အခန်း ၁၈၉၇
Vol. 127 Ch. 1897
အပိုင်း (၁၈၉၇)
ရွှီး
ထာဝရရွက်သင်္ဘောကြီးသည် အဆုံးအစမဲ့ စကြဝဠာထဲတွင် အမြန်ဆုံးနှုန်းနှင့် ပျံသန်းလျက်ရှိ၏။ သူတို့ မည်သည့်နေရာကို သွားနေသနည်း။ ညဘုရင်မဟာမိတ်အဖွဲ့ဆီသို့ပင်။ ဖန်းဝမ်လီ၏စကားအရ ဆိုလျှင် ရီရှင်းချန်အား ခေါ်ဆောင်သွားခဲ့သည့် သူသည် ညဘုရင်မဟာမိတ်အဖွဲ့မှ တစ်စုံတစ်ယောက် ဖြစ်လိမ့်မည်ဟု ကျွင်းချောင်ရှောင်းက အတည်ပြုပြီးသား ဖြစ်၏။
“သူ့ကို ဘာလို့ကယ်သွားတာလဲ” စနစ်က မေးလိုက်သည်။
“မသိဘူးလေ”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ဘာပဲပြောပြော ငါက ညဘုရင်မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်စောင့်ရှောက်သူကို ဖမ်းဆီးထားတယ်လေ။ ဒီတော့ သူတို့က ငါ့လူကိုပြန်ပြီးတော့ ဖမ်းဆီးတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း တခြားရည်ရွယ်ချက်တွေလည်း ရှိနိုင်တာပဲလေ”
“.........”
စနစ်က ပြောလိုက်သည်။ “ဟုတ်တော့လည်း ဟုတ်တာပဲ။ ဘာမှန်းကို သေသေချာချာမသိဘူး”
“ဟင့်”
ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံ့လိုက်၏။ “အင်း သူတို့က ငါ့ကို ပိုက်ဆံပေးပြီးရွေးဖို့ ရည်ရွယ်ချက် မရှိဘဲနဲ့ ငါ့တပည့်နဲ့ ပြန်လဲချင်တာများလားမှမသိတာ”
ညဘုရင်မဟာမိတ်အဖွဲ့သည် ရီရှင်းချန်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ကယ်တင်သွားခဲ့ခြင်း မဟုတ်ဟု သူက သေချာသိလို့နေသည်။
“အင်း”
ဗီလိန်ကဲ့သို့သော လူတစ်ယောက်၏ နှလုံးသားတွင် မည်ကဲ့သို့သော ကောင်းမွန်သည့် ခန့်မှန်းချက်မျိုး တည်ရှိနေမည်နည်း။ ဟုတ်ပေသည်။ ကုန်းရှန့်အနေနှင့် တခြားသူများကို ငွေညှစ်သည့်အလုပ်အား ရံဖန်ရံခါ ဆိုသလို ပြုလုပ်တတ်၏။ သို့ပေမဲ့ သူ၏ တပည့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သူ့အား ငွေပြန်ညှစ်သည့် ကိစ္စရပ်မျိုးကိုတော့ တစ်ခါမှ မကြုံခဲ့ရချေ။
“ဂိုဏ်းချုပ်ကျွင်း”
ကုထျန်းရှင်းသည် လေးလေးနက်နက်ပြောလိုက်၏။ “ဒီအချိန်သွားမယ်ဆိုရင် ညှိနှိုင်းဆွေးနွေးဖို့ လွယ်မှာမဟုတ်ဘူး။ ပြဿနာတက်မှာတောင်စိုးရတယ်”
အပွင့်လင်းဆုံးပြောရမည်ဆိုလျှင် သွားပြီဆိုလျှင် တိုက်ခိုက်ကြရလိမ့်မည်ဟု အဓိပ္ပာယ်ပင်။
“ဦးလေး စိတ်မပူနဲ့”
ကျွင်းချောင်ရှောင်းသည် သူ၏လက်ချောင်းများကို အသာယှက်ကာဖြင့် ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းက ဘာတစ်ခုကိုမှကြောက်နေမှာမဟုတ်ဘူး။ တိုက်ခိုက်တာဆိုရင် ပိုတောင် ဆိုးသေးတယ်”
