အခန်း ၁၈၉၅
Vol. 127 Ch. 1895
အပိုင်း (၁၈၉၅)
မျက်နှာဖုံးကို ချွတ်လိုက်သည့်အချိန်မှာတော့ သူမ၏အသံသည် ချက်ချင်းပဲ ပြောင်းလဲသွားခဲ့၏။ ထင်မှတ်ထားသည့်အတိုင်းပင်။ သူမသည် အစစ်အမှန် မျက်နှာသွင်ပြင်ကို ထုတ်ဖော်မပြမချင်း အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းကို ဖုံးကွယ်ထားခဲ့ခြင်းဖြစ်သည်။
ဥပမာအားဖြင့် ကြီးမြတ်သူကုဟုန်၏တပည့် ရှစ်ကျန်းရွှမ်ကဲ့သို့ပင်။ အသံကို နားထောင်သည်နှင့် ယောက်ျားလား၊ မိန်းမလား မကွဲပြားခဲ့ချေ။
ဝှစ်
ရီရှင်းချန်သည် အသာလှည့်ကာ ကြည့်ရှုလိုက်သည်အချိန်မှာတော့ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။
ပေါ်ပေါက်လာခဲ့သည့် အမျိုးသမီး၏ အစစ်အမှန် မျက်နှာသည် ကျဲ့လင်းရောင်နှင့် ဧကရီလင်းရောင်တို့နှင့် တော်တော်များများ ဆင်တူလှသည်ဆိုသော်လည်း ထိုနှစ်ခု ပေါင်းစပ်ထားသည့် မျက်နှာသွင်ပြင်မျိုး ဖြစ်လို့နေ၏။ သို့ပေမဲ့ သူမ၏ မျက်လုံးများသည် မှေးမှိန်လျက် ရှိနေသည်။ မျက်နှာမှာလည်း သာမန်ထက်ပိုကာ ဖြူလျော်နေသည်။
တစ်ချက် ကြည့်ရှုလိုက်သည်နှင့် သူမသည် သက်တမ်းကုန်ဆုံးတော့မည့် အခြေအနေဆီသို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ကဲ့သို့ပင်။ သူမသည် အတတ်နိုင်ဆုံး ကြည့်ကောင်းသည့် အပြုံးတစ်ခုကို ဖန်တီးကာ ပြုံးလိုက်၏။ “အံ့အားသင့်သွားပြီလား”
“..........”
ရီရှင်းချန်၏ အမူအရာသည် ဘာမှန်းပင် သေချာမသိတော့ချေ။ သူသည် တုန်လှုပ်သည် ဆိုတာထက်ပင် ပိုမိုလျက် ရှိနေတော့၏။ ညဘုရင်ဖြစ်ခဲ့သည်ဆိုသည့် အကြောင်းအရင်းကို အံ့အားမသင့်စေရန် ဖိနှိပ်ထားခဲ့ရ သည်ထက်ပင် အလွန်ခက်ခဲခဲ့၏။ လက်ရှိအချိန်မှာတော့ ညဘုရင်အတု၏ အစစ်အမှန် မျက်နှာကို မြင်လိုက်ရသည့် အချိန်မှာတော့ သူသည် ပါးစပ်အဟောင်းသားပင် ဖြစ်လို့နေသည်။
“ခင်ဗျား”
ရီရှင်းချန်သည် တီးတိုးပြောလိုက်၏။ “ဘယ်သူလဲ”
“လင်းရောင်.... တစ်ချိန်လုံး ရှင်ရဲ့ဘေးနားမှာ ရှိခဲ့တဲ့ လင်းရောင်ပေါ့။ ရှင်နဲ့အတူ သေခြင်း၊ ရှင်ခြင်း အခက်အခဲ တွေကို ဖြတ်ကျော်ခဲ့တဲ့ လင်းရောင်ပေါ့” အမျိုးသမီးက ပြောလိုက်သည်။
ရီရှင်းချန်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ထပ်မံကာ ဖြစ်တည်လာခဲ့၏။ သူမသည် ဧကရီလင်းရောင် နှင့်တူညီလွန်းလှသည်။ ထို့ကြောင့် သူ၏နှလုံးသားထဲတွင် ရှိနေသည့် ရန်ကြွေးအသစ်၊ ရန်ကြွေးအဟောင်းများ သည် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။
“ရှင် ကျွန်မကို မုန်းနေမှန်း သိပါတယ်”
လင်းရောင်က ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မရဲ့ ခေါင်းမာမှု၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
သူမ၏ အသံသည် ဧကရီလင်းရောင်နှင့် ပိုပို၍ တူညီလာ၏။
ဆွစ် ....
