← Chapters

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အခန်း ၁၈၉၁

Vol. 127 Ch. 1891

အပိုင်း (၁၈၉၁)

ဆေးဟောခန်းဆီသို့သွားရာလမ်းမှာတော့ ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံး တို့သည် ဘေးနှစ်ဘက်နှစ်ချက်၌ မတ်မတ်ရပ် တန်းစီလျက်ရှိနေ၏။ ၎င်းတို့အားလုံးသည် အလယ်တွင် သယ်ဆောင်သွားခြင်းခံရသော ဟောခန်းသခင်ကျိကို လေးလေးစားစားနှင့် ကြည့်ရှုလျက် ရှိနေ၏။ အလွန်သန်မာလွန်းလှသော ခန္ဓာကိုယ်နှင့် မွေးဖွားလာခဲ့သည့် ခွန်သားရဲကြီးသည် နောက်ဆုံးတပည့်၏ လက်ဝါးရိုက်ချက်တစ်ခုတည်းနဲ့တင် သတိလစ်မေ့မြောလျက်ရှိနေသည်။

ဝမ်းနည်းစရာကောင်းလွန်းလှချေ၏။ တခြားလည်းနည်းလမ်းမရှိချေ။ ကောင်းကင်သဘာဝတေးသံ၏ နက်နဲလှသည့် နိယာမစွမ်းအင်များနှင့် ပေါင်းစပ်ပြီးသည့်နောက် နဂါးကိုးကောင် လက်ဝါးရိုက်ချက်သည် အမှန်ပင် အရည်အသွေးအရ ပြောင်းလဲသွားခဲ့၏။ စွမ်းအင်အဆင့်သည် တရှိန်ထိုးမြင့်တက်သွားခဲ့ပြီး ဟောခန်းသခင်ကျိကို မဆိုနှင့် ကျွင်းချောင်ရှောင်း ဆိုလျှင်ပင် လက်ရှိအခြေအနေ၌ မြေပေါ်လဲလျောင်းနေမှာ သေချာ၏။

“အံ့အားသင့်စရာပဲ”

ဟယ်ဝူတီသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြောလိုက်သည်။ “တကယ့်ကို အံ့အားသင့်ဖို့ကောင်းတယ်”

အန္တိမကုန်းမြေဆီမှ စွမ်းအင်များကို အသုံးပြုပြီး သိုင်းနည်းစနစ်များကို ထုတ်ဖော်သည့်နေရာ၌ အမှန်ပင် စိတ်ကျေနပ်စရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ ပြစ်ချက်အနည်းငယ်တော့ တည်ရှိလို့နေသေးသည်။ ကောင်းကင်သဘာဝတေးသံ၏ နိယာမထဲတွင် သိုင်းကျင့်ကြံသူများ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ် ပေါင်းစပ်ရန် လိုအပ်နေသေး၏။ ထိုအရာသည် ဒန်ထျန်ထဲတွင် ရှိနေသော ဓာတ်သဘာဝများနှင့် မတူချေ။ ပိုမို နားလည်ရန် ကြိုးစားရပေဦးမည်။

ဟယ်ဝူတီသည် ဟောခန်းသခင်ကျိအား လက်ဝါးရိုက်ချက်တစ်ခုတည်းနှင့် အနိုင်ယူခဲ့၏။ ဤအရာမှာ လတ်တလောအတွင်း သူနားလည်ခဲ့သည့် စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုလိုက်ခြင်းပင်။ သူအနေနှင့် ယခင်အဆင့်ဆီသို့ ပြန်လည်ရောက်ရှိချင်သည်ဆိုပါက ကျိန်းသေပေါက် ကောင်းကင်သဘာဝတေးသံကို ဆက်တိုက်နားထောင်ရန် လိုအပ်သည်။

