဲပါ။ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ခံစားချက်တွေကို ထိန်းချုပ်ထားပါ။ အဆင်ခြင်မဲ့ မပြုလုပ်ပါနဲ့”
“ဟမ့်”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ဘေးတွင်ရပ်လျက်ရှိသည့် မွေးစားသားသည် ဦးခေါင်းကို ငဲ့စောင်းကာ ပြောလိုက်သည်။ “ခင်ဗျား က စကားဝင်ပြောဖို့အတွက် အရည်အချင်း မရှိဘူး။ ထွက်သွားစမ်း”
မြို့ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မောက်မောက်မာမာ ပြုမူခဲ့၏။ သို့ပေမဲ့ ဤမွေးစားသားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူသည် တကယ်ပဲ ရှုံးနိမ့်ခဲ့ပြီဖြစ်၏။
ဟုတ်ပေသည်။ ၎င်း၏နောက်ရှိ တခြားသော မွေးစားသားများသည်လည်း ငြိမ်ငြိမ်သက်သက် မနေခဲ့ကြချေ။ အားလုံးတို့သည့် ရှေ့ကို လှမ်းတက်ပြီးသည့်နောက် ဦးခေါင်းများကို ခါယမ်းကာ လက်များကို ပွတ်၍ စိန်ခေါ်လျက် ရှိနေသည်။
ရွှီး
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် လက်ကို မြှောက်လိုက်၏။ မွေးစားသားများ အားလုံးတို့သည် မူလ တည်နေရာဆီသို့ ပြန်လည်ရောက်ရှိသွား၏။
“ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်က မွေးစားသားတွေကို ခေါ်လာပြီး ပြိုင်ပွဲကို လာကြည့်ရုံ သက်သက်ပါပဲ။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူး”
ပြောပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးရှိ နတ်ဆိုးအော်ရာများ ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားခဲ့၏။
ဟူး ....။
အနားပတ်ဝန်းကျင်တွင် ရှိနေသည့် သူများသည် စိတ်အေးသက်သာရာ ရသွားမိကြ၏။ သက်ပြင်းရှည်ကြီးများပင် ချမိကြသည်။
“ဒီကိုလာပြီဆိုမှတော့ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးပါ”
ငွေရောင်ဆံပင်နှင့်လူသည် လက်သီးကို ဆုပ်ကာပြောလိုက်၏။ သူ၏ ဒူးများသည် တဆတ်ဆတ်နှင့် တုန်ယင်လို့နေ၏။
“အင်ပါယာ”
ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်က ထွက်လာကာ ပြောလိုက်သည်။ “အခန်းကို ပြင်ဆင် ထားပြီးပါပြီ။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ခေါင်းညိတ်ပြီးသည့်နောက် သူ၏မွေးစားသားများကို ဦးဆောင်ကာ ခေါ်ယူသွား၏။ လမ်းတလျှောက်မှာတော့ သူသည် ကျွင်းချောင်ရှောင်း တည်ရှိနေရာ စားသောက်ခန်းကို မကြည့်ခဲ့ချေ။
ဟူး …။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံကို အသာမှီကာဖြင့် ညာဘက်လက်ကို ရင်ဘတ်ပေါ် တင်လိုက်၏။ သူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် သက်တောင့်သက်သာ ပုံစံမျိုး ပြောဆိုနေခဲ့သည်ဆိုသော်လည်း အမှန်ပင် ဖိအား၏ အောက်တွင် ရောက်ရှိနေခဲ့၏။
“ဂိုဏ်းချုပ်ကျွင်း”
ကျန့်ကွေ့ရှုက ပြောလိုက်သည်။ “ဘာလို့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာက သူ့ရဲ့သားတွေကို ပါဝင်ယှဉ်ပြိုင်စေချင်တာလဲဆိုတာကို သိလား”
ကျွင်းချောင်ရှောင်းသည် အမှတ်မထင်ဖြင့် ကြေးဆေးအိုးကြီးကို လှမ်းကာ ကြည့်ရှုလိုက်၏။ “အင်း... သူကလည်း အထဲမှာရှိတဲ့ လျှို့ဝှက်ချက်တွေကို ကြည့်ချင်လို့ နေလိမ့်မယ်”
“အမှန်ပါပဲ” ကျန့်ကွေ့ရှုက ခေါင်းညိတ်လိုက်သည်။
“ဒီကြေးဆေးအိုးကြီးက စီနီယာ သက်တန့်ရောင် သူတော်စင် ချန်ထားခဲ့တဲ့အရာဖြစ်တာကြောင့် အန္နိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိနိုင်တယ်။ ဒီထဲမှာရှိတဲ့ ဆန်းပြားမှုတွေကိုသာ သိရှိနိုင်မယ်ဆိုရင် အထက်နယ်မြေတစ်ခုလုံးမှာ မော်ကြွားရလောက်တဲ့ လူတစ်ယောက် ဖြစ်လာမှာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“အင်း... သူ့ရဲ့မွေးစားသားတွေ ဗိုလ်စွဲမှုကို တားဆီးနိုင်မလား၊ မတားဆီး နိုင်ဘူးလားဆိုတာ ဂိုဏ်းချုပ်ကျွင်းရဲ့ တပည့်တွေအပေါ် မူတည်မှာပဲ” ကျန့်ကွေ့ရှုက ပြောလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူတို့ကို အကောင်းဆုံးလုပ်ဖို့ မှာထားပါတယ်”
သူသည်သာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တစ်ယောက်တည်း တိုက်ခိုက်ရမည်ဆိုလျှင် ကုန်းရှန့်သည် အနိင်ယူနိုင်မည်ဟု ယုံကြည်ချက် မရှိချေ။ သို့ပေမဲ့ သူ၏တပည့်များအား မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများနှင့် တိုက်ခိုက်ခိုင်းမည်ဆိုပါက အလုံးစုံသော ယုံကြည်ချက်ရှိ၏။
များပြားလွန်းလှသော စနစ်၏ ထောက်ပံ့မှု မရှိလျှင် ကျွင်းချောင်ရှောင်းသည် အဆင့်နိမ့်သိုင်းကျင့်ကြံသူ တစ်ယောက်ထက် မပိုခဲ့ချေ။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်ဖို့ဆိုသည်မှာ အဝေးကြီး လိုအပ်နေသေး၏။
......
