အခန်း ၁၈၈၀
Vol. 126 Ch. 1880
အပိုင်း (၁၈၈၀)
ရီရှင်းချန်နှင့် လင်းလီတို့၏ တိုက်ပွဲသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်မည့် အသွင်သဏ္ဍာန်မျိုး ဖြစ်တည် လာခဲ့၏။ သို့ပေမဲ့ ရုတ်တရက် ပြီးဆုံးသွားခဲ့လေသည်။
ဒိုင်လူကြီးသည် ကြောင်အလျက်ရှိ၏။ သူ၏သုံးသပ်ချက် အရဆိုလျှင် ပြင်းထန်လွန်းသည့် တိုက်ပွဲသည် ယခုမှ စတင်ကာ တိုက်ခိုက်ရမည် မဟုတ်ပါလား။
ကျန့်ကွေ့ရှု၊ ကုထျန်းရှင်းနှင့် တခြားသော စွမ်းအားမြင့် ကျင့်ကြံသူများသည်လည်း ဆွံ့အလျက် ရှိနေ၏။ လင်းလီ သည် ၎င်း၏ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ သွေးမျိုးဆက်ကို အသက်သွင်းခဲ့၏။ ထို့ကြောင့် ကျိန်းသေပေါက် အသေတိုက်ကွက်ကို ထုတ်ဖော်တော့မှာဖြစ်သည်။
ဟုတ်ပေသည်။ အဓိကဇာတ်ကောင်ပဲဖြစ်ဖြစ်၊ ဗီလိန်ပဲဖြစ်ဖြစ် ဤကဲ့သို့ ဆိုးဆိုရွားရွား ဖြစ်နေသည့် အခြေအနေမျိုးတွင် ဝှက်ဖဲကို ထုတ်ဖော်ကာ အသုံးပြုလိုက်သည် ဆိုသည်နှင့် တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်ရမှာပင်။ သို့ပေမဲ့ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရီရှင်းချန်သည် ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ ထိုသူ့နောက်သို့ လျင်လျင်မြန်မြန် လိုက်ချင်သောကြောင့် တစ်ဖက်လူကို မြန်မြန်ဆန်ဆန်ဖြင့် တိုက်ခိုက်ခဲ့ခြင်းသာလျှင် ဖြစ်၏။
ဘုတ်
လင်းလီသည် နံရံထဲတွင် ကျွံ့ဝင်နေရာမှ မြေပေါ်သို့ ပြုတ်ကျသွားခဲ့၏။ သူသည် သတိလစ်မေ့မျောသွားခဲ့၏။ ထို့ကြောင့် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် ထူးဆန်းသည့် မျဉ်းကြောင်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့သည်။ သူသည် မရှုံးနိမ့်ချင်ပေ။ ထို့အတူ အရှုံးလည်း မပေးချင်ပေ။ သို့ပေမဲ့ ရှုံးနိမ့်ခဲ့ရလေ၏။ ဤအရာမှာ အစစ်အမှန်ပင်ဖြစ်သည်။
ဘန်း
ပွဲကြည့်စင်မြင့်ပေါ်တွင်တော့ စားပွဲနှင့် ထိုင်ခုံများအားလုံးသည် ပေါက်ကွဲသွားခဲ့၏။ မိုးကောင်းကင်နတ်ဆိုး အင်ပါယာသည် သူ၏လက်ကို မြှောက်လျက်ရှိပြီး မျက်လုံးထဲတွင် ဒေါသတရားများ ပြည့်နှက်လျက်ရှိ၏။ သူ၏ အားအကိုးရဆုံး သော မွေးစားသားသည် ပြိုင်စံရှားဂိုဏ်းတပည့်တစ်ယောက်၏ လက်ထဲတွင် ရှုံးနိမ့်သွားသည်ကို မြင်ရသည့် အချိန်မှာတော့ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ဒေါသတရားများသည် မည်သို့မှ မဖိနှိပ်နိုင်ခဲ့ချေ။
