အခန်း ၁၈၉၂
Vol. 127 Ch. 1892
အပိုင်း (၁၈၉၂)
စကြဝဠာနတ်တိုက်ပွဲ ပြီးဆုံးသွားခဲ့သည်မှာ နှစ်ဝက်ကျော်ပင် ကြာမြင့်ခဲ့၏။ ကျွင်းချောင်ရှောင်းသည် ထာဝရ လောကကြီးထဲတွင် ပုန်းအောင်းလျက် ရှိနေ၏။ အဘယ့်ကြောင့်ဆိုသော် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့သောကြောင့်ပင်။
ယခု သူသည် အပြင်ကို ထွက်ခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ဆေးပင်များကိုရှာရင်း ရီရှင်းချန်တစ်ယောက် ဒုက္ခရောက်နေသည်ဆိုသောကြောင့်ပင်။ ဤဒုက္ခသည် ပဋိပက္ခများအဖြစ် ရန်ဖြစ်ခဲ့သည့် အကြောင်းအရာ မဟုတ်ချေ။ လိုအပ်သည့်ဆေးပင်များကို ဂြိုဟ်တစ်ခုတွင် ရှာဖွေတွေ့ရှိခဲ့၏။ သို့ပေမဲ့ ထိုအရာသည် ထူးဆန်းလွန်းလှသည့် သားရဲများ၏ ကာကွယ် စောင့်ရှောက်ခြင်းကိုခံထားရသည့် ဆေးပင်ဖြစ်နေလေသည်။
တစ်ကောင်၊ နှစ်ကောင်လောက်သာဆိုပါက ညအင်ပါယာသည် ထိုသတ္တဝါများကို လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်၏။ သို့ပေမဲ့ သားရဲများမှာ အလွန်များပြားလွန်းလှ၏။ ထို့ကြောင့် သူသည် ဂိုဏ်းကို အကူအညီတောင်းခံခဲ့ခြင်းပင်။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် သတင်းကိုလက်ခံရရှိပြီးသည့်နောက် ချက်ခြင်းပဲ ကြေညာ လိုက်၏။ “ရှင်းချန် ရှိတဲ့ ဂြိုဟ်ကို သွားကြမယ်”
ရွှီး
ထျန်းလော်လောက၏ တောင်ကြားတစ်ခုတွင် ရှိနေသော သဲမှုန်လေးတစ်ခုသည် ရုတ်တရက် ထာဝရရွက်သင်္ဘောကြီးအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုအရာသည် မီးတောက်များအဖြစ် ထုတ်ဖော်ကာ စကြဝဠာ အတားအဆီးထဲသို့ ချိုးဖြတ်ဝင်ရောက်သွားခဲ့သည်။
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အပြင်မှာ ရှိနေမလားမသိဘူး” ကုထျန်းရှင်းသည် စိုးရိမ်ပူပန်မိ၏။
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ရှိတယ်ဆိုရင်လည်း ရှင်းချန်က အကူအညီ တောင်းနေတော့ သွားကြရမှာပဲလေ”
“ဒါကတော့ အမှန်ပဲ” ကုထျန်းရှင်းသည် သက်တောင့်သက်သာဖြစ်သွားခဲ့၏။ သေချာပေသည်။ ထျန်းလော် လောကဆီမှ ထာဝရရွက် သင်္ဘောကြီးပြန်ထွက်ပြီး စကြဝဠာနှင့်ပေါင်းစပ်လိုက်သည် တစ်ပြိုင်နက် ချောချောမောမောပင် ရွက်လွှင့်လျက် ရှိနေ၏။
“မဆိုးဘူး။ အနည်းဆုံး သူက အရှုံးကိုတော့ လက်ခံသွားသားပဲ” ကျွင်းချောင်ရှောင်းကပြောလိုက်သည်။
“ငါ့အထင်အရဆိုလျှင်”
ကုထျန်းရှင်းက ပြောလိုက်၏။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက တစ်ခုခုနဲ့ ရင်ဆိုင်နေရတာနေမယ်။ ငါတို့ကို ဂရုမစိုက်နိုင်ဘူးလေ”
