အခန်း ၁၈၈၁
Vol. 126 Ch. 1881
အပိုင်း (၁၈၈၁)
ရီရှင်းချန်နှင့် ကျဲ့လင်းရောင်တို့သည် စောဏကလေးတင် ပုံရိပ်ယောင်မြင်ကွင်းပေါ်၌ ချစ်ခြင်း၊ မုန်းခြင်း ပြဇာတ်ကို အသုံးတော်ခံ ကပြခဲ့ကြသည့် လူများပင်ဖြစ်၏။ နောက် ချက်ချင်းပဲ ယှဉ်ပြိုင်တိုက်ခိုက်ရမည့်လူများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သေချာစီစဉ်ထားသည်လားဟုပင် ခံစားနေ မိ၏။
ပွဲစီစဉ်သူ ပေးခဲ့သည့်အဖြေသည် ရိုးရှင်းလွန်းလှချေသည်။ စကြဝဠာနတ်တိုက်ပွဲ ပြိုင်ပွဲဆိုသည်မှာ မျှတမှုကိုသာ ဦးစားပေးပြီး မည်သူတစ်ဦးတစ်ယောက်ကမှ စိုးမိုးချယ်လှယ်နေခြင်းမရှိပေ။ ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာကို သိပ်တော့ မယုံကြည်ချေ။ ထို့ကြောင့် ငြင်းခုံရန် ကြိုးစားလိုက်မိ၏။ သို့ပေမဲ့ ဘာမှ မပြောရသေးဘဲ ရင်းနှီးနေသည့် ညီနောင်ရောင်းရင်းများသည် သူ့အားဆွဲကာ အပြင်ဘက်သို့ ဆွဲ၍ ထုတ်သွားလေသည်။
“ဟမ့်.. ဒီလိုကြီးလား”
ကုန်းရှန့်သည် ခေါင်းကိုကုတ်ကာဖြင့် အော်ဟစ်လိုက်၏။ “ဒီနေရာမှာ နောက်ကွယ်က တစ်ခုခု လုပ်ထားတာ ရှိရမယ်”
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် မျက်နှာကို အသာလှည့်ကာဖြင့် ပြောလိုက်သည်။ “ရှက်စရာကောင်းလိုက် တာ။ ကျုပ်တို့ သူ့ကို မသိဘူး”
ပွဲကြည့်စင်ဘက်ကို ပြန်ကာ ကြည့်ရှုရမည်ဆိုလျှင် ရီရှင်းချန်သည် ပခုံးကိုတွန့်ကာ ပြောလိုက်သည်။ “ကြည့်ရတာ ကောင်းကင်ကြီးက ကျုပ်ရဲ့အမှားအတွက် အခွင့်အရေး ထပ်ပြီး ပေးခဲ့တာနဲ့တူတယ်”
“ဂျူနီယာညီလေးရီ ဉာဏ်အလင်း ရသွားပြီပဲ” စုရှောင်မိုက ပြောလိုက်သည်။ “ဒီမိန်းမကို တာဝန်ယူတော့မှာ မဟုတ်လား”
တွေးကြည့်ရမည်ဆိုလျှင် အတွေးမှားနေခြင်းသာဖြစ်၏။ ရီရှင်းချန်၏ အမှားအယွင်း ဆိုသည်မှာ တကယ်တမ်း အဲဒီအချိန်တုန်းက အမျိုးသမီးကို မသတ်ပစ်ခဲ့ရခြင်းအတွက်ဖြစ်သည်။ ယနေ့အချိန်မှာတော့ ထပ်မံကာ တွေ့ဆုံ ခဲ့ရသည်။ ထို့ကြောင့် ကျိန်းသေပေါက် ညှာတာပေးလိမ့်မည် မဟုတ်ချေ။ အတွင်းစိတ်မိစ္ဆာဆိုးကို ဖြတ်တောက် နိုင်ရန်အတွက် သူသည် သူမကို သတ်ဖြတ်ပစ်ရပေလိမ့်မည်။
ဘန်း
