အခန်း ၁၈၈၂
Vol. 126 Ch. 1882
အပိုင်း (၁၈၈၂)
သူမနှင့် ရီရှင်းချန်တို့အကြား စွမ်းအင်ကွာခြားချက်မှာ ကြီးမားကြောင်းကို ကျဲ့လင်းရောင်က သိရှိလိုက်၏။ ထို့ကြောင့်ပင်လျှင် သူမသည် ခုခံခြင်းကို လက်လျော့လိုက်ပြီးသည့်နောက် လက်ကျန်စွမ်းအင်များ အားလုံးကို ဖြေလျော့လိုက်၏။ တည်တည်ငြိမ်ငြိမ်နှင့် သေခြင်းတရားကို လက်ခံရန်သာ ဆုံးဖြတ်ခဲ့သည်။
စကြဝဠာနတ်တိုက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စဉ်ကတည်းက သူမသည် သေသေရှင်ရှင်ဆိုသည့် စိတ်ထားမျိုး ကိုင်ဆွဲ ထားပြီးသားဖြစ်၏။ လက်ရှိ အခြေအနေတွင် ကျဲ့လင်းရောင်သည် စကားပြောဆိုရန် အခွင့်အရေး ရှိသည်ဆိုလျှင် ကျိန်းသေပေါက် ‘ရီရှင်းချန်... သရဲဖြစ်သွားရင်တောင် ရှင့်ကို ခွင့်လွှတ်မပေးဘူး’ ဟု ပြောဆိုနေမှာ သေချာ၏။
ဖောက်
ပြင်းထန်လွန်းသော စွမ်းအင်လှိုင်းများကို စုစည်းလျက်ရှိနေသည့် ရီရှင်းချန်သည် ရုတ်တရက် ပျံသန်းလာရင်းမှသည် ရပ်တန့်သွားခဲ့၏။ သူ၏ မျက်လုံးများသည် ဤအမျိုးသမီး၏ ဝမ်းဗိုက်ဆီသို့ စူးစိုက်ကြည့်ရှုလျက်ရှိ၏။ သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင် တည်နေရာ၌ တောင့်တောင့်ကြီး ရပ်တန့်နေမိသည်။
“အမ်”
ကျန့်ကွေ့ရှုနှင့် ကုထျန်းရှင်းတို့သည် အသာမျက်မှောင်ကုတ်လိုက်မိကြ၏။ ၎င်းတို့နှစ်ယောက်သည် လေထုထဲတွင် ဖြစ်တည်နေသည့် စွမ်းအင်လှိုင်းများကို ခံစားမိ၏။ ထို့ကြောင့်ပင်လျှင် ရုတ်တရက်ထကာ အော်လိုက်မိသည်။ “အမ် သန္ဓေသားစွမ်းအင်လား”
မှန်ပေသည်။ သန္ဓေသားစွမ်းအင်သာဖြစ်၏။ ၎င်းတို့၏ အဆင့်အရ အမျိုးသမီး တစ်ယောက်သည် ကိုယ်ဝန်ရှိလား၊ မရှိလား ဆိုသည်ကို သိရှိနိုင်ရန် အလွန်ပင် လွယ်ကူလွန်းလှ၏။
ထို့အတူ ရီရှင်းချန်ကလည်း ကောင်းကောင်း နားလည်သည်။ သူသည် ရင်းနှီးပြီး အားကောင်းလွန်းသော ခံစားချက်များကို ရရှိခဲ့၏။ ထို့အပြင် သွေးသည် ရေထက် ပိုမိုကာ ပျစ်ခဲလှသည် မဟုတ်ပါလား။
သူ၏အတိတ်တုန်းကဆိုလျှင် ညအင်ပါယာသည် မောက်မာလှသည့် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း အတွေ့အကြုံများစွာ ရှိခဲ့၏။ ထို့ကြောင့် ဤအမျိုးသမီး၏ ဝမ်းဗိုက်ထဲတွင် ကလေးတစ်ယောက် ရှိနေသည်ကို သူက ကောင်းကောင်းသိသည်။
အား....