သူခန့်မှန်းခဲ့သည်မှာ အမှန်သာဖြစ်၏။ များပြားလွန်းလှသော မွေးစားသားများသည် ပြိုင်စံရှားဂိုဏ်း၏ လက်ထဲတွင် သေဆုံးခဲ့၏။ ထို့ကြောင့် မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ဤကိစ္စကို ကျိန်းသေပေါက် လက်လွတ်ပေးလိမ့်မည် မဟုတ်ပေ။ ပထမတုန်းက ထျန်းလော်လောက၏ အပြင်ဘက်တွင် စောင့်နေခဲ့ သေး၏။ ကျွင်းချောင်ရှောင်းပေါ်လာသည်နှင့် တစ်ပြိုင်နက် သူသည် ချက်ခြင်းသတ်ဖြတ်ပစ်ရန် စီစဉ်ခဲ့၏။ သို့ပေမဲ့ ရက်အနည်းငယ်ကြာပြီးသည့်နောက် သူ၏နောက်ဖေးခြံဝင်းသည် မီးလောင်ခဲ့လေသည်။
တကယ့်အစစ်အမှန် နောက်ဖေးခြံဝင်းတော့ မဟုတ်ခဲ့ချေ။ အရေးကြီးသော ဌာနခွဲတစ်ခုသည် ညဘုရင် မဟာမိတ်အဖွဲ့၏ ရုတ်တရက် ဖျက်ဆီးခြင်းကို ခံခဲ့ရ၏။ ကျွင်းချောင်ရှောင်းသည် မိုးကောင်းကင် နတ်ဆိုးအင်ပါယာ၏ နောက်လိုက် တော်တော်များများကို သတ်ဖြတ်ပစ်ခဲ့၏။ ထို့အပြင် ကျားလော်ဘုရင် ကိုလည်း သတ်ဖြတ်ခဲ့သေး၏။ ထိုအရာသည် ညဘုရင်မဟာမိတ်အဖွဲ့အား ပိုမိုကာ စိတ်အားတက်ကြွ စေခဲ့၏။ ထို့ကြောင့်ပင်လျှင် ပွင့်ပွင့်လင်းလင်းနှင့် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ အရေးကြီးသည် ဠာနခွဲတစ်ခုကို သွားရောက်ကာ တိုက်ခိုက်ခဲ့ခြင်းပင်။
“သေချင်နေကြတာပဲ”
မိုးကောင်းကင်နတ်ဆိုးအင်ပါယာသည် ထိုသတင်းကို ကြားရသည့်အချိန်မှာတော့ သူ၏နောက်လိုက်များကို ဆင့်ခေါ်ကာဖြင့် ဖျက်ဆီးခံလိုက်သော ဌာနခွဲဆီသို့ အပြင်းသွားတော့သည်။ သူ၏ အထင်အရဆိုလျှင် ကျွင်းချောင်ရှောင်းဆိုသည်မှာ လျှောက်ကာ ဟောင်လျက်ရှိနေသည့် ဟောင်ဖွာဟောင်ဖွာ ခွေးတစ်ကောင်ထက် မပိုလှချေ။ မည်မျှဟောင်ဟောင် သူ့အနေနှင့် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။
ညဘုရင် မဟာမိတ်အဖွဲ့ဆိုသည်မှာတော့ ခြားနားလွန်းလှ၏။ ဤအဖွဲ့အစည်းသည် သူအသိအမှတ်ပြု ရလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူ၏ အရေးကြီး ဌာနခွဲ တစ်ခုကိုပင် လာရောက်ကာ ဖျက်ဆီးလျက်ရှိ၏။
ထိုအရာကို သည်းခံလိုက်မည်ဆိုပါက အနာဂတ်တွင် ဌာနချုပ်တစ်ခုလုံးကိုပင် လာရောက် တိုက်ခိုက်လာနိုင်သည် ။ ပြင်းပြင်းထန်ထန်အပြစ်ပေးသည့်အနေနှင့် ပြန်လည် ဖျက်ဆီးပစ်မှ ဖြစ်ပေလိမ့်မည်။
အခြားသောရှုထောင့်က ကြည့်ရမည်ဆိုလျှင် ညဘုရင်မဟာမိတ်အဖွဲ့၏ ရုတ်တရက် တိုက်ခိုက်မှုသည် ထျန်းလော်လောကထဲတွင် ပုန်းအောင်းလျက်ရှိနေသော ကျွင်းချောင်ရှောင်းအား ပိုမိုကာလုံခြုံစေခဲ့၏။
ကုန်းရှန့်သာ ထိုအရာကိုသိသည်ဆိုပါက ကျိန်းသေပေါက် ပျော်ရွှင်စွာဖြင့် သီချင်းတစ်ပုဒ်ကို ဟစ်ကြွေးကာ သီဆိုနေပေလိမ့်မည်။
.....
