အခန်း ၁၈၈၆
Vol. 127 Ch. 1886
အပိုင်း (၁၈၈၆)
ဟယ်ဝူတီ သူ၏ နတ်ဘုရားဂုဏ်ပုဒ်ကို ထုတ်ဖော်ပြောကြားလိုက်သည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့၏။
ဟား ဟား ဟား
ဟား ဟား ဟား
နောက်တစ်စက္ကန့်အတွင်းမှာပဲ သူသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာ ရယ်မောလျက် ရှိနေ၏။ ကုန်းရှန့်သည် ရယ်ချင်စိတ်ကို မည်သို့မှ မဖိနှိပ်နိုင်တော့ချေ။
အရိုးသားဆုံး ပြောရမည်ဆိုလျှင် တစ်ဖက်လူ၏ နတ်ဘုရားဘွဲ့သည် သူ့အား အမှန်ပင် ရယ်မောရစေ၏။ ထို့အပြင် သူသည် ကုန်းရှန့်ဖြစ်နေသည် မဟုတ်ပါလား။
“မဟုတ်သေးဘူး။ သူက တကယ့် ကျွမ်းကျင်သူတစ်ယောက်လေ။ ဘယ်လိုဖြစ်ပြီး နတ်ဘုရားဘွဲ့က ကြောင်တောင်တောင် နိုင်နေရတာလဲ”
အချက်အလက်အားဖြင့် ဟယ်ဝူတီ၏ နတ်ဘုရားဘွဲ့သည် သာမန်သာ ဖြစ်၏။ အဓိပ္ပာယ်နှစ်မျိုး ပါဝင်သည်။ တစ်ခုသည် ပျင်းရိခြင်းကို ဆိုလိုပြီး တခြားတစ်ခုမှာတော့ လျစ်လျှူရှုခြင်းကို ဆိုလို၏။ ဤအရာသည် အဓိပ္ပာယ်များနှင့် ပြည့်နှက်နေသည့် အရာပင် ဖြစ်လေ၏။ သူသည် ပျင်းရိ၏။ သူသည် ဘာတစ်ခုကိုမှ ဂရုမစိုက်ချေ။ ဤအရာသည် ဟယ်ဝူတီ၏ အန္တိမကုန်းမြေတွင် နေထိုင်စဉ်က အသက်ရှင်သန်နိုင်ရန် ကြိုးစားခဲ့ရ သည့် နည်းဥပဒေသ နှစ်ခုပင်ဖြစ်၏။
“အရာအားလုံးကို လျစ်လျှူရှုတာမျိုးလား”
အစောင့်အရှောက်သည် စကားလုံးကို အထပ်ထပ် ရွတ်ဖတ်ပြီးနောက် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ ပျက်ကွက်မှုအတွက် ခွင့်လွှတ်ပေးပါ။ ကျုပ် ခင်ဗျားရဲ့ နတ်ဘုရားဘွဲ့ကို တစ်ခါမှ မကြားဖူးဘူး”
ဟယ်ဝူတီသည် ဆံပင်များကို အသာသပ်တင်ကာ ပြောလိုက်တော့၏။ “ကျုပ်က ဂုဏ်တွေ၊ မာနတွေ၊ သိက္ခာတွေနဲ့ နေထိုင်တတ်သူ တစ်ယောက် မဟုတ်ဘူးလေ။ တောင်တစ်ခုတည်းမှာပဲ သိုသိုသိပ်သိပ် နေထိုင်တတ်တာ။ ခင်ဗျား မကြားဖူးဘူးဆိုတာ သာမန်ပါပဲ”
သူသည် မွေးရပ်မြေဆီမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့၏။ ထို့ကြောင့် သူ၏ အပြောအဆို၊ လေသံများသည် ဂုဏ်ယူဝံ့ကြွားလို့နေလေသည်။
ဟယ်ဝူတီသည် ပျင်းရိသည်။ သို့ပေမဲ့ ထိုအရာသည် နှလုံးသားထဲမှ ဖြစ်တည်လာခဲ့သည့် အရာမျိုး မဟုတ်ချေ။ သူ့၌ ဂုဏ်သိက္ခာတရားနှင့် ဝံ့ကြွားမှုဆိုသည်ကလည်း တည်ရှိလို့နေ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် အန္တိမ ကုန်းမြေတွင် ရှိနေသော လူများအားလုံးသည် စွမ်းအားမြင့် ကျင့်ကြံသူများသာဖြစ်၏။ ဟယ်ဝူတီသည် လောက ကိစ္စရပ်များတွင် ပါဝင်ခြင်း မပြုဘဲ တစ်ယောက်တည်း နေထိုင်ခဲ့၏။ သိုင်းပညာ၏ နောက်သို့သာ တစိုက်မတ်မတ် လိုက်ပါခဲ့၏။ သူသည် အန္တိမလမ်းစဉ်ကို နှစ်နှစ်ကာကာ နားလည်ချင်မိ၏။