ရီရှင်းချန်သည် သူမ၏ လည်ကုပ်ကို ဖမ်းဆွဲလိုက်သည်။ ပြီးနောက် သတ်ဖြတ်လိုခြင်း အော်ရာများအပြည့်ဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “ကျုပ်ကို လာပြီးတော့ လှည့်စားမနေနဲ့”
အထက်နယ်မြေတွင် ဧကရီလင်းရောင်ကို သတ်ဖြတ်ပြီးသည့်နောက် မရိုးရှင်းကြောင်း သူက ခံစားမိ၏။ လက်ရှိ အခြေအနေတွင် ထပ်မံကာ တွေ့ဆုံနေသည်ဖြစ်သောကြောင့် ကျိန်းသေပေါက် လှည့်ကွက် တစ်ခုသာ ဖြစ်ရမည်။
ထိုက်ရွှမ်ကျမ်းစာကို ရရှိရန်အလို့ငှာ သူမသည် ရက်ရက်စက်စက်နှင့် သူ့ကို သတ်ဖြတ်ခဲ့၏။ အထက်နယ်မြေကို တက်လှမ်းနိုင်ရန် အလို့ငှာ အင်ပါယာကိုးယောက်တို့ကို လိမ်ညာခဲ့၏။ ရီရှင်းချန်၏ နှလုံးသားထဲတွင် ဧကရီ လင်းရောင်ဆိုသည်မှာ အစီအစဉ်ကျနပြီး အလွန်အမင်း ရက်စက်လွန်းလှသည့် အမျိုးသမီးတစ်ယောက်လည်း ဖြစ်လေသည်။
“ကျွန်မဆီမှာ အချိန်သိပ်မရှိတော့ဘူး”
သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ဧကရီလင်းရောင်သည် ခုခံခြင်းကို မပြုလုပ်ခဲ့ပေ။ “ကျွန်မ ရှင်းပြချင်တယ်။ ရှင်းပြလို့ ရနိုင်မလား”
သူမသည် အားပျော့စွာဖြင့် မေးမြန်းလိုက်သည်။ ဤအရာသည် တောင်းပန်တိုးလျှိုးနေခြင်းနှင့် ဆင်တူလှ၏။
ထူးဆန်းလှချေ၏။ မူလအားဖြင့် အလွန်အမင်း ဒေါသထွက်လျက်ရှိနေသည့် ရီရှင်းချန်သည် နှလုံးသားထဲတွင် နူးညံ့သည်ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် သူ၏လက်တွင် ရှိနေသော အားအင်များသည် တဖြည်းဖြည်း ယုတ်လျော့လာခဲ့သည်။
“အတိတ်တုန်းက ရှင့်ရဲ့သက်တမ်းက ကုန်ဆုံးတော့မယ်ဆိုတာကို သိသိကြီးနဲ့ အနာဂတ်ဆီ လှမ်းမျှော်ပြီး ကြည့်ရှု ခဲ့တယ်။ ဒါကို နှောင့်နှေးခြင်းတစ်ချက်မရှိဘဲနဲ့ ပြုလုပ်ခဲ့တာ ဘာကြောင့်လဲဆိုတာ ရှင်သိလား” လင်းရောင်က မေးမြန်းလိုက်၏။
“ဘာလို့လဲ”
“ပိုမိုအဆင့်မြင့်တဲ့အဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်မယ့် အခွင့်အရေးကို ရှာချင်လို့ပဲ”
“ဘယ်လိုအခွင့်အရေးမျိုးလဲ” ရီရှင်းချန်က မေးမြန်းလိုက်သည်။
နာကျင်နေသည့် မျက်နှာအမူအရာသည် လင်းရောင်မျက်နှာပေါ်တွင် ဖြစ်တည်လာခဲ့၏။ သူမက ပြောလိုက်၏။ “ကျွန်မ ရှင်နဲ့ နှစ်ပေါင်းသိန်းချီ အတူတူ နေထိုင်ခဲ့တယ်။ ကျွန်မတို့က အရင်းနှီးဆုံးလူတွေဖြစ်တယ်လို့ ထင်မှတ် ခဲ့တာ။ ဒါပေမဲ့ ရှင် ဘာလို့ အဲလိုလုပ်ခဲ့တာလဲဆိုတာ ကျွန်မကို မပြောခဲ့ဘူး။ ကျွန်မကို အပြင်လူတစ်ယောက်လို သဘောထားခဲ့တယ်”
