အခန်း ၁၈၈၄
Vol. 126 Ch. 1884
အပိုင်း (၁၈၈၄)
ဘုန်း …..
ပြိုင်စံရှားဂိုဏ်း၏ အဓိကတောင်ထွတ်ပေါ်ရှိ လေ့ကျင့်ရေးကွင်းပြင်၌ စုရှောင်မိုသည် ကြီးမားလွန်းလှသော ဆေးအိုးကြီးကို အသာချလိုက်၏။
"ဒါဘာကြီးလဲ"
တပည့်များသည် စုဝေးရောက်ရှိလာကြသည်။
စုရှောင်မိုသည် အသံအကျယ်ဆုံးဖြင့် မိတ်ဆက်ပေးလိုက်တော့၏။ "ဒါက ဆယ့်တစ်ကြိမ်မြောက် စကြဝဠာ နတ်တိုက်ပွဲရဲ့ ဆုတံဆိပ်ပဲ။ အနိုင်ရရှိသူက …. ဟယ်ဝူတီ"
"ဟမ် ကြေးအိုးကြီးလား။ ဘာများတန်မှာ မို့လို့လဲ"
ဤကြေးအိုး၏ ပုံပန်းသွင်ပြင်သည် မဆိုးလှချေ။ သို့ပေမဲ့ တပည့်များ၏ မျက်လုံးထဲတွင်တော့ အလှထားသည့် အရာထက် မထူးလှချေ။
"ဘာမှမတန်ဘူး ဟုတ်လား"
စုရှောင်မိုသည် နက်နဲစွာ ပြောလိုက်၏။ "ဒီကြေးအိုးကြီးက အရမ်းကို နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတယ်လို့ ပြောတယ်။ ဒါကိုသာ နားလည်နိုင်ရင် အန္တိမလမ်းစဉ်ကို လျှောက်လှမ်းနိုင်လိမ့်မယ်။"
"ချီးတဲ့မှ …. အဲလောက်တောင် မှော်ဆန်လွန်းတာလား"
တပည့်များသည် ကြေးဆေးအိုးကြီးနားသို့ ကပ်လာပြီးသည့်နောက် သေသေချာချာ စစ်ဆေးကြည့်လိုက်ကြ၏။ သို့ပေမဲ့ ဆန်းကြယ်သည်ဆိုသောအရာကို ရှာဖွေမတွေ့ရှိခဲ့ချေ။ ဤအရာသည် သာမန်ပင်ဖြစ်၏။ အလွန်နက်နဲလှသည့် အဓိပ္ပာယ်ကို လွယ်လွယ်ကူကူနှင့် ရှာဖွေတွေ့နိုင်သည် ဆိုပါက ဤဆေးအိုးကြီးသည် အစောကြီးကတည်းက ပျောက်ကွယ်သွားမှာဖြစ်သည်။
ဟင်း ….။
ဟယ်ဝူတီသည် ဦးခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်၏။ မူလအားဖြင့် သူသည် အကြီးဆုံး စီနီယာအစ်မကြီးကို ဗိုလ်ဆွဲစေချင်မိ၏။ သို့ပေမဲ့ သူမသည် သူ့ကိုခဏတာ အေးခဲအောင် ပြုလုပ်ပြီး စင်မြင့်ပေါ်မှ ခုန်ချသွားလေ၏။
အဘယ့်ကြောင့် ဗိုလ်ဆွဲသူနေရာအား ပေးအပ်ရန် ဤမျှခက်ခဲနေရသနည်း။ သူ့အနေဖြင့် သိုသိုသိပ်သိပ်နေထိုင်ရန် ဤမျှခက်ခဲလှသည်လား။ ပြိုင်ပွဲတွင် ပြင်းပြင်းထန်ထန် ပါဝင်ယှဉ် ပြိုင်သူများသာ ထိုအရာကို ကြားသည်ဆိုပါက ချက်ချင်း တံတွေးနှင့် ဝိုင်းထွေးကြမှာ သေချာသည်။
ဟယ်ဝူတီသည် ကြေးအိုးကြီးကို လှမ်းကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် တောက်ပသည့် အလင်းတန်းများ ဖြစ်တည်လာခဲ့၏။ "စီနီယာ သက်တန့်ရောင်သူတော်စင် ချန်ခဲ့တဲ့အရာ ဆိုတော့ ငါသေသေချာချာ လေ့လာကြည့်ရမယ်"
"ဝူတီ"
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည် အဓိကဟောခန်းဆီမှ ထွက်ပေါ်လာသည်။ "ကြေးဆေးအိုးကြီးကို ယူခဲ့"
"…...."