ရီရှင်းချန်၏ စိတ်တစ်ခုလုံးသည် ပေါက်ကွဲထွက်သွားပုံပေါ်၏။ သူသည် လက်ထဲတွင် ရှိနေသည့် ပုဆိန်ကြီးကို အသာ ပစ်ချပြီး ဦးခေါင်းကို ဆုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်လျက်ရှိ၏။
ဇွိ .....။
ဓားမြှောင်တစ်ချောင်းသည် ရုတ်တရက် သူ၏ရင်ဘတ်ကို လာရောက်ထိုးစိုက်၏။ စူးရှလွန်းလှသော နာကျင်မှု သည် ရီရှင်းချန်ကို သတိဝင်စေခဲ့၏။ သူသည် ရုတ်တရက် ကျဲ့လင်းရောင်ကို ခေါင်းမော့ကာ ကြည့်လိုက်သည်။ ဤမြင်ကွင်းသည် ရိုးရှင်းလွန်းလှပေသည်။ သူ၏ အတိတ်ဘဝတုန်းက ဧကရီလင်းရောင်သည် ဤနည်းလမ်းအတိုင်း သူ့ကို သတ်ဖြတ်ခဲ့သည်။
ကျဲ့လင်းရောင်၏ အမဲရောင်ဆံနွယ်များသည် ရှုပ်ထွေးလျက် ရှိနေ၏။ သူမ၏ မျက်နှာသည် ဖြူလျော်လျက် ရှိနေပြီး ဓားမြှောင်ကို လက်တစ်ဖက်ဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့၏။ ခက်ခက်ခဲခဲဖြင့် ဖျစ်ညှစ်ကာ ပြုံးလျက်ရှိ၏။ သူမသည် လက်စားချေနိုင်ခဲ့ပြီဖြစ်၏။ နောက်ဆုံးတွင် လက်စားချေနိုင်ခဲ့ပြီဖြစ်၏။
ဟူး ဟူး
ရီရှင်းချန်သည် ဒေါသဖြင့် သူ၏လက်ကို မြှောက်လိုက်၏။ ဤကဲ့သို့သော အရာမျိုးကို နှစ်ကြိမ်တိုင်တိုင် တွေ့ကြုံ ခံစားပြီးပြီ ဖြစ်သောကြောင့် သူသည် လုံးဝခွင့်မလွှတ်နိုင်ချေ။ တစ်ဖက်လူကို သေအောင်သတ်ရပေလိမ့်မည်။ အတိတ်တုန်းက မှတ်ဉာဏ်များသည် သူ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။ ညအင်ပါယာသည် လုံးဝ ရူးသွပ်သွားသည့် လူတစ်ယောက်ကဲ့သို့ပင်။ လက်ထဲတွင် ဖျက်ဆီးနိုင်လောက်သည့် စွမ်းအားများကို စုစည်းပြီး ကျဲ့လင်းရောင်ကို ရိုက်နှက်လိုက်သည်။
“သွားပြီပဲ”
စုရှောင်မိုက အော်ဟစ်လိုက်၏။ “ဂျူနီယာညီလေးရီက သူ့ရဲ့မိန်းမကို သတ်ချင်ရုံတင်မကဘူး။ သူ့ကလေးကိုပါ သတ်တော့မှာပဲ”
“...........”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိလိုက်၏။ လက်ရှိအခြေအနေမှာတော့ တိုက်ခိုက်ရေးတည်နေရာထဲသို့ ပြေးဝင်သွားပြီး ကျဲ့လင်းရောင်ကို ကယ်တင်ရမလား၊ မကယ်တင်ရဘူးလား ဆိုသည်ကို သူက စဉ်းစားနေမိ၏။ ပြောရမည်ဆိုလျှင် ဤအမျိုးသမီးသည် ရီရှင်းချန်ကို ဓားမြှောင်နှင့် ထိုးနှက်ခဲ့သည် ဆိုသော်လည်း သူ့တပည့်၏ ကျင့်ကြံခြင်းအဆင့်အရ ဒဏ်ရာသာ အများဆုံးရရှိပေလိမ့်မည်။ သူသည်သာ မကယ်ပါက လက်ရှိအချိန်တွင် အသက် နှစ်ချောင်းသည် အလဟသ ဆုံးရှုံးသွားမှာဖြစ်၏။ ကယ်တင်ခြင်း၊ သူသည် ကျိန်းသေပေါက် ကယ်တင်ရပေမည်။ ကလေးဆိုသည်မှာ အပြစ်ကင်းစင်လှသည်။
ဖောက်
