← Chapters

အခန်း ၁၉၀၁

Vol. 128 Ch. 1901

အခန်း ၁၉၀၁

Vol. 128 Ch. 1901

အပိုင်း (၁၉၀၁)

ပြိုင်စံရှားဂိုဏ်းတပည့်များ၏ တိုက်ခိုက်မှုအောက်မှာတော့ သန်းနှင့်ချီသော မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ စစ်သည်များနှင့် ရွက်သင်္ဘောများ အားလုံးတို့သည် ပျောက်ခြင်းမလှ ပျောက်ကွယ်သွား၏။ ရီရှင်းချန်သည် ထိုအရာကို မြင်သည့်အချိန်မှာတော့ သူ၏ဦးခေါင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထား၏။

လက်ရှိအချိန်မှာတော့ သူသည် အားကုန်အော်ဟစ်လိုက်ချင်သည်။ “ဒါ ဘယ်လိုစွမ်းအင်တွေလဲ။ ဘယ်လိုကြောင့် အရင်တုန်းက မမြင်ဖူးရတာလဲ”

ပြိုင်စံရှားဂိုဏ်းသည် အင်မော်တယ်တေးသံ၏ စွမ်းအင်များနှင့် အသားကျပြီးဖြစ်သည်။ သို့ပေမဲ့ ညအင်ပါယာ သည် ထိုအရာကို မမြင်ဖူးသေးချေ။ ထို့ကြောင့် အလွန်အမင်း အံ့အားသင့်နေခြင်းပင်။

ဟုတ်ပေ၏။ အစီအရင် ဟောခန်းမှ ဖန်တီးထားသော အရာအားလုံးသော အမြှောက်များ ပေါင်းစပ်ကာ ပစ်လွှတ်မှု အောက်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ လက်ကျန်တပည့်များ အားလုံးတို့သည် တုန်လှုပ်သွားခဲ့ ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ကြောက်လန့်မှုများဖြင့် ပြည့်နှက်သွားခဲ့ပြီး ဆံပင်များပင်လျှင် ထောင်ထလာခဲ့ သည်။

အထူးသဖြင့် ကျွင်းချောင်ရှောင်း သတ်ဖြတ်ပစ်ခဲ့သည့် တုံ့လဘုရင်ပင် ဖြစ်သည်။ ပြင်းထန်လွန်းလှသော ဤပေါက်ကွဲမှုအဟုန်များကို မြင်ရသည့်အချိန်မှာတော့ သူမည်သို့မှ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။ ထို့ကြောင့်ပင်လျှင် တစ်ဖက်လူ၏ အလစ်အငိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။

“သတ်ကြ။ သတ်ကြ”

အားတက်သွားခဲ့ကြပြီဖြစ်သော ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် တိုက်ပွဲအလံများကို လွှင့်တင်ကာ ရှေ့ဆီသို့ လှမ်းတက်လိုက်ကြ၏။ ရန်သူသည် အားနည်းလျက် ရှိနေ၏။ ၎င်းတို့မှာတော့ အားကောင်းလာခဲ့၏။ ထို့ကြောင့် နှစ်ဖက်ကြား တိုက်ခိုက်မှုတွင် ပြိုင်စံရှားဂိုဏ်းသည် တကယ်ပင် အသာစီးယူ၍ သတ်ဖြတ်ခြင်းအမှုကို ပြုလုပ်လျက်ရှိသည်။

သာမန်အခြေအနေဆိုရင် မိုးကောင်းကင်နတ်ဆိုးအင်ပါယာဆီမှ စစ်သည်များသည် ထွက်ပြေးကြမှာဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တစ်ယောက်မှ ထွက်မပြေးကြချေ။ ပြိုင်စံရှားဂိုဏ်းကို ဆက်လက်ကာ တိုက်ခိုက်နေကြ၏။ ၎င်းတို့အားလုံးသည် တကယ့်ကို ကျကျနနနှင့် လေ့ကျင့်ပေးထားသော စစ်သည်များဖြစ်ကြ၏။