ဘုန်း ဘုန်း
ဂြိုဟ်တစ်၏ ကြီးမားလွန်းလှသည့် တောအုပ်ကြီးထဲတွင် ရီရှင်းချန်သည် ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ ၎င်း၏အမူအယာသည် ပျက်ယွင်းလျက်ရှိနေ၏။
သေသေချာချာ ကြည့်ရှုရမည်ဆိုလျှင် ၎င်း၏ ရှေ့ မိုင်ဒါဇင်ချီ အနီးအနားတွင် မည်သည့်အပင်နှင့် ကျောက်တုံးများမှ မရှိချေ။ အက်ကွဲကြောင်းများနှင့် ဖုန်များသာလျှင် တစ်ထောင်းထောင်းဖြစ်လျက်ရှိနေ၏။ လေဟာနယ်ကြီးတစ်ခုလုံးသည်လည်း တွန့်လိမ်ပြီး ပျက်ဆီးလျက်ရှိနေ၏။ တည်နေရာတစ်ခုလုံးသည် ပြင်းပြင်းထန်ထန် နှင့် ထိုးနှက်တိုက်ခိုက်ခံထားရပုံပင်။
“လူသား”
စူးရှလှသောအသံတစ်ခုသည် ထွက်ပေါ်လာခဲ့၏။ “မင်း တကယ့်ကို ခေါင်းမာလွန်းတာပဲ”
ဤစကားကို ပြောဆိုလိုက်သည့်သူသည် ဒိုင်နိုဆောကဲ့သို့သော ကြီးမားလှသည့် မွန်းစတားကြီး တစ်ကောင်ပင်ဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် မှန်ကဲ့သို့သော အလွှာများ ဖုံးလွှမ်းလျက်ရှိနေပြီး ဖျက်ဆီး၍ မရနိုင်သည်ဟူသော အော်ရာများကို ပေးစွမ်းလျက်ရှိ၏။ မျက်လုံးကြီးနှစ်ခုသည် အပြင်ဘက်သို့ ပြူးထွက်လျက်ရှိနေပြီး ကြောက်မက်ဖွယ်ရာကောင်းလွန်းလှချေသည်။
ဤအရာသည် လင်းကျန့်မှန်နဂါးပင် ဖြစ်၏။ ၎င်း၏ မျိုးနွယ်စုအရပြောရလျှင် ရှားပါးလွန်းလှပြီး ဂျိုကိုးခု မိုးကြိုးတိမ်နဂါးနှင့်ပင် နှိုင်းယှဉ်၍ရနိုင်၏။ ဤကဲ့သို့သော သားရဲမျိုးသည် အလွန်ခိုင်ခံ့သန်မာလှသော အကာအကွယ်မျိုးနှင့် မွေးဖွားလာခဲ့သည့်သူမျိုးဖြစ်ပြီး အားအင်အဆင့်ကလည်း မဆိုးဝါးလှချေ။ နတ်ဘုရား လျှို့ဝှက်ခြေတစ်လှမ်းဝက်အဆင့်သို့ပင် ရောက်ရှိလို့နေခဲ့၏။ ထို့ပြင် တစ်ကောင်ထက်ပိုလွန်းလှ၏။
ဘုန်း ဘုန်း
မြေပြင်တစ်ခုလုံး တုန်ခါလျက်ရှိပြီး နေရာအနှံ့တွင် ဖုန်များ တထောင်းထောင်းနှင့် ဖြစ်တည်နေ၏။ လင်းကျန့်မှန်နဂါး ရှစ်ကောင်တို့သည် တစ်ဝုန်းဝုန်းနှင့် ရှေ့ဆီသို့လှမ်းလျှောက်လာခဲ့၏။ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် အော်ရာများသည် တူညီနေသည်။ တူညီသည့်အားအင်အဆင့်ကို ပိုင်ဆိုင်သည်ဖြစ်ကြောင်းကို ထုတ်ဖော်ပြသခြင်းပင်။
