အခန်း ၁၉၀၄
Vol. 128 Ch. 1904
အပိုင်း (၁၉၀၄)
ရီရှင်းချန်သည် ကျဲ့လင်းရောင်ကို ပွေ့ဖက်လိုက်သည့်အချိန်မှာပဲ ရေတွက်လို့မရအောင် ပြန်လည်မွေးဖွားခဲ့ခြင်း၏ အစစ်အမှန် သဘောတရားကို နားလည်သွားခဲ့သည်။ ၎င်း၏ စိတ်အခြေအနေ တစ်ခုလုံးသည် ပိုမို တိုးတက်လာခဲ့၏။
နတ်ဘုရားလျှို့ဝှက်အဆင့်သို့ တက်လှမ်းနိုင်ရန် အခွင့်အရေးကို ထိတွေ့နိုင်ခဲ့သည်။ အဆင့်မြင့်ကျင့်ကြံခြင်းကို ပိုင်ဆိုင်ဖို့ ဆိုသည်မှာ ကျင့်ကြံခြင်းတစ်ခုတည်းအပေါ် အာရုံစိုက်နေ၍ မဖြစ်ချေ။ အထူးသဖြင့် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်တပြိုင်နက် လူများသည် မိမိအတွက် လိုအပ်သည့် တာအိုကို ဖြည့်စည်းရန် လိုအပ်လာခဲ့၏။ ရီရှင်းချန်၏ ရုတ်တရက် အဆင့်ချိုးဖြတ်ခဲ့ခြင်းသည် သိုင်းပညာနှင့်ပတ်သက်၍ သမားရိုးကျ အဆင့်ချိုးဖြတ်ခဲ့ခြင်း မဟုတ်ချေ။ နက်နဲလှသည့် နိယာမ သဘောတရားတစ်ခုကို နားလည်ပြီး ချစ်ခြင်းမေတ္တာ၏ တာအိုကို နားလည်သွားခဲ့သောကြောင့်ပင်။
ဝှစ် ဝှစ်
အဆင့်တက်သည့် လေလှိုင်းများသည် တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ သို့ပေမဲ့ မိနစ်အနည်းငယ်ကြာပြီး သည့်နောက် သူနှင့် ကျဲ့လင်းရောင်တို့သည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ထာဝရလောကကြီး .....။
ရီရှင်းချန်သည် အထဲသို့ ပို့ဆောင်ခြင်းကို ခံလိုက်ရ၏။ အဆင့်တက်သည့် အော်ရာများသည် ဂြိုဟ်ကြီးတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး အထဲ၌ရှိသည့် သက်ရှိသတ္တဝါများ အားလုံးတို့သည် အကျိုးရှိစေ၏။
တစ်စုံတစ်ယောက်၏ အဆင့်မြင့်တက်သွားသည့်အချိန်တွင်၊ အထူးသဖြင့် မြင့်မားလှသည့် အဆင့်ကြီးတစ်ဆင့်သို့ တိုးတက်ရောက်ရှိသည့် အချိန်၌ သိုင်းပညာနှင့်ပတ်သက်သည့် အလွန်နက်နဲလှသည့် သဘောတရားများအားလုံးကို တခြားသူများသည် စုပ်ယူ၍ နားလည်နိုင်စွမ်း ရှိတော့သည်။ ထို့ကြောင့် ကုန်းရှန့်သည် ထိုအခွင့်အရေးကို မလွှဲချော်စေချင်ပေ။ မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလာပြီး ရီရှင်းချန် အား ထာဝရလောကြီးထဲသို့ ပို့ဆောင်ခဲ့ခြင်းပင်။
ဆွစ် ဆွစ် ဆွစ်
အားလုံးသောသူတို့သည် ခြေချိတ်ထိုင်ပြီးသည့်နောက် ငြိမ်ငြိမ်သက်သက်နှင့် ခံစားနေကြ၏။ အဆင့်တက်သည့် အရှိန်အဟုန်သည် သိုင်းပညာနှင့်ပတ်သက်သည့် နက်နဲသော သဘောတရားများ ပါဝင်လျက်ရှိနေ၏။ ထို့ကြောင့် အဆင့်နိမ့် ကျင့်ကြံသူများသည် ထိုအရာကို နားမလည်နိုင်ခဲ့ကြချေ။ သို့ပေမဲ့ အဆင့်တက်မှုသည် အရှိန်အဟုန် ပြင်းပြင်းဖြင့် ဖြစ်တည်လျက် ရှိနေသေး၏။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ဤအချိန်၌ မွေးဖွားလာသည့် ကလေးများသည် အဆင့်တက်သည့် အရှိန်အဟုန်ကို စုပ်ယူပြီးနောက် အားနည်းလျက်ရှိနေသည့် မရီဒန်နှင့် သွေးများ ပိုမိုကာ အားကောင်းသွားခဲ့သည်။ ဤအရာသည် တိုက်ရိုက်အဆင့်ကြီး တစ်ဆင့်ဆီသို့ တိုးတက်သွားအောင် ပြုလုပ်နိုင်ခြင်း မရှိသော်လည်း တိတိကျကျ ပျိုးထောင်ပေးလိုက်မည်ဆိုလျှင် အနာဂတ်တွင် ကြီးမားလှသော အောင်မြင်မှုကို ပိုင်ဆိုင်နိုင်လိမ့်မည်။ ဤအရာသည် ကုန်းရှန့်လိုချင်သည့်အရာပင် ဖြစ်လို့နေခဲ့သည်။ ထာဝရလောကကြီးတစ်ခုလုံးကို အားကောင်းအောင် ပြုလုပ်နိုင်ရန်အတွက် အနာဂတ်မျိုးဆက်များ လိုအပ်နေသည် မဟုတ်ပါလား။
..............
ရီရှင်းချန်ဘက်သို့ ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ၎င်း၏ အနီးတဝိုက်တွင် အဆင့်တက်သည့် အရှိန်အဟုန်များ ဖြစ်တည်လျက် ရှိနေ၏။ သို့ပေမဲ့ သူသည် ကျဲ့လင်းရောင်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားခဲ့၏။ ဤအဆင့်တက်သည့် ဉာဏ်အလင်းများသည် အလွန်အလွန့်ကို အရေးကြီးလှ၏။ သူသည် အဆင့်တက်ခဲ့သည်သာမက ယောက်ျား တစ်ယောက်၏ တာဝန်ယူစိတ်ဆိုသည်ကိုပါ နားလည်သွားခဲ့၏။
ကျဲ့လင်းရောင်သည် သူ၏ရင်ခွင်ထဲတွင် မှီလျက်ရှိနေပြီး မျက်ရည်များသည်လည်း ထိန်းချုပ်မရသလို ကျဆင်းလျက် ရှိသည်။ ဤလူသည် လင်းရောင်အဖြစ် ဆက်ဆံနေသည် ဟူသော ခံစားချက်သည် သူမ၏ စိတ်တစ်ခုလုံးကို လွှမ်းမိုးခဲ့သည်။ ထိုအရာမျိုးကို သူမ မလိုချင်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှတော့ တစ်ဖက်လူသည် ညဘုရင်မဟုတ်ဘဲ ရီရှင်းချန်သာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သူမသည် အမှန်ပင် စိတ်သက်သာရာ ရရှိသွားသည်။
လင်းရောင်၊ ညဘုရင် ထိုသူတို့အားလုံးသည် သေဆုံးသွားခဲ့ပြီဖြစ်၏။ တစ်ယောက်သည် ကျဲ့လင်းရောင်ဖြစ်ပြီး တစ်ယောက်မှာ ရီရှင်းချန်သာလျှင်ဖြစ်၏။
ဒွီ ဒွီ
သူမ၏ ဝမ်းဗိုက်ထဲတွင် ရှိနေသည့် သန္ဓေသား၏ နှလုံးခုန်သံသည် ယခင်ကထက် ပိုမိုကာ မြန်ဆန်သွားခဲ့၏။ ၎င်း၏ မိဘများသည် စိတ်ချင်းတရားဝင် လက်ထပ်လိုက်ကြပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ပိုမိုကာ အားကောင်းလာပေ တော့မည်။ သို့ပေမဲ့ အချိန်ကြာမြင့်စွာ ဖိနှိပ်ခံခဲ့ရသောကြောင့် နှလုံးခုန်နှုန်းများ မြန်ဆန်လာခဲ့သည် ဆိုလျှင်တောင်မှ သာမန်ထက်တော့ နိမ့်ပါးနေသေးသည်။
ဤကလေးတစ်ယောက် ကောင်းမွန်သည့် အနာဂတ်ဖြင့် မွေးဖွားလာနိုင်မည်လား ဆိုသည်ကတော့ သဘာဝ၏ ကံကြမ္မာဇာတ်ဆရာ အလိုကျအတိုင်းပင်။ ကုန်းရှန့်သည် သူ၏တပည့်ကို အလွန်တန်ဖိုးထားလှ၏။ ထို့ကြောင့် ရီရှင်းချန်၏ကလေး ဤလောကကြီးထဲတွင် မွေးဖွားနိုင်ရန်အတွက် သူသည် ဘာမဆို ပြုလုပ်ပေးမှာတော့ သေချာ၏။
...........
