အခန်း ၁၉၂၀
Vol. 129 Ch. 1920
အပိုင်း (၁၉၂၀)
ဖုံးကွယ်ခြင်းစိတ်ဝိညာဉ်သည် အသုံးပြုသူကို လုံးဝခန္ဓာကိုယ်တစ်ခုလုံး ဖျောက်ပေးနိုင်ခဲ့၏။ ထို့အတူ မည်သည့် အော်ရာများကိုလည်း ထုတ်လွှတ်ခြင်းမရှိချေ။ ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်း ဖြစ်တည်နေသကဲ့သို့ပင်။
ဂိမ်းဆာဗာခိုးယူသူတစ်ယောက်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်း၏ စိတ်ဝိညာဉ် အာရုံဖြန့်ကျက်နိုင်မှု သည် အလွန်အားကောင်းလွန်းလှ၏။ ရှင်းပြစရာမလိုအပ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ရိုက်နှက် ခံရပြီး တစ်ဖက်လူကို တစ်ချက်ကလေးမှပင် မဖမ်းနိုင်ချေ။
ကံကောင်းစွာဖြင့် တစ်ဖက်လူသည် သူ၏ မျက်နှာတစ်ခုတည်းကိုသာ ရိုက်နှက်ခဲ့သည်ဖြစ်သောကြောင့် ကုန်းရှန့်သည် မနာကျင်လှပေ။ မျက်နှာသည် သူ့အတွက် မာကျောလှသည့်တည်နေရာပင်ဖြစ်၏။
....
ကျွင်းချောင်ရှောင်းသည် သူ၏မျက်နှာကို ဖုံးကာကာဖြင့်တွေးလိုက်မိသည်။ ငါသူ့ကို ဘယ်လိုရင်ဆိုင်ရမလဲ။
တိုက်ခိုက်နိုင်စွမ်းမရှိလျှင် ထွက်ပြေးရမည်ဖြစ်၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ သီးခြားတာဝန်က တည်ရှိနေသေးသည်။ ဆုလာဘ်သည် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များပင် ဖြစ်၏။ ထို့ကြောင့် အဆုံးထိ တိုက်ခိုက် ရပေလိမ့်မည်။
“အင်း စဉ်းစားစရာမလိုဘူး”
စနစ်ကပြောလိုက်သည်။ “စတိုးကိုသာ Refresh လုပ်လိုက်တော့”
“..........”
ကျွင်းချောင်ရှောင်းသည် မျက်လုံးများ ချာချာလည်သွား၏။ ဤကဲ့သို့သော အရေးအကြောင်းအခြေအနေ မျိုးတွင် စတိုးကိုဝင်ရောက်ရန် မြူဆွယ်လျက်ရှိနေသေး၏။ စနစ်သည် ကိုယ့်တာဝန်ကို ဘယ်သောအခါမှ မမေ့လျော့တတ်သည့်စနစ် တစ်ခုဖြစ်လို့နေခဲ့၏။
သို့ပေမဲ့ အချိန်ကိုရေတွက်ရမည်ဆိုလျှင် စတိုးကို Refresh မလုပ်သည်မှာ အချိန် အတော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဂိုဏ်းဂုဏ်သိက္ခာအမှတ်များ အကုန် ကုန်ဆုံးသွားစဉ်ကတည်းက ကျွင်းချောင်ရှောင်း သည် စတိုးကို ဖွင့်ရန် ပျင်းရိနေခဲ့၏။ ကောင်းမွန်သည့်အရာများသည်လည်း ထွက်ပေါ်မလာသောကြောင့် သူသည် ထိုအရာကို စိတ်မဝင်စားတော့ချေ။ ထို့ပြင် အခြားသောအကြောင်းအရာကလည်း တည်ရှိသေး၏။ လက်နက်၊ ကျွဲရိုင်း စက်ရုပ်နှင့် အခြားသောအရာများသည် ဂိုဏ်းထဲတွင် ဖန်တီးပြုလုပ်၍ ရနေ၏။
ဟား ဟား ဟား
ထိုအချိန်မှာပဲ ရင်ဘုရင်သည် ထူးဆန်းစွာဖြင့် ရယ်မောလိုက်သည် “မင်း အခု စိတ်ဓာတ်ကျနေပြီလား”
“..........”
ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ဘယ်လိုသူရဲကောင်းမျိုးက အမှောင်ထဲမှာ ပုန်းပြီး တိုက်ခိုက်တာလဲ။ သတ္တိရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း လာတိုက်ခိုက်လေ”
ဘုန်း
ပြောပြောပြီးချင်းမှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လွင့်စင်သွားခဲ့၏။ ရင်ဘုရင်သည် သူစောဏက ရပ်တန့်လျက် ရှိနေသည့် တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ ခန္ဓာကိုယ်တစ်ပိုင်း ပေါ်ပေါက်လာပြီးသည့်နောက် ဦးခေါင်းကိုငဲ့စောင်းကာ ပြောလိုက်၏။ “ငါ့ရဲ့ မျက်လုံးထဲမှာ အမှောင်ထဲမှာပဲ တိုက်တိုက်၊ အပြင်မှာပဲ ပွင့်ပွင်းလင်းလင်း တိုက်တိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် တူတူပဲ”
“အင်း ဒါကတော့ ဟုတ်တယ်” စနစ်က ဝင်ရောက်ကာ ပြောလိုက်၏။ တစ်ဖက်လူသည် ကိုယ်ပျောက်နိုင်သည့် စွမ်းအင်ကို ပိုင်ဆိုင်နိုင်သည်ဆိုမှတော့ အဘယ့်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ထင်ပေါ်စွာ တိုက်ခိုက်ရမည်နည်း။ ၎င်း၏ဦးခေါင်းကို မြည်းကန်ခံထားရသည်မှ မဟုတ်တာ။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် လေထဲတွင် မတ်မတ်ရပ်လိုက်၏။ ကန်ခံထားရသည့် ညာဘက်ပခုံးကို အသာပွတ်သပ်ကာပြောလိုက်၏။ “ခင်ဗျား ပုန်းချင်တယ်ဆိုလည်း ဆက်ပုန်းတော့”
ဘုန်း ဘုန်း ဘုန်း ....။
ရင်ဘုရင်သည် နောက်ထပ် တိုက်ခိုက်ချက်များကို ထုတ်ဖော်တော့၏။ ကျွင်းချောင်ရှောင်းသည် အလုံးစုံ ခံနေရသည့် အခြေအနေသို့ရောက်ရှိနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲတွင် လွင့်စင်နေသည်။
ပြောရမည်ဆိုလျှင် ဝိညာဉ်ကူးပြောင်းရောက်ရှိလာစဉ်ကတည်းက ကုန်းရှန့်သည် ဆိုးဆိုးဝါးဝါး အခြေအနေမျိုးကို တစ်ခါမှ မဖြစ်ပေါ်ခဲ့ချေ။ သူ့အနေနှင့် ပြန်လည်တိုက်ခိုက်၍ မရနိုင်ရုံမဟုတ်ပေ။ တစ်ဖက်လူ မည်သို့ ရိုက်နှက်နေသည်ဆိုသည်ကိုပင် မသိရှိချေ။ ဤအရာသည် သောက်ရမ်း စိတ်တိုဖို့ကောင်းလွန်း၏။
ဘုန်း ဘုန်း ဘုန်း
လေထဲမှာတော့ ကျွင်းချောင်ရှောင်းသည် လွင့်စင်လျက်ရှိနေ၏။ အချိန်အတော်ကြာပြီးသည့်နောက် ပြာနှမ်း နေအောင် ရိုက်နှက်ခံပြီးပြီး ဖြစ်သည်။
ရင်ဘုရင်သည် သူ၏ ရန်သူအား နားမလည်နိုင်သလို ခံစားနေမိသည်။ အရှက်ရရန် အကောင်းဆုံးသော တိုက်ခိုက်ခြင်းနည်းလမ်းသည် တစ်ဖက်လူ၏မျက်နှာကို ရိုက်နှက်ခြင်းသာလျှင်ဖြစ်၏။ သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ ကုန်းရှန့်၏ အားနည်းချက်သည် ခန္ဓာကိုယ်အစိတ်အပိုင်းသာဖြစ်၏။ မျက်နှာ မဟုတ်ချေ။ သို့ပေမဲ့ ယောင်ကိုင်းလျက်တော့ ရှိနေ၏။ နာတော့မနာချေ။
.....
