အခန်း ၁၈၇၉
Vol. 126 Ch. 1879
အပိုင်း (၁၈၇၉)
ပွဲခင်းကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိနေပြီး ကြည့်ရှုလျက်ရှိနေကြသည့်သူများအားလုံး၏ ခန္ဓာကိုယ်သည် လည်း တုန်ခါလျက်ရှိနေ၏။ ငလျင်လှုပ်နေသကဲ့သို့ပင်။
အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့်ဆိုသော် ရီရှင်းချန်သည် လင်းလီ၏ ခြေထောက်ကိုဆွဲကာဖြင့် ဘယ်မှညာ၊ ညာမှဘယ် တဘုန်းဘုန်းနှင့် ရိုက်နှက်လျက် ရှိနေသောကြောင့်ပင်။ ထိုကဲ့သို့သောရိုက်နှက်မှုသည် ကြမ်းတမ်းလွန်းလှသောကြောင့် အနီးအနားတွင် ရှိနေသော အဆောက်အဦများ ကိုပင် သက်ရောက်နေ၏။
ဝှစ်
တည်နေရာကြီးတစ်ခုလုံး ရုတ်တရက် ပြိုလဲသွားမည်ကို ပွဲကြည့်သူများက စိုးရိမ်လျက်ရှိနေသည် ဆိုသော်လည်း ပွဲခင်းကိုမကြည့်ဘဲ မနေနိုင်ခဲ့ကြချေ။ တောင်ကြီးတစ်ခုလုံးကိုပင် ဆွဲမနိုင်လောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သော လူငယ်သည် တစ်ဖက်လူအား ခြေထောက်မှ ကိုင်ဆောင်ကာဖြင့် မြေပြင်နှင့် ရိုက်နှက်လျက်ရှိသည်။
တခြားသောသူများကို နှိပ်စက်အနိုင်ကျင့်သည့် နည်းလမ်းပေါင်းများစွာရှိ၏။ သို့ပေမဲ့ တော်တော်များများ သည် လက်သီးနှင့်ထိုးခြင်း၊ ခြေထောက်နှင့်ကန်ခြင်းကိုသာ အသုံးပြုကြ၏။ သို့ပေမဲ့ ရီရှင်းချန်မှာတော့ လင်းလီ၏ ခြေထောက်ကိုကိုင်ဆွဲကာ ဟိုဘက်ဒီဘက် ရိုက်နှက်လျက်ရှိနေသည်။ အဝတ်လျှော်နေသကဲ့ သို့ပင်။ အထူးသဖြင့် ဤကဲ့သို့ ရိုက်နှက်ခြင်းမှ ထွက်ပေါ်လာရသည့် အသံပင်။
ဘုန်း ဘုန်း ဘုန်း
တကယ်ပင် ကြက်သီးထစရာကောင်းသည်။ အားလုံးသောသူတို့သည် ကျောရိုးမကြီးများပင် စိမ့်တက်လျက်ရှိသည်။
.......
ပွဲကြည့်စင်တည်နေရာပေါ်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မျက်လုံးထဲတွင်ရှိနေသော ဒေါသ တရားများသည် ဖြည်းဖြည်းချင်း တိုးတက်လာခဲ့၏။ သူ၏ အားအကိုးရဆုံး မွေးစားသားတစ်ယောက် ပြိုင်စံရှားဂိုဏ်း တပည့်၏ ဆော့ကစားခြင်းကိုခံနေရသည်ကို သူလက်သင့်မခံနိုင်ပေ။
ဘုန်း
ပွဲခင်းဆီမှ နောက်ထပ်အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြိုလဲလျက်ရှိနေသည့် တည်နေရာကြီးထဲတွင်တော့ လင်းလီသည် နက်ရှိုင်းလွန်းလှသော တွင်းကြီးထဲ၌ နစ်မြှုပ်လျက်ရှိနေပြီး ၎င်းဝတ်ဆင်ထားသော အဝတ်အစားများသည် စုတ်ပြတ်သတ် လို့နေ၏။
ဘုတ်
ရီရှင်းချန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးသည့်နောက် လင်းလီ၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆွဲမလိုက်သည်။ “မင်း အဆင်ပြေရဲ့လား”
“.............”