ဟယ်ဝူတီ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဗိုလ်ဆွဲသည့်အတွက် ရရှိခဲ့သော ကြေးဆေးအိုးကြီးကို ဂိုဏ်းသို့ ပေးလိုက်ရတော့မည်လား။
အဓိကဟောခန်းအတွင်းမှာတော့ ကျွင်းချောင်ရှောင်းသည် ကြေးဆေးအိုးကြီးနားသို့ ကပ်လာပြီးနောက် ပြောလိုက်၏။ "ဒီထဲမှာပါတဲ့ နက်နဲလှတဲ့ အဓိပ္ပာယ်တွေဆိုတာ ဘာလဲ"
"ဂိုဏ်းချုပ် …. ကျုပ်"
"ကောင်းပြီ မင်းအရင်ပြန်လိုက်တော့ ။ ငါခဏလောက် လေ့လာလိုက်အုံးမယ်"
"…….."
ဟယ်ဝူတီသည် နာကျင်နေသည့် အမူအရာဖြင့် ထွက်လျှောက်သွားခဲ့၏။ သူသည် စိတ်ထဲမှာတော့ အော်ဟစ်လျက် ရှိနေသည်။ ကျုပ်ကိုလည်း နည်းနည်းပါးပါး ပေးကြည့်ပါအုံးလား။
……...
ကြေးဆေးအိုးထဲရှိ လျှို့ဝှက်ချက်များသည် တစ်ညအတွင်း ဖြေရှင်း၍ရနိုင်သော အရာမျိုးမဟုတ်ချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ သက်ပြင်းချလိုက်၏။ သူသည် တစ်နာရီလောက်သာ ကြည့်ရှုရသေး၏။ သို့သော် စိတ်ပျက်လို့နေခဲ့၏။
ယုစီနန်သည်လည်း ဇဝေဇဝါ ဖြစ်မိနေသည်။ "တပည့်တစ်ယောက် ဒီပွဲမှာ ဗိုလ်ဆွဲခဲ့တာ ပျော်စရာလေ။ ဘာလို့ ဂိုဏ်းချုပ်က သက်ပြင်းတွေပဲ ချနေရတာလဲ"
"ပြောမနေပါနဲ့တော့"
ကျွင်းချောင်ရှောင်းသည် ရင်ဘတ်ကို ဖိကာဖြင့် ပြောလိုက်၏။ "နှလုံးသားတွေ နာကျင်လိုက်တာ"
အဘယ့်ကြောင့် သူ၏နှလုံးသားသည် နာကျင်နေရသနည်း။ အဘယ့်ကြောင့်ဆိုသော် ဟယ်ဝူတီသည် စကြဝဠာ နတ်တိုက်ပွဲတွင် ဗိုလ်ဆွဲသူ ဖြစ်လာခဲ့သော်လည်း သူ၏အဓိကတာဝန်သည် တိုးတက်မလာခဲ့ချေ။
ဟား ဟား ဟား
စနစ်သည် ရယ်မောက ပြောလိုက်၏။ "တစ်စုံတစ်ယောက်က တကယ့်ကို အတွေးလွန်နေပြီ"
ဖြောင်း ..။
ကျွင်းချောင်ရှောင်းသည် သူ၏ပါးကို ရိုက်ကာပြောလိုက်သည်။ "ရယ်နေတာ ရပ်စမ်း"
ဂိုဏ်းချုပ်တစ်ယောက် ကိုယ့်ပါးများကို တဖြောင်းဖြောင်း ရိုက်နေသည်ကို မြင်ရချိန်မှာတော့ ယုစီနန်သည် ကြက်သီးများပင် ထလာခဲ့၏။ ထို့ကြောင့် သူသည် ချက်ချင်းပဲ ထွက်ခွာသွား၏။ "ဂိုဏ်းချုပ်ကတော့ ရောဂါထလာပြန်ပြီ"
………....