ယနေ့မှာတော့ သူသည် သူ၏မွေးရပ်မြေဆီမှ တစ်စုံတစ်ယောက်နှင့် တွေ့ဆုံခဲ့၏။ ဂိုဏ်းချုပ်ကလည်း ဘေးနားတွင် တည်ရှိနေခဲ့သည်။ သူ၏ဘဝတွင် ဒုတိယအကြိမ်မြောက် ဂုဏ်ယူဝံ့ကြွားသည့်အရာမျိုး ဖြစ်တည် လာခဲ့သည်။
ပထမအကြိမ်ကကော။ သက်တန့်ရောင်စဉ်ကျမ်းကို ရရှိလာခဲ့သည့်အချိန်ကပင်။ သူ၏ ကျင့်ကြံခြင်း အဆင့်ကို တိုးတက်လာစေရန် အလို့ငှာ ဟယ်ဝူတီသည် ပျင်းရိမှု၊ လေးကန်မှုများ အားလုံးကို ဖယ်ရှားပြီးသည့် နောက် အကြွင်းအကျန်ကျမ်းအတွက် တိုက်ခိုက်ပွဲကိုပင် ဝင်ရောက်ခဲ့ရ၏။ သူသည် ရှေးဟောင်းသင်္ချိုင်း တစ်ခုဆီမှ အကြွင်းအကျန်ကျမ်းကို ရရှိခဲ့သည်။ ထိုကျမ်းကြောင့်ပင် အားကောင်းလွန်းလှသော လူပေါင်းများစွာတို့၏ အမဲလိုက်ခြင်းကို ခံခဲ့ရ၏။
ယခု ကျင့်ကြံခြင်းအဆင့် သုညအဖြစ်သို့ ရောက်ရှိသွားခဲ့ပြီး အောက်စကြဝဠာထဲသို့ပင် ရောက်ရှိလာခဲ့သည်။ ထိုကိစ္စအားလုံးကို သူက မှတ်မိနေသေး၏။ ဟယ်ဝူတီသည် ကျွမ်းကျင်လွန်းလှသော လူများနှင့် ရင်ဆိုင် တိုက်ခိုက်ပြီး အနိုင်ရရန် အခွင့်အရေးမရှိကြောင်း သတိပြုမိပြီးနောက် ကျမ်းအား စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ရသည်။
အသက်ရှင်ရန်အတွက် ထိုအရာကို စွန့်လွှတ်ရန်သာ ရှိတော့၏။ ဆိုးရွားသည်မှာ သက်တန့်ရောင်စဉ်ကျမ်းကို ပစ်လွှတ်ရန် ပြင်ဆင်လိုက်သည့်အချိန်မှာပဲ သက်တန့်ရောင်စဉ်ကျမ်းသည် လေထုထဲ၌ ပျောက်ကွယ်သွားခဲ့သည်။ ထိုအရာကို စဉ်းစားမိသည့်အချိန်တိုင်း ဟယ်ဝူတီ သည် နှလုံးသားတစ်ခုလုံး နာကျင်နေမိ၏။
သက်တန့်ရောင်စဉ်ကျမ်း၏ အကြွင်းအကျန်သာ တည်ရှိပြီး သူသည်သာ တစ်ဖက်လူများဆီသို့ ပစ်လွှတ်နိုင်သည် ဆိုပါက ကျိန်းသေပေါက် အခွင့်အရေးကို အရယူကာဖြင့် လွတ်မြောက်သွားနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏ ဝှက်ဖဲကို အသုံးပြု၍ ကျင့်ကြံခြင်းအဆင့်များ ယုတ်လျော့သွားသည့်အထိ တခြားသောတည်နေရာဆီသို့ ထွက်ပြေးရန် မလိုခဲ့ချေ။ ယခု မိုးကောင်းကင်နတ်ဆိုးအင်ပါယာကဲ့သို့ အမှိုက်နှင့်ပင် ရင်ဆိုင်ရမည့် အခြေအနေမျိုးသို့ ရောက်ရှိနေသည်။
“မင်းက အန္တိမကုန်းမြေသား ဖြစ်ခဲ့ဖူးတယ်ဆိုတော့ အန္တိမခန္ဓာကိုယ်ကို ပိုင်ဆိုင်မှာပဲ။ ဒီတော့ အန္တိမကုန်းမြေထဲကို ဝင်လို့ရတယ်” အစောင့်အရှောက် ပြောလိုက်သည်။ သူသည် သေသေချာချာ အတည်ပြုပြီးသားဖြစ်၏။ ဟယ်ဝူတီ သည် အန္တိမကုန်းမြေဆီမှ ထွက်ခွာသွားခဲ့သူဖြစ်ကြောင်း သူယုံကြည်နေမိတော့၏။