“ဟုတ်တယ်။ ကျုပ်က အစီအစဉ်ချမှတ်တာတော်ပြီး နောက်ကျောကို ဓားနဲ့ထိုးမယ့် မိန်းမမျိုးကို သတိအပြည့်နဲ့ ဆက်ဆံခဲ့မိရင် လွန်တယ်လို့ မထင်ဘူး” ရီရှင်းချန်သည် တည်ငြိမ်စွာ ပြောလိုက်သည်။
“ရှင် ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ အရာအားလုံးကို မေ့လျော့သွားခဲ့တယ်။ ဒီလိုပြောတဲ့အတွက် ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး”
လင်းရောင်သည် သူ့အား ကြည့်ရှုကာ ပြောလိုက်၏။ “ဒါပေမဲ့ မှတ်ထား။ ကျွန်မ လင်းရောင်က ဘဝတစ်သက်တာမှာ လူပေါင်းများစွာကို အစီအစဉ် ချမှတ်ပြီး လိမ်ညာခဲ့တယ်။ ဒါပေမဲ့ ရှင် .... ညအင်ပါယာကိုတော့ ဘယ်တုန်းကမှ မလိမ်ညာခဲ့ဘူး”
“ဧကရီလင်းရောင်”
ရီရှင်းချန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲမှောင်သွားသည်။ “ကျဲ့လင်းရောင်ကရော ကိုယ်ပွား တစ်ခုလား။ အရာအားလုံး က ခင်ဗျား စီစဉ်ထားတာလား”
“ကျဲ့လင်းရောင်က ကျွန်မရဲ့ ကိုယ်ပွား မဟုတ်ဘူး”
လင်းရောင်က ပြောလိုက်၏။ “လင်းရောင်တွေ အကုန်လုံးက အသွေးတွေ၊ အသားတွေ၊ ပြီးတော့ ကိုယ်ပိုင်သိစိတ်တွေရှိတဲ့ လူတွေကြီးပဲ။”
“ကျုပ်ယုံမယ် ထင်လို့လား”
အရာအားလုံးသည် သူမ၏ အစိတ်အပိုင်း တစ်ခုချင်းစီသာ ဖြစ်ပေလိမ့်မည်။
“တိမ်ပြာစကြဝဠာပတ်လမ်းထဲမှာ ကောင်းကင်နဲ့မြေကြီးက ဖန်တီးထားတဲ့ စိတ်ဝိညာဉ်မျိုးစေ့ သုံးဆယ့်နှစ်ခု ရှိတယ်။ အဲထဲမှာ ဝိညာဉ်သိမ်းဆည်းခြင်း စိတ်ဝိညာဉ်လည်း ပါတယ်” လင်းရောင်က ပြောလိုက်သည်။
“..........” ရီရှင်းချန်သည် မျက်မှောင်ကုတ်မိလိုက်၏။
“အမှန်ပဲ”
လင်းရောင်က ပြောလိုက်သည်။ “ကျွန်မ အဲဒီစိတ်ဝိညာဉ် အရင်းအမြစ်ကို အမွေဆက်ခံ ရရှိခဲ့တယ်”
ရီရှင်းချန်သည် တည်ကြည်လေးနက်သည့် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “ဒါဆိုရင် ကိုယ်ပွားတွေနဲ့ ဘာများ ခြားနားလို့လဲ”