ကောင်းကင်ပုဆိန်ကြီးသည် သူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့၏။ သူသည် လင်းလီနှင့် တိုက်ခိုက်သည့်အချိန်က ဤလက်နက်ကို မသုံးခဲ့ချေ။ ယခု ထိုအရာကို ထုတ်ဖော်လိုက်သည်ဖြစ်သောကြောင့် သတ်ဖြတ်ချင်နေသည်မှာ ထင်ရှားလှသည်။
ဒွီ
ကျဲ့လင်းရောင်၏ လက်ပေါ်တွင် အလင်းတန်းများ ပေါ်ပေါက်သွားခဲ့၏။ ခုနှစ်ပေခန့်ရှည်သော ဓားရှည်တစ်ခုက ပေါ်ပေါက်လာသည်။ အစမှ အဆုံးအထိ သူမ၏ မျက်လုံးများထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့၏။ သူမသည် ရီရှင်းချန်ကို ကြည့်လေ၊ ပိုမိုကာ သတ်ဖြတ်ချင်လေဖြစ်သည်။ သူသည် သူမကို ကယ်တင်ခဲ့၏။ နှစ်ယောက်ကြားတွင် တကယ်ပင် လိုက်ဖက်ညီသည့် ဆက်ဆံရေးကို ရရှိခဲ့၏။ သို့ပေမဲ့ လှိုဏ်ဂူထဲသို့ ရောက်သည့် အချိန်မှာတော့ အမှားအယွင်းတစ်ခုကို ပြုလုပ်ခဲ့ပြီး ကြင်နာမှုများမှသည် အမုန်းတရားများအဖြစ်သို့ ပြောင်းလဲ ခဲ့၏။
“ပြိုင်ပွဲစမယ်” ဒိုင်လူကြီးက ကြေညာလိုက်သည်။
ရွှီး
ရီရှင်းချန်သည် ကောင်းကင်ပုဆိန်ကြီးကို လှမ်းဆွဲကာဖြင့် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူ၏စွမ်းအင် သို့မဟုတ် သူ၏အော်ရာများ အားလုံးသည် လင်းလီနှင့် တိုက်ခိုက်စဉ်ထက် ပိုမိုကာ အားကောင်း၏။ သံသယရှိစရာပင် မလိုချေ။ သူသည် ကျိန်းသေပေါက် သတ်ဖြတ်ပေတော့မည်။
..........
စုရှောင်မိုသည် ဦးခေါင်းကို ခါယမ်းလိုက်၏။ “ဂျူနီယာညီလေးရီ သတ်ပစ်မှာ စိုးရိမ် ရတယ်”
..........
ဆွစ်
ကျဲ့လင်းရောင်သည် အမုန်းတရားများ ပြည့်နှက်စွာဖြင့် သူမ၏ဓားကို ဝှေ့ယမ်းလိုက်၏။ သို့ပေမဲ့ သူမသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။ လက်တစ်ခုလုံး ထုံကျင်သွားသည် ခံစားချက်ကို လျစ်လျှုရှုပြီး ဘေးတစ်ဖက်ဆီသို့ လျင်လျင်မြန်မြန် ရှောင်ရှားလိုက်သည်။
ဘုန်း
ရှောင်နေစဉ်မှာပဲ ကောင်းကင်ပုဆိန်ကြီးသည် အပေါ်မှ အောက်သို့ ကျဆင်းလာပြန်သည်။ အောက်စင်မြင့်ကြီး တစ်ခုလုံးသည်လည်း ပိုင်းပြတ်သွားခဲ့တော့သည်။ ကံကောင်းစွာဖြင့် သူမသည် လျင်လျင်မြန်မြန် ရှောင်တိမ်းနိုင် ခဲ့၏။ မဟုတ်ပါက တစ်ခါတည်း သေဆုံးသွားနိုင်၏။
“ဒါက ရက်စက်လွန်းတယ်။ မိန်းကလေးတစ်ယောက်ကို”