ရီရှင်းချန်တစ်ယောက် ရိုက်နှက်ခံရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဂိုဏ်းကိုပင် အကူအညီ တောင်းခဲ့ရ၏။
“ခေါင်းဆောင်”
နဂါးသားရဲတစ်ကောင်သည် သွားရေများ တမြားမြားကျရင်း ပြောလိုက်သည်။ “ဒီလူသားရဲ့ အားအင်အဆင့်က မဆိုးဘူး။ သူ့ကို စားမယ်ဆိုရင် အရမ်းအရသာရှိမှာပဲ”
“ဒါကို ငါအရင်ပြောတာ။ ဒီတော့ ငါခေါင်းကိုစားမယ်”
“ကျုပ်ကတော့ လက်ကိုစားချင်တယ်”
လင်းကျန့်မှန်နဂါး တော်တော်များများတို့သည် မည်သည့်အရာကို စားရမည်ဖြစ်ကြောင်းကို စတင်ကာဆွေးနွေး လျက်ရှိ၏။
“........”
ရီရှင်းချန်သည် ရင်ဘတ်ကို ဆုပ်ကိုင်ပြီးသည့်နောက် အဝေးတစ်နေရာတွင်ရှိနေသည့် လင်းကျန့်မှန်ဆေးပင် များကို လှမ်းကာကြည့်ရှုနေ၏။ ဤဆေးပင်များသည် ကိုယ်ဝန်ခိုင်စေသည့်ဆေးဖော်စပ်ရန်အတွက် အရေးကြီးသည့် အဓိကကုန်ကြမ်းထဲတွင် ပါဝင်သော ဆေးပင်များဖြစ်သည်။
သို့ပေမဲ့ လင်းကျန့်မှန်နဂါးများ၏ ကာကွယ်ထားခြင်းကိုခံရ၏။ ထို့ကြောင့် ထိုအရာကို ဝင်ရောက် လုယူမှသာ ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် လက်ရှိအခြေအနေတွင် ငရဲပြည်သို့သွားရောက်ကာလုယက်ရမည်ဆိုလျှင်ပင် နှောင့်နှေးခြင်းမရှိဘဲ တစ်ခါထဲ ခုန်ချမှာဖြစ်သည်။ ညအင်ပါယာသည် တာဝန်ယူတတ်လွန်းသော အစစ်အမှန် ယောက်ျားတစ်ယောက် ကဲ့သို့ပင်။
“ဒါဆိုရင် အတည်ပြုလိုက်ပြီ။ ကျုပ်က ခန္ဓာကိုယ်ကို စားမယ်။ ကျန်တဲ့လူတွေက ကြိုက်တာစားတော့”
လင်းကျန့်မှန်နဂါးတော်တော်များများတို့သည် ဆွေးနွေးမှုပြီးသည့်နောက် ၎င်းတို့၏ ရုပ်ဆိုးပြီး စူးရှလွန်း လှသော မျက်လုံးကြီးများဖြင့် စူးစိုက်ကာကြည့်ရှုနေ၏။
“မကောင်းတော့ဘူး”
သူတို့သည် ခေါင်းကိုလှည့်ကာ ကြည့်ရှုလိုက်ချိန်မှာတော့ အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာ ပြေးသွားသော ရီရှင်းချန်ကို မြင်လိုက်ရ၏။ ရီရှင်းချန်သည် လင်းကျန့်မှန်ဆေးပင်ဆီသို့ ပြေးနေခြင်းပင်။
လမ်းတစ်လျှောက်တွင်တော့ အနီရောင်အလင်းတန်းများပင် ထွက်ပေါ်နေပြီး မြင်းအနီရောင်ကို စီးနင်းထားသော လွီပုက ပေါ်ပေါက်လာခဲ့သည်။ ၎င်းသည် ပုဆိန်ကြီးကို မြှောက်ကာကာ အေးစက်စက်ပြော လိုက်၏။ “လာတဲ့သူမှန်သမျှ သေ ....”