ကုထျန်းရှင်းသည် ဆွံ့အသွားခဲ့မိ၏။ “ညဘုရင်မဟာမိတ်အဖွဲ့ဆိုတာ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ နဲ့တောင် တောက်လျှောက်တိုက်ခိုက်နေခဲ့ကြတာလေ။ ရန်သူရဲ့ရန်သူဆိုတော့ မိတ်ဆွေပဲ။ တကယ်တော့ ငါတို့အနေနဲ့ သူတို့နဲ့ ပြဿနာမဖြစ်ပွားဘဲ ငြိမ်းငြိမ်းချမ်းချမ်း အတူပူးပေါင်းပြီး တိုက်ခိုက်လိုက်မယ် ဆိုရင် စကြဝဠာကြီးတစ်ခုလုံးကို အချိန်မရွေးဒုက္ခပေးနိုင်တဲ့ ဒီနတ်ဆိုးကောင်ကို ဖြေရှင်းနိုင်လိမ့်မယ် ထင်တယ်”
“အင်း.. သူတို့သာ ကျွင်းမဟာမိတ်အဖွဲ့ကို လိုလိုချင်ချင်နဲ့ဝင်ချင်တယ်ဆိုရင် ကျုပ်က သူတို့ကို မိတ်ဆွေအဖြစ် ဆက်ဆံရမှာပေါ့” ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်သည်။
“သူတို့ရဲ့ကာကွယ်စောင့်ရှောက်သူကို ညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့ပြီးတော့မှ သူတို့ကို ကျွင်းမဟာမိတ်အဖွဲ့ ဆီကိုဝင်ဖို့ ဘယ်လိုသွားပြောမှာလဲ။ အိမ်မက်မက်နေတာ ရပ်လိုက်စမ်း”
စနစ်က ဝင်ကာလှောင်ပြောင် လိုက်၏။ “ပြီးတော့ ညဘုရင်ဆိုတာ သာမာန်လူတစ်ယောက်မဟုတ်ဘူး။ ဘယ်လိုဖြစ်ပြီးတော့ သူ့ကိုယ့်သူ နှိမ့်ချပြီး မင်းရဲ့အောက်ကို ဝင်မှာလဲ”
အခွင့်အရေးကောင်း ရရှိသည်နှင့်တစ်ပြိုင်နက် စနစ်သည် ဝင်ရောက်ကာ ပြင်းပြင်းထန်ထန်လှောင်ပြောင် လျက် ရှိနေသည်။
သူသည် အကြိမ်အများဆုံး ပါးပိတ်ရိုက်ခံရသည့် စနစ်ဖြစ်သည်ဆိုလျှင်တောင်မှ လက်ရှိ အခြေအနေတွင် အလေ့အကျင့်ပင်ဖြစ်လို့နေခဲ့၏။ ဂုဏ်သိက္ခာတရား၊ မျက်နှာ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိချေ။ အနည်းဆုံး လှောင်ပြောင်လိုက်ရလျှင် သူကျေနပ်ပြီဖြစ်၏။
“ဂိုဏ်းချုပ်”
ထာဝရရွက်သင်္ဘောကြီးကို မောင်းနှင်ရန် တာဝန်ယူထားသည့် ရှန့်ကွမ်းရှင်းရောင်သည် ကြယ်တာရာ မြေပုံကို ထုတ်ယူကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ “အရှေ့မှာ စွမ်းအင်လှိုင်း တွေ ရုတ်တရက် ဖြစ်ပေါ်လာတယ်လေ”
ဟမ်
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထရပ်ကာဖြင့် လှမ်းလျှောက်သွားခဲ့၏။ ကြယ်တာရာမြေပုံဆီမှ လှမ်းကာ ကြည့်ရှုလိုက်မယ်ဆိုလျှင် အားပျော့လွန်းသော စွမ်းအင်လှိုင်းများသည် တစ်ရိပ်ရိပ်ဖြင့် ဖြစ်တည်လျက်ရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ လှိုင်းတစ်ခု လှိုင်းတစ်ခုချင်းစီ တဖြည်းဖြည်းချင်း ဖြစ်တည်လာခဲ့ပြီး ကြည်လင်ရှင်းလင်းကာ များပြားလာခဲ့၏။
ဘာကိုဆိုလိုသနည်း။ ကြီးမားလှသည့်စွမ်းအင်များ ဤတည်နေရာတွင် ဖြစ်တည်နေခြင်းပင်။ အရေအတွက် များပြားလှသည် ဖြစ်သောကြောင့် ထာဝရရွက်သင်္ဘောကြီးသည် အဝေးတစ်နေရာဆီမှပင် ဖမ်းဆီး ထောက်လှမ်းနိုင်ခြင်းဖြစ်ပေသည်။
“အင်း အကွာအဝေးကို ဆုံးဖြတ်လို့ရပြီလား”
“မရဘူး”
“..........”