ဘေးတစ်ဖက်တွင် ထိုင်နေလျက်ရှိနေသည့် စွမ်းအားမြင့်ကျင့်ကြံသူများ အားလုံးသည် မတ်တပ်ထရပ်လိုက်ကြ၏။ အားလုံးသော သူတို့သည် သတိအပြည့်နှင့် ဖြစ်လို့နေခဲ့သည်။
“မိုးကောင်ကင်နတ်းဆိုးအင်ပါယာ”
အဖွဲ့အစည်းကို ဦးဆောင်ကျင်းပသည့် အဘိုးအိုသည် မနည်းအားတင်းကာဖြင့် ပြောလိုက်၏။ “ဒါစကြဝဠာ နတ်တိုက်ပွဲနော်၊ အဆင်အခြင်မဲ့ မလုပ်နဲ့”
အားလုံးက သဘောတူညီလိုက်သည်။ “ခင်ဗျားဆီမှာ ဘယ်လိုရန်ငြှိးပဲရှိရှိ နတ်တိုက်ပွဲ ပြီးသွားတဲ့အထိ စောင့်ပါ”
“ဟမ့်”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် သူ၏လက်ကို ပြန်လည်ရုတ်သိမ်းကာဖြင့် အေးစက်စက် ပြောလိုက်၏။ “အနိုင်ရတဲ့လူက အကုန်ယူသွား၊ အဲလိုပဲ ရှုံးနိမ့်သူကလည်း ရှုံးနိမ့်တာကို လက်ခံရမယ်။ ခင်ဗျားတို့က ဒီအင်ပါယာကို လာပြီး သင်ကြားပြသနေတာလား”
“.......”
အားလုံးသောသူများသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိ၏။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စကားအရဆိုလျှင် သူသည် အဆင်ခြင်မဲ့ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းမှာတော့ ဆိုးရွားလှချေသည်။ ဆက်တိုက်ဆိုသလိုပဲ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများကို ဆက်လက်ကာ သတ်ဖြတ်လျက်ရှိနေ၏။ ရန်ငြှိုးသည် တဖြည်းဖြည်းနှင့် ဖွဲ့တည်လာခဲ့၏။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာအနေနှင့် စကြဝဠာ နတ်တိုက်ပွဲကြီး ပြီးသွားလျှင် မည်ကဲ့သို့သော ကလဲ့စားချေမှုမျိုးကို ပြုလုပ်မည်ဆိုသည်ကို မည်သူက သိရှိနိုင် မည်နည်း။ အားလုံးတို့သည် ထိုအခြင်းအရာကို တွေးမိသည့်အချိန်မှာတော့ ပြိုင်စံရှားဂိုဏ်းကို စိတ်မပူဘဲမနေနိုင်ကြချေ။ ပြိုင်စံရှားဂိုဏ်းသည် ဤလောကကြီးမှ လွယ်လွယ်ကူကူဖြင့် ထွက်ခွာသွားနိုင်မည် မဟုတ်ကြောင်း သူတို့က ခန့်မှန်းလိုက်မိသည်။
ကျွင်းချောင်ရှောင်းမှာတော့ ဤပြဿနာကို မစဉ်းစားထားချေ။ သူသည် သူ၏တပည့်ဆီသို့ လှမ်းကာ ကြည့်ရှုလျက် ရှိနေ၏။ ထို့အပြင် မြင်ကွင်းထဲတွင်ရှိနေသည့် ကြည့်ကောင်းလှသည့် ပုံရိပ်တစ်ခုကိုလည်း လှမ်းကာ ကြည့်ရှုနေ၏။ “သူတို့နှစ်ယောက်က ထပ်ဆုံနေတာပဲ”