ညအင်ပါယာသည် မိန်းကလေးတစ်ယောက်ဆိုသည့်အကြောင်းကို အာရုံစိုက်လိမ့်မည် မဟုတ်ချေ။ ပွဲကြည့် ပရိသတ်များမှာတော့ ထိုအရာကို ကြည့်ရှုရင်း ဒေါသထွက်လျက်ရှိသည်။
ဒေါင် ဒေါင် ဒေါင် ဒေါင်
ကျဲ့လင်းရောင်သည် ခက်ခက်ခဲခဲဖြင့် ရှောင်ရှားရင်း စင်မြင့်၏ အစပ်ဆီသို့ ရောက်ရှိသွားသည်။ သူမ၏ မျက်လုံး ထဲတွင် အမုန်းတရားများ ပြည့်နှက်နေသည်ဆိုသော်လည်း နှလုံးသားထဲတွင်တော့ နာကျင်မှုများဖြင့် ပြည့်နှက်လျက် ရှိသည်။ ဤနှစ်ပိုင်းအတွင်း သူမသည် တော်တော်ပင် ရင့်ကျက်လာခဲ့တော့၏။ တိမ်ပင်လယ် စကြဝဠာပတ်လမ်း၏ အဓိက ဗိုလ်စွဲသူလည်း ဖြစ်လို့လာခဲ့သည်။ သို့ပေမဲ့ ဤလူနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ ကြီးမားလှသည့် ကွာခြားချက်က တည်ရှိလို့နေခဲ့၏။
ရွှီး
ရီရှင်းချန်သည် သူ၏ပုဆိန်ကြီးကို အသာမြှောက်ပြီးသည့်နောက် အားကောင်းလှသည့် စွမ်းအင်များနှင့်အတူ ဝှေ့ယမ်းလိုက်သည်။ ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရသည့်အချိန်တွင် ကျဲ့လင်းရောင်အနေဖြင့် လှုပ်ရှားမှု နည်းစနစ်မျိုးကို အသုံးပြု၍ ရှောင်ရှားရုံသာ တတ်နိုင်ခဲ့၏။ တန်ပြန်တိုက်ခိုက်မှုကို တစ်ချက်ကလေးမှ မထုတ်ဖော် နိုင်ချေ။
ဘုန်း ဘုန်း ဘုန်း
ရီရှင်းချန်သည် တကယ့်နွားရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ရှေ့ဆီသို့တိုး၍ တိုက်ခိုက်နေ ခဲ့၏။ စင်မြင့်၏ ကြမ်းပြင်တစ်ခုလုံးသည် ပြိုလဲလျက်ရှိနေ၏။ ကျဲ့လင်းရောင်သည် အတင်းနောက်ကို ဆုတ်နေ ရ၏။ သွားစရာနေရာ မရှိတော့သည့် အခြေအနေဆီသို့ပင် ရောက်ရှိလာခဲ့၏။ သူမသည် လက်နှစ်ဖက်ဖြင့် စည်းအတားအဆီးတစ်ခုကို မြန်မြန်ဆန်ဆန် ဖန်တီးကာဖြင့် မုန်းတီးစွာ ပြောလိုက်၏။
“မဖျက်ဆီးနိုင်တဲ့ မီးတည်နေရာ”
“ဟမ့်”
ဝုန်း
စင်မြင့်အထက် သူမတည်ရှိနေရာတွင် ကြက်သွေးရောင်ကဲ့သို့ အလင်းများ ရုတ်တရက် ပေါ်ပေါက်လာ၏။ အမျိုးသမီးသည် အနောက်ဘက်သို့ လှမ်းဆုတ်ကာ ပုန်းကွယ်လိုက်သည်။
“ကောင်းကင်ကိုကြည့်”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်၏။ အားလုံးသောသူတို့သည် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ လေထုထဲတွင် ကြက်သွေးရောင်မျဉ်းကြောင်းများနှင့် တူညီလှသည့် ပုံပန်း သွင်ပြင်တစ်ခုက ပေါ်ပေါက်လာ၏။ ထိုအရာသည် ကြာပန်းပုံစံ တစ်ခုကဲ့သို့ပင်။