မျက်နှာတစ်ခုလုံး သွေးများဖုံးလွှမ်းလျက်ရှိနေသည့် လင်းလီသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။ ကြမ်းကြမ်း တမ်းတမ်း နှိပ်စက်ရိုက်နှက်မှုခံရခြင်း၏နောက်မှာတော့ သူ၏ မရီဒန်များအားလုံးသည် ထိခိုက်သွားခဲ့၏။
“မပူနဲ့” ရီရှင်းချန်သည် ခွေးသေတစ်ကောင်ကဲ့သို့ တစ်ဖက်လူအား ဆံပင်မှဆွဲပြီး တွင်းထဲမှဆွဲထုတ်လိုက်၏။ ပြီးနောက် အားလုံးသောသူတို့၏ရှေ့သို့ ဆွဲမြှောက်ကာ အေးစက်စက်ပြောလိုက်သည်။ “မင်းရဲ့ အရည်အချင်းက ကုန်သွားပြီ။ ဒါပေမဲ့ ငါ့အလှည့်ကျန်သေးတယ်။”
ပြီးသည့်နောက် သူသည် လင်းလီအား ကောင်းကင်ပေါ်သို့ကန်တင်လိုက်၏။ အားလုံး အမှတ်မထင်နှင့် ခေါင်းကို မော့ကြည့်လိုက်သည့်အချိန်မှာတော့ အနောက်ဖက်ဆီမှ လိုက်ပါလာခဲ့သည့် တစ်ဖက်လူကို မြင်လိုက်ရ၏။
ဝှစ် ဝှစ် ဝှစ် .....။
ဖောင်း ဖောင်း ဖောင်း ....။
ရီရှင်းချန်သည် သက်တန့်ရောင်စဉ်ကျမ်းကို အသုံးပြုကာဖြင့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို တောက်လျှောက် ဆိုသလိုပဲ ပစ်လွှတ်လျက်ရှိ၏။ လင်းလီသည် မည်သို့မျှမခံစားနိုင်တော့ဘဲ အောက်သို့ ပြန်လည်ကာ ပြုတ်ကျလာခဲ့သည်။
ဝုန်း
“ဒါက ကြမ်းတမ်းလွန်းတယ်”
တချို့သော ပွဲကြည့်ပရိတ်သတ်များသည် မည်သို့မျှ ဆက်ကာမကြည့်ရှုနိုင်ခဲ့ တော့ချေ။ လက်ရှိ အခြေအနေကိုကြည့်မည်ဆိုလျှင် ရီရှင်းချန်သည် အသာစီးကရနေပြီဖြစ်ကြောင်း ရှင်းလင်းသည်။ သူသည် လင်းလီအား လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်နိုင်စွမ်းရှိ၏။ သို့ပေမဲ့ မသတ်ခဲ့ချေ။ ထိုအစား ကြည့်ရှုနေသူများ၏ မျက်လုံးအောက်တွင် ပြင်းပြင်းထန်ထန်နှင့် ရိုက်နှက်လျက်ရှိ၏။
ဘုန်း ဘုန်း