လက်ရှိအချိန်မှာတော့ ပွဲကြည့်ပရိသတ်များသည်လည်း မြင်ကွင်းကို ကြည့်ရှုနေ၏။ ရီရှင်းချန်သည် လင်းလီကို ရုတ်တရက် ရိုက်နှက်တိုက်ခိုက်ပြီး ထိုအမျိုးသမီးနောက်သို့ လိုက်သွားခဲ့သည်။
လူသန်းပေါင်းများစွာတို့၏ အကြည့်အောက်မှာတော့ ပိန်သွယ်သွယ်နှင့် ကြည့်ကောင်းလွန်းလှသော ပုံရိပ်သည် ခန္ဓာကိုယ်ကို အသာလှည့်လိုက်၏။ ကြည့်ကောင်းသွယ်လှပြီး အချိုးအစားကျနသော မျက်နှာသွင်ပြင်တစ်ခုသည် အားလုံး၏ မြင်ကွင်းထဲ၌ ပေါ်လာ၏။ တစ်ဖက်လူ၏ မျက်လုံးထဲတွင် အငြှိုးအတေး၊ နာကျင်မှုများနှင့် ပြည့်နှက် နေ၏။
မှန်ပေ၏။ ကျဲ့လင်းရောင်ပင် ဖြစ်တော့သည်။ ရီရှင်းချန်သည် သူ၏ သိစိတ်ပင်လယ်ထဲတွင် ဖျောက်ဖျက်၍ မရနိုင်သည့် မျက်နှာသွင်ပြင်တစ်ခုကို မြင်လိုက်ရသည့်အချိန်မှာတော့ နှလုံးသားတစ်ခုလုံး ဖော်ပြ၍ မရနိုင်သည့် နာကျင်မှုများကို ခံစားလာခဲ့ရ၏။ သူ၏နှလုံးသားကို အပ်နှင့် ထိုးထားသကဲ့သို့ပင်။
“ရှင် မထင်ထားဘူး မဟုတ်လား”
ကျဲ့လင်းရောင်သည် နှာခေါင်းကို ရှုံလိုက်၏။ “စကြဝဠာ နတ်တိုက်ပွဲမှာ လာပြီး ဆုံရလိမ့်မယ်လို့”
“..........”
ရီရှင်းချန်သည် နှလုံးသားထဲတွင် ဖြစ်တည်လျက်ရှိသော ရှုပ်ထွေးလှသည့် ခံစားချက်များကို ဖိနှိပ်ထား၏။ သူသည် အေးစက်စက် ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို အသက်ရှင်လျက် မထားသင့်ဘူး”
ဤနှစ်ပိုင်းအတွင်း သူသည် ထိုအချင်းအရာနှင့်ပတ်သက်၍ တောက်လျှောက် တွေးတောနေမိသည်။ ညအင်ပါယာသည် မေ့ပျောက်၍ မရနိုင်ခဲ့ချေ။ ဤကဲ့သို့ နှလုံးသား နူးညံ့မိသည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေမိ၏။ သူမကိုသာ သတ်ခဲ့မည်ဆိုလျှင် ဤကဲ့သို့ ရှုပ်ထွေးလှသည့် စိတ်ခံစားချက်များကို ခံစားရ လိမ့်မည် မဟုတ်ချေ။
“ရီရှင်းချန်”
ကျဲ့လင်းရောင်သည် မုန်းတီးစွာဖြင့် ကြည့်ရှုလိုက်၏။ ပြီးနောက် အံကို ကြိတ်ကာ ပြောလိုက်သည်။ “ရှင် ကျွန်မကို အနိုင်ကျင့်ခဲ့တဲ့နေ့ကစပြီးတော့ ကျွန်မက လူသေတစ်ယောက်လို ပြောင်းလဲခဲ့တာပဲ”
သူမ ပြောပြီးပြီးချင်းမှာပဲ အားလုံးက နားလည်သွားခဲ့ကြသည်။ လက်ရှိရှိနေကြသည့် သိုင်းကျင့်ကြံသူများသည် နှစ်သောင်းနှင့်ချီကာ အသက်ရှင်နေထိုင်ခဲ့ကြသူများဖြစ်၏။ အနိုင်ကျင့်ခဲ့သည်ဆိုသော စကားလုံးကို ကြားရသည့် အချိန်မှာတော့ ချက်ချင်းပဲ နားလည်သွားခဲ့ကြ၏။