အမိန့်ပေးသူ တစ်ယောက်ယောက်၏ နောက်ဆုတ်ရန် စေခိုင်းမှု မရှိပါက အသက်သေဆုံးသွားရမည် ဆိုလျှင်တောင်မှ သူတို့သည် ဆုတ်ခွာ ထွက်ပြေးသွားလိမ့်မည် မဟုတ်ချေ။ တကယ့်ကို လေးစားမှုနှင့် ထိုက်တန်လွန်းလှသူများဖြစ်၏။ သို့ပေမဲ့ သူတို့သည် ပြိုင်စံရှားဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေကြရခြင်းဖြစ်၏။ ထို့ကြောင့် ခေါင်းမာမာနှင့် ခုခံနေရခြင်းသည် မိမိကိုယ်ကို သေလမ်းရှာခြင်းနှင့် ဘာမှ မကွာခြားချေ။

“အားလုံးကို သတ်လိုက်” ကျွင်းချောင်ရှောင်းသည် တပည့်များကို အမိန့်ပေးလိုက်၏။ ဤလူများသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များဖြစ်ကြ၏။ ၎င်းတို့၏ ကြမ်းတမ်းလွန်းလှသော အော်ရာများကို သုံးသပ်ရမည်ဆိုလျှင် မကောင်းသည့်လူများသာဖြစ်၏။ ထိုသို့သောသူများအား သတ်ဖြတ်ခြင်း သည် အထက်စကြဝဠာတစ်ခုလုံးကို ကောင်းကျိုးဖြစ်တည်နိုင်စေပေလိမ့်မည်။ ကုန်းရှန့်အနေဖြင့် ရန်သူများကို ဘယ်သောအခါမှ သနားညှာတာမှု မရှိချေ။

“သတ် သတ်”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များသည် အရှေ့ဆီသို့ လှမ်းတက်ကာဖြင့် တွေ့သမျှအားလုံးကို သတ်ဖြတ်နေကြသည်။ ကောင်းကင်လက်ဝါးရိုက်ချက်၊ သက်တန့်ရောင်စဉ်ကျမ်းနှင့် တခြားသော သိုင်းနည်းစနစ်များ အားလုံးတို့သည် ကောင်းကင်တေးသံ၏စွမ်းအင်များနှင့် ပေါင်းစပ်ပြီးသည့်နောက် ကြောက်မက်ဖွယ်ရာ ကောင်းသည့် စွမ်းအင်များကို ဖြစ်တည်စေခဲ့၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် တစ်ဖက်လူများ၏ အသက်များကို တစ်စစီခြွေလျက်ရှိသည်။

တိုက်ပွဲသည် နှစ်နာရီခန့်သာ ကြာမြင့်၏။ သို့ပေမဲ့ တုန်ခါလျက်ရှိနေသည့် စကြဝဠာကြီး၏ လေဟာနယ်တစ်ခုလုံး ပြန်လည်ကာ တည်ငြိမ်သွားသည့်အချိန်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ဘက်တွင် ရှိနေသည့် ရွက်သင်္ဘောထောင်ချီတို့သည် ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး သန်းနှင့်ချီသော စစ်သည်များအားလုံးတို့သည် အလောင်းအဖြစ်သို့ ပြောင်းလဲကုန်၏။

“..........”

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ညဘုရင်မဟာမိတ်အဖွဲ့ဆီမှ အဖွဲ့သားများ အားလုံးသည်လည်း ဆွံ့အလို့ နေခဲ့ကြသည်။ ပြိုင်စံရှားဂိုဏ်းတပည့်များ ထုတ်ဖော်သည့် ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်ရေးစွမ်းအင်များကို ဘယ်တော့မှ မေ့လျော့လိမ့်မည် မဟုတ်တော့ချေ။

ဆွစ် ဆွစ်

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးတို့သည် ၎င်းတို့၏ လင်းယွမ်ခန်းမဆောင် စာသားများ အသက်သွင်းထားမှုကို ပြန်လည်ကာ ရုတ်သိမ်းလိုက်သည်။ ပြီးသည့်နောက် ရီရှင်းချန်၏ အနားဆီသို့ ရောက်ရှိ လာခဲ့ကြသည်။ ၎င်းတို့အားလုံး၏ မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးများ ဖြစ်တည်လာခဲ့သည်။ ညအင်ပါယာ ပျောက်ဆုံးသွားသည့်အချိန်တွင် သူတို့အားလုံးသည် စိုးရွံ့မိခဲ့ကြ၏။ ယခုအဆင်ပြေနေသည်ကို မြင်သည့်အချိန် မှာတော့ စိတ်သက်သာရာ ရကုန်ကြသည်။