လင်းရောင်သည် ထိုမေးခွန်းကို မဖြေချေ။ ထိုအစား သူမဘာသာ တီးတိုးပြောလိုက်၏။ “ရှင်က ကိုယ့်ရဲ့သက်တမ်းကို အသုံးပြုပြီးတော့ အနာဂတ်ကို လှမ်းမျှော်ကြည့်ရှုခဲ့တယ်။ တစ်နေ့မှာ အခွင့်အရေး တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လေ။ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ချိုးဖြတ်နိုင်မယ့် အခွင့်အရေးမျိုးပေါ့။ ရှင့်ဆီမှာ အချိန် သိပ်မကျန်တော့ဘူးဆိုတာကို နားလည်လိုက်တဲ့အချိန်မှာ ရှင်က ပြန်လည်မွေးဖွားနိုင်ဖို့ ရွေးချယ်ခဲ့တယ်”
ရီရှင်းချန်သည် ကြောင်အသွားခဲ့၏။ ထိုသို့ဆိုလျှင် သက်တမ်းကုန်ဆုံးအောင် ပြုလုပ်ခဲ့ခြင်းမှာ သူ့ဘာသူ ကုန်ဆုံး သွားခဲ့ခြင်း မဟုတ်ဘဲ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့ခြင်းသာလျှင် ဖြစ်၏။
“ရှင် ညဘုရင်က ပိုမိုအားကောင်းစေဖို့အတွက် ကိုယ့်ရဲ့အသက်ကိုတောင်မှ အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တယ်လေ။ ဒါပေမဲ့ ရှင့်ရဲ့ သူငယ်ချင်း၊ မိသားစု ..... သူတို့တွေ ဘက်ကိုရော စဉ်းစားခဲ့သေးလား။ ကျွန်မကိုလည်း စဉ်းစားခဲ့ သေးလား”
လင်းရောင်သည် ပြောနေရင်းမှ မျက်ရည်များ ထိန်းချုပ်မရနိုင်သလို ကျဆင်းလာခဲ့သည်။
လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့်အရာမျိုး ဖြစ်သော်လည်း ခွင့်လွှတ်ပေး၍ မရနိုင်သည့်ပုံပင်။ လျှို့ဝှက်ခန်းထဲသို့ ဝင်လိုက်သည့်အချိန်တွင် အေးစက်လျက်ရှိနေသော အလောင်းတစ်ခုကို မြင်ခဲ့ရသည်။ ထိုအချိန်ကဆိုလျှင် သူမ၏ နှလုံးသားတစ်ခုလုံးကို ဆွဲဆုပ်လိုက်သကဲ့သို့ပင်။
“ပြီးတော့ ရှင် ထွက်သွားခဲ့တယ်”
လင်းရောင်သည် ဝမ်းနည်းကြေကွဲစွာဖြင့် ပြောလိုက်၏။ “ကျွန်မရဲ့ ခံစားချက်ကို ရှင်နည်းနည်းလေးမှ မစဉ်းစားပေးခဲ့ဘူး။ ရှင့်ရဲ့ နှလုံးသားထဲမှာ သိုင်းပညာက အရေးကြီးဆုံးပဲ။ ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ ညဘုရင်မဟာမိတ်အဖွဲ့ ၊ ရှင်နဲ့ အတူ တိုက်ပွဲဝင်ခဲ့တဲ့ နောက်လိုက်တွေ ...... အဆင့်မြင့် ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ဖို့အတွက် ရှင်အရာအားလုံးကို စွန့်လွှတ်ခဲ့တယ်”
ရီရှင်းချန်သည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံး တင်းကျပ်သွားမိ၏။ “ခင်ဗျားက ဇာတ်လမ်းကို ပြောပြနေတာလား။ ကျုပ်ကို ဝေဖန်နေတာလား”
“ရှင်က တကိုယ်ကောင်းသမား၊ အကြင်နာတရား ကင်းမဲ့တယ်။ ပြီးတော့ တာဝန်ယူမှုလုံးဝ မရှိဘူး”