ကျွင်းချောင်ရှောင်းသည် မေးထောက်ကာ စဉ်းစားလျက်ရှိနေ၏။ အကွာအဝေးကို ဆုံးဖြတ်လို့မရနိုင်ဘူး ဆိုတော့ အလွန့်အလွန်ဝေးကွာလှသည့် တည်နေရာမှ ဖြစ်ပေါ်နေသည့် စွမ်းအင်လှိုင်းများပင်ဖြစ်ပေရမည်။ ထို့ကြောင့် ဤတည်နေရာတွင် အလွန်အားကောင်းလွန်းလှသော စွမ်းအားမြင့်ကျင့်ကြံသူများ တိုက်ခိုက်နေ သည်ဆိုသည့် အဓိပ္ပာယ်ပင်။
“ငါတို့ သွားချင်တဲ့ဆီပဲ သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် ညဘုရင်မဟာမိတ်အဖွဲ့ဆီသို့သွားရန် အလျင်လိုလျက်ရှိ၏။ ထို့ကြောင့် ဤတိုက်ခိုက်ပွဲကို သွားရောက်ကြည့်ရှုရန် စိတ်ဆန္ဒမရှိချေ။
“သွားလို့မရဘူး”
ရှန့်ကွမ်းရှင်းရောင်သည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “အဲ့ဒီ စွမ်းအင်လှုပ်ရှားမှု ဖြစ်နေတဲ့နေရာက ကျွန်မတို့သွားမယ့်လမ်းတည့်တည့်ပဲ”
“..........”
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်၏။ “ဒါဆိုရင် မသိအောင်သွားကွာ။ ပြဿနာ မတက်စေနဲ့”
“ကောင်းပါပြီ”
ဝှစ်
ထာဝရရွက်သင်္ဘောကြီးသည် ပင်လယ်ထဲတွင်ရှိနေသော အထီးကျန်လှေငယ်လေးတစ်စင်းကဲ့သို့ပင် ရွက်လွင့် လျက်ရှိနေ၏။ သူတို့နီးကပ်သွားသည်နှင့်တစ်ပြိုင်နက် ဖြစ်တည်လာခဲ့သည့် စွမ်းအင်လှိုင်းများသည်လည်း တဖြည်းဖြည်းပိုမိုကာ တိုးတက်လာခဲ့သည်။
“တကယ့်ကို ကြမ်းတမ်းတဲ့တိုက်ပွဲတစ်ခုနဲ့တူတယ်” ကျန့်ကွေ့ရှုက ပြောလိုက်၏။
“ဂြိုဟ်နှစ်ခုတိုက်ခိုက်နေတာဖြစ်နိုင်တယ်”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားဖြစ်လို့နေခဲ့သည်။ ထိပ်တန်းဂြိုဟ်နှစ်ခုတိုက်ခိုက်လျက်ရှိသည့် မြင်ကွင်းကို သူတစ်ကယ်ပဲမြင်ချင်လှသည်။ သို့ပေမဲ့ ရီရှင်းချန်ကို ကယ်တင်ရန်ကိစ္စရှိသောကြောင့် သူ၏ စပ်စုချင်စိတ်များကို ဖိနှိပ်ထားရ၏။ သူကမေးမြန်းလိုက်သည်။ “ညဘုရင်မဟာမိတ်အဖွဲ့အစည်းဆီရောက်ဖို့ ဘယ်လောက်ကြာအုံးမှာလဲ”
“တွက်ချက်ရမယ်ဆိုရင်”