လင်းလီသည် ရွံ့ကဲ့သို့ပင်ပျော့ခွေလျက်ရှိနေ၏။ သူ၏ တစ်ကိုယ်လုံးသည်လည်း ဒဏ်ရာများ ဗလပွနှင့်ပင်။ သို့ပေမဲ့ ရီရှင်းချန်သည် တိုက်ခိုက်လိုက်သည့်အချိန်တိုင်း သူ၏အားအင်အဆင့်ကို ထိန်းချုပ် ထားခဲ့၏။ တစ်ဖက်လူ သေဆုံးမသွားစေရန် တွက်ချက်ပြီး တိုက်ခိုက်နေခြင်းပင်။
“မိတ်ဆွေဟောင်းကြီး မင်းကတော့ ပြန်ပြီးဝဋ်လည်တော့မယ်”
ရီရှင်းချန်သည် အသာလှမ်းတက်လာပြီးသည့်နောက် လင်းလီအား တစ်ခါဆွဲမလိုက်ပြန်သည်။ ပြီးနောက် ကောင်းကင်ပေါ်သို့ ကန်တင်လိုက်ပြန်၏။
“အင့်”
ဖောင်း ဖောင်း ဖောင်း ဖောင်း
ဘုန်း
ဆက်တိုက်တိုက်ခိုက်ခံရပြီးသည့်နောက် လင်းလီသည် အောက်သို့ တစ်ခါပြုတ်ကျလာခဲ့ပြန်၏။ ပွဲကြည့် ပရိတ်သတ်များ၏ ဦးခေါင်းများသည် အပေါ်ကိုမြှောက်လိုက် အောက်ကိုငုံ့လိုက်နှင့် တရစပ်ဖြစ်လို့နေလေသည်။
နာရီဝက်လောက်ကြာပြီးသည့်နောက် လင်းလီသည် စင်မြင့်အောက်သို့ပြုတ်ကျလာခဲ့ပြန်၏။ သူသည် အသက်ရှင်နေသေး၏။ တွေးတောနိုင်စွမ်းရှိနေသေး၏။ ထို့အတူ သူ၏ ခန္ဓာကိုယ်ဆီမှ နာကျင်မှုကိုလည်း ရှင်းရှင်းလင်းလင်းခံစားနိုင်၏။
“အံ့အားသင့်စရာပဲ”
လီထျန်းထျန်းက အော်ဟစ်လိုက်၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က စီနီယာအစ်မကြီးနှင့် ဟယ်ဝူတီတို့သည် သူ့အစား လင်းလီအား နှိပ်စက်ရိုက်နှက်ခဲ့ပြီးပြီဖြစ်၏။ သို့ပေမဲ့ သူသည် တစ်စုံတစ်ခု လိုအပ်နေသလို ခံစားခဲ့ရ၏။ ယနေ့အချိန်မှာတော့ စီနီယာအစ်ကိုရီသည် သူ့အတွက် အစစ်အမှန် အားရလောက်ဖွယ်ရာ ကောင်းသည့် လက်စားချေမှုမျိုးကို ထုတ်ဖော်ပြသပေးခဲ့သည်။
ဖောင်း
ရီရှင်းချန်သည် ထပ်မံကာ လျှောက်သွားပြန်၏။ ညာခြေထောက်ကို မြှောက်ပြီးသည့်နောက် လင်းလီ၏ ဦးခေါင်းကို အနောက်ဘက်သို့ လန်ထွက်သွားအောင် ကန်ကြောက်လိုက်၏။ ပြီးနောက် အေးစက်စက် ပြောလိုက်၏။ “ကြယ်တာရာပြိုင်ပွဲမှာ ငါနဲ့သာတွေ့ရင် မင်း ဒီမှာ မတ်တပ်ရပ်နေဖို့ သတ္တိတောင် ရှိမှာမဟုတ်ဘူး”
ညအင်ပါယာ အမှန်ပင်မောက်မာလွန်းလှသည်။
....