သူ၏တပည့်သည် ဗိုလ်ဆွဲခဲ့၏။ သို့ပေမဲ့ အဓိကတာဝန်သည် တစ်ချက်ကလေးမှ တိုးတက်မလာခဲ့ချေ။ သူသည် မိုကောင်းကင် နတ်ဆိုးအင်ပါယာကိုပင် ရန်ပြုခဲ့ရသေးသည်။
ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျလျက် ရှိနေ၏။ ပိုမို၍ ဆိုးရွားလှသည့် အကြောင်းအရာမှာ ဤကြေးအိုးကြီးမှလွဲလျှင် အခြားဘာဆုလဘ်မှ မရရှိခဲ့ခြင်းပင်။
"တော်တော်ကြီး ဆုံးရှုံခဲ့တာပဲ"
ကျွင်းချောင်ရှောင်းသည် ထိုအရာကိုတွေးလေ၊ စိတ်ဓာတ်ကျလာလေ ဖြစ်၏။ ထို့ကြောင့် သူသည် ထိုင်ခုံတွင် ထိုင်ကာ အော်ဟစ်နေမိသည်။
ဟမ့်
စနစ်က လှောင်ပြောင်လိုက်၏။ "စိတ်ကူးနဲ့ ရူးခဲ့တာကိုး…."
……………
ပြိုင်ပွဲပြီးဆုံးပြီး သုံးရက်ကြာပြီးနောက် ကျွင်းချောင်ရှောင်းသည် သုံးရက်လုံးလုံး ပြိုင်စံရှားဂိုဏ်းတွင် နေထိုင်ခဲ့၏။ တကယ်တမ်း ပြောရမည်ဆိုလျှင် ပုန်းအောင်းနေသည်ဆိုပါက ပို၍မှန်ကန်ပေလိမ့်မည်။
မည်သူ့ကို ပုန်းအောင်းနေသနည်း။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာပင် ဖြစ်၏။ စကြဝဠာ နတ်တိုက်ပွဲတွင် တစ်ဖက်လူသည် မွေးစားသား ရှစ်ဆယ့်တစ်ယောက်ကို ခေါ်ဆောင်လာခဲ့၏။ သို့ပေမဲ့ အဆုံးသတ်၌ ငါးဆယ်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်များ၏ လက်ထဲတွင် သတ်ဖြတ်ခြင်း ခံခဲ့ရ၏။ သူ့အနေဖြင့် ထျန်းလော်မြို့မှ ထွက်လိုက်သည်နှင့် သူ့အား တစ်စစီဆွဲဖြုတ်မည့် မိုးကောင်းကင် နတ်ဆိုးအင်ပါယာအကြောင်း စဉ်းစားကြည့်လိုက်တိုင်း ခန္တာကိုယ်တစ်ခုလုံး ကြက်သီးများ ထလာမိ၏။
"ငါက ကြောက်လို့မထွက်တာ မဟုတ်ဘူး" ကုန်းရှန့်သည် သူ့ကိုသူနှစ်သိမ့်လိုက်မိသည်။
"ဂိုဏ်းချုပ်"
စွန်းပုကုံးသည် အသာလျှောက်ဝင်လာကာ ပြောလိုက်၏။ "စီနီယာအစ်ကိုရီ နိုးလာပြီ"
"သန္ဓေသားအကြောင်း မင်းသူ့ကို ပြောလိုက်သေးလား"
“မပြောပါဘူး”