“သေသွားပြီဆိုမှတော့”
ရီရှင်းချန်သည် ထူးမခြားနားသလို ပြောလိုက်သည်။ “ဘာလို့ ဒီကို လာရတာလဲ”
“ဘာလို့လဲဆိုတော့”
ကျဲ့လင်းရောင်၏ မျက်လုံးထဲတွင်ရှိသော အငြိုးတရားများသည် ဒေါသတရားများအဖြစ် ဖြစ်တည်လာခဲ့ပြန်၏။ သူမ၏ အသံသည် ခြောက်ကပ်လျက်ရှိ၏။ “စကြဝဠာနတ်တိုက်ပွဲ ပြိုင်ပွဲမှာ ကျွန်မရဲ့ လက်နဲ့ ရှင့်ကို သတ်ချင်လို့”
“အင်း”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချကာ ပြောလိုက်သည်။ “အချစ်တွေ၊ အမုန်းတွေ ဘယ်အချိန်မှာ ရပ်တန့် သွားမှာလဲ”
“ကျုပ်ကို သတ်မယ် ဟုတ်လား”
ရီရှင်းချန်က အေးစက်စက် ပြောလိုက်၏။ “ခင်ဗျား လုပ်နိုင်လို့လား”
ဤစကားစုသည် ကုန်းရှန့်တပည့် ပီသသွားပေသည်။
“သေဆုံးသူဆိုတာက အုတ်ဂူထဲမှာ လဲလျောင်းနေသင့်တာ။ အရူးထပြီး အပြင်ထွက်မလာရဘူး” ရီရှင်းချန်သည် အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။
တစ်ဖက်လူ မည်သူဖြစ်ကြောင်းကို အတည်ပြုချင်ခြင်းသာဖြစ်သည်။ လက်ရှိအခြေအနေမှာတော့ မည်သူ ဖြစ်သည်ကို သူသိရှိခဲ့ပြီးပြီ ဖြစ်၏။ သို့ပေမဲ့ ကျဲ့လင်းရောင်၏ အငြှိုးအတေးကြီးလှသော မျက်လုံးများကို မြင်သည့် အချိန်မှာတော့ အတိတ်မှမှတ်ဉာဏ်များသည် တဖြည်းဖြည်းနှင့် ရှင်းလင်းလာခဲ့၏။ ပိုမို တွေးတောလေ ပိုမိုကာ ဇဝေဇဝါ ဖြစ်လာလေပင်။
ဤတစ်ကြိမ် လင်းလီသာ စင်မြင့်ပေါ်တွင် ရပ်တန့်နေမည်ဆိုပါက ရီရှင်းချန်သည် အရှေ့ဆီသို့ လှမ်းတက်ကာ ဒေါသတရားများကို ဖြေလျော့တော့မှာ သေချာ၏။ သို့ပေမဲ့ ကံကောင်းလှချေသည်။ လင်းလီသည် ရှုံးနိမ့်သွားပြီ ဖြစ်၏။
ဒေါသတရား၊ နာကျင်မှု။
“ငါတစ်စုံတစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ချင်နေတယ်”
“ဂျူနီယာညီလေး”
ဤတစ်ကြိမ်မှာတော့ စုရှောင်မိုသည် အသာလျှောက်လှမ်းလာကာ တီးတိုးပြောလိုက်၏။ “မိန်းကလေးတွေက ချော့တာကို ကြိုက်တယ်”
ရီရှင်းချန်သည် အသာလှည့်ကြည့်လိုက်၏။ သူသည် ဒေါသတရားများကို ဖိနှိပ်စရာ လူတစ်ယောက်ကို တွေ့ခဲ့ပြီ ဖြစ်သည်။
“……”
ထိုမျက်လုံးအကြည့်ကို မြင်ချိန်မှာတော့ စုရှောင်မိုသည် ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်သွား၏။ အလောတကြီးဖြင့် ထွက်ပြေးလေ၏။
ရွှီး ....။