“ဒါ လုံးဝပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ မီးဓာတ်အမျိုးအစား စွမ်းရည်တစ်ခုပဲ” ကျန့်ကွေ့ရှုက ပြောလိုက်သည်။
“ကျုပ်လည်း ကြားဖူးတယ်”
ကုထျန်းရှင်းက ပြောလိုက်၏။ “ထိပ်တန်းမီးဓာတ်ကျင့်ကြံသူတစ်ယောက်က တိမ်ပင်လယ် စကြဝဠာပတ်လမ်းမှာ အရင်တုန်းက ပေါ်ပေါ်ခဲ့ဖူးတယ်။ ဒီစွမ်းရည်က ထွက်လာတယ်ဆိုတော့ သူနဲ့ပတ်သက် နေတာလား”
ကျွင်းချောင်ရှောင်းသည် ထိုစကားကို ကြားရသည့်အချိန်မှာတော့ ထိုင်ခုံကို အသာမှေးမှီကာ မေးစေ့ကို ပွတ်သပ် လိုက်သည်။ “ဒီမိန်းမရဲ့ အားအင်အဆင့်က ငါပေးခဲ့တဲ့ အရင်းအမြစ်တွေနဲ့ မသက်ဆိုင်နိုင်ဘူး။ အပြင်ဘက်မှာ အခွင့်အရေးတစ်ခုခုကို ရရှိခဲ့တာပဲ”
ဆွစ် ဆွစ် ဆွစ်
ချက်ချင်းပဲ မီးတောက်အလင်းတန်းများသည် အလွန်ပူပြင်းလှသည့် မီးတောက်လှိုင်းများကို ထုတ်ဖော်လျက် ရှိ၏။ ရီရှင်းချန်သည် နှာခေါင်းကို ရှုံ့ကာ ပြောလိုက်၏။ “အင်း.. သာမန်စွမ်းရည်လေးပါပဲ”
ရွှီး ....။
သူသည် ပုဆိန်ကြီးကို လက်တစ်ဖက်ဖြင့် ဝှေ့ယမ်းလိုက်၏။ တိုက်ရိုက်ဆိုသလိုပဲ သူ့ဆီသို့ ကျဆင်းလာခဲ့သည့် မီးတောက်များကို ဖယ်ရှားပစ်တော့သည်။ ပြီးနောက် အသာလှည့်ကာဖြင့် ကျဲ့လင်းရောင်ကို ပုဆိန်ကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။ သို့ပေမဲ့ ထိုအမျိုးသမီးသည် ပျောက်ကွယ်နှင့်နေပြီဖြစ်သည်။
ရီရှင်းချန်သည် ပုဆိန်ကြီးကို အသာသိမ်းကာ အပေါ်သို့ မော့ကြည့်လိုက်၏။ ပုံရိပ်ယောင်၏ အလယ်ဗဟိုတွင် ကျဲ့လင်းရောင်က မတ်မတ်ရပ်လျက်ရှိ၏။ သူမ၏လက်များသည် ဖြန့်ကားထားခဲ့၏။
ဒွီ ဒွီ
မြေပြင်နှင့် လေထဲတွင် ရှိနေသည့် ကြာပန်းပုံသဏ္ဍာန်မီးတောက်များသည် တဖြည်းဖြည်း လည်ပတ်လာသည်။
ဆွစ် ဆွစ် ဆွစ်
ပိုမိုအားကောင်းလွန်းလှသည့် မီးတောက်များသည် လေထုထဲတွင် ပြည့်နှက်လျက် ရှိနေပြီး ကျဲ့လင်းရောင်ကို ဖုံးလွှမ်းနေခဲ့၏။ ပြီးသည့်နောက် သူမသည် သူမ၏ လက်များကို ရီရှင်းချန်ရှိရာသို့ အသာရွေ့လိုက်၏။
“ထာဝရ မီးတည်နေရာ၊ ထာဝရကျွမ်းလောင်ခြင်း”
“..........”