ကောင်းကင်လျှို့ဝှက်နယ်မြေ
ရှောင်ကျီသည် လက်များကို ဘေးတစ်ဖက်တစ်ချက်ဆီသို့ ချလိုက်၏။ ၎င်း၏လက်များသည် တွဲလဲကျလျက် ရှိပြီး အသက်ကို ပြင်းပြင်းရှူနေရ၏။ အလွန်အမင်း အားနည်းသည့်ပုံပေါ်သည်။
ဖောက်
ရှမ့်ယု၏ ဝိညာဉ်သည် ရှေ့ဆီသို့ လျှောက်ထွက်လာခဲ့၏။ ရှောင်ကျီသည် ဖျစ်ညှစ်ပြုံးကာဖြင့် ပြောလိုက်၏။ “ကျုပ် ထပ်ပြီး ရှုံးပြန်ပြီ”
“မဟုတ်ဘူး”
ရှမ့်ယုက ပြောလိုက်သည်။ “မင်းနိုင်ပြီ”
“ကျုပ်နိုင်ပြီ ဟုတ်လား” ရှောင်ကျီ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။
ဘုတ်
ရှမ့်ယုသည် ပခုံးပေါ်သို့ လက်တစ်ဖက်တင်ကာ ပြောလိုက်သည်။ “ကျုပ်က အရှေ့ဘက် ချူပြည်နယ်ရဲ့ဘုရင်ပဲ။ မင်းနဲ့အတူ တိုက်ခိုက်ပွဲ ကို လိုက်ခဲ့မယ်”
ဟူး ဟူး
ချက်ချင်းပဲ ၎င်း၏ ခန္ဓာကိုယ်သည် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးသည့်နောက် ရှောင်ကျီအား ဖုံးလွှမ်း သွားခဲ့တော့သည်။ ဤအရာသည် သူရဲကောင်းဝိညာဉ်ပဋိညာဉ်ရေးထိုးခဲ့ခြင်းပင်။
………..
အခြားသော တည်နေရာမှာတော့ စုရှောင်မိုသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “စီနီယာ ကျေးဇူးပြုပြီး ကူညီပါ”
“အကြောင်းအရင်းပြော”
“စီနီယာက အသက်ကြီးပြီ ဆိုပေမဲ့ တကယ့်ကို သတ္တိရှိပြီး ပြိုင်ဘက်ကင်းတဲ့ လူတစ်ယောက်ပဲလေ”
ဟား ဟား ဟား
တော၏အစပ်တွင် ထိုင်လျက်ရှိသော ဟောင်ကျုံးသည် သူ၏ဓားကြီးကို မြှောက်ကာဖြင့် ပြောလိုက်၏။ “မင်းရဲ့ စကားကို ကြားရတာ ဒီအဘိုးကြီး ကြိုက်သွားပြီ”
..........
ပြိုင်ပွဲသည် ကျင်းပတော့မည်ဖြစ်၏။ ပါဝင်ယှဉ်ပြိုင်ရမည့် ပြိုင်စံရှားဂိုဏ်းတပည့်များသည် ရူးရူးမူးမူးဖြင့် ကျင့်ကြံလျက်ရှိသည်။ လက်ရှိအခြေအနေမှာတော့ ၎င်းတို့သည် ဂိုဏ်း၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ရန် တာဝန်ကြီးတစ်ခု ပခုံးပေါ်သို့ ရောက်ရှိနေရုံသာမက မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများ ဗိုလ်မဆွဲရန် တားဆီးရမည့် တာဝန်ကလည်း ရှိလို့လာခဲ့သည်။