စွန်းပုကုံးထွက်ခွာသွားပြီးနောက် ကျွင်းချောင်ရှောင်းသည် အတွေးနက်လျက် ရှိ၏။ ဆေးဟောခန်း ၏ ကျွမ်းကျင်လှသော သုံးသပ်ချက်အရဆိုလျှင် ကျဲ့လင်းရောင်၏ ကိုယ်ထဲတွင် ရှိနေသော သန္ဓေသားလောင်းသည် တစ်နှစ်ပတ်လုံး စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖိနှိပ်ခြင်းကို ခံခဲ့ရ၏။ အဆိုးဆုံးအနေဖြင့် သန္ဓေသားတစ်ခုလုံး ပျက်စီးသွားနိုင်သည်။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းလိုက်၏။ "ဒါကဘာလို့ဖြစ်ရတာလဲ။ ဦးလေး"
သူသည် ကုထျန်းရှင်းကို ခေါ်ကာမေးမြန်းလိုက်သည်။ "ကိုယ်ဝန်ပျက်တာကို ကာကွယ်ပေးနိုင်တဲ့ ဆေးလေးများ မရှိဘူးလား။”
“ကျဲ့လင်းရောင်ရဲ့ ကိုယ်ထဲမှာ ရှိနေတဲ့ သန္ဓေသားက နှစ်ပေါင်းများစွာကြာအောင် ဖိနှိပ်ခံထားရတာလေ။ ဆေးတွေနဲ့ ကုသလို့ရမလားတော့ ငါမသိဘူး။ ဒါပေမဲ့" ကုထျန်းရှင်းက နှောင့်နှေးသွားမိ၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "နားလည်ပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စကို ရှင်းချန် ဆုံးဖြတ်ရလိမ့်မယ်"
………..
ရီရှင်းချန်သည် ဆေးဟောခန်းအတွင်း ရက်အနည်းငယ်ကြာ လဲလျောင်းလျက် ရှိနေ၏။ သူ၏ ခန္ဓာကိုယ်အခြေအနေသည် ပုံမှန်အတိုင်း ပြန်လည်ကာ ကောင်းမွန်လာခဲ့၏။ စွန်းပုကုံးသည် မကြာခနဆိုသလို သူ့အား လာရောက်ကြည့်ရှု၏။ အားနည်းစွာဖြင့် ပြတင်းပေါက်အပြင်ဘက်ရှိ မြင်ကွင်းများကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေသော သူ၏စီနီယာအစ်ကိုကို မြင်ရသည့်အချိန်မှာတော့ စိတ်မကောင်းဖြစ်ပြီး ခေါင်းကိုသာ ခါယမ်းမိ၏။
"ဘာတွေကြည့်နေတာလဲ"
ကျွင်းချောင်ရှောင်းသည် လျှောက်ဝင်လာခဲ့၏။ ရီရှင်းချန်သည် အလေးတကြီးဖြင့် သူ၏အကြည့်များကို ရုတ်သိမ်းကာ ပြောလိုက်သည်။ "အပြင်ဖက်က မြင်ကွင်းတွေကို ကြည့်တာပါ"
ကျွင်းချောင်ရှောင်းသည် သူ၏ဘေးတွင် ထိုင်ချလိုက်ပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လျက်ရှိနေသော လိမ္မော်သီးကို ခွာကာ ပေးလိုက်၏။ "ငါမင်းကို တစ်ခုပြောစရာရှိတယ်"
"…..."