ကျွင်းချောင်ရှောင်းသည် အမှန်ပင် အံ့အားသင့်လို့နေခဲ့သည်။ တိုက်ကွက်နာမည်များသည် ကြောင်တောင်တောင်နိုင်လွန်းသည်။ မည်သို့သော ဉာဏ်ကြီးရှင်က ပေးထားသနည်း။
ဝှစ်
ထိုအချိန်မှာတော့ ကျဲ့လင်းရောင်ဆီမှ ထွက်ပေါ်လျက်ရှိသည့် မီးတောက်များသည် ရေတံခွန်ကဲ့သို့ပင် ကောင်းကင်ယံထက်မှ ကျဆင်းလာခဲ့၏။ ပူလောင်လွန်းလှသော စွမ်းအင်များသည် တည်နေရာတစ်ခုလုံးအား ပြိုလဲစေခဲ့၏။
“မြန်မြန်... မြန်မြန်၊ ရှောင်ကြ၊ ရှောင်ကြ”
ပွဲစီစဉ်သူများက အော်ဟစ်လိုက်သည်။ ချက်ချင်းပဲ ဒါဇင်နှင့်ချီသော အစီအရင်ဆရာများ ရောက်ရှိလာခဲ့ပြီးသည့်နောက် ပွဲကြည့်စင်တစ်ခုလုံးအား အားကောင်းလွန်းလှသော အစီအရင်များဖြင့် ထောက်ပံ့ပေးလိုက်ကြသည်။
ပြောရမည်ဆိုရင် ပွဲကြည့်သူများအားလုံးသည် ကြောက်လန့်နေခဲ့ကြ၏။ သို့ပေမဲ့ အားဖြည့်ကာ လာရောက် ပြင်ဆင်နေသည့် အစီအရင်ဆရာများကို မြင်ရသည့်အချိန်မှာတော့ သူတို့သည် တိုက်ပွဲကိုကာ ပြန်လည်ကာ အာရုံစိုက် ကြည့်ရှုနေ၏။
ရီရှင်းချန်သည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ မီးတောက်များ သူ့ဆီသို့ ကျဆင်းလာသည့်အချိန်မှာတော့ ကောင်းကင်ပုဆိန်ကြီးသည် လေဟာနယ်ထဲကို ထိုးခွင်းသွားခဲ့ပြီဖြစ်သည်။
ဘုန်း
ပုဆိန်၏ထိပ်သည် မီးတောက်များနှင့် ကြမ်းကြမ်းတမ်းတမ်း ထိပြီးသည့်နောက် ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာခဲ့သည်။ တလက်လက် တောက်ပနေသော မီးတောက်များသည် ကြမ်းတမ်းလွန်းလှသော ကျားရဲကြီး တစ်ကောင်ကဲ့သို့ပင် သူ့ကို ရူးရူးမူးမူး တိုက်ခိုက်နေ၏။
“မင်းလုပ်နိုင်တာ ဒါပဲလား” ရီရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“........”
ကျဲ့လင်းရောင်များသည် မီးဓာတ်သဘာဝများကို အသုံးပြုပြီးသည့်နောက် မီးပင်လယ်ကြီး တစ်ခုအဖြစ် ဖန်တီးကာ တိုက်ခိုက်လျက် ရှိ၏။
“အရမ်းအားကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်က ငါ့ရဲ့သွေးတွေကို ဆူဝေစေတယ်”
ရီရှင်းချန်သည် ခြေထောက် တစ်ဖက်ကို မြှောက်ကာ ပြောလိုက်သည်။ “အားနည်းတဲ့ ပြိုင်ဘက်ကတော့ ငါ့ကို ပျင်းရိစေတယ်။ ဒီတော့ တိုက်ပွဲကို ဒီမှာအဆုံးသတ်ရအောင်”
ဝုန်း
ရီရှင်းချန်သည် မြေကြီးကို ဆောင့်နင်းလိုက်၏။ ကြမ်းတမ်းလွန်းသော စွမ်းအင်များသည် တည်နေရာ အနှံ့ဆီသို့ ပျံ့နှံ့သွားသည်။ တိုက်ခိုက်ရေးတည်နေရာတစ်ခုလုံးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွား၏။ တည်ရှိနေသည့် အနီရောင်ကြာပန်းကြီးသည်လည်း ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့၏။
ဝေါ့
ကျဲ့လင်းရောင်သည် သွေးတစ်လုတ် အန်ထုတ်လိုက်၏။ သူမ၏ မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေသည်။
သို့ပေမဲ့ ရီရှင်းချန်သည် ချက်ချင်းဆိုသလိုပဲ သူမ၏ ရှေ့၌ ပေါ်ပေါက်လာသည်။ သတ်ဖြတ်ခြင်းဆန္ဒများ ပါဝင်လျက်ရှိသည့် ပုဆိန်ကြီးသည် တလက်လက်တောက်ပလျက်ရှိ၏။
ဤတိုက်ခိုက်ချက်၊ ကျဲ့လင်းရောင်သည် ကျိန်းသေပေါက် သေဆုံးရပေတော့မည်။
“ချီးတဲ့မှ”
စုရှောင်မိုသည် တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဂျူနီယာညီလေးရီ တကယ်ပဲ ကိုယ့်ရဲ့တာအိုကို သက်သေပြဖို့အတွက် မိန်းမကို သတ်တော့မှာလား”
“...........”