နာရီအနည်းငယ် ကြာမြင့်ပြီးသည့်နောက် ထာဝရလောကကြီးတွင် ရှိနေသည့် အဆင့်တက်သည့် အရှိန်အဟုန်များ သည် တဖြည်းဖြည်း လျော့ကျလာခဲ့၏။ ထိုအရာကို နားလည်နိုင်အောင် ကြိုးစားနိုင်သည့်လူများသည် ချက်ချင်းပဲ အဆင့်တက်ကုန်ကြ၏။ သို့မဟုတ် ကြီးမားသည့် ဉာဏ်အလင်းကို ရရှိကုန်ကြ၏။ အားအင်အဆင့်သည်လည်း တမဟုတ်ချင်း တိုးတက်လာခဲ့ကြသည်။
ထာဝရလောကကြီးတစ်ခုလုံး၏ တိုက်ခိုက်ခြင်းစွမ်းရည်သည် ပိုမိုကာ ပြည့်စုံလာခဲ့တော့၏။ ဤအတိုင်းသာ ဆက်လက်တိုးတက်သွားမည်ဆိုပါက မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရန် အရည်အသွေးကို မနှေးနှင့် မမြန်ဆိုသလို ပိုင်ဆိုင်မှာ သေချာ၏။
ဆွစ်
အဆင့်တက်သည့် နောက်ဆုံးသော အရှိန်အဟုန်များသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကျဲ့လင်းရောင်ကို တင်းတင်းဖက်ထားသော ရီရှင်းချန်သည် နောက်ဆုံးမှာတော့ နတ်ဘုရားလျှို့ဝှက်အဆင့်ကို ဝင်ရောက်ခဲ့သည်။
တပည့်များထဲတွင် လီချင်းယန်သည် မိုးကြိုးငါးပါး စိတ်ဝိညာဉ်ကို ပေါင်းစပ်ပြီးသည့်နောက် နတ်ဘုရားလျှို့ဝှက် အဆင့်ဆီသို့ ဝင်ရောက်ခဲ့၏။ ယခု ရီရှင်းချန်သည်လည်း ချစ်ခြင်းတရား၏ သဘောကို နားလည်ပြီး နတ်ဘုရား လျှို့ဝှက်အဆင့်ဆီသို့ ရောက်ရှိခဲ့၏။
“ပြိုင်စံရှားဂိုဏ်းရဲ့ နောက်ထပ်ကျားတစ်ကောင် မွေးဖွားလာခဲ့ပြီ” ကျွင်းချောင်ရှောင်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏ နောက်လိုက် အထူးသဖြင့် ကောင်းကင်စစ်သူကြီးများသည် နတ်ဘုရားလျှို့ဝှက်အဆင့်တွင် တည်ရှိခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်းအကြီးအကဲ သို့မဟုတ် တပည့်များ အားလုံးတို့သည် ၎င်းတို့ထက် နိမ့်ကျသည့်အဆင့်တွင် ရှိနေပါက ရှုံးနိမ့်မှာ သေချာ၏။
ဝှစ်
အဆင့်ချိုးဖြတ်ပြီးသည့်နောက် ရီရှင်းချန်သည် အဆင့်တက်သည့် အရှိန်အဟုန်များကြောင့် ကြီးကြီးမားမား ပြောင်းလဲသွားသည်ဟု မခံစားရချေ။ ထိုအစား ကျဲ့လင်းရောင်ကို ဖက်ကာဖြင့် ပြိုင်စံရှားဂိုဏ်း၏ ကွင်းပြင်ထက်သို့ ဆင်းသက်လိုက်၏။ သူက လေးလေးနက်နက် ပြောလိုက်သည်။ “ဂိုဏ်းချုပ်... ကျေးဇူးပြုပြီး ကိုယ်ဝန်ပျက်ကြတာကို ကာကွယ်ပေးတဲ့ ဆေးတစ်ခုကို မြန်မြန်ဖော်စပ်ပေးပါ”