ကျွင်းချောင်ရှောင်းသည် အလွန်တရာ သဘောကျလျက်ရှိ၏။ တပည့်အားလုံးသည်သာ ဤတေးသံ၏ နိယာမစွမ်းအင်များကို စုစည်းနိုင်ပြီး နဂါးကိုးကောင်လက်ဝါးရိုက်ချက်ကို အသုံးပြုနိုင်သည်ဆိုပါက ကျိန်းသေပေါက် ထိုအရာသည် ဝှက်ဖဲကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သာ ဖြစ်လာသည်ဆိုပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် တိုက်ခိုက်သည့်နေရာတွင် တပည့်များအားလုံးသည် တစ်ချက်ထိုး မင်းသားများအဖြစ်ဖြင့် ပြောင်းလဲသွားမှာ သေချာ၏။

“ဂိုဏ်းချုပ်”

ဟယ်ဝူတီက ပြောလိုက်သည်။ “တပည့်က ကောင်းကင်သဘာဝတေးသံရဲ့ နိယာမတွေကို ထိန်းချုပ်နိုင်စွမ်း (၁) ရာခိုင်နှုန်းပဲရှိသေးတယ် တစ်ကယ်လို့ (၁၀၀) ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်မယ်ဆိုလျှင် ကျုပ်ရဲ့ သိုင်းနည်းစနစ်က တစ်ချက်တည်းနဲ့ အထက်စကြဝဠာ တစ်ဝက်လောက်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိလိမ့်မယ်”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ “အဲလောက်တောင်လား”

“အင်း.. အန္တိမကုန်းမြေရဲ့စွမ်းအင်တွေက စကြဝဠာရဲ့စနစ်တစ်ခုလုံးကိုတောင် ဖျက်ဆီးနိုင်စွမ်းရှိနေတယ်လေ” ဟယ်ဝူတီသည် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။

အောက်နယ်မြေနဲ့ အထက်မြေအကြား ကွားခြားချက်သည် အမှန်ပင်ကြီးမားလွန်းလှသလို အထက်နယ်မြေ နှင့် အန္တိမကုန်းမြေတို့အကြား ကွာခြားချက်မှာလည်း ကျိန်းသေပေါက် ကြီးမားလွန်းလှ၏။ သေမျိုးနှင့် အင်မော်တယ်အဆင့်ကြားကဲ့သို့ ကွာခြားလျက်ရှိနေ၏။

“ဒီတော့”

ကျွင်းချောင်ရှောင်းသည် ဟောခန်းရှေ့သို့ လျှောက်ထွက်လိုက်၏။ သူသည် ခါးထောက်ပြီးသည့်နောက် တပည့်များကို ကျယ်လောင်စွာဖြင့် တွန်းအားပေးလိုက်သည်။ “အင်း အင်မော်တယ်အသံရဲ့ စွမ်းအင်တွေကို မင်းတို့အားလုံး နားလည်လာရင် ဟောခန်းသခင်ကျိကို တချက်တည်းနဲ့ အနိုင် တိုက်ခိုက်နိုင်ပြီ”

“...........” စိတ်ဝိညာဉ်သားရဲဟောခန်းမှ သတ္တဝါများ ။

ဂိုဏ်းချုပ်ရဲ့အားပေးမှုအောက်မှာတော့ တပည့်များအားလုံးတို့၏မျက်လုံးများသည် တောက်ပလာခဲ့ကြ၏။ ၎င်းတို့အားလုံးသည် အင်မော်တယ်တေးသံအား ပိုမိုနားလည်အောင် ကြိုးစားကာ အာရုံစိုက်လျက် ရှိနေကြ၏။ သူတို့သည် ဟောခန်းသခင်ကျိကို တစ်နေ့တွင် အနိုင်ယူနိုင်ရန် မျှော်မှန်းလျက်ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့ ဟောခန်းသခင်ကျိသည် တစ်စုံတစ်ယောက်၏ အားအင်အဆင့်ကို တိုင်းထွာရန်အတွက် စံသတ်မှတ်ချက်တစ်ခုပင် ဖြစ်လို့လာခဲ့တော့၏။

ကြေးအိုးကြီး၏ တခြားသော အသုံးပြုမှုကို ရှာဖွေတွေ့ရှိပြီးသည့်နောက် တပည့်အားလုံးတို့သည် စားသောက်ခန်း၏ ရှေ့ဝင်ပေါက်တွင် ဆောင့်ကြောင့်ထိုင်လျက်ရှိနေကြပြီး ၎င်းတို့၏ အစားအစာ ရောက်ရှိ လာမည်ကို စောင့်မျှော်လျက်ရှိနေသည်။ ရံဖန်ရံခါဆိုသလို ၎င်းတို့သည် ၎င်းတို့၏အတွေ့အကြုံများကို ပြန်လည်မျှဝေကာ ဆွေးနွေးလျက်ရှိနေသေးသည်။