ရှန့်ကွမ်းရှင်းရောင်သည် ပြောဆိုနေရင်းမှ ရုတ်တရက် ရပ်တန့်လိုက်၏။ သူမ၏ လက်ချောင်းများသည် ပုံရိပ်ယောင်မြင်ကွင်းဆီသို့ တစ်တောက်တောက်နှင့် ခေါက်လျက်ရှိသည်။ သေသေချာချာ အတည်ပြုပြီးသည့်နောက် သူသည် အံ့အားသင့်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်…. ကျွန်မတို့ သွားနေတဲ့နေရာက အခု စွမ်းအင်လှိုင်းတွေဖြစ်နေတဲ့နေရာပဲ”
“ဟမ်”
ကျွင်းချောင်ရှောင်းသည် စိတ်ဝင်တစားနှင့် မေးမြန်းလိုက်သည်။ “ဒါဆိုရင် ညဘုရင်မဟာမိတ်အဖွဲ့က အခြားတစ်ယောက်ယောက်နဲ့ တိုက်ခိုက်နေတာလား”
“ညဘုရင်က တကယ့်ကို ဆန်းကြယ်တဲ့လူလေ။ သူ့ရဲ့အားအင်အဆင့်ကလည်း ခန့်မှန်းလို့မရဘူး အထက် စကြဝဠာနယ်မြေကြီးမှာ သူ့ကို ဘယ်ဂြိုဟ်၊ ဘယ်အင်အားစုကမှ မတော်လှန်ရဲဘူး”
ကျန့်ကွေ့ရှုသည် လေးလေးနက်နက် အမူအယာဖြင့် ပြောလိုက်၏။ “သူ့ကို တော်လှန်နိုင်တဲ့သူက မိုးကောင်းကင်နတ်ဆိုး အင်ပါယာပဲ”
“ဒါဆိုရင်စိတ်ဝင်စားစရာပဲ” ကျွင်းချောင်ရှောင်းကပြောလိုက်၏။ သူသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာနှင့် ညဘုရင်မဟာမိတ်အဖွဲ့အစည်းတို့နှင့် ပဋိပက္ခများဖြစ်ပွားခဲ့၏။ ထို့ကြောင့် ၎င်းတို့တိုက်ခိုက် သည်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ကြည့်ရှုချင်နေမိ၏။ ထိုမှသာလျှင် ယာလည်းညက်၍ ကြက်လည်းပန်းပြီဆိုမှ ဝင်ရောက်ရိုက်နှက်ရန် စဉ်းစားထားသည်။
“မြန်မြန်မောင်းလိုက်တော့”
ကုန်းရှန့်ကပြောလိုက်၏။ “ပွဲကြည့်ကြရအောင်”
ဆွစ်
ထာဝရရွက်သင်္ဘောကြီးသည် အရှေ့ဆီသို့ တိုးတက်သွားခဲ့၏။ နီးကပ်လာလေ ကြယ်တာရာမြေပုံတွင် ရှိနေသည့် ပုံရိပ်ယောင်များသည် ပိုမိုကာရှင်းလင်းလာလေဖြစ်သည်။
“ချီးထဲမှ”
ပဲ့ခန်းထဲတွင် ရှိနေသည့် အထက်ပိုင်းအကြီးအကဲနှင့် တပည့်များအားလုံးတို့သည် စုဝေးရောက်ရှိ လာခဲ့၏။ ၎င်းတို့၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေခဲ့၏။ မြေပုံမျက်နှာပြင်ပေါ်တွင် ရွက်သင်္ဘောများကို ရှင်းရှင်းလင်းလင်းမြင်နေရ၏။
တစ်၊ နှစ် ....... ထောင်ပင်ချီလို့နေခဲ့သည်။
“...........”