“ပြဿနာမရှိဘူး”ကျွင်းချောင်ရှောင်းသည် နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ သဘောတူညီလိုက်၏။
နေ့လယ်ခင်းမှာတော့ ကုထျန်းရှင်းသည် များပြားလှသော ပစ္စည်းများကို ယူဆောင်လာခဲ့ပြီးနောက် ဆေးဟောခန်း အကူအညီဖြင့် ဆေးလုံးများကို သန့်စင်တော့၏။ နောက်တစ်ရက်မှာတော့ ဆေးလုံးသည် သန့်စင်ပြီးသွားခဲ့၏။ ဆေးရည်ပုလင်းသည် ကောင်းကင်နှင့်မြေကြီး၊ နေ၊ လတို့၏ အဆီအနှစ်များ စုဝေးလျက်ရှိနေသည်။
ရီရှင်းချန်သည် ထိုအရာကို ဂရုတစ်စိုက် ကိုင်ထားခဲ့၏။ အထဲတွင် ရှိနေသော ဆေးရည်တစ်စက်ချင်းစီတိုင်းသည် အလွန်တန်ဖိုးကြီးမားလှ၏။ ကျဲ့လင်းရောင်သည် ထိုအရာကို သောက်သုံးခဲ့၏။
ကုထျန်းရှင်းသည် သေသေချာချာ စစ်ဆေးပေးခဲ့ပြီး ကလေးကို ကယ်ဆယ်၍ ရနိုင်သည်ဆိုသော်လည်း အချိန်ကာလ တစ်ခုအထိတော့ အနည်းငယ် နှောင့်နှေးနေဦးမှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“မွေးဖွားဖို့ ဘယ်လောက်လောက် ကြာနိုင်လဲ”
“အနည်းဆုံး နှစ်တစ်ထောင်လောက်ပေါ့”
“………..”
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်သွားမိ၏။ မွေးဖွားမှုအရှိန်နှုန်း နှေးကွေးသွားသည်ကို လက်သင့်ခံနိုင်၏။ သိုင်းကျင့်ကြံသူများ ဆိုသည်မှာ ရှည်လျားလှသည့် သက်တမ်းကို ပိုင်ဆိုင်သည် ဖြစ်သောကြောင့် ထိုမျှလောက်တော့ အေးအေးသက်သာနှင့် စောင့်လို့ရနိုင်၏။
သို့ပေမဲ့ ကုထျန်းရှင်း ပြောဆိုခဲ့သည် နှစ်တစ်ထောင်ဆိုသည်မှာ စကြဝဠာ နတ်တိုက်ပွဲ ဆယ့်နှစ်ကြိမ်မြောက် ကျင်းပလို့ ရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ထိုသို့ဆိုလျှင် ရီရှင်းချန် မြင်ခဲ့သည့် အနာဂတ်အရာများသည် တိုက်ဆိုင်လျက်ရှိနေသည် မဟုတ်ပါလား။ ကလေးသည် အဲအချိန်ကျမှ မွေးဖွားတော့မည်လား။
“ကြည့်ရတာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ့တပည့်က ထွက်ကို ထွက်သွားရအုံးမှာပဲ”
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် ဟောခန်းထဲသို့ လျှောက်ဝင်လာကာ လေးလေးနက်နက် ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကလေးမြန်မြန် မွေးနိုင်ဖို့ ရတနာတွေ သွားရှာခွင့်ပြုပါ”
“……”