ရှောင်ကျီနှင့် တခြားသူများသည် ခေါင်းကိုအသာ တစ်ဖက်ခြမ်းဆီသို့ လှည့်လိုက်မိ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် ကျွင်းချောင်ရှောင်းကို လှမ်းကြည့်လိုက်၏။ ထိုအချိန်မှာတော့ ဂိုဏ်းချုပ် တစ်ယောက်သည်သာ ရီရှင်းချန်ကို တားဆီးနိုင်သည်။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “သူတို့ကြားမှာရှိတဲ့ အငြှိုးအတေး ကိစ္စရပ် တွေကို သူတို့ဘာသာသူတို့ ဖြေရှင်းရမှာပဲ”
ဝှစ်
ကြမ်းတမ်းလွန်းလှသော ချီလှိုင်းများကို သယ်ဆောင်လာခဲ့သည် ရီရှင်းချန်သည် ကျဲ့လင်းရောင်ကို သတ်ဖြတ် ချင်သည်မှာ သေချာလှသည်။
.......
ပွဲကြည့်ပရိသတ်များ အားလုံးသည်လည်း ရက်စက်လှသော မြင်ကွင်းကို ဆက်လက်မကြည့်ရဲသောကြောင့် ခေါင်းကို တစ်ဖက်ဆီသို့ လှည့်လိုက်မိသည်။ ကျဲ့လင်းရောင်သည် သူမ၏ ထူးခြားလွန်းလှသော မီးစွမ်းအင်များ ချိုးဖြတ်ခံရပြီးနောက် ဒဏ်ရာရရှိနှင့်ပြီးဖြစ်၏။ ဤတလက်လက် တောက်ပလျက်ရှိနေသည့် ပုဆိန်ကြီး တဖြည်းဖြည်း နီးကပ်လာသည်ကို ကြည့်ရှုပြီးသည့်နောက် သူမ၏ ဖြူလျော်လျက် ရှိနေသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။
“သေစမ်း”
ရီရှင်းချန်က အော်ဟစ်လိုက်၏။ ပုဆိန်ကြီးသည် လေဟာနယ်ကို ထိုးခွင်းကာ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တွင် ရှိနေသော လေဟာနယ်ကြီးတစ်ခုလုံးပင်လျှင် ပြိုကွဲလျက် ရှိနေ၏။ ဤအရာသည် တော်ရုံ စွမ်းအားမြင့် ကျင့်ကြံသူကိုပင် တစ်ခါတည်း သေဆုံး သွားနိုင်စေ၏။ ဤကဲ့သို့ ဒဏ်ရာရရှိထားသော အမျိုးသမီး ဆိုလျှင် ပြောနေစရာပင် မလိုချေ။
သို့ပေမဲ့ ဤကဲ့သို့ အခြေအနေမျိုးတွင် မထင်မှတ်ထားသော ကိစ္စတစ်ခုက ဖြစ်ပွားခဲ့၏။
ဘုတ်
ကျဲ့လင်းရောင်နှင့် မီတာအနည်းငယ်အရောက်တွင်တော့ ပုဆိန်ကြီးသည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ ရီရှင်းချန် ၏ စွမ်းရည်များအားလုံးသည် ပျောက်ကွယ်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တောင့်တောင့်ကြီး ရပ်တန့်လျက်ရှိသည်။
“ဘာတွေဖြစ်ကုန်တာလဲ” အားလုံးတို့သည် ဇဝေဇဝါ ဖြစ်သွားကြ၏။ ကျွင်းချောင်ရှောင်းသည် အသာခေါင်းပြူ ကာဖြင့် လှမ်းကာကြည့်လိုက်သည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည်လည်း အလားတူပင်။
ရီရှင်းချန်သည် တွေဝေငေးငိုင်နေသည့် အမူအရာဖြင့် ရပ်တန့်လျက် ရှိနေသည်။ သူသည် ကျဲ့လင်းရောင်၏ ဝမ်းဗိုက်ကို စူးစိုက်ကြည့်နေသည်။
ပြိုင်စံရှားဂိုဏ်းမှလူများသည် တစ်စုံတစ်ခုကို နားလည်စွာဖြင့် ထကာ အော်ဟစ်လိုက်မိ၏။ “မဖြစ်နိုင်ဘူး” သူတို့၏ အသံများသည် ကျယ်လောင်လွန်းလှသည်။ ထျန်းလော်နယ်မြေကြီး တစ်ခုလုံးကိုပင် လှုပ်ခါသွားစေခဲ့၏။