တွင်းထဲတွင် တစ်ကိုယ်လုံးမြှုပ်လျက်ရှိနေသည့် လင်းလီသည် မလှုပ်ရှားနိုင်ခဲ့တော့ချေ။ သို့ပေမဲ့သူသည် သူ၏ စုတ်ပြတ်သတ်လျက်ရှိနေသည့် လက်များသည် ကျစ်ကျစ်ပါအောင်ဆုပ်ထား၏။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် နာကျင်နေ၏။ သို့ပေမဲ့ နှလုံးသားထဲက နာကျင်မှုကိုတော့ မယှဉ်နိုင်ခဲ့ချေ။ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရည်မှန်းချက်ထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူသည် နှိပ်စက်ရိုက်နှက်ခြင်းကို ခံခဲ့ရ၏။
သူသည် လက်ရှိအခြေအနေမှာတော့ သူ့မွေးစားအဖေ၏ ယုံကြည်မှုများကို ဆုံးရှုံးခဲ့ရပြီဖြစ်၏။ ထို့ပြင် မွေးစားအစ်ကို၊ မွေးစားညီများအားလုံးတို့၏ အထင်အမြင်သေးခြင်းကို ခံရပေတော့မည်။ ထိုအရာကို သူမည်သို့မျှမဖြစ်စေချင်ပေ။
ဟူး ဟူး
ခြေထောက်အောက်တွင်ရှိနေသော လင်းလီ၏ခန္ဓာကိုယ်ဆီမှ ဆန်းကြယ်လှသောအော်ရာများ ထွက်ပေါ် လာခဲ့၏။ ဤအရာသည် ရီရှင်းချန်အား ကြောင်အသွားစေခဲ့၏။ သူသည် အကြိမ်ပေါင်းထောင်ချီ နှိပ်စက် ရိုက်နှက်ခဲ့၏။ အဘယ့်ကြောင့် ဤကဲ့သို့သော အော်ရာများကို ထုတ်လွှတ်နိုင်လေသနည်း။
“တစ်စုံတစ်ခု လာပြီလား”
ဖောက် ဖောက်
လင်းလီသည် လက်များကိုထောက်ကာဖြင့် မြေကြီးပေါ်မှအသာထထိုင်လိုက်၏။ ခေါင်းကို မော့ပြီးသည့် နောက် ရီရှင်းချန်၏ ခြေထောက်ကို အသာငုံကြည့်လိုက်၏။ သူ၏ တင်းမာလွန်းလှသော မျက်နှာပေါ်တွင် သတ်ဖြတ်လိုခြင်းဆန္ဒများဖြင့် ပြည့်နှက်လျက်ရှိ၏။ သူကပြောလိုက်သည်။ “ငါ ဒီနှစ်ပိုင်းထဲမှာ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေ နာကျင်မှုတွေအကုန်လုံးက မင်း ငါ့ကို ကန်နေတာထက် ပိုပြီး နာကျင်ခဲ့တယ်ကွ”
ဤစကားစုသည် အလွန်ရှုပ်ထွေးလှသည့် စိတ်ခံစားချက်များပါဝင်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို သတိပြုမိခဲ့၏။ ထို့ကြောင့် မေးစေ့ကိုပွတ်သပ်ကာပြောလိုက်မိသည်။ “ဘယ်သူမှမသိတဲ့ ဇာတ်ကြောင်းတွေသူ့မှာရှိနိုင်တယ်”
“ဇာတ်ကြောင်း ဇာတ်ကြောင်း”
စနစ်သည် မည်သို့မျှမနေနိုင်တော့ချေ။ ထကာအော်ဟစ်လိုက်မိ၏။ “မင်း ဇာတ်ကြောင်းရှိတဲ့ကောင်တွေနဲ့ပဲ တွေ့နေတာကိုး”
“အဲတော့ကော” ရီရှင်းချန်သည် ခြေထောက်ကိုပြန်ရုပ်လိုက်သည်။
လင်းလီသည် တုန်ယင်စွာဖြင့် မတ်တပ်ထရပ်လိုက်၏။ သူသည် တည့်တည့်မတ်တပ်ရပ်ရန်ပင် မနည်းရုန်းကန် နေရသည်။ လက်နှစ်ဖက်သည် ဘေးနှစ်ဖက်ဆီသို့ တွဲလောင်းကျလျက်ရှိပြီး မျက်နှာတစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက်များကြောင့် သွေးများဖုံးလွှမ်းနေ၏။ သူ့ကိုကြည့်ရှုရသည်မှာ သွေးစုပ်ဖုတ်ကောင်ထက်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေသေး၏။