ကျွင်းချောင်ရှောင်း၏ မျက်ခုံးများသည် မြင့်တက်သွားခဲ့၏။ သူ့တပည့်သည် ကလေး မွေးဖွားလာရန်အတွက် အလွန်အမင်း စိတ်အားထက်သန်လျက် ရှိ၏။ ဤအတိုင်းသာ လွှတ်ထားပါက အရာအားလုံးသည် အနာဂတ်တွင် ပြောဆိုထားသည့်အတိုင်း ဖြစ်ပွားလာနိုင်ပြီး ပြန်ပင်လာနိုင်လိမ့်မည် မဟုတ်ချေ။
“လက်ခံသူ ငြင်းလို့ရတယ်လေ”
စနစ်က ပြောလိုက်သည်။ “အနာဂတ်ကို အတင်းပြောင်းလဲလို့ ရနိုင်တာပဲ”
“ပြောင်းလဲလို့ ရနိုင်တယ် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် အနာဂတ်ကို ပြောင်းလဲမည့်ကိစ္စနှင့်ပတ်သက်၍ စိတ်ပါဝင်စားမှုတော့ မရှိချေ။ ထို့အပြင် သူ့အနေနှင့် ယနေ့ ရီရှင်းချန်ကို ဂိုဏ်းထဲမှာသာ နေထိုင်ရန် ပြောဆိုလိုက်မည် ဆိုလျှင်လည်း အနာဂတ်တွင် ဘာဖြစ်နိုင်မည်ကို သေချာမသိရှိနိုင်ချေ။ တားဆီးဖို့ ပိုမိုကြိုးစားလေ၊ တစ်ဖက်လူသည် ထွက်ခွာဖို့ ပိုမိုကြိုးစားလေ ဖြစ်မှာသေချာ၏။
“ထားလိုက်တော့ … ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာပေါ့”
ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “အင်း.. ထွက်သွားဖို့ ငါ ခွင့်ပြုတယ်”
“ကျေးဇူးပါ ဂိုဏ်းချုပ်” ရီရှင်းချန်သည် လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်၏။
အဓိကဟောခန်းဆီမှ ထွက်လျှောက် သွားရန် ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်း၏ အသံသည် သူ၏ နားထဲသို့ ဝင်ရောက်လာသည်။ “ရှင်းချန်.. မှတ်ထား။ မင်းက အမြဲတမ်း ငါ့တပည့်ပဲ။ ပြိုင်စံရှားဂိုဏ်းရဲ့တပည့်ဆိုတာ လည်း မှတ်ထား”
ဘုတ်
ရီရှင်းချန်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးသည့်နောက် တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။ “အမြဲတမ်း မှတ်ထားပါ့မယ်”
“သွားတော့” ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါလိုက်သည်။
ရီရှင်းချန် တစ်ယောက် အဓိကဟောခန်းထဲမှ ပျောက်ကွယ်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ထိုင်ခုံပေါ်သို့ အသာမှေးမှီ၍ မျက်နှာကျက်ကို တွေဝေငေးငိုင်စွာ ကြည့်ရှုနေမိ၏။ ကုန်းရှန့်အတွက် သူ၏တပည့်များ ဆိုသည်မှာ ခွဲခွာသွား၍ မဖြစ်နိုင်သည့် သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများ ကဲ့သို့ပင်။
……….