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထကာ လှုပ်ရှားရန် ပြင်လိုက်သည့် အချိန်မှာပဲ အောက်သို့ကျဆင်းလာခဲ့သည့် ရီရှင်းချန်၏ လက်ဝါးရိုက်ချက်သည် ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူသည် ရူးသွပ်သွားသည်။ အလုံးစုံ ရူးသွပ် သွားသည်။ သို့ပေမဲ့ ဤအမျိုးသမီးနှင့် နီးကပ်သည့်အချိန်မှာတော့ ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကလေး၏ အော်ရာ များကို ခံစားမိ၏။ သွေးသည် ရေထက်ပျစ်သည်ဟု သူကခံစားမိ၏။ ထို့ကြောင့် ရုတ်တရက် ရပ်တန့်သွားခြင်း ဖြစ်၏။
“အင်း... တကယ့်ကို ကြမ်းတမ်းတဲ့ ကျားရိုင်းတောင်မှ သူ့ရဲ့ကလေးကို မစားဘူးလေ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထိုင်ချကာ တွေးလိုက်မိသည်။ “လူတွေဆိုရင် ပိုဆိုးတာပေါ့”
“ကျွန်မကို သတ်လေ”
ကျဲ့လင်းရောင်သည် ရီရှင်းချန်ကို စူးစိုက်ကြည့်လိုက်၏။ သူမ၏ မျက်လုံးထဲတွင် အမုန်းတရား များနှင့် ပြည့်နှက်နေ၏။ “ကျွန်မကို သတ်လိုက်တော့”
သူမသည် ဝမ်းဗိုက်ထဲတွင် ကလေးရှိနေသောကြောင့် ဤကဲ့သို့ ဝံ့ကြွားစွာ ပြောဆိုနေခြင်း မဟုတ်ပေ။ ပြန်လည်မွေးဖွားနိုင်စွမ်း မရှိတော့သည် အခြေအနေတစ်ခုအထိ သတ်ဖြတ်ပစ်ခံရမည် ဆိုလျှင်တောင်မှ စိုးရွံ့လိမ့်မည် မဟုတ်ချေ။
သူမသည် ကိုယ်ဝန်ရှိ၏။ ကျဲ့လင်းရောင်သည် ထိုအချင်းအရာကို မသိဘဲ ဘယ်နေလိမ့်မည်နည်း။ သူမ၏ ဝမ်းဗိုက်ထဲရှိ သန္ဓေသားအား သတ်ဖြတ်ပစ်ရန် တစ်ကြိမ် စဉ်းစားခဲ့မိ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူမသည် မလုပ်နိုင်ခဲ့ချေ။ စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ကလေး၏ ဖွံ့ဖြိုး တိုးတက်မှုကို ဖိနှိပ်ထားရန်သာ ပြုလုပ်နိုင်၏။ အချိန်ကို ရေတွက်ကြည့်ရမည်ဆိုလျှင် မတော်တဆ ကိစ္စရပ် ဖြစ်ပွားခဲ့သည်မှာ ဆယ်နှစ်နီးပါးခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် ဤကလေးသည် ဝမ်းဗိုက်ထဲတွင် ဖိနှိပ်ခံထားရသည်မှာ ဆယ်နှစ်ကြာမြင့်ခဲ့လေ၏။
ကျဲ့လင်းရောင်သည် မည်သို့မှ ပြန်လည် မတိုက်ခိုက်ဘဲ ခုခံခြင်းကို လက်လျော့လိုက်သည့်အချိန်၌ ကလေး၏အော်ရာများသည် ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် တစ်ဖက်လူသည် ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်၏။ သိုင်းကျင့်ကြံခြင်းလောကမှလူများသည် ကောင်းကင်ပေါ်တွင် ပျံသန်းနိုင်သည်ဖြစ်သောကြောင့် ကလေး တစ်ယောက်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖိနှိပ်ထားရန် ဆိုသည်မှာ အလွန်ပင် လွယ်ကူ လွန်းလှသည်။
ဇွိ ဇွိ .....။