“စီနီယာအစ်ကိုဟယ် လာပြီ”

ဟယ်ဝူတီပေါ်လာသည့်အချိန်မှာတော့ အားလုံးသောသူတို့သည် ကောင်းကင် တေးသံနှင့်ပတ်သက်၍ မေးမြန်းစရာရှိသည်များကို စတင်ကာမေးမြန်းကြ၏။

“မတိုးကြနဲ့ မတိုးကြနဲ့ တစ်ယောက်ချင်းမေးကြ”

သူတော်စင်ကုကျိုးကျစ်သည် ဂိုဏ်းနှင့် တစ်သားတည်း ဖြစ်တည်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူ၏ဂိုဏ်းတူရောင်း ရင်းများကို အားတက်သရောနှင့်ရှင်းပြလျက်ရှိနေသည်။

အန္တိမကုန်းမြေတိုက်ဆီမှ ကျွမ်းကျင်သူတစ်ယောက်၏ သင်ကြားပြသမှု တည်ရှိနေသည် ဖြစ်သောကြောင့် အားလုံးတို့သည် အင်မော်တယ်တေးသံ၏ စွမ်းအင်များအပေါ် နားလည်မှု၌ ပိုမိုကာမြန်ဆန်စွာဖြင့် နားလည် လာခဲ့ကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်ဝက်သည် ကုန်လွန်သွားခဲ့၏။ တပည့်များအားလုံးသည် မြူကဲ့သို့သော တည်နေရာကြီးထဲသို့ ဝင်ရောက်ပြီးသည့်နောက် အင်မော်တယ်တေးသံအား နားလည် နိုင်ရန် ကြိုးစားကြ၏။ သူတို့သည် လက်ရှိအခြေအနေမှာတော့ တည်တည်ငြိမ်ငြိမ်နှင့် ကြိုးစားလျက်ရှိနေကြသည်။

စားသောက်ခန်းထဲတွင် တပည့်အနည်းငယ်တို့ စားသောက်လျက်ရှိနေပြီး ၎င်းတို့၏ ပြောစကားများသည် အင်မော်တယ်တေးသံ၏ စွမ်းအင်များအကြောင်းပင်ဖြစ်လေ၏။

“စီနီယာအစ်ကို”

တပည့်တစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “မနေ့က ဉာဏ်အလင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီအရာက ရက်အနည်းငယ်အတွင်းမှာ စွမ်းအင် စုဖွဲ့နိုင်လိမ့်မယ်လို့ထင်တယ်”

“ဂိုဏ်းချုပ်ပြောတာအမှန်ပဲ။ အလုပ်သာကြိုးစားမယ်ဆိုရင် ကျိန်းသေပေါက် အင်မော်တယ်တေးသံ ရဲ့ စွမ်းအင်တွေကို ဆုပ်ကိုင်မိမှာပဲ” ဘေးတစ်ဘက်တွင်ရှိသော တပည့်တစ်ယောက်ကပြောလိုက်၏။

ဘုန်း ဘုန်း ....။

ထိုအချိန်မှာတော့ အပြင်ဘက်ဆီမှ ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာ၏။ အားလုံးသောသူတို့သည် ပြတင်းပေါက်ဆီမှ လှမ်းမျှော်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ က သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် တပည့်များသည် နှစ်ဖက်ခွဲကာဖြင့် ဘောလုံးကစားနေကြခြင်းပင်။

၎င်းတို့၏မျက်လုံးများသည် မနာလိုမှုများနှင့်ပြည့်နှက်သွား၏။ အဘယ့်ကြောင့် မနာလိုဖြစ်ရသနည်း။