လေ့ကျင့်ရေး ကွင်းပြင်ထဲမှာတော့ လီချင်းယန်နှင့် တခြားသူများသည် နေရာယူထားကြပြီဖြစ်၏။ ကြည့်ရသည်မှာ ရီရှင်းချန် ထွက်ခွာသွားမည်ကို သူတို့ သိရှိပြီးဖြစ်သည်။ ထို့ကြောင့် လိုက်ပါပို့ဆောင်ဖို့ စီစဉ်ထားခြင်းဖြစ်သည်။
“ဂျူနီယာညီလေးရီ”
လီချင်းယန်က ပြုံးကာ ပြောလိုက်၏။ “လုံခြုံတဲ့ခရီးစဉ် ဖြစ်ပါစေ”
ရီရှင်းချန်သည် ရောထွေးလျက် ရှိနေသည့် ခံစားချက်များနှင့်အတူ ခေါင်းညိတ်လိုက်၏။ ဂိုဏ်းတူရောင်းရင်းများကို တစ်ယောက်ချင်း ကျော်ဖြတ်လျှောက်သွားပြီးသည့်နောက် အားလုံး၏ ချီးကျူးအားပေးမှုကို ခံယူခဲ့ရသည်။
လက်ရှိအခြေ အနေမှာတော့ သူက စိတ်လှုပ်ရှားလျက် ရှိနေသည်။ သို့ပေမဲ့ မကြာခင်မှာပဲ ကလေးမွေးဖွားလာရမည် ဆိုသည့် အတွေးသည် သူ၏နှလုံးတစ်ခုလုံးကို စိုးမိုးသွားခဲ့၏။
ဤအရာသည် သေခြင်း၊ ရှင်ခြင်း ခွဲခြားခြင်းတစ်ခု မဟုတ်ပေ။ ထို့အတူ ပြန်မလာနိုင်သည့်ခရီးစဉ်ကို သွားသည်လည်း မဟုတ်ပေ။ ကလေး မြန်မြန် မွေးဖွားလာနိုင်အောင် ပြုလုပ်နိုင်မည်ဆိုလျှင် သူသည် မြန်မြန် ပြန်လာနိုင်၏။ တွေးကြည့်ပြီးသည့်နောက် ရီရှင်းချန်သည် ရှေ့ဆီသို့ လှမ်းလျှောက်လိုက်သည်။
ကျဲ့လင်းရောင်သည် ဂိုဏ်း၏ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်နေ၏။ ရီရှင်းချန် ရောက်လာသည့်အချိန်မှာတော့ သူမသည် တီးတိုးပြောလိုက်၏။ “ရှင် တစ်ယောက်တည်း မသွားရဘူး”
“ဒါဆို အတူတူ သွားမယ်”
ရီရှင်းချန်သည် သူမ၏လက်ကို အသာဆွဲလိုက်၏။ ပြီးသည့်နောက် နှစ်ယောက်သားသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
“ဒုတိယစီနီယာအစ်ကို”
လျှိုဝမ်ရှစ်သည် မျက်ရည်များကို သုတ်ကာ ပြောလိုက်၏။ “ဂျူနီယာမောင်လေးရီက အသက်ရှင်လျက် ပြန်လာမှာလား”
“ပြန်လာမှာပါ”
လီချင်းယန်သည် တိကျခိုင်မာစွာ ပြောလိုက်သည်။ “သူ ကျိန်းသေပေါက် အသက်ရှင်လျက် ပြန်လာ လိမ့်မယ်”
………..
ထိုနေ့မှာတော့ ရီရှင်းချန်သည့် ကျဲ့လင်းရောင်နှင့်အတူ ထွက်ခွာသွားခဲ့၏။ စိတ်မကြည်ဖြစ်လျက်ရှိနေသော ကျွင်းချောင်ရှောင်းသည် တောင်ထိပ်တစ်ခုပေါ်တွင် တစ်ယောက်တည်းထိုင်ပြီး ဝိုင်သောက်လျက် ရှိနေ၏။ သူ့အနေနှင့် ဝိုင်သောက်ခြင်းမှ ရပ်နားရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။
“နေအုံး”
ရုတ်တရက် သူသည် သတိဝင်သွားမိ၏။ “ငါ ကျန်းစန်းကို မေ့နေတာပဲ”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ဝင်လိုက်၏။ အထဲသို့ ဝင်ဝင်ချင်းမှာပဲ ကျန်းစန်းအား ဂရုတစိုက် ပြုစုလျက်ရှိနေသည့် အကျဉ်းထောင်စောင့်ကြီး သုံးယောက်ကို မြင်လိုက်ရ၏။ တစ်ဖက်လူ၏ အော်ဟစ်သံသည် နားကွဲလုမတတ်ပင်။ အခြေအနေ အလွန် ဆိုးရွားသည်ဟု ပြောဆိုရမည်။
“ဂိုဏ်း.. ဂိုဏ်းချုပ်ကျွင်း၊ ကျုပ် အားလုံးပြောပါတော့မယ်”