လင်းရောင် သည် အော်ဟစ်ငိုယိုနေရင်းမှ ထကာ ရယ်မောလိုက်ပြန်၏။ “ဒါပေမဲ့ ကျွန်မရှင့်ကို ချစ်နေသေးတယ်။ အဲတာ ရူးနေတာပဲလား။ ကျွန်မ ရူးနေပြီ။ အရင်တုန်းကလည်း ရူးခဲ့တယ်။ အခုလည်း ရူးနေတုန်းပဲ”
သူမသည် ညဘုရင်၏ အရင်းနှီးဆုံးအသိဟု ဖော်ညွှန်းပြောဆိုခဲ့၏။ သို့ပေမဲ့ ချစ်သူဟု ပြောလျှင် ပို၍ မှန်ကန်ပေလိမ့်မည်။ သို့ပေမဲ့ အချစ်ဆိုသည်မှာ တစ်ဖက်သတ်အချစ်သာလျှင်ဖြစ်၏။ အမြဲတမ်း တစ်ဖက်လူ၏ ဘေးနားတွင် နေထိုင်ရင်း ပါရမီဖြည့်ခဲ့သည်။ တစ်ဖက်လူ တည်ထောင်ထားသော အဖွဲ့အစည်း၏ အတွင်းရေး ကိစ္စရပ်များကို စောဒကတက်ခြင်း တစ်ချက် မရှိဘဲ ဂရုစိုက် ပြုလုပ်ပေးခဲ့၏။ သို့ပေမဲ့ ရီရှင်းချန်သည် တစ်ချက်ကလေးမှ ချစ်သည်ဟု ဝန်မခံခဲ့ချေ။
ကျွင်းချောင်ရှောင်း၊ ဟွာမင်ကွေ့တို့နှင့် ကွာခြားလွန်းလှ၏။ သို့ပေမဲ့ ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် ညအင်ပါယာထက် ပိုမိုကာ ယုံကြည်ရ၏။ သူသည် တစ်ကိုယ်ကောင်း မဆန်လှသလို အကြင်နာတရား ကင်းမဲ့လှသူလည်း မဟုတ်ချေ။ လင်ယောက်ျားတစ်ယောက်၏ တာဝန်ဝတ္တရားများကိုပင် စတင်ကာ ယူဆောင် နေပြီ ဖြစ်၏။
“အင်း... ရှင် ထွက်ခွာသွားပြီးတဲ့နောက်မှာ ကျွန်မ ဝေပုကျိနဲ့ တွေ့ခဲ့တယ်”
လင်းရောင်သည် သူမ၏ ခံစားချက်များကို ထိန်းချုပ်ကာ ပြောလိုက်သည်။ “ရှင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးအရ ဘယ်လောက်ပဲ ပြန်လည်မွေးဖွားလာတာဖြစ်ဖြစ် ပြောင်းလဲမှာ မဟုတ်ဘူး။ ဒီတော့ တစ်စုံတစ်ယောက်ကို စတေးပြီးတော့ ရှင့်ကို ပြောင်းလဲအောင် ပြုလုပ်ပေးဖို့ စီစဉ်ခဲ့တယ်”
ဤနေရာသည် အဓိက အချက် ဖြစ်လို့လာခဲ့တော့၏။
လင်းရောင်က ဆက်ပြောလိုက်သည်။ “ကျွန်မက ကမ္မပြန်လည်ဝင်စားခြင်းအစီအရင်တစ်ခုကို ဖန်တီးပြီးတော့ အစီအရင်ရဲ့ ဗဟိုချက်မှာ ရှင့်ရဲ့အလောင်းကို အသုံးပြုခဲ့တယ်။ ပြီးတော့ ဝိညာဉ်သိမ်းဆည်းခြင်း စိတ်ဝိညာဉ် နဲ့ ချိတ်ဆက်ပေးခဲ့တယ်။ ဒါကြောင့် ရှင်က ပြန်လည်ဝင်စားပြီးတဲ့အချိန်မှာ လင်းရောင်ဆိုတဲ့ ကမ္မနှောင်ကြိုးတွေနဲ့ ဆက်နွယ်နေခဲ့တာပေါ့။ ဒီအရာအားလုံးက တစ်ချိန်ချိန်မှာ ရှင်ကို ပြောင်းလဲစေနိုင်မယ့် မျှော်လင့်ချက်လည်း ဖြစ်တယ်”
“ဒါဆိုရင် ဧကရီလင်းရောင်က ခင်ဗျားကြောင့် အသတ်ခံလိုက်ရတာလား။ ဆိုလိုတာက သူမရဲ့တာဝန် ကျရှုံးခဲ့တာ လား”
“..........”