“ကျေးဇူးပါ” ရီရှင်းချန်က ပြုံးလိုက်သည်။ ဤအပြုံးသည် တကယ်ပင် တောက်ပလွန်းလှ၏။ မည်သည့် အနှောင်အဖွဲ့မှ မရှိဘဲ နှလုံးသားထဲမှ ဖြစ်တည်လာသည့် အပြုံးမျိုးပင်။ အန္တရာယ်ရှိသည့် အချိန်မျိုးတွင် သူ့ကို ကူညီရန် များပြားလွန်းလှသော ဂိုဏ်းတူရောင်းရင်းများ ရောက်ရှိလာခဲ့သည်။ ထိုအရာသည် သူ့ကို မျက်ရည် ကျလောက်သည်အထိ စိတ်လှုပ်ရှားစေခဲ့၏။

“အနာဂတ်အတွက်.. ချီးတဲ့မှ.. တကယ်လို့ ကျုပ် ရီရှင်းချန်က သေရမယ် ဒါမှမဟုတ် ချောက်ထဲကို ခုန်ချရမယ်ဆိုရင်တောင်မှ ပြိုင်စံရှားဂိုဏ်းကနေ ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ဘူး”

သူသည် ချက်ချင်းပဲ ကြွေးကြော်လိုက်မိသည်။

“ကဲ... ဒါဆိုရင် ရှိသမျှအရာအားလုံးကို သိမ်းဆည်း၊ တိုက်ပွဲမြေပြင်ကို ရှင်းလင်းရအောင်” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ကောင်းပါပြီ” တချို့သောတပည့်များသည် ပစ္စည်းများကို လိုက်လံကာ ကောက်ယူနေကြပြီး တချို့သော တပည့်များမှာတော့ ရရှိလာသည့် ပစ္စည်းများကို ရေတွက်နေကြ၏။ လေဟာနယ်တစ်ခုလုံးတွင် ရွက်သင်္ဘောများ၏ အပိုင်းအစများသည် တစ်စစီ ဖြစ်လို့နေခဲ့၏။ သူတို့အားလုံးသည် ထိုအရာများ အားလုံးကိုပင် လိုက်လံကာ ကောက်ယူနေကြသည်။

စနစ်သည် ဆွံ့အသွား၏။ “ချီးတဲ့မှ.... ဒီလို အတိုအစတွေကို လွှတ်ပေးလိုက်ပါလားကွာ”

သို့ပေမဲ့ မရချေ။ ရှိသမျှ အရာအားလုံးကို သိမ်းဆည်းရပေလိမ့်မည်။ ပြိုင်စံရှားဂိုဏ်းမှ ဝင်ရောက်တိုက်ခိုက်သည့် လူများသည် မည်သည့် အန္တရာယ်ကိုမှ မတွေ့ခဲ့ရချေ။ တချို့သော ကျွဲရိုင်းစက်ရုပ် အနည်းငယ်သည်သာလျှင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ မည်သူမှ သေဆုံးခြင်းမရှိသော တိုက်ပွဲဟု သမိုင်းတွင် မှတ်တမ်းတွင်သွားနိုင်သည်။

“ရှင်းချန်”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “မင်း ညဘုရင်မဟာမိတ်အဖွဲ့အစည်းရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရတာလား”

“ဂိုဏ်းချုပ်”

ရီရှင်းချန်က ပြောလိုက်သည်။ “တပည့်က ညဘုရင်မဟာမိတ်အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်းကို ခံရတာ မဟုတ်ပါဘူး”

ညဘုရင်မဟာမိတ်အဖွဲ့သားများနှင့် အလွန်နီးကပ်လျက် ရှိနေသည်ကို ကျွင်းချောင်ရှောင်းက မြင်ရ၏။ သူ၏ တပည့်သည် ပြောရန်ခက်ခဲနေပုံပေါ်သည်။ ထို့ကြောင့် သူသည် အသံပို့လွှတ်ကာ မေးမြန်းလိုက်၏။ “မင်း ပြန်ပေးဆွဲခံရတယ်ဆိုရင် ငါ့ကို မျက်လုံးမှိတ်ပြလိုက်”

“.........”