“ကျုပ်က တစ်ကြိမ်ကျရှုံးခဲ့ပြီး အရာအားလုံးဆုံးရှုံးခဲ့ရတယ်” လင်းလီသည် ဦးခေါင်းကိုငုံ့ထား၏။ သူသည် တိမ်ပြာစကြဝဠာပတ်လမ်းတွင် ဗိုလ်မစွဲခဲ့ချေ။ ထို့ကြောင့် သူ ချစ်ခင်နှစ်သက်ရသည့် သူ သေဆုံးခဲ့ရ တော့၏။ ဤအရာသည် သူ့အား ရူးသွပ်သွားစေခဲ့၏။ သူသည် နတ်ဆိုးတောင်ကြားထဲဆီသို့သွားရောက်ပြီး ခန့်မှန်း၍မရနိုင်လောက်အောင် ကြမ်းတမ်းလှသည့် လေ့ကျင့်မှုများကို ဖြတ်ကျော်ခဲ့ရ၏။ အဆုံးသတ်မှာတော့ ဒေါသတရားများနှင့်အတူ နတ်ဘုရားလျှို့ဝှက်ခြေတစ်လှမ်း လှမ်းသည့်အဆင့်ဆီသို့ ရောက်ရှိခဲ့ရ၏။
လင်းလီတစ်ယောက် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံနှင့်နာကျင်မှုများသည် မည်မျှကြောက်မက်ဖွယ်ရာ ကောင်းသည်ဆိုသည်ကို စကားလုံးနှင့် ဖော်ညွှန်းရန်ပင် မဖြစ်နိုင်ချေ။ ရီရှင်းချန်၏ နှိပ်စက်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီလား။ ဟုတ်ပေ၏။ သို့ပေမဲ့ လင်းလီအတွက်တော့မဟုတ်ချေ။
ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားသည်ဆိုလျှင် တောင်မှ လင်းလီသည် စိတ်ဓာတ်ကျလိမ့်မည်မဟုတ်ချေ။ သူ၏နှလုံးသားထဲတွင်ရှိနေသော စိတ်ဆုံးဖြတ်ချက်များသည် သူ့အား ပိုမိုကာတက်ကြွစေခဲ့သေး၏။ ကောင်းကင်ပေါ်တွင် သူ့အား အားပေးနေသည့် မိန်းကလေးတစ်ယောက် တည်ရှိနေသည်မဟုတ်ပါလား။
“ဒီတစ်ကြိမ်မှာ ကျုပ်မရှုံးဘူး။ ကျုပ်လုံးဝမရှုံးဘူး”
လင်းလီ သည် ခန္ဓာကိုယ်ပေါ်ရှိ စုတ်ပြတ်သပ်လျက်ရှိသော အဝတ်အစားများကို ဆွဲစုတ်လိုက်၏။ သူ၏ရင်ဘတ်နှင့် နောက်ကျောတစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်လို့နေ၏။ ဤအရာများသည် ရီရှင်းချန်ပြုလုပ်ခဲ့သည့် ဒဏ်ရာများမဟုတ်ချေ။ ငယ်ရွယ်စဉ်ကတည်းက ရရှိခဲ့သည့် ဒဏ်ရာများဖြစ်ပြီး အသက်ရှင်ရန်အတွက် မည်ကဲ့သို့ရုန်းကန်ရသည်ဆိုခြင်းကို အကောင်းဆုံး သက်သေပြလျက်ရှိသော အမှတ်သင်္ကေတများကဲ့သို့ပင်။
ဟူး ဟူး
ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်မျဉ်းကြောင်းများသည် ပျံ့နှံ့သွားခဲ့၏။
“ပြဿနာပဲ”
ကျန့်ကွေရှုက ပြောလိုက်သည်။ “ဒီကောင်လေးက မိုးကောင်းကင်နတ်ဆိုးအင်ပါယာရဲ့ သွေးမျိုးဆက်ကို နိုးထခဲ့ပြီပဲ”
“..........”
ကုထျန်းရှင်းသည် မျက်မှောင်ကုတ်မိသွား၏။ ကြယ်တာရာပြိုင်ပွဲတုန်းက တစ်ဖက်လူသည် ဤအရာကို နိုးထခဲ့သေး၏။ သို့ပေမဲ့ ဟယ်ဝူတီ၏ တစ်စက္ကန့်အတွင်း တိုက်ခိုက်အနိုင်ယူခြင်းကို ခံခဲ့ရ၏။
သို့သော်ငြား ဤတစ်ကြိမ်သည် နောက်ဆုံးအချိန်နှင့် ခြားနားလွန်းနေခဲ့၏။ လင်းလီသည် အားအင်အဆင့်သည် ယခင်ကထက် ပိုမိုကာအားကောင်းလာခဲ့သည်မဟုတ်ပါလား။ ထို့အပြင် လက်ရှိဖြစ်တည်နေသည့် သတ်ဖြတ်လိုခြင်းဆန္ဒနှင့် ဒေါသတရားများအပြင် မျက်လုံးထဲတွင် ပေါ်ပေါက်နေသည့် ရှုပ်ထွေးလှသည့် ခံစားချက်များလည်း ပူးပေါင်းပါဝင်နေသောကြောင့် အမှန်ပင် ကြောက်မက်ဖွယ်ရာကောင်းလှချေသည်။
“.........”