ရီရှင်းချန်သည် ဘာတစ်ခုမှ မပြောချေ။ သို့ပေမဲ့ အစောကြီးတည်းက မကောင်းသည့် ခံစားချက်များ ရရှိနေပြီ ဖြစ်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျဲ့လင်းရောင်၏ ကိုယ်ထဲမှာ ရှိနေတဲ့ သန္ဓေသားက စိတ်ဝိညာဉ် စွမ်းအင်တွေနဲ့ ဖိနှိပ်ခြင်းကို ခံခဲ့ရတယ်လေ။ သုံးသပ်ချက်တွေအရဆိုရင် အကောင်းဆုံးနည်းလမ်းက ဖျက်ချလိုက်တာပဲ "
နောက်ဆုံးစကားကို ကြားလိုက်ရသည့် အချိန်မှာတော့ ရီရှင်းချန်၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့သည်။
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ "မင်းက ဒီကလေးရဲ့ အဖေပဲ။ မင်းဆုံးဖြတ်တာ အကောင်းဆုံးပဲ"
ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်၏။ ပြီးနောက် ပြောလိုက်သည်။ "တခြားနည်းလမ်း မရှိဘူးလား "
"အင်း ရှိတယ်"
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ဒါပေမဲ့ အရမ်းကို စွန့်စားရလိမ့်မယ်"
"ဘယ်လိုစွန့်စားရမှာလဲ"
"သန္ဓေသားကို ခိုင်မြဲစေတဲ့ ဆေးနည်းတစ်ခု ဦးလေးကုဆီမှာ ရှိတယ်။ ဒီဆေးနည်းအတွက် လိုအပ်တဲ့ ဆေးပင်တွေက အရမ်းကို ရှားပါးပြီးတော့ တန်ဖိုးကြီးတယ်"
"ကျုပ်သွားရှာမယ်" ရီရှင်းချန်သည် အလောတကြီးဖြင့် ပြောလိုက်၏။
"မင်းဘယ်လိုခံစားရမလဲ ငါနားလည်ပါတယ်။ ပြီးတော့ သန္ဓေသားဆိုတာလည်း အသက်ပဲလေ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒါပေမဲ့ ဆေးနည်းက အာမခံဘူး။ အချိန်အကြာကြီး ဆေးပင်တွေကို ရှာပြီးတော့မှ ကုလို့မရတဲ့ အခြေအနေမျိုးလည်း ဖြစ်သွားနိုင်တယ်"
"တစ်နှစ်ရှာလို့မတွေ့ရင် ဆယ်နှစ်ရှာမယ်၊ ဆယ်နှစ်ရှာလို့မတွေ့ရင် နှစ်တစ်ရာရှာမယ်၊ နှစ်တစ်ရာရှာလို့မှ မတွေ့ရင် တစ်သက်လုံးရှာမယ်။" ရီရှင်းချန်သည် ပွင့်ပွင့်လင်းလင်းဖြင့် ပြောလိုက်၏။
သူ့အနေဖြင့် ကိုယ်ဝန်ကို ဖျက်ချမည့် အကြံကို လက်မခံချေ။ ထိုအစား ရှာဖွေခြင်းဖြင့် ကလေးငယ်၏ အသက်ကို အလောင်းအစားပြုလုပ်ရန်သာ ရွေးချယ်လိုက်သည်။
"ကောင်းပြီ"
ကျွင်းချောင်ရှောင်းသည် ဆေးနည်းအတွက် လိုအပ်သည့်ဆေးပင်များစာရင်းကို စားပွဲပေါ်တွင် တင်လိုက်၏။ "ဒီမှာ လိုအပ်တဲ့ ဆေးပင်တွေပဲ၊ မင်းအနေနဲ့ အလုံးစုံကောင်းပြီဆိုရင် စပြီးတော့ ထွက်လို့ရပြီ"
ဆွစ်
ရီရှင်းချန်သည် မတ်တပ်ထရပ်လိုက်၏။ သူသည် စာရွက်ကို ကောက်ယူကာ ပြောလိုက်သည်။ "အခုကောင်းသွားပြီ။ ဆေးပင်သွားရှာတော့မယ်"
၎င်း၏မျက်နှာသည် အေးစက်၍ မောက်မာတုန်းပင်။ ထို့အတူ အသံသည်ကလည်း ခံစားချက်ကင်းမဲ့နေ၏။ ကွာခြားချက်မှာ မျက်လုံးထဲတွင် မတူညီသည့် အလင်းတန်းများ ထွန်းတောက်နေခြင်းပင်။ ဤအရာသည် ဖခင်တစ်ယောက်၏ ဝတ္တရားဖြစ်ကြောင်းကို သူကကောင်းကောင်းနားလည်မိ၏။
"နေအုံး။ မိုးကောင်းကင် နတ်ဆိုးအင်ပါယာ ထွက်သွားတဲ့အထိ စောင့်လိုက်အုံး"
သို့ပေမဲ့ ရီရှင်းချန်သည် ကြာကြာမစောင့်နိုင်ချေ။ ထာဝရလောကကြီးထဲမှ ပျံသန်းထွက်ခွာသွားလေသည်။
"ဂိုဏ်းချုပ်"
လီချင်းယန်သည် အလောတကြီးဖြင့် ရောက်ရှိလာကာ ပြောလိုက်၏။ "ဂျူနီယာညီလေးရီ ထွက်သွားပြီ"
"…..."