“ဒါဆိုလည်း ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းလျှောက်ကာ ပြောလိုက်သည်။ “ဝူတီ... သွားကြရအောင်”
“သူက ဝင်လို့ရတယ်”
အစောင့်အရှောက်သည် တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းကတော့ ဝင်လို့မရဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူက ကျုပ်တပည့်လေ။ တပည့်တောင် ဝင်လို့ရပါတယ်ဆိုမှ ဂိုဏ်းချုပ်က ဘာလို့ ဝင်လို့မရတာလဲ”
“ကျုပ် ထပ်ပြောမယ်”
အစောင့်အရှောက်သည် ခွန်းတုံ့ပြန်လိုက်၏။ “အန္တိမကုန်းမြေကို မင်းခြေတစ်လှမ်း လှမ်းလိုက်တာနဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ် ပျက်စီးသွားလိမ့်မယ်”
“အမလေး ....”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကြောက်လိုက်တာဟယ်”
“............”
အစောင့်အရှောက်သည် ထကာ ကန်ချင်စိတ်ကို မနည်း ထိန်းချုပ်ထားရ၏။
“ဂိုဏ်းချုပ်”
ဟယ်ဝူတီက တီးတိုးပြောလိုက်သည်။ “သူပြောတာ မှန်တယ်။ ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က အခု အချိန်မှာ အရမ်းအားနည်းနေတယ်။ အန္တိမကုန်းမြေထဲ ဝင်လိုက်တယ်ဆိုတာနဲ့ ဝိညာဉ်က ပျက်စီးသွားလိမ့်မယ်”
“.........”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်ရှိ အမူအရာများသည် အံ့အားတသင့် ဖြစ်လို့နေ၏။ သူ၏ရှေ့တွင် ရှိနေသည့် အရာ သည် အန္တိမကုန်းမြေကြီးဖြစ်၏။ စာအုပ်တစ်အုပ်၏ နောက်ဆုံးစာမျက်နှာလည်းဖြစ်သည်။ အထဲသို့သာ ရောက်ရှိ သွားမည်ဆိုပါက အထဲ၌ရှိသည့် ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများကို ရရှိပြီး သူ၏ အဆင့်သည် ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် နည်းလမ်းတစ်ခုခုကို ရှာဖွေပြီး မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ မျက်ခွက်ကို အားရပါးရ ဆောင့်နင်းနိုင်၏။ သို့ပေမဲ့ သူသည် ထိုအချင်းအရာကို ပျော်ရွှင်စွာ ကြည့်ရှု၍သာရ၏။ အထဲသို့ ဝင်သွားလို့ မရချေ။ စိတ်တိုစရာ ကောင်းလှချေ၏။
“အချက်အလက်အားဖြင့် လက်ခံသူက အထဲကို ဝင်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး” စနစ်က ထပြောလိုက်သည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဝူတီ.. မင်းသွားလိုက်တော့”
သူအထဲသို့ ဝင်သွားသည်ဆိုလျှင် သေဆုံးမည်ဆိုမှတော့ အဘယ်ကြောင့် ဝင်ရမည်နည်း။ သူသည် အသက်ရှင်မှုကို ပိုမိုကာ လိုအပ်၏။ တပည့်တစ်ယောက်အနေနှင့် အန္တိမကုန်းမြေထဲသို့ ဝင်သွားရန် အရည်အချင်း ရှိသည်ဆိုပါက ကျိန်းသေပေါက် ထိုအခွင့်အရေးကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။