အဘယ့်ကြောင့်ဆိုသော် ဘောလုံးကို လိမ်ခေါက်ကာ ဆော့ကစားလျက်ရှိနေသည့် စီနီယာအစ်ကို စုရှောင်မို၏ ခြေထောက်တွင် တစ်လက်လက် အလင်းများနှင့် တောက်ပနေသောကြောင့်ပင်။ ထိုအရာသည် အားလုံး ရှာဖွေလျက်ရှိနေသည့် အင်မော်တယ်တေးသံ၏စွမ်းအင်များပင် ဖြစ်လေ၏။

“လီဖေး”

ဘောလုံးကို လိမ်ခေါက်ကာပြေးလျက်ရှိနေသည့် စုရှောင်မိုက အော်ဟစ်လိုက်သည် “ဖမ်းလိုက်တော့”

ဘန်း

ပြင်းထန်လှသည့်ကန်ချက် ထွက်ပေါ်လာခဲ့၏။ အင်မော်တယ်တေးဂီသံ၏ စွမ်းအင်များ ပူးပေါင်း ပါဝင်လျက်ရှိနေသည့် ဘောလုံးသည် ချက်ချင်းပဲ မီးတောက်များနှင့် ဖုံးလွှမ်းသွားခဲ့၏။

ဘောလုံး ဖြတ်သွားရာနေရာတွင် ကြီးမားလှသော စွပ်ကြောင်းကြီးပင် ပေါ်ပေါက်လာခဲ့၏။ ကန်ချက်သည် အလွန်ပင် အားကောင်းလွန်းလှ၏။ တခြားသော နတ်ဘုရားခြေလှမ်းဝက်အဆင့် ကျင့်ကြံသူများသာဆိုပါက ကျိန်းသေပေါက် ထိုအရာကို ထိပ်တိုက်ဖမ်းယူရဲလိမ့်မည်မဟုတ်ချေ။ သေချာသတိမပြုမိပါက သေဆုံး သွားမည်ကိုပင် စိုးရိမ်ရသည်။

ဘုတ် ဘုတ် ဘုတ် ....။

လီဖေးသည် ရှေ့ဆီသို့ ပြေးတက်သွားခဲ့၏။ သူသည် လေထဲကို တစ်ချက်ခုန်ပြီးသည့်နောက် ညာခြေထောက်ကို အသာမြှောက်လိုက်၏။ ၎င်း၏ညာဘက်ခြေထောက်တွင်လည်း အလင်းတန်းများဖြင့်‌ တောက်ပနေ၏။ မှန်ပေသည်။ ဤအရာသည် အင်မော်တယ်တေးသံ၏စွမ်းအင်များပင် ဖြစ်လေ၏။

ဘန်း ....။

ဘောလုံးသည် ခြေထောက်နှင့်ထိမှန်သွားခဲ့၏။ ချက်ချင်းပဲ လမ်းကြောင်းပြောင်းပြီးသည့်နောက် မထင်မှတ် သည့် ဂိုးထောင့်ထဲသို့ ဦးတည်လာလေသည်။

ဘုန်း .....။

ဂိုးဖမ်းသူ၏ လက်၌လည်း အလင်းတန်းများနှင့် တောက်ပလျက်ရှိနေ၏။ လီယုဟွာသည် သူမ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။

သာမာန်ရိုးရှင်းလှသည့် ဘောလုံးပွဲတစ်ခုမှာပင်လျှင် အင်မော်တယ်တေးသံ၏ စွမ်းအင်များကို ထုတ်ဖော်ကာ အသုံးပြုလျက်ရှိနေကြသည်။

ဤအရာသည် နေ့စဉ်အသုံးပြုသည့်အရာမျိုး ဖြစ်တည်လာခဲ့၏။ ထိုတင်သာ မကသေးချေ။ စားသောက်ခန်း၏ မီးဖိုချောင်ထဲတွင် မာယုံနင်သည် အမဲရောင်အဝတ်တစ်ခုဖြင့် သူ၏မျက်လုံးများကို ဖုံးအုပ်ထား၏။ သူ၏လက်များသည် စဉ်းတီတုံးပေါ်သို့ ဖြေးညင်းစွာဖြင့် လှုပ်ရှားလျက်ရှိနေ၏။ သပ်ရပ်လှ‌သော ဟင်းသီးဟင်းရွက်များသည် စဉ်းတီတုံးပေါ်တွင် စီစီရီရီ တည်ရှိလို့ နေလေ၏။