ရီရှင်းချန်သည် တစ်ဖက်လူ၏ လည်ကုပ်ကို လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ပြီးသည့်နောက် ခပ်ဝေးဝေးဆီသို့ ပစ်လွှတ် လိုက်၏။ ပြီးသည့်နောက် ခန္ဓာကိုယ်ပေါ်သို့ တက်ကာ အားရပါးရ ထိုးနှက်လေတော့သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
လက်သီးချက်များသည် အမှန်ပင် ပြင်းထန်လွန်းလှ၏။ ရီရှင်းချန်သည် စုရှောင်မိုကို ပစ်မှတ်ထားနေခြင်း မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။ ထိုအရာသည် သူ၏ ဒေါသတရားများကို ဖြေလျော့နေခြင်းသာ။
“ဟင်း”
လီဖေးသည် ခေါင်းကိုခါယမ်းကာ တွေးလိုက်မိ၏။ စီနီယာအစ်ကိုစုက ဂျူနီယာညီလေးရီတစ်ယောက် စိတ်ရှုပ်နေတယ်ဆိုတာကို သိသင့်တယ်လေ။ ဘယ်လိုဖြစ်ပြီး ဒေါသတွေ ဖြေလျော့ဖို့အတွက် လက်ဝှေ့အိတ်ကြီး သွားအဖြစ်ခံရတာလဲ။
ခဏလောက် ကြာပြီးသည့်နောက် ရီရှင်းချန်သည် ရပ်တန့်သွား၏။ စုရှောင်မိုသည် သွေးထွက်နေသည့် နှာခေါင်း၊ ရောင်ကိုင်းနေသည့် မျက်နှာနှင့်အတူ မြေပေါ်တွင် လဲလျက်ရှိ၏။ သူသည် ခြေထောက်များကို ကွေးညွတ်ကာ ပြောလိုက်၏။
“မင်းက ငါ့ရဲ့ဂျူနီယာညီလေးပဲ။ ငါမင်းကို အပြစ်မတင်ပါဘူး။ ဒါပေမဲ့ ငါ မင်းကို မရိုက်နိုင်ဘူးလို့တော့ မထင်နဲ့”
ဘန်း
ရီရှင်းချန်သည် ရုတ်တရက် ရောက်ရှိလာကာ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်၏။ ပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ ပြောလိုက်သည်။ “အခုမှပဲ နေလို့ထိုင်လို့ ကောင်းသွားတယ်”
“အင်း..”
သူကတော့ နေလို့ထိုင်လို့ကောင်းသည်။ သို့ပေမဲ့ စုရှောင်မိုမှာတော့ နာကျင်လို့ နေခဲ့၏။ သို့ပေမဲ့ ကိစ္စ မရှိချေ။ သူ့ ဂျူနီယာညီလေး၏ နာကျင်မှုကို သူ၏ ခန္ဓာကိုယ်ဆီသို့ ပြောင်းလဲလိုက်နိုင်သည် ဖြစ်သောကြောင့် စီနီယာအစ်ကိုတစ်ယောက်၏ တာဝန်သည် ပြည့်ဝသွားခဲ့လေ၏။
“ပါဝင်ယှဉ်ပြိုင်သူ နံပါတ်ကိုး တိုက်ခိုက်နိုင်သေးရဲ့လား” ဒိုင်လူကြီးက မေးမြန်းလိုက်သည်။
“တိုက်ခိုက်နိုင်တာပေါ့” စုရှောင်မိုသည် မျက်နှာကို အုပ်ကာကာဖြင့် ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။
“ဒါဆိုလည်း မြန်မြန် စင်ပေါ်တက်တော့” ဒိုင်လူကြီးက ဆော်ဩလိုက်သည်။
“ကောင်းပါပြီ” စုရှောင်မိုသည် စင်မြင့်ပေါ်သို့ လှမ်းတက်လိုက်၏။ ပြီးနောက် သူသည် သူ၏ပြိုင်ဘက်အား မြန်မြန်ဆန်ဆန်ဖြင့် အနိုင်ယူ တိုက်ခိုက်ခဲ့လေ၏။
..........