ရီရှင်းချန် တုံ့နှေးနေသည်ကို အခွင့်အရေးယူပြီးသည့်နောက် ကျဲ့လင်းရောင်သည် ဓားနှင့်တစွပ်စွပ် ထိုးနှက်လျက် ရှိ၏။
“............”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားသည် “ဒါက ကြမ်းလွန်းအားကြီးတယ်”
ဆွစ်
ရီရှင်းချန်သည် လက်ကို မြှောက်ပြီးသည့်နောက် ကျဲ့လင်းရောင်၏ လက်ကောက်ဝတ်ကို ဖမ်းဆုပ်လိုက်သည်။ မည်သည့် ရှင်းပြချက်မှမရှိဘဲ သူသည် သူမကို တိုက်ခိုက်ရေးတည်နေရာဆီမှဆွဲကာ အောက်သို့ ခုန်ဆင်းလိုက်၏။
ဒိုင်လူကြီးသည် ကြောင်အသွား၏။ စကြဝဠာနတ်တိုက်ပွဲ၏ စည်းမျဉ်းအရဆိုလျှင် တစ်စုံတစ်ယောက်သည် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ ဆင်းသက်လိုက်သည်ဆိုသည်နှင့် ရှုံးနိမ့်သွားမှာဖြစ်၏။ ယခု ပါဝင်ယှဉ်ပြိုင်သူ နှစ်ယောက်တို့သည် အတူတကွ ဆင်းသက်သွားခဲ့၏။ သူမည်သို့ ဆုံးဖြတ်ရမည်နည်း။
“အင်း... နှစ်ဖက်လုံးက ပြိုင်ပွဲကနေ ထွက်ခွာသွားခဲ့ပြီ”
ထိုအချိန်မှာပဲ ပွဲစီစဉ်သူသည် ကျယ်လောင်စွာ ကြေညာလိုက်၏။ “ပြိုင်ပွဲက နုတ်ထွက်သွားတယ်လို့ပဲ ကြေညာလိုက်မယ်” ဤစကားစု၌ အနိုင်ရသူ နှင့် ရှုံးနိမ့်သူဟူ၍ မရှိပေ။
ရီရှင်းချန်မှာတော့ ဖြစ်ပေါ်လာသည့် ရလဒ်များကို ဂရုမစိုက်ချေ။ ကျဲ့လင်းရောင်ကို ဆွဲခေါ်ကာဖြင့် ကျွင်းချောင်ရှောင်း ဆီသို့ အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်... ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု လုပ်စရာရှိလို့ သွားလိုက်ပါအုံးမယ်”
“သွား သွား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ခဏလောက် ကြာပြီးသည့်နောက် သူက ထပ်ပြောလိုက်၏။ “ကိုယ်ရေးကိုယ်တာ ကိစ္စဆိုတာ သေသေချာချာ ကိုင်တွယ်တတ်ဖို့တော့ လိုမယ်”
“နားလည်ပါပြီ”
ရီရှင်းချန်သည် ကျဲ့လင်းရောင်အား ပွဲခင်းထဲမှ ဆွဲခေါ်သွား၏။ ဤအမျိုးသမီးသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသည်ဖြစ်သောကြောင့် အားနည်းလျက်ရှိသည်။ ထို့ကြောင့် သူမ၏ လှုပ်ရှားမှုများသည် အမှန်ပင် ယိမ်းယိုင်လျက် ရှိနေတော့၏။ သူမသည် ဗိုက်ထဲတွင် ရှိနေသော ကလေး၏ အော်ရာများကိုပင် ဂရုမစိုက်နိုင်ခဲ့ချေ။
သူမက ဂရုမစိုက်သော်လည်း ရီရှင်းချန်မှာတော့ ဂရုစိုက်လျက်ရှိ၏။ သူသည် သူမအား ဆွဲခေါ်သွားပြီးသည့်နောက် မင်းသမီးလေးတစ်ပါးကဲ့သို့ပင် ပွေ့ချီသွားခဲ့တော့၏။ “ကလေးတစ်ခုခု ဖြစ်မယ်ဆိုရင် မင်းသေချင်စိတ်ပေါက်တဲ့ အထိ ငါလုပ်ပြမယ်”
ဇွိ
သွေးများသည် သူ၏ရင်ဘတ်ဆီမှ ပန်းထွက်လာပြီး ကျဲ့လင်းရောင်၏ မျက်နှာဆီသို့ စင်မှန်လေသည်။
............