ရီရှင်းချန်၏ အကြည့်များသည် လေးနက်သွားခဲ့တော့၏။
လင်းလီ၏ ခန္ဓာကိုယ်ဆီမှ ရုတ်တရက် ထွက်ပေါ် လာသည့် ကြောက်မက်ဖွယ်ရာ အော်ရာများကို သူဂရုစိုက်၍မဟုတ်ပေ။ သူ၏ မျက်လုံးထောင့်တွင် ကြည့်ကောင်းလွန်းလှသော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသောကြောင့်ပင်။ သို့ပေမဲ့ သူလှမ်းကာ ကြည့်ရှုနေချိန်မှာပဲ ထိုပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။
“ဒီပွဲရဲ့ ဗိုလ်စွဲသူက”
လင်းလီသည် သူ၏သွေးမျိုးဆက်ကို အသက်သွင်းပြီးသည့်နောက် အော်ဟစ်လိုက်၏။ “ကျုပ်ပဲ”
ဘုန်း
ရီရှင်းချန်သည် ရုတ်တရက်တစ်ဖက်လူရှေ့သို့ ပေါ်ပေါက်လာပြီး လက်သီးနှင့်ထိုးလိုက်၏။ မည်သည့်ရှုပ်ထွေးလှသည့် သိုင်းနည်းစနစ်များမှ မပါဝင်ခဲ့ချေ။ လက်သီး သီးသန့် ထိုးနှက်ခဲ့ခြင်းပင်။
လင်းလီက မျက်လုံး အပြူးသားနှင့် အမြှောက်ဆန်တစ်ခုကဲ့သို့ပင် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ အဝေးဆုံးဆီသို့ လွှင့်စင်သွားခဲ့သည်။ နံရံတစ်ခုထဲသို့ ကျွံဝင်သွားပြီးသည့်နောက် သူ၏ ဦးခေါင်းသည် ဖြည်းညင်းစွာ လန်ကျသွားခဲ့၏။ သူသည် ထိုနေရာမှာတင် သတိလစ်မေ့မြောသွားခဲ့သည်။ ပွဲခင်းကြီးတစ်ခုလုံး သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
ဆွစ်
ရီရှင်းချန်သည် ဒိုင်လူကြီးတစ်ယောက် ကြေညာမည့်အချိန်ထိ မစောင့်ခဲ့ချေ။ ပွဲခင်းထဲမှ လှမ်းထွက်သွားခဲ့၏။ ကြည့်ကောင်းလွန်းသည့် မိန်းကလေး၏ တည်နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ မိန်းကလေးသည် တဖြည်းဖြည်း ဝေးကွာသွားခဲ့လေသည်။
သူသည် အော်ဟစ်လိုက်၏။ “အဲမှာ ရပ်နေ”
ထိုပုံရိပ်ကရပ်တန့်သွားခဲ့၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပေဒါဇင် နီးပါးခန့်သာ ကွာဝေးလျက်ရှိသည်။
အားလုံးသောသူတို့သည် တချိန်တည်းမှာပဲလှမ်းကာကြည့်ရှုနေကြ၏။
“ဖြစ်နိုင်တာက”
စုရှောင်မိုသည် ပုံရိပ်ယောင်လေပွေကို လှမ်းကာကြည့်ရှုရင်း အံ့အားတသင့်ဖြင့်ပြောလိုက်၏။ “တိမ်ပင်လယ် စကြဝဠာပတ်လမ်းရဲ့ ဗိုလ်စွဲသူ ကျဲ့လင်းရောင်ဆိုတာ ဂျူနီယာညီလေးရီ သိတဲ့ ကျဲ့လင်းရောင်လား”