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကပ်ခွာကို ချွတ်ကာ ခေါင်းကိုအသာခါယမ်းလိုက်မိသည်။ "ရှင်းချန်ကတော့ ထပ်ပြီး ပြောင်းလဲသွားပြန်ပြီ"
သူ၏တပည့်သည် ကလေးကို ပို၍ချစ်မြတ်နိုးလေ၊ အနာဂတ်တွင် သူတွေးထင်ထားသလို ဖြစ်လာလိမ့်မည်ဟု ယုံကြည်လာမိလေပင်။
သူသည် ဘာလုပ်ရတော့မည်နည်း။ ဇာတ်ကွက်တစ်ခုကို ပြောင်းလို့မရဘူး ဆိုမှတော့ သူသည် ဇာတ်လမ်း တစ်ခုလုံးကို ပြောင်းလဲပစ်ရမှာ ဖြစ်၏။
ကျဲ့လင်းရောင်သည် လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက သတိပြန်ရလာခဲ့ပြီး ဖြစ်၏။ သူမသည် နှစ်ဆယ့်လေးနာရီလုံးလုံး ပြိုင်စံရှားဂိုဏ်းမှအတော်ဆုံး ဆေးပညာရှင်များ၏ ပြုစုခြင်းကို ခံထားရသည်။
"မိန်းကလေးကျဲ့"
ရီရှင်းချန် ထွက်ခွာသွားပြီး နောက်ရက်မှာတော့ ကုန်းရှန့်သည် လာရောက်ကာ လည်ပတ်၏။
"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် နဲ့ ဗိုက်ထဲက ကလေးကို ဂရုစိုက်ပါ။ ရီရှင်းချန် သူ့အမှားအတွက် ပြန်ပြီးပေးဆပ်ဖို့ အခွင့်အရေးကို ပေးသင့်တယ်"
"ဂိုဏ်းချုပ်ကျွင်း"
ကျဲ့လင်းရောင်က ပြောလိုက်၏။ "ကျေးဇူးပြုပြီး ကျွန်မကို သွားခွင့်ပြုပါ"
ထိုအရာကို သူမသည် ယခင်ကတည်းက စဉ်းစားခဲ့ပြီး ဖြစ်၏။ လက်စားမချေနိုင်ဘူး ဆိုလျှင်တောင်မှ သူမသည် ခပ်ဝေးဝေးကို ထွက်သွားရမှာ ဖြစ်သည်။
"ပြိုင်စံရှားဂိုဏ်းဆီမှာ တကယ့်ကိုကောင်းတဲ့ ဆေးပညာရှင်တွေ ရှိတယ်။ သန္ဓေသားကို ဂရုစိုက်ဖို့ မင်းဒီမှာနေသင့်တယ်"
ကျွင်းချောင်ရှောင်းအနေဖြင့် ပျောက်ဆုံးသွားသော မိန်းမအား လိုက်လံရှာဖွေရသည့် အဖြစ်မျိုး သူ၏တပည့်အား မဖြစ်စေချင်ပေ။
"သန္ဓေသားနဲ့ပက်သတ်ပြီး ဂိုဏ်းချုပ်ကျွင်းအနေဲ့ စိုးရိမ်နေဖို့ မလိုပါဘူး" ကျဲ့လင်းရောင်က ပြောလိုက်၏။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ရှင်းချန်က ကျုပ်ရဲ့တပည့်လေ။ ဒီကလေးက ကျုပ်ရဲ့ မြေးတပည့်ပဲ။ ဘယ်လိုလုပ်ပြီး ကျုပ်ကမစိုးရိမ်ဘဲ နေမှာလဲ။ တစ်ခုခုဖြစ်ရင် ကျုပ်ကိုအသိပေး"