ဘုန်း
ပြောပြောပြီးချင်းမှာပဲ ကြီးမားလှသည့် ခြေထောက်ကြီးသည် အောက်ကိုကျဆင်းလာခဲ့သည်။
ဝေါ့
ရီရှင်းချန်၏ သူရဲကောင်းစိတ်ဝိညာဉ်သည် တစ်ခါတည်း ရှုံးနိမ့်သွားလေသည်။ ထို့ကြောင့် ရီရှင်းချန်သည် ချက်ချင်းပဲ သွေးများအန်ထွက်လာခဲ့၏။ သို့ပေမဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရာနှင့်အတူ လင်းကျန့်မှန် ဆေးပင်ရှိရာသို့ လှမ်းလျက် ရှိနေ၏။
လက်ရှိအခြေအနေ၌ သူ၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာရှိ၏။ ထိုအရာသည် ဆေးပင်ကို ရရှိရန်ပင်။ နဂါးအနည်းငယ်ကိုမဆိုနှင့် နတ်ဘုရားဆင်းလာပြီး တားဆီးမည် ဆိုလျှင်တောင် မရပေ။ သူ ကျိန်းသေပေါက် ရအောင်ယူရပေမည်။
တစ်မီတာ၊ နှစ်မီတာ ကြောက်မက်ဖွယ်ရာကောင်းလှသည့် စိတ်စွမ်းအင်များ၏ အကူအညီကြောင့် ရီရှင်းချန်သည် နောက်ဆုံးအကြိမ်မှာတော့ လင်းကျန့်မှန်ဆေးပင်များပေါက်နေရာ လင်းကျန့်မှန် ကျောက်တုံးဆီသို့ ရောက်ရှိသွားခဲ့၏။ သူသည် သွေးများ စွန်းပေလျက်ရှိနေသည့် လက်ကို အသာမြှောက်ကာဖြင့် ကျောက်တုံးပေါ်သို့ တင်လိုက်သည်။ အတွေးတစ်ချက်နှင့်ပင် သူသည် သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်သည်။
“သောက်လူသား... မင်း ငါတို့ရဲ့ ရတနာကို ထိရဲတယ်ဟုတ်လား”
လင်းကျန့်မှန်နဂါး ရှစ်ကောင်တို့၏မျက်လုံးများသည် ဒေါသတရားများဖြင့် ပြည့်နှက်သွားခဲ့၏။ တစ်ချို့သည် မီးများကို မှုတ်ထုတ်လျက်ရှိ၏။ တစ်ချို့သည် ခြေထောက်ကြီးများကိုမြှောက်ကာ နင်းချရန်ပြင်ဆင်လိုက်၏။
ဝှစ် ဝှစ်
တည်နေရာကြီး ပြိုလဲသွားပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး တုန်ခါသွား၏။ ဤကဲ့သို့ စွမ်းအင်မျိုးသည် ရီရှင်းချန်၏နောက်ဘက်ဆီမှ ပေါ်ပေါက်လာခဲ့တော့၏။ ရီရှင်းချန်သည် အားကောင်းလွန်းလှသော သေခြင်းတရား၏ အရိပ်အယောင်ကို ခံစားလိုက်မိသည်။
တပည့်တစ်ယောက် ဤကဲ့သို့သော အခြေအနေ ရောက်ရှိနေသည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် ကျိန်းသေပေါက် ရောက်ရှိလာရပေလိမ့်မည်။ မှန်ပေ၏။ ကုန်းရှန့် သည် တပည့်များကို ခေါ်ဆောင်၍ အမှန်ပင် ရောက်ရှိလာခဲ့၏။
ဝှစ်
ထာဝရရွက်သင်္ဘောကြီးသည် လေဟာနယ်ကိုဖြတ်သန်းပြီး လင်းကျန့်မှန်နဂါးများ နေထိုင်ရာလောကဆီသို့ ရောက်ရှိလာ၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ၊ ပန်းများ၊ သစ်ပင်များ အရာအားလုံးတို့သည် တုန်ခါသွားခဲ့သည်။