ရီရှင်းချန်သည် ဆွံ့အသွားသည်။ “တပည့်က အခု ညဘုရင်မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်နေပြီ”

“ဘာ” ကျွင်းချောင်ရှောင်းသည် မျက်လုံးပြူးသွား၏။

“တချို့အရာတွေက ခဏလေးနဲ့ ရှင်းပြဖို့ ခက်ခဲတယ်လေ။ ဂိုဏ်းချုပ်... အခု ထာဝရလောကကြီးထဲကို သူတို့ကို ခေါ်သွားရအောင်။ ပြီးတော့မှ တပည့်ရှင်းပြပါမယ်” ရီရှင်းချန်က ပြောလိုက်သည်။

“ကောင်းပြီ” ကျွင်းချောင်ရှောင်းသည် သူ၏လက်ကိုဝှေ့ယမ်းပြီးသည့်နောက် ညဘုရင်မဟာမိတ်အဖွဲ့သားများကို ထာဝရလောကကြီးဆီသို့ ခေါ်ဆောင်လာခဲ့၏။ ထာဝရရွက်သင်္ဘောကြီး၊ ကျွဲရိုင်းစက်ရုပ်များ၊ ဂိုဏ်း၏ တပည့်များ နှင့် တခြားသော သိုင်းကျင့်ကြံသူများ အားလုံးတို့သည် ထာဝရလောကကြီးဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

စကြဝဠာကြီးတစ်ခုလုံးသည်လည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွား၏။ သို့ပေမဲ့ လေဟာနယ်ကြီးမှာတော့ ပိုင်းပြတ်လျက် ရှိနေသည်။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာဘက်မှ စစ်သည်များ၏ အလောင်းသည် တည်နေရာ အနှံ့တွင် လွင့်မျောလျက် ရှိနေတော့၏။ မြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ကျွင်းချောင်ရှောင်းမှာတော့ ထာဝရလောကြီးထဲသို့ မဝင်ဘဲ လာရာလမ်းအတိုင်း ပြန်လှည့်ခဲ့သည်။ ကျန်းစန်းသည် မိုးကောင်းကင်နတ်ဆိုး အင်ပါယာ၏ ကိုယ်ပွားနှင့် တိုက်ခိုက်လျက် ရှိနေသေး၏။ သူ့အနေနှင့် အခွင့်အရေးကို အရယူကာ တစ်ဖက်လူအား ဖြေရှင်းသင့်သည် မဟုတ်ပါလား။

ဤတစ်ကြိမ်မှာတော့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက်များ သည် အရေအတွက်များများနှင့် သူကို စစ်ကြေညာခဲ့ပြီဖြစ်၏။ ထို့ကြောင့် အခွင့်အရေးပင်ဖြစ်လေသည်။ သို့ပေမဲ့ ထိုတည်နေရာဆီသို့ ရောက်ရှိသည့် အချိန်မှာတော့ တစ်ဖက်လူနှစ်ယောက်တို့သည် မရှိတော့ချေ။ ကြီးမားလှသည့် ပေါက်ကွဲမှုကြီးကြောင့် ဖြစ်တည်ခဲ့သည့် အရာများကသာလျှင် စကြဝဠာထဲတွင် ကျန်ရှိခဲ့၏။

“နှစ်ယောက်လုံး သေသွားတာလား” ကျွင်းချောင်ရှောင်းက မျက်မှောင်ကုတ်လိုက်သည်။

ဆွစ်

ထိုအချိန်မှာတော့ လေဟာနယ်ကြီးသည် ကွဲအက်သွားခဲ့သည်။ ကျန်းစန်းသည် ကြောင်အအဖြင့် ထွက်လာခဲ့ ပြီးသည့်နောက် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူသည် နိယာမသုတ်သင်ခြင်းဆိုသော သဘာဝလွန်စွမ်းအင် များကို ထုတ်ဖော်ကာ အသုံးပြုခဲ့၏။ ဤကဲ့သို့သော သိုင်းနည်းစနစ်သည် ရန်သူကို ထိခိုက်ဒဏ်ရာရရှိစေသလို သူ့ကိုယ်သူလည်း ထိခိုက်ဒဏ်ရာ ရရှိစေ၏။ ထို့ကြောင့် သူသည် သေလုမတတ် ဖြစ်ခဲ့ရ၏။