“ဂိုဏ်းချုပ်... ကျုပ်” ဟယ်ဝူတီ၏ မျက်လုံးထဲတွင် ဇဝေဇဝါ တွေဝေမှုများ ဖြစ်တည်နေ၏။ လက်ရှိအချိန်တွင် သူသည် အန္တိမကုန်းမြေထဲသို့ ဝင်ခွင့်ရချင်၏။ ထို့အပြင် အချိန်အတော်ကြာ ခွဲခွာသွားခဲ့ရသည့် သူ၏အိမ်သို့လည်း ပြန်ချင်၏။ သို့ပေမဲ့ သူသည် ပြိုင်စံရှားဂိုဏ်းတပည့်တစ်ယောက်အဖြစ် ဖြစ်တည်လို့ နေခဲ့၏။ သူ၏ ဂိုဏ်းတူ ရောင်းရင်းများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ မွေးစားသားများကို သတ်ဖြတ်ခဲ့၏။ အမုန်းတရားသည် အလွန်ကြီးမားလွန်းလှ၏။ တစ်စုံတစ်ယောက် မသေဆုံးလျှင် ပြီးသွားမည့် ကိစ္စမျိုး မဟုတ်ချေ။ ဤကဲ့သို့သော အချိန်မျိုးတွင် ထွက်ခွာသွားမည်ဆိုပါက ကြောက်ရွံ့၍ ထွက်ပြေးသွားသည်နှင့် တူညီနေသည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည် ဟယ်ဝူတီ၏ အတွေးကို နားလည်ပုံပေါ်သည်။ ထို့ကြောင့် အရှေ့ဆီသို့ လှမ်းတက်ကာပြီး ပခုံးကို အသာပုတ်လိုက်၏။ “ဒီလမ်းစဉ်ကို ရှာဖွေတွေ့ရှိဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ မင်း အခွင့်အရေးကို အရယူ သင့်တယ်။ ငါ အထက်စကြဝဠာကိစ္စတွေကို ငါ့ဘာငါ ဖြေရှင်းလိုက်မယ်။ သွားတော့... အိမ်ကိုပြန်တော့”
သူသည် ထိုစကားကို ပြောလိုက်သည့်အချိန်မှာတော့ အမှန်ပင် လေးနက်လို့ နေခဲ့သည်။ အရိုးသားဆုံး ပြောရမည် ဆိုလျှင် ဟယ်ဝူတီသည် အလွန်အားကောင်းလှ၏။ ဂိုဏ်းထဲတွင် အလွန်အားကောင်းလွန်းသော တိုက်ခိုက် နိုင်သူ တစ်ယောက်ဟု သုံးသပ်နိုင်သည်။ အနာဂတ် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ရင်ဆိုင်သည့်နေရာတွင် ၎င်းသည် အလွန်မာကျောလှသည့် သံမဏိကဲ့သို့ ဓားတစ်စင်း ဖြစ်လာမှာ သေချာသည်။
သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ကြေးဆေးအိုးကြီး၏ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ပြီးသည့်နောက် အန္တိမကုန်းမြေ ဆီသို့ သွားရာလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီးပြီဖြစ်သည်။ ဤအရာကို လက်လျော့လိုက်မည်ဆိုလျှင် ဘဝတစ်ခုလုံး အတွက် လွှဲချော်သွားနိုင်စွမ်း ရှိ၏။ ထို့ကြောင့် စဉ်းစားဆုံးဖြတ်ရန် မလိုပေ။ တစ်ဖက်လူအား အိမ်သို့ ပြန်ခိုင်းရပေမည်။
အထက်စကြဝဠာကြီးတွင် မည်မျှခက်ခဲလှသည့် ပြဿနာများရှိသည်မဆို သူသည် မျက်နှာချင်းဆိုင် သွားရောက်ကာ ရင်ဆိုင်ဖြေရှင်းရပေမည်။ ကျွင်းချောင်ရှောင်းသည် ပေါ့ပေါ့ပါးပါးနှင့် ကဗျက်ကချော် ပြုလုပ်တတ်သည့် လူတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ အရေးကြီးသော ကိစ္စရပ်များကို ပြုလုပ်ရမည့်အရာမျိုး တွင် သတိလွတ်ခြင်း မရှိပေ။