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ထကာ ထွက်ခွာသွားသည်။ မထွက်သွားခင်မှာပဲ စွန်းပုကုံးကို သတိပေးလိုက်၏။ "မိန်းကလေးကျဲ့ကို သေသေချာချာ ဂရုစိုက်"
"ဂိုဏ်းချုပ်"
စွန်းပုကုံးသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ "သူမကိုကြည့်ရတာ စီနီယာအစ်ကိုရီကို အရမ်းမုန်းနေတဲ့ပုံပဲ။ ခက်ခဲတဲ့ အရာတွေကို လုပ်ပြီးတော့ ကလေးကို ပျက်ကျအောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီကလေးကို မလိုချင်ရင် ဖျက်ချလိုက်တာ ကြာပြီပေါ့"
သူမသည် ကိုယ်ဝန်လွယ်ထားသည် ဆိုသောကြောင့် ဤကလေးကို လိုချင်သည်မှာ ထင်ရှားလှ၏။
"ဒါကတော့ အမှန်ပဲ"
စွန်းပုကုံးသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ကျွင်းချောင်ရှောင်းသည် ဆေးဟောခန်းမဆောင်မှ ထွက်ခွာသွားပြီးသည့်နောက် လျိုဝမ်ရှစ်အား သန္ဓေသား အားရှိစေရန်အတွက် လိုအပ်သည်များကို ချက်ပြုတ်ကျွေးရန် မှာကြားခဲ့သည်။
"ဂိုဏ်းချုပ်"
အားလုံးပြုလုပ်ပြီးနောက် ဟယ်ဝူတီသည် စာကြည့်ခန်းထဲသို့ လျှောက်ဝင်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုကုတ်ကာ မေးလိုက်သည်။ "ကြေးဆေးအိုးကြီးကို မင်းလေ့လာချင်လို့လား"
"အင်း"
"ရော့ … ယူလေ"
“ကျေးဇူးပါပဲ ဂိုဏ်းချုပ်"
ဟယ်ဝူတီသည် ကြေးအိုးကြီးအား သူ၏အိပ်ဆောင်ဆီသို့ ပြန်ယူသွားပြီးနောက် ခြံဝန်းထဲတွင်ချကာ သေသေချာချာ လေ့လာတော့၏။
ကျွင်းချောင်ရှောင်းသည် စာကြည့်ခန်းထဲမှာ ထိုင်ကာ လှမ်းမေးလိုက်သည်။ "ကြေးဆေးအိုးထဲမှာ ရှိတဲ့ လျို့ဝှက်ချက်က ဘာတွေများလဲ"
သူ့အနေဖြင့် ကြေးဆေးအိုးကြီးအား ဟယ်ဝူတီသို့ ပြန်လည်ပေးအပ်လိုက်ရခြင်းသည် ရက်အနည်းငယ်ကြာ လေ့လာခဲ့သည် ဆိုသော်လည်း ဘာတစ်ခုမှ မသိရှိသောကြောင့်ပင်။ ထို့ကြောင့် သူ၏တပည့်ကို လေ့လာခိုင်းစေခြင်းသာ ဖြစ်၏။
"ဒီကြေးဆေးအိုးကြီးက အရမ်းကို ဆန်းကြယ်တယ်။ လွယ်လွယ်ကူကူ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်နိုင်ဘူး"