ဖြစ်စဉ်တစ်ခုလုံးသည် အမှန်ပင် ပြစ်ချက်တစ်ခုမှမရှိဘဲ လိုက်လျောညီထွေ ရှိလွန်းလှ၏။ တစ်ချို့သော သူများက မေးမြန်းစရာရှိသည်မှာ ဟင်းသီးဟင်းရွက်များအား ဓားမပါဘဲ မည်ကဲ့သို့လှီးဖြတ်သနည်း။ ဟုတ်ပေ၏။ အင်မော်တယ်တေးသံ၏ စွမ်းအင်များပင်။ သို့ပေမဲ့ သူသည် သိုသိုသိပ်သိပ် နေထိုင်တတ်သည် ဖြစ်သောကြောင့် အားလုံးသောသူတို့၏ရှေ့တွင် ထိုကဲ့သို့သော စွမ်းအင်များကို ထုတ်ဖော်အသုံးမပြုချေ။ ထိုအစား လူရှင်းသည့်အချိန်တွင်မှ ထုတ်ဖော်ကာအသုံးပြုလျက်ရှိနေသည်။

“ဦးလေးမာ..ဟင်းပွဲတွေ မြန်မြန်ပေးတော့”

“ကောင်းပြီ ကောင်းပြီ”

မာယုံနင်သည် မျက်နှာကိုဖုံးအုပ်ထားသည့် အဝတ်မဲကြီးကို ဖယ်ချလိုက်၏။ ပြီးသည့် နောက် သူလှီးဖြတ်ထားခဲ့သည့် ဟင်းသီးဟင်းရွက်များကို လျှိုဝမ်ရှစ်ဆီ လှမ်းကာပေးလိုက်၏။

ဤအမျိုးသမီးသည် အမှန်ပင် အထင်ကြီးစရာ ကောင်းလွန်းလှ၏။ တစ်ချက်ကလေးမှပင် မကြည့်ဘဲ ဟင်းသီးဟင်းရွက်များအားလုံးကို ကြေးအိုးထဲသို့ လှမ်းကာပစ်ထည့်လိုက်၏။ ပြီးနောက် အင်မော်တယ်တေးသံ၏စွမ်းအင်များကို အသုံးပြ၍ ရောကာမွှေလေတော့သည်။

နှစ်ဝက်သာ ကြာမြင့်သေး၏။ ပြိုင်စံရှားဂိုဏ်းတွင် ရှိနေသော လူတော်တော်များများတို့သည် အင်မော်တယ် တေးသံ၏ စွမ်းအင်များကို ကျွမ်းကျင်နေခဲ့ပြီဖြစ်၏။ မတူညီသည့် တည်နေရာအသီးသီးတွင် ထုတ်ဖော်ကာ အသုံးပြုလျက် ရှိနေသေး၏။ တပည့်များသည် ပိုမိုကာအားကောင်းလာခဲ့သလို ဟင်းပွဲများသည်လည်း ပိုမိုကာ မွှေးပျံ့လာခဲ့၏။

အစီအရင်ဟောခန်းရှိ အဖွဲ့ဝင်များအားလုံးသည်လည်း စက်ရုပ်များကို အဆင့်မြှင့်ရာတွင် ပိုမိုကာ တိုးတက် လာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းတွင် ထိုင်လျက်ရှိနေပြီး ဂိုဏ်းတစ်ခုလုံးတွင် ပေါ်ပေါက် နေသည့် အလင်းတန်းများကို ကြည့်ရှုလျက်ရှိ၏။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြစ်တည်လို့နေ၏။

“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ.. ကျုပ်ကို ခဏစောင့်လိုက်အုံး။ အချိန်ရောက်လာပြီဆိုရင် ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခုလောက်တိုက်ခိုက်လိုက်ကြရအောင်”

“ဂိုဏ်းချုပ်”

ထိုအချိန်မှာတော့ လီလိုရှုသည် အသံကို ပို့လွှတ်လိုက်သည်။ “အပြင်မှာ ရီရှင်းချန် ဒုက္ခရောက်နေပြီ”

All Chapters