အဋ္ဌမမြောက်အဆင့်အား ဆက်လက်ကာ တိုက်ခိုက်လျက်ရှိသည်။ လုချင်းချင်း၊ ရှောင်ကျီနှင့် တခြားသော သူများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများနှင့် တစ်ယောက်ပြီးတစ်ယောက် ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။ အဆုံးသတ်မှာတော့ သူတို့သည် တစ်ဖက်လူများ အားလုံးကို နှောင့်နှေးခြင်း မရှိဘဲ သတ်ဖြတ် ခဲ့လေသည်။
မှန်ပေ၏။ ၎င်းတို့သည် ငယ်စဉ်ကလေးဘဝကတည်းက ဆိုးရွားလှသည့် အတွေ့အကြုံများကို ရရှိခဲ့သူများ ဖြစ်သည်။ သူတို့သည် ရက်စက်လွန်းလှသည့် ဝံပုလွေရိုင်းများကဲ့သို့ မွေးမြူခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်ပင်လျှင် မကောင်းသောကိစ္စရပ်များကို မပြုလုပ်နိုင်စေရန်အတွက် ထိုသူများအား တစ်ခါတည်း သုတ်သင်ရှင်းလင်းပစ်ရန် ကျွင်းချောင်ရှောင်းက မှာကြားခဲ့ခြင်းပင်။
မကြာခင်မှာပဲ အဋ္ဌမမြောက်အဆင့် တိုက်ပွဲများကလည်း ပြီးဆုံးသွားခဲ့၏။ သိုင်းယှဉ်ပြိုင်မှု ကွင်းပြင်ပေါ်တွင် ပါဝင် ယှဉ်ပြိုင်သူ ခြောက်ဆယ့်လေးယောက်သာလျှင် ကျန်ရှိတော့၏။ ထိုလူများထဲတွင် ပြိုင်စံရှားဂိုဏ်းမှ တပည့်များက နှစ်ဆယ်ယောက်စာရှိပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများသည် လူအယောက်သုံးဆယ်စာ ရှိသည်။ ကျန်သည့်သူများသည် စကြဝဠာပတ်လမ်းအသီးသီးမှ ထိပ်တန်းပါရမီရှင်များသာလျှင်ဖြစ်၏။ ယခင် တိုက်ပွဲများ၏ စွမ်းဆောင်ရည်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းအနေနှင့် အနှောက်အယှက်တစ်ခုမှ မရှိဘဲ ဗိုလ်စွဲမှာ သေချာသည်။
“နဝမမြောက်အဆင့်”
ဒိုင်လူကြီးသည် ကြည်လင်ရှင်းလင်းသည့် အသံဖြင့် အော်ဟစ်လိုက်၏။ “မဲနှိုက်ကြမယ်”
လုချင်းချင်း ဦးဆောင်သော ပြိုင်စံရှားဂိုဏ်းတပည့်များသည် ထပ်မံကာ မဲနှိုက်ကြပြန်၏။ ရီရှင်းချန်သည် နံပါတ် တစ်ကို မဲနှိုက်ခဲ့သည်။ သူသည် နဝမမြောက်အဆင့်တွင် ပထမဦးဆုံး တိုက်ခိုက်ရမည့်လူ ဖြစ်လာခဲ့သည်။
“ပါဝင်ယှဉ်ပြိုင်သူ စင်မြင့်ပေါ်သို့ တက်ပါ”
ရွှီး
ဒိုင်လူကြီး ပြောပြီးပြီးချင်းမှာပဲ ရီရှင်းချန်က ရောက်နှင့်လို့နေ၏။ သို့ပေမဲ့ သူ၏ပြိုင်ဘက်သည် ကျဲ့လင်းရောင်ဖြစ်မှန်း သိရှိသည့်အချိန်မှာတော့ မျက်နှာပြင်တစ်ခုလုံးသည် အေးခဲ့သွားခဲ့၏။
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ရပ်ကာ အော်ဟစ်လိုက်သည်။ “ရည်ရွယ်ချက်ရှိရှိ စီစဉ် ထားခဲ့တာလား”
“ဂိုဏ်းချုပ်ကျွင်း”
အဝေးတစ်နေရာတွင် ရှိနေသော ပွဲစီစဉ်သူသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “စကြဝဠာ နတ်တိုက်ပွဲ ဆိုတာ သမာသမတ်ရှိတယ်။ ဒိုင်လူကြီးတွေက မျှမျှတတပဲ ပြုလုပ်တယ်။ ဒီတော့ ကျေးဇူးပြုပြီး သံသယတွေကို ဖယ်ရှားလိုက်ပါ”