နဝမမြောက်အဆင့်၏ ပထမဦးဆုံး တိုက်ပွဲသည် ပြီးဆုံးသွားခဲ့၏။ ရီရှင်းချန်နှင့် ကျဲ့လင်းရောင်တို့သည် အတူတကွ အောက်သို့ ဆင်းသက်သွားသည်ဖြစ်သောကြောင့် နောက်တစ်ဆင့်သို့တက်သည့်လူ မရှိကြချေ။
“ပြိုင်စံရှားဂိုဏ်းရဲ့ တပည့်တစ်ယောက်က နောက်ဆုံးတော့ ထွက်ခွာသွားခဲ့ရပြီပဲ”
“ရီရှင်းချန် ဖြစ်နေလိမ့်မယ်လို့ မထင်မိဘူး” အားလုံးတို့သည် တီးတိုးဆွေးနွေးနေခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့် များသည် ကောင်းကောင်းမွန်မွန်နှင့် လက်စွမ်းပြလျက် ရှိနေ၏။ သို့ပေမဲ့ အဆုံးသတ်တွင် ဗိုလ်စွဲမည့်လူမှာ လူတစ်ယောက်တည်းသာလျှင် ဖြစ်၏။ ထို့ကြောင့် အားလုံးသောသူတို့သည် ရီရှင်းချန်ကို မြင့်မြင့်မားမား တွေးတော ထားခဲ့ကြ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ဤကဲ့သို့သော နည်းလမ်းဖြင့် ပြိုင်ပွဲမှ ထွက်ခွာသွားမည်ဟု သူတို့က မထင်မှတ်ခဲ့ချေ။
“အင်း... ယုံကြည်ရတဲ့လူက ဟယ်ဝူတီ ရှိသေးတယ်။ သူက ဒီနှစ်ပြိုင်ပွဲရဲ့ ဗိုလ်စွဲမယ့်လူ ဖြစ်နိုင်တယ်”
ရီရှင်းချန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သောကြောင့် အားလုံးသောသူတို့၏ မျက်လုံးများသည် ဟယ်ဝူတီဆီသို့ ရောက်ရှိလာ ခဲ့၏။ ထို့အပြင် သူ၏ပြိုင်ဘက်သည် မည်သူပင်ဖြစ်ဖြစ် အစကနေ အဆုံးအထိ တည်တည်ငြိမ်ငြိမ် တိုက်ခိုက် အနိုင်ယူနိုင်ခဲ့သည်လူဟူ၍ ဟယ်ဝူတီသာလျှင် ရှိသည် မဟုတ်ပါလား”
.........
လူပေါင်းများစွာတို့၏ အာရုံစူးစိုက်မှု ရောက်ရှိလာသည့်အချိန်မှာတော့ ဟယ်ဝူတီသည် အမှန်ပင် စိတ်ဓာတ်ကျလျက် ရှိ၏။ မူလအားဖြင့် ရီရှင်းချန်နှင့် ပြိုင်ပွဲတွင် တွေ့ဆုံရသည်ဆိုပါက တမင်တကာ အရှုံးပေးကာဖြင့် တစ်ဖက်လူကို ဗိုလ်စွဲအောင် ပြုလုပ်မည်ဟု စဉ်းစားထားခဲ့၏။ ကြည့်ရှုရသည်မှာ နောက်ထပ် ပစ်မှတ်တစ်ခုခု ရွေးချယ်ရန်သာ ရှိတော့၏။ မည်သူ့ကို ရွေးချယ်ရမည်နည်း။
ဟယ်ဝူတီသည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက် အကြီးဆုံးစီနီယာအစ်မကြီးဆီသို့ မျက်စိရောက်သွား၏။ “အင်း... သူမပဲ ဖြစ်ရမယ်”
မည်ကဲ့သို့ ဗိုလ်စွဲအောင် ပြုလုပ်မည်နည်းကို အားလုံးက စဉ်းစားနေတုန်းမှာပဲ သူကတော့ မည်ကဲ့သို့ အရှုံးပေး ရမည်ကို စဉ်းစားလို့နေသည်။
တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်ပွားလျက်ရှိသည်။ ကုထျန်းရှင်းသည် တိုက်ပွဲကို ကြည့်ရှုနေရင်း အသံပို့လွှတ်ကာ မေးမြန်းလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း.. မင်းတပည့်ရဲ့ အခြေအနေက ဘာလဲ”
“အင်း”
ကျွင်းချောင်ရှောင်းသည် ခဏလောက် တွေးတောကာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရှင်းချန်နဲ့ မိန်းကလေးကျဲ့တို့က ကောင်းကင်စက္ကူစလောကကြီးမှာ တစ်ကြိမ်တွေ့ဆုံခဲ့ကြတယ်။ ပြီးတော့ သူတို့က တစ်ကြိမ် မှောက်မှားခဲ့ကြတာပေါ့။ ပြီးတော့ ....”