အချက်အလက်အားဖြင့် သူ၏တပည့်များကို မှာကြား၍ ကျဲ့လင်းရောင်ကိုပင် ဂရုစိုက်ခိုင်းထား၏။ ထို့ကြောင့် သူသည် တာဝန်အပြည့်ယူတတ်သည့် ဂိုဏ်းချုပ်တစ်ယောက်ပင် ဖြစ်လေ၏။
“အိမ်ကိုပြန်ရမယ်။ အိမ်ကိုပြန်ရမယ်”
ဤစကားစုသည် ဟယ်ဝူတီ၏ နားထဲတွင် ပဲ့တင်ထပ်လျက်ရှိ၏။ သူသည် ခံစားချက်များကို ဖယ်ခွာပြီးသည့်နောက် ခြေထောက်ကိုမြှောက်ကာ အန္တိမကုန်းမြေဆီသို့ လှမ်းလျှောက်လိုက်၏။ အပြင်ဘက်မှာတော့ ဟယ်ဝူတီ၏ ခန္ဓာကိုယ်သည် ကြေးဆေးအိုးဆီသို့ အသာမှေးကျသွားခဲ့သည်။
“ဖြစ်နိုင်တာက”
ကျန့်ကွေ့ရှုသည် အံ့အားသင့်သွားမိ၏။ “သူ အန္တိမကုန်းမြေထဲကို ဝင်နိုင်တာလား”
“ကြေးဆေးအိုးကြီးက အန္တိမလမ်းစဉ်တွေ ပါဝင်နေရုံတင်မကဘူး။ အန္တိမကုန်းမြေကြီးလည်း ဖြစ်နေတာကိုး” ကုထျန်းရှင်း၏ စိတ်တစ်ခုလုံးသည် မတည်ငြိမ်နိုင်တော့ချေ။ ၎င်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများနှင့် ပြည့်နှက် နေသည်။
တစ်လှမ်း၊ နှစ်လှမ်း ......။
ဟယ်ဝူတီသည် တည်နေရာအတားအဆီးဆီသို့ လှမ်းလျှောက်လိုက်ခဲ့၏။
ဝှစ်
ရုတ်တရက် သူသည် ညာဘက်လက်ကို မြှောက်ပြီးသည့်နောက် လက်သီးကို ဆုပ်လိုက်၏။ ဤအမူအရာသည် စိတ်ဆုံးဖြတ်ချက်တစ်ခုခု ချမှတ်ပြီးချိန်တွင် ပြိုင်စံရှားဂိုဏ်းတပည့်များ ပြုလုပ်တတ်သည့် မူပိုင်သင်္ကေတပင်။
အားလုံးသော သူတို့သည် ခြံဝန်းထဲ၌ စုဝေးလားခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အားလုံးတို့သည် ဟယ်ဝူတီ တစ်ယောက် ၎င်း၏ အိမ်ကို ပြန်တော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။
“ဂျူနီယာညီလေးဟယ်”
လီချင်းယန်က ပြောလိုက်၏။ “လုံခြုံတဲ့ ခရီးစဉ် ဖြစ်ပါစေ”
စုရှောင်မို၊ ရှောင်ကျီနှင့် တခြားသောသူများသည် တောက်ပလှသည့် အပြုံးနှင့်အတူ လေ့ကျင့်ရေးကွင်းပြင်တွင် ရပ်တန့်လျက်ရှိ၏။ ဆိုးရွားသည်မှာ ရီရှင်းချန် ဂိုဏ်းထဲတွင် မရှိခြင်းပေ။
မဟုတ်သေးပေ။ သူသည် အပြင်ဘက် တွင် ရှိသည်ဆိုသော်လည်း ထိုအရာကို ခံစားမိပုံပေါ်၏။ တောင်ထွတ်တစ်ခုတွင် မတ်တပ်ရပ်ပြီးသည့်နောက် သူ၏ လက်သီးကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ဘုတ်
ဟယ်ဝူတီသည် တည်နေရာအတားအဆီး၌ ရပ်တန့်လိုက်၏။ ခြေတစ်လှမ်း ထပ်ကာလှမ်းလိုက်မည်ဆိုလျှင် အန္တိမကုန်းမြေဆီသို့ ရောက်ရှိသွားနိုင်၏။
ကျွင်းချောင်ရှောင်းသည် သူ၏နှာခေါင်းကို ပွတ်သပ်ကာ ပြုံးလိုက်သည် “အရှေ့ကို သွားလိုက်တော့။ ပြီးတော့ နေရာတစ်ခုကိုရှာပြီး ငါနဲ့ ဂိုဏ်းတစ်ခုလုံး ရောက်လာမှာကို စောင့်လိုက်”