ကျွင်းချောင်ရှောင်း၏ အမူအယာသည် အမှန်ပင် လေးနက်လာခဲ့၏။ ကြည့်ရမည်ဆိုလျှင် အနည်းဆုံး ရွက်သင်္ဘောများသည် တစ်ထောင်လောက်ရှိခဲ့ပြီး မိုးကောင်းကင်နတ်ဆိုးအင်ပါယာတစ်ယောက် ရွှမ်ယွမ် ကုန်းမြေတိုက်ကြီးကို လာရောက်ဖျက်ဆီးခဲ့သည့် အင်အားစုနှင့်ပင် နှိုင်းယှဉ်၍ရနေ၏။
“ကြည့်ရတာ”
ကျန့်ကွေ့ရှု က လေးလေးနက်နက်ပြောလိုက်သည်။ “မိုးကောင်းကင်နတ်ဆိုးအင်ပါယာက ညဘုရင်မဟာမိတ်အဖွဲ့ကြီးကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တယ်နဲ့တူတယ်”
ပွဲကြည့်ရန် ရောက်လာသည့် ကျွင်းချောင်ရှောင်းသည် ရုတ်တရက် စိုးရိမ်ပူပန်သွားမိ၏။ မိုးကောင်းကင် အင်ပါယာသည် ဤမျှများပြားလှသော ရွက်သင်္ဘောများကို ထုတ်ယူလိုက်၏။ ထို့ကြောင့် ရီရှင်းချန် တစ်ခုခု ဖြစ်သွားမည်ကို သူစိုးရိမ်နေမိ၏။
“မြန်မြန် မြန်မြန်” ကျွင်းချောင်ရှောင်းသည် ရှန့်ကွမ်းရှင်းရောင်အား အရှိန်မြှင့်တင်ရန် ဆော်ဩလိုက်သည်။
ဘုန်း
ထိုအချိန်မှာပဲ နားကွဲလောက်စရာ အသံကြီးတစ်ခုသည် အပြင်ဘက်ဆီမှ ထွက်ပေါ်လာခဲ့၏။ ပဲ့ခန်း၏ ပြတင်းပေါက်ဆီမှ ကြည့်ရှုရမည်ဆိုလျှင် ကြီးမာလှသည့် တိမ်ပုံစံမီးတောက်ကြီးသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖြစ်တည်လာခဲ့၏။
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ လေများ တိုက်ခတ်လာခဲ့ပြီး ထိုလေများသည် ဓားကဲ့သို့ပင် ထက်ရှလွန်းလှ၏။ ကြမ်းတမ်း လှသည့် စွမ်းအင်လှိုင်းများသည် တစ်ရိပ်ရိပ်နှင့်ဖြစ်တည်လာခဲ့သည်။
ကျွင်းချောင်ရှောင်းနှင့် တပည့်များအားလုံးတို့သည် ဆွံ့အနေကြ၏။ ဤအဆင့်ပေါက်ကွဲမှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှချေ၏။ အားလုံးသော သူတို့ တုန်လှုပ်နေစဉ်မှာပဲ ရှန့်ကွမ်းရှင်းရောင် သည် အလုံးစုံတည်ငြိမ်လျက်ရှိနေ၏။ သူမသည် ချက်ခြင်းပဲ ညာဘက်လက်ကို ဝှေ့ယမ်းကာဖြင့် အရှေ့ဆီသို့ မောင်းနှင်လျက်ရှိနေ၏။
ဆွစ်
တိုက်ခိုက်လိုက်သည့်လေများ၏ အော်ဟစ်သံသည် သားရဲကြီးတစ်ကောင်ကဲ့သို့ပင်။ ထာဝရရွက်သင်္ဘောကြီး သည် အရှေ့မှ ဖြစ်တည်လာခဲ့သည့် စွမ်းအင်လှိုင်းများကို သေသေချာချာ ရှောင်ရှားကာဖြင့် ရှေ့သို့ သွားလျက် ရှိ၏။ လက်ရှိအခြေအနေမှာတော့ ရှန့်ကွမ်းရှင်းရောင်သည် အစစ်အမှန် ရေကြောင်းဦးစီးတစ်ယောက်ကဲ့သို့ ပင်။