“ကိုယ်ဝန်ရသွားတာလား” ကုထျန်းရှင်းက မေးမြန်းလိုက်သည်။
“ဟုတ်တယ်” ကျွင်းချောင်ရှောင်းသည် ပြန်ဖြေလိုက်၏။
“.............”
ကုထျန်းရှင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ သူ၏ မျက်ဝန်းထောင့်တွင် မျက်ရည်များ ရစ်သိုင်းလာမိ၏။ အတိတ် တုန်းက ကုမိသားစု၏ သွေးမျိုးဆက်ကို ရရှိရန်အတွက် သူသည် များပြားလွန်းလှသော စကြဝဠာများဆီသို့ ခရီး လှည့်လည်သွားလာပြီး ရေတွက်လို့မရအောင် များပြားလွန်းသည့် ကောင်းကင်နှင့် မြေကြီး၏ ရတနာများကို ရှာဖွေ ခဲ့ရ၏။ နှစ်ပေါင်းတစ်သောင်းလောက် ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပြီးမှသာလျှင် ကလေးတစ်ယောက်ကို ရရှိခဲ့ခြင်းဖြစ်၏။ တစ်ကြိမ်ပစ်ပြီး တစ်ကြိမ်ထိမှန်ခဲ့သော ရီရှင်းချန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူသည် အမှန်ပဲ ကံဆိုးလွန်းလှသည်။
“ဟင်း”
စုရှောင်မိုသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ “အင်း... ငါလည်း ဂျူနီယာညီလေးရီလောက်တောင်မှ အသုံးမကျဘူးပဲ”
“စီနီယာစဉ်အရဆိုရင်”
လီချင်းယန်က ပြောလိုက်သည်။ “ဂျူနီယာညီလေးရီရဲ့ ကလေးက ငါတို့ကို ဂိုဏ်းတူ ဦးလေးလို့ ခေါ်မှာ မဟုတ်လား။ ဒါဆိုရင် ငါတို့က သူ့အတွက် လက်ဆောင်တွေ ပြင်ဆင်ထားရတော့မှာပေါ့”
သူ၏ ဂိုဏ်းတူရောင်းရင်များ အားလုံးတို့သည်လည်း ထိုအရာကို တွေးတောလျက် ရှိ၏။
ညအင်ပါယာ၏ ကလေးသည်သာ မွေးဖွားလာခဲ့သည်ဆိုပါက ၎င်းတို့၏ ဝေစုများကို ပေးအပ်ရမည့်အပြင် လက်ဆောင်များကိုလည်း ပေးအပ်ရပေဦးမည်။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်ငြိမ်လျက် ရှိနေ၏။ သူသည် လက်များကို ယှက်ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “အင်း.. ရှင်းချန်မြင်ခဲ့တဲ့ အနာဂတ် ကိစ္စရပ် တွေက ဒါလားမသိဘူး။ ဒီမိန်းမနဲ့ သူရဲ့ဗိုက်ထဲမှာရှိတဲ့ ကလေးကြောင့် ငါ့တပည့်က ပြိုင်စံရှားဂိုဏ်းထဲကနေ ထွက်ခွာသွားရမှာလား”