ရီရှင်းချန်၏ မျက်နှာသွင်ပြင်တစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ သူ၏ သွေးအေးပြီး ရက်စက်လွန်းလှသည့် ကိုယ်ရည်ကိုယ်သွေးကို ပြောင်းလဲနိုင်ရန်အတွက် သူမသည် ရည်ရွယ်ချက်ရှိရှိဖြင့် နောက်ကျောမှ ဓားနှင့် ထိုးနှက် ခဲ့၏။
“ဝိညာဉ်သိမ်းဆည်းခြင်း စိတ်ဝိညာဉ်နဲ့ ဖန်တီးထားတဲ့ ကမ္မအစီအရင်ကြောင့် ဧကရီလင်းရောင်က ကျွန်မရဲ့ ဝိညာဉ် အစိတ်အပိုင်းတစ်ဝက်ကို အမွေဆက်ခံခဲ့တယ်။ ဒါပေမဲ့ ဝိညာဉ်အစိတ်အပိုင်းတွေက ကျွန်မဆီက ထွက်ခွာသွားပြီးနောက်မှာ ကျွန်မ ထိန်းချုပ်လို့မရဘူး။ သူမက သူမပဲ။ သူမမှာ ကိုယ်ပိုင်အတွေးအခေါ်ရှိပြီး ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ ကိုယ်ပိုင် ခံစားချက်တွေရှိတယ်” လင်းရောင်က ပြောလိုက်သည်။
“...........”
ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် အေးစက်သွားခဲ့၏။ “သူမက ခင်ဗျားရဲ့ အစီအစဉ်ချမှတ်ထားတဲ့ အရာတွေကို အမွေဆက်ခံ လုပ်နေရတာပေါ့”
“ဒါကို ကျွန်မ မငြင်းပါဘူး”
လင်းရောင်က ပြောလိုက်သည်။ “ကျဲ့လင်းရောင်ကလည်း ကျွန်မရဲ့ ဝိညာဉ်အစိတ်အပိုင်း တစ်ဝက်ကို အမွေဆက်ခံထားတယ်။ သူမ ဆီမှာလည်း ကိုယ်ပိုင် ခံစားချက်တွေရှိတယ်။ အနာဂတ်မှာ ရှင် သူမကို ကောင်းကောင်းဆက်ဆံဖို့ ကျွန်မ မျှော်လင့်မိတယ်”
ကျဲ့လင်းရောင် အကြောင်းရောက်ရှိလာချိန်မှာတော့ ရီရှင်းချန်သည် သူမ၏ ဝမ်းဗိုက်ထဲတွင် ရှိနေသည့် ကလေးအကြောင်း ကို တွေးတောလိုက်မိသည်။ သူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့တွလာခဲ့၏။ ဤအရာသည် အလွန်အမင်း ရှုပ်ထွေး ..... ရှုပ်ထွေးကာ လာခဲ့၏။
“ဟင်း”
ထိုအချိန်မှာတော့ လင်းရောင်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။ ပြီးနောက် သူမက ရယ်မောလိုက်သည်။ “ကျွန်မရဲ့ ဝိညာဉ်က ဒီလွတ်လပ်စွာ တည်ရှိနေတဲ့ သက်ရှိသတ္တဝါနှစ်ယောက်ဆီကို ခွဲထွက် ရောက်ရှိသွားခဲ့တယ်။ တကယ်တော့ ကျွန်မက သေဆုံးခဲ့တာကြာပြီ။ ဒါပေမဲ့ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု ပြီးတော့ အသက်ရှင်သန်အောင် ဖန်တီးထားခဲ့တာပဲ။ သူတို့ကို ညဘုရင်တစ်ယောက်အဖြစ် ဦးဆောင်ရင်း ကျွန်မ ပင်ပန်းနေပြီ။ အခု ရှင်ရောက်လာပြီဆိုတော့ ကျွန်မဆီမှာ ဘာမျှော်လင့်ချက်၊ ဘာနောင်တတရားမှ မရှိတော့ဘူး”
“.............”