ဝှစ်
ထာဝရရွက်သင်္ဘောကြီးသည် အစွမ်းကုန်ထုတ်ကာ ရှေ့သို့ လှမ်းလျက်ရှိနေ၏။ ကံကောင်းစွာဖြင့် အရှေ့ဘက်တွင် ပေါက်ကွဲမှုကြီး ဖြစ်တည်ခဲ့သည်ဆိုသော်လည်း သူတို့သည် ရွက်သင်္ဘောကြီးအား အကြိမ်ပေါင်းများစွာ အဆင့်မြှင့်တင်ထားခဲ့သည် ဖြစ်သောကြောင့် ရွက်သင်္ဘောကြီး၏ အကာအကွယ် စနစ်သည် အလွန်တိုးတက်ကောင်းမွန်ခဲ့ပြီဖြစ်၏။
ပေါက်ကွဲမှုများကြောင့် ဖြစ်တည်ခဲ့သည့် တုန်ခါမှုလှိုင်းများ၏ သက်ရောက်မှုကို ခံရသည်ဆိုလျှင်တောင်မှ သူတို့သည် ကောင်းမွန်စွာဖြင့် ရှေ့သို့တိုးတက်နေခဲ့၏။ ပြီးသည့်နောက် တည်နေရာတစ်ခုသို့ ရောက်ရှိချိန် မှာတော့ ရပ်တန့်လိုက်ကြသည်။
“အားလုံးပဲ ထကြမယ်”
သို့ပေမဲ့ ထာဝရရွက်သင်္ဘောကြီး ရပ်တန့်သွားသည့်အချိန်တွင် ပဲခန်းထဲတွင် ရှိနေသည့် သူများမှာတော့ ပုံပန်းသွင်ပြင်အမျိုးမျိုးနှင့် မြေပေါ်လဲကျလျက်ရှိနေ၏။ တချို့သောသူများ၏ မျက်နှာသည် နံရံနှင့် ရိုက်မိလျက်ရှိသည်။ တချို့သည် တချို့သောသူများ၏ မျက်နှာကိုဖင်နှင့်ပေါက်လျက် ရှိနေ၏။ အခြေအနေသည် အလွန်ပင်ရှုပ်ထွေးလွန်းလှ၏။
အိုက်ယား
စုရှောင်မိုက အော်ဟစ်လိုက်သည်။ “ကျုပ်ဖင်... ကျုပ်ဖင်”
ထာဝရရွက်သင်္ဘောကြီးသည် ရုတ်တရက် အလှည့်အပြောင်းများ ပြုလုပ်ကာ ပျံသန်းသွားခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူတို့သည် အရှိန်မထိန်းနိုင်ဘဲ ဟိုနေရာနှင့်ရိုက်၊ ဒီနေရာနှင့်ရိုက် ဖြစ်လို့နေခဲ့၏။
“ချီးထဲမှပဲ” ကျွင်းချောင်ရှောင်းသည် စုရှောင်မို၏ဖင်ကို ခပ်ဝေးဝေးဆီသို့ တွန်းထုတ်ကာဖြင့် ပဲ့ခန်း၏ ပြတင်းတံခါးဆီမှ လှမ်းကာကြည့်ရှုလိုက်၏။ သူ၏အရှေ့ မှိုပုံစံဖြစ်တည်နေသော မီးတောက်များ၏ ရှေ့တွင် လူနှစ်ယောက် ရပ်တန့်လို့နေ၏။ တစ်ယောက်သည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဖြစ်ပြီး အခြား တစ်ယောက်မှာတော့ .........
ကုန်းရှန့်သည် ထိုသူကို မြင်ဖူးသည်။ ပြီးနောက် အံ့အားတသင့်ဖြင့် အော်လိုက်မိ၏။ “ကျန်းစန်းလား”