“ဂိုဏ်းချုပ်… ဘယ်လောက်ကြာမှာလဲ”
“မကြာခင်ပေါ့” ကျွင်းချောင်ရှောင်းသည် ဘယ်လောက်ကြာမည်ကို သေသေချာချာ မသိချေ။ ဘဝတစ်သက်တာလုံး အန္တိမကုန်းမြေဆီသို့ ဝင်ရောက်ခွင့် မရှိတာမျိုးတောင် ဖြစ်သွားနိုင်၏။
“ဝူတီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဘယ်လောက်ပဲကြာကြာ မင်းအနေနဲ့ မင်းက ငါတို့ဂိုဏ်းရဲ့ နောက်ဆုံးတပည့်ဆိုတာ မှတ်ထားရမယ်”
“ကျုပ်နားလည်ပါပြီ” ဟယ်ဝူတီသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူ၏ လက်ရှိစိတ်အခြေအနေသည် ဂိုဏ်းချုပ်ကဲ့သို့ မကောင်းလှချေ။ သူတို့သည် နှစ်ပေါင်းရာကျော် တစ်ယောက်နှင့် တစ်ယောက် သိရှိခဲ့ကြသည် မဟုတ်သော်လည်း ရှည်လျားလှသော နှစ်ကာလအတွင်း အတူနေထိုင်ခဲ့ကြ၏။
သူ.. သူဆက်ပြီး မတွေးနိုင်တော့ချေ။ သူသွားချင်၏။ သို့ပေမဲ့ ထွက်ခွာမသွားနိုင်ချေ။
ဟယ်ဝူတီသည် သူ၏ရှုပ်ထွေးလွန်းလှသော ခံစားချက်များကို ဖိနှိပ်ပြီးသည့်နောက် အနောက်ဘက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “ကျေးဇူးပါ ဂိုဏ်းချုပ်၊ ဒီနှစ်ပိုင်းအတွင်း ကျုပ်ကို ပြုစုပျိုးထောင်ခဲ့တဲ့အတွက်… ကျေးဇူးပါ ဂိုဏ်းတူရောင်းရင်းတွေ၊ ဂရုစိုက်ခဲ့တဲ့အတွက်… ဟယ်ဝူတီက နှလုံးသားထဲမှာ သေချာမှတ်သား ထားပါ့မယ်”
ဝူး ဝူး
လျှိုဝမ်ရှစ်သည် ရောင်မုန့်ယဉ်၏ ပခုံးပေါ်တွင် မှီကာ ငိုယိုလျက် ရှိနေ၏။ “ဂျူနီယာမောင်လေးဟယ် ထွက်သွားပြီ ဆိုရင် အနာဂတ်မှာ ဘယ်သူက တံခါးပိတ်တော့မှာလဲ”
“မှန်တယ်”
ဟယ်ဝူတီသည် အနောက်သို့ လှည့်ကာ ပြောလိုက်သည်။ “ကျုပ်ထွက်သွားရင် ဘယ်သူက တံခါးပိတ်မှာလဲ။ မဟုတ်သေးဘူး။ ကျုပ် ထွက်သွားလို့မရဘူး။ ကျုပ် ဒီမှာနေပြီး တံခါးပိတ်ရမယ်”
ပြောပြီးသည့်နောက် သူ၏သည် ခြေထောက်ကို နောက်သို့ဆုတ်လိုက်၏။
သူသည် ကျွင်းချောင်ရှောင်း၏ ရှေ့တွင် ရပ်တန့်ကာ လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက တပည့်ရဲ့အိမ်ပဲ။ ဂိုဏ်းချုပ်.. ကျေးဇူးပြုပြီး တပည့် ဒီမှာနေပြီး စီနီယာအစ်ကိုနဲ့ ဂျူနီယာညီလေးတွေအတွက် တံခါးပိတ်ပေးချင်တယ်။ သူတို့ မိုးတွေလေတွေ ကြုံဆုံတဲ့နေရာမှာ အကောင်းဆုံး ကာကွယ်ပေးချင်တယ်”
“သေချာလား”
“သေချာပါတယ်”
ဝှစ် ဝှစ် ဝှစ်
သူတို့၏ ဝိညာဉ်များသည် ခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာ၏။ ကြေးဆေးအိုးပေါ်တွင် ရှိနေသည့် မြေပုံ စာလိပ်ကြီးသည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့ပြီး အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည် သွားလေ၏။