"ဂိုဏ်းချုပ်"
ထိုအချိန်မှာပဲ ဟယဝူတီသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ဆန်းကြယ်မှုကို ရှာတွေ့ပြီ"
ရွှီး
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့သည်။
………
ခြံဝန်းအတွင်းမှာတော့ ဟယ်ဝူတီသည် စိတ်လှုပ်ရှားလျက် ရှိ၏။ ကျွင်းချောင်ရှောင်းသည် ရောက်ရှိလာပြီးနောက် ကြေးအိုးသည် ယခင်ကလိုပင်ဖြစ်ကြောင်းတွေ့လိုက်ရ၏။
"ဘာတွေပြောင်းလဲသွားတာလဲ"
"ဂိုဏ်းချုပ်"
ဟယ်ဝူတီက ပြောလိုက်၏။ "နောက်ကို နည်းနည်းဆုတ်အုံး"
ဒွီ ……။ ကျွင်းချောင်ရှောင်းသည် မြန်မြန်ပဲ နောက်သို့ဆုတ်လိုက်သည်။
ဟယ်ဝူတီသည် ကြေးဆေးအိုးကြီး၏ ရှေ့ဆီသို့ ရုတ်တရက်လျှောက်သွားပြီးသည့်နောက် မျက်နှာပြင်ပေါ်တွင် ရှိနေသော မျဉ်းကြောင်းများကို လက်နှစ်ဖက်ဖြင့် အသာပွတ်သပ်လိုက်၏။ ထိုသို့ ပြုလုပ်လိုက်သည့် အချိန်မှာတော့ အလင်းတန်းများသည် ခပ်ဖျော့ဖျော့ ထင်ပေါ်လာခဲ့၏။
ကျွင်းချောင်ရှောင်းသည် မျက်တောင်မခတ်ဘဲ သေသေချာချာ ကြည့်ရှုနေသည်။
ဒွီ
ရုတ်တရက် ကြေးဆေးအိုးကြီးသည် တောက်ပသည့် အလင်းတန်းများဖြင့် ဖြစ်တည်လာခဲ့ပြီး မှောင်လျက်ရှိနေသည့် ခြံဝန်းတစ်ခုလုံး လင်းထိန်သွား၏။
ကျန့်ကွေ့ရှနှင့် ကုထျန်းရှင်းတို့သည် ထိုအရာကို အာရုံခံမိ၏။ ထို့ကြောင့် ညအိပ်ဝတ်စုံများပင်မလဲဘဲ ပျံသန်းရောက်ရှိလာခဲ့၏။ သူတို့နှစ်ယောက် ဟယ်ဝူတီနေထိုင်ရာ ခြံဝန်းအတွင်းသို့ ရောက်ရှိသည့် အခါမှာတော့ အထဲတွင် ဖြစ်နေသည့် အရာအားလုံးကို မြင်လိုက်ရ၏။ သူတို့သည်မျက်လုံးများပြူးလျက် ပါးစပ်အဟောင်းသားနှင့် ဖြစ်လို့နေခဲ့၏။ ဘာကိုမြင်လိုက်ရသနည်း။ ကြေးဆေးအိုးကြီး၏ အပေါ်တွင် စာလိပ်လေး တစ်ခု ရှိနေပြီး ထိုအရာသည် ဘယ်မှညာသို့ တဖြည်းဖြည်း ဖြန့်လျက် ရှိနေသည်။
"ဖြစ်နိုင်တာက"
ကျွင်းချောင်ရှောင်းသည် အံ့အားသင့် တုန်လှုပ်သွား၏။ "ဒါက အန္တိမကုန်းမြေရဲ့ တည်နေရာကို ပြချင်တာလား"