အရှိန်အဟုန်ပြင်းပြင်းနှင့် ရောက်ရှိလာခဲ့ကြသည် ဆိုသော်လည်း သူတို့သည် ခြေတစ်လှမ်းတော့ နောက်ကျခဲ့၏။
ပြင်းထန်လှသည့်တိုက်ပွဲမှာ အဆုံးသတ်လျက်ရှိနေပြီး လင်းကျန့်မှန်ဆေးပင်များ ပေါက်ရောက်နေရာ လင်းကျန့်မှန်ကျောက်တုံးကြီးသည် ပျောက်ကွယ်သွားခဲ့၏။ ထို့ပြင် တည်နေရာကြီးတစ်ခုလုံးသည်လည်း ပြိုလဲလျက်ရှိနေသည်။
ရှားပါးလွန်းလှသော နဂါးကြီးရှစ်ကောင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်၏။ အဘယ့်ကြောင့်ဆိုသော် ဘာဖြစ်သွားသနည်း ဆိုသည်ကို သူတို့ သေချာမသိရှိလိုက်သောကြောင့်ပင်။
ဘုန်း ....။
ထာဝရရွက်သင်္ဘောကြီးသည် ရပ်တန့်သွားပြီးနောက် တံခါးသည် မြန်မြန်ဆန်ဆန် ပွင့်လာ၏။ ကျွင်းချောင်ရှောင်း သည် ဒေါသတကြီးဖြင့် အပြင်ဘက်သို့ လျှောက်ထွက်လိုက်၏။ သူ၏ နောက်ဖက်တွင်တော့ လက်ရွေးစင်တပည့်များအားလုံးထွက်ပေါ်လာခဲ့၏။
အားလုံးသောသူတို့သည် သတ်ဖြတ်လိုခြင်းဆန္ဒများဖြင့် ပြည့်နှက်နေကြသည်။ ရီရှင်းချန်ပေးထားခဲ့သည့် တည်နေရာ လမ်းကြောင်းသည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့၏။ ထို့ကြောင့် သူတို့သည် ခက်ခက်ခဲခဲဖြင့် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းသာဖြစ်သည်။ ထို့ပြင် ပျောက်ကွယ်သွားခဲ့သည်ဆိုခြင်းမှာ တစ်စုံတစ်ခု လွဲမှားနေခြင်းသာဖြစ်ရမည်။ ဖြစ်နိုင်သည်မှာ ရီရှင်းချန်သည်...
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အံ့အားသင့်မှုများကို ဖိနှိပ်ကာဖြင့် ပြောလိုက်၏။ “ဂျူနီယာညီလေးရီ ဒီမှာ တိုက်ခိုက်ခဲ့တာဖြစ်မယ်”
ကျွင်းချောင်ရှောင်းသည် တစ်ဖြည်းဖြည်း အားနည်းလျက်ရှိနေသည့် ရီရှင်းချန်၏ အော်ရာကို တည်နေရာတွင် ခံစားလိုက်မိ၏။ ထို့ကြောင့် တင်းမာခက်ထန်လှသည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်သည်။ “ဒီကောင်တွေ အကုန်လုံးကို တစ်စစီဆွဲဖြုတ်”
လင်းကျန့်မှန်နဂါးကြီး ရှစ်ကောင်တို့သည် ကြက်သီးမွှေးညှင်းများထအောင် ကြောက်လန့်သွားခဲ့ကြ၏။ ဤလူသား၏ မျက်လုံးများသည် နတ်ဆိုးမျက်လုံးများကဲ့သို့ပင်။
အနောက်ဘက်တွင် ရှိနေသည့် သိုင်းကျင့်ကြံသူများအားလုံးသည် ငရဲခန်းထဲမှ လျှောက်ထွက်လာခဲ့သည့် ငရဲသားများကဲ့သို့ပင် ဖြစ်နေသည်။
“သွားပြီ .... သွားပြီပဲ”