ဟူး ဟူး .....။

ကျန်းစန်းသည် ပြင်းပြင်းထန်ထန် အသက်ရှူလျက်ရှိ၏။ သူ၏မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော်နေသည်။ လက်ရှိအချိန်မှာတော့ သူသည် လက်ကိုဖြည်းညှင်းစွာ မြှောက်ပြလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏အနောက်တွင် ကျွင်းချောင်ရှောင်းက ပေါ်ပေါက်လာခဲ့၏။ တုံးလဘုရင်၏ သွေးများ စွန်းထင်းနေသော ရွှမ်ယွမ်နတ်ဘုရားဓားသည် တစ်ဖက်လူ၏ ပခုံးပေါ်သို့ ရောက်ရှိနေသောကြောင့်ပင်။

“ဂိုဏ်းချုပ်ကျွင်း”

ကျန်းစန်းသည် နာနာကျင်ကျင် မျက်နှာဖြင့် ပြောလိုက်၏။ “သူငယ်ချင်းရောင်းရင်းတွေဆိုတာ တစ်ယောက်ကိုတစ်ယောက် လေးစားသမှုနဲ့ ဆက်ဆံသင့်တယ်”

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို မသိဘူး”

“...........”

ကျန်းစန်းသည် ဆွံအသွားမိ၏။ ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်သည်။ “မိုးကောင်းကင် နတ်ဆိုးအင်ပါယာ ဘယ်ရောက်သွားလဲ”

“သူ ထွက်ပြေးသွားပြီ” ကျန်းစန်းသည် ကိုယ်ပွားကို မသတ်နိုင်ခဲ့ချေ။ ထို့ကြောင့် ပေါက်ကွဲမှုကြီးအတွင်း တစ်ဖက်လူသည် ထွက်ပြေးသွားခဲ့၏။

“ခင်ဗျားက ဘယ်သူလဲ”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ မည်သူဖြစ်သည်ကို သိချင်နေမိ၏။ တိတိကျကျ ပြောရမည်ဆိုလျှင် တစ်ဖက်လူအရင်တုန်းက ပြောဆိုခဲ့ဖူးသည့် စကားများနှင့် ပတ်သက်၍ သူ အမှန်ပဲ ဇဝေဇဝါ‌ ဖြစ်မိနေလေသည်။

“အင်း... ကျင့်ကြံခြင်းလောက က လူတစ်ယောက်ပေါ့”

ဘန်း

ကျွင်းချောင်ရှောင်းသည် ကျန်းစန်း၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့်ထိုးကာ အော်ငေါက်လိုက်သည်။ “ခင်ဗျား ပေါက်ပန်းလေးဆယ် ပြောပြန်ပြီလား”

“မဟုတ်ဘူး”

“ဘာကို မဟုတ်တာလဲ”

ကျန်းစန်းသည် မျက်နှာကို အုပ်ကာကာ ပြောလိုက်၏။ “ကျုပ်က ကျုပ်ဘဝတစ်သက်တာလုံး လှည့်လည် သွားလာနေတာ။ ဘယ်ဂိုဏ်းကမှ မဟုတ်တဲ့ ကျင့်ကြံခြင်းလောက က လူတစ်ယောက်ပဲ။ အမှန်ပြောတာလေ”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ ပခုံးပေါ်သို့ လက်တင်ကာ ပြောလိုက်သည်။ “ခင်ဗျားက ဒီလိုမျိုး ပူးပေါင်းပါဝင်မှုကို မလုပ်ဘူးဆိုမှတော့ ကြမ်းတမ်းတယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့”

ဆွစ်

၎င်းတို့နှစ်ယောက်သည် လေထုထဲမှ ပျောက်ကွယ်သွား၏။ ပြီးသည့်နောက် ထာဝရလောကကြီးထဲသို့ ရောက်ရှိ သွားခဲ့၏။

.......