ရီရှင်းချန်သည် သူမကို လက်လွှတ်ပေးခဲ့၏။ သူမသည် တဖြည်းဖြည်း မှေးမှိန်လာပြီးသည့်နောက် သူမကို ဖမ်းဆုပ်၍ မရနိုင်တော့ချေ။
“ညဘုရင်”
လင်းရောင်သည် ဝမ်းနည်းလျက်ရှိသည်။ သူမသည် ခြေဖျားထောက်၊ ရှေ့သို့တိုးကာဖြင့် အားတင်း ပြောလိုက်သည်။ “ထွက်မသွားခင် ကျွန်မကို ဖက်ထားပေးနိုင်မလား”
“..........”
ရီရှင်းချန်၏ နှလုံးသားသည် အပ်များနှင့် ထိုးနှက်ခံထားရသလို စူးရှလျက်ရှိသည်။ သူသည် ဘာတစ်ခုမှ မပြောသလို ဘာတစ်ခုမှလည်း မငြင်းပယ်ခဲ့ချေ။
ကံဆိုးစွာဖြင့် ရီရှင်းချန်ကို ဖက်ရန်ကြိုးစားလိုက်သည့်အချိန်မှာပဲ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မှေးမှိန်သွားလေတော့သည်။ “ကြည့်ရတာ ကျွန်မဆီမှာ ရှင်နဲ့အတူ ရှိနေဖို့ ကံကြမ္မာရေစက် မရှိဘူးပဲ”
သူမ၏ ခန္ဓာကိုယ်သည် ကြယ်အလင်းများကဲ့သို့ ပြောင်းလဲကာ အလုံးစုံ ပျောက်ကွယ်သွားခဲ့တော့၏။
“ကောင်းကင်ကြီးရဲ့အောက်မှာ ဒီဘုရင် ပိုင်ဆိုင်တဲ့ အရာအားလုံးရှိတယ်။ သက်ရှိ၊ သက်မဲ့ အရာအားလုံးက ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုတွေပဲ”
ကြယ်အလင်းများသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ သူမ၏ အသံသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ရီရှင်းချန်သည် သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာဖြင့် မျက်နှာပေါ်တွင် နာကျင်နေသည့် အမူအရာများ ဖြစ်တည်လာခဲ့ သည်။ သူသည် အသာလှည့်ပြီးသည့်နောက် ခမ်းနားသပ်ရပ်လွန်းလှသော ထိုင်ခုံတစ်ခုပေါ်တွင် အသာထိုင်ချလိုက်၏။
ဝှစ် ဝှစ်
ချက်ချင်းပဲ ညဘုရင်မဟာမိတ်အဖွဲ့မှ အဖွဲ့ခေါင်းဆောင်များသည် ဟောခန်းအပြင်ဘက်တွင် စီတန်းကာ ရောက်ရှိလာကြသည်။ ၎င်းတို့အားလုံးသည် ဦးညွတ်ကာ အော်ဟစ်လိုက်၏။ “ပြန်လာတဲ့အတွက် ကြိုဆိုပါတယ် ညဘုရင်။ ကျုပ်တို့က ခင်ဗျားရဲ့နောက်ကလိုက်ပြီး ဓားတောင်ကိုပဲဖြစ်ဖြစ်၊ မီးပင်လယ်ကိုပဲဖြစ်ဖြစ် အသက်ထက်ဆုံး လျှောက်လှမ်းသွားပါ့မယ်”