ပြိုင်စံရှားဂိုဏ်း

ရီရှင်းချန်သည် တည်နေရာရွေ့ပြောင်းပို့ဆောင်ခြင်းကို ခံရပြီးသည့်နောက် ဆေးဟောခန်းမဆီသို့ တိုက်ရိုက် ဆိုသလိုပဲ သွားလိုက်သည်။ သူသည် ဆေးဟောခန်းမတောင်ထွတ်ပေါ်တွင် ရှိနေသည့် သပ်ရပ်လွန်းလှသည့် ခြံဝန်းလေးထဲတွင် မတ်မတ်ရပ်လိုက်သည်။

ကျွီ

တံခါးသည် ဖြည်းညှင်းစွာ ပွင့်သွား၏။ ကျဲ့လင်းရောင်သည် တံခါးရှေ့တွင် မတ်မတ်ရပ်နေ၏။ သန္ဓေသားသည် ဖိနှိပ်ခြင်းကို ခံထားရသည်ဖြစ်သောကြောင့် ဆယ်နှစ်ကျော်ကြာ သန္ဓေဆောင်ထားရသည် ဖြစ်သော်လည်း သူမ၏ ဝမ်းဗိုက်သည် ဖောင်းမနေခဲ့ချေ။ သာမန်လူနှင့်မခြား ဖြစ်လို့နေခဲ့၏။ အချက်အလက်အားဖြင့် ဤကဲ့သို့သာ ဖိနှိပ်ခံထားရမည်ဆိုပါက နှစ်ထောင်၊ သောင်းချီ ဤအတိုင်းဖြစ်နေမှာပင်။

“ကျုပ်”

ရီရှင်းချန်သည် ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ “ကျုပ်”

“ကျွန်မ သေသေချာချာ စဉ်းစားတွေးတောခဲ့ပြီးပြီ”

ကျဲ့လင်းရောင်က ပြောလိုက်သည်။ “ကျွန်မတို့ကြားမှာ နားလည်မှု လွဲနေတာပဲ”

ရီရှင်းချန်က ကြောင်အသွား၏။ သူမသည် စကြဝဠာ နတ်တိုက်ပွဲတွင် သူ့အား သတ်ဖြတ်ချင်နေခဲ့သည်။ အဘယ်ကြောင့် ရုတ်တရက် သေသေချာချာ တွေးတောခဲ့ရသနည်း။ ဂိုဏ်းချုပ်အနေနှင့် သူမရှိသည့် အတောအတွင်း သူမ၏စိတ်ကို ပြောင်းလဲအောင် ကြိုးစားပေးခဲ့လေသည်လား။

ဟုတ်ပေသည်။ ကုန်းရှန့်သည် ရံဖန်ရံခါဆိုသလို ရောက်ရှိလာပြီး သူ၏တပည့်အတွက် ရှင်းလင်းပြောကြားခြင်း များကို ပြုလုပ်ခဲ့ဖူးသည်။ နှစ်ယောက်ကြားတွင် ရှိနေသည့် ရန်ငြှိုး၌ ကလေးသည် အပြစ်ကင်းစင်လှသည်ဟု လာရောက်ကာ ပြောဆိုခဲ့ခြင်းပင်။

“ကျွန်မ သေသေချာချာ တွေးပြီးသွားပြီ။ ကျေးဇူးပြုပြီး ကျွန်မ ပြိုင်စံရှားဂိုဏ်းထဲက ထွက်သွားပါရစေ”

“........”

ရီရှင်းချန်၏ နှလုံးသားများသည် နာကျင်သွား၏။ ဤအမျိုးသမီးသည် အကြောင်းပြချက်တစ်ခုကို ရှာကာ ထွက်ခွာသွားချင်ခြင်းပင်။

“တောင်းပန်ပါတယ်”

ရီရှင်းချန်က ပြောလိုက်သည်။ “ခင်ဗျား ထွက်သွားလို့ မရဘူး”

ကျဲ့လင်းရောင်သည် သူမ၏ ခံစားချက်များကို မထိန်းချုပ်နိုင်တော့ချေ။ ထို့ကြောင့် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျွန်မ ရှင့်သဘောကို လိုက်ပြီးပြီလေ။ ဘာလို့ ထွက်သွားခွင့် မပေးရတာလဲ။ ဘာလို့၊ ဘာလို့လဲ”

“ဘာလို့လဲဆိုတော့”

ရီရှင်းချန်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ “ခင်ဗျားက ကျုပ်မိန်းမ မလို့ပဲ”

All Chapters