ခန္ဓာကိုယ်တစ်ပိုင်း ပေါ်လျက်ရှိနေသည့် ရင်ဘုရင်သည် လက်ကိုဝှေ့ယမ်းကာဖြင့် ပြောလိုက်၏။ “ငါ လူပေါင်း များစွာရဲ့ မျက်နှာကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီလောက် အရေထူတဲ့ မျက်နှာကို သူတစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ လက်တောင်ထုံလာပြီ”
“တကယ်လား”
ကျွင်းချောင်ရှောင်းသည် နှုတ်ခမ်းထောင့်တွင်ရှိနေသော သွေးများကို သုတ်ကာ ထူးမခြားနားသလို ပြုံးလိုက်သည်။
“မင်းက အရမ်းကို အရေထူလွန်းတယ်။ ဒါက အရှက်ခွဲလို့မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ ဒီတော့”
ရင်ဘုရင်၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွား၏။ သူသည် အေးစက်သည့်အသံဖြင့် ပြောလိုက်၏။ “ငရဲပြည်ကို သွားတော့”
ဆွစ်
လေများသည် တုန်ခါသွားခဲ့၏။ လေထုထဲတွင်တော့ သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်သွား၏။ ဤအရာသည် အစစ်အမှန်သတ်ဖြတ်လိုခြင်းဆန္ဒပင်။
ကျွင်းချောင်ရှောင်းသည် မျက်လုံးကိုစုံမှိတ်ထား၏။ သူသည် လောကကြီးတစ်ခုလုံးတွင် ဖြစ်တည်နေသည့် အသံများကို နားထောင်နေသကဲ့သို့ပင်။ တစ်ဖက်လူ၏ လှုပ်ရှားမှုများကို အာရုံခံမိသည်နှင့် တပြိုင်နက် လက်ကိုဝှေ့ယမ်းကာ အော်လိုက်တော့၏။ “လာစမ်း”
ဟူးလား
ပလတ်စတစ်ကဲ့သို့သော အလွှာများသည် သူ၏ရှေ့ လေထုထဲတွင် ပေါ်ပေါက်လာသည်။
ဘန်း
ကျယ်လောင်လှသည့်အသံကြီးထွက်ပေါ်လာပြီး လူသားမျက်နှာတစ်ခုသည် ထိုနေရာပေါ်တွင် ထင်ပေါ် လာခဲ့၏။
မှန်ပေ၏။ ရင်ဘုရင်ပင်ဖြစ်လေသည်။ ၎င်းသည် ကိုယ်ပျောက်လျက်ရှိနေသည် ဆိုသော်လည်း ခန္ဓာကိုယ်နှင့် ပလစ်စတစ် အလွှာများ ထိပြီးနောက် မည်သည့်နေရာတွင် ရှိနေကြောင်း ထင်းထင်းကြီး ပေါ်လာလေသည်။
ဝုန်း
တစ်ဖက်လူ၏မျက်နှာထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျွင်းချောင်ရှောင်းသည် လက်သီးကို မြှောက်ကာ မည်သည့်စကားမှမဆိုဘဲ ထိုးနှက်တော့သည်။ လက်သီးချက်သည် အလွန်အားကောင်းလွန်းလှ၏။ ရင်ဘုရင်သည် အနောက်ဖက်သို့ လွင့်စင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ပိုင်းပေါ်လာ၏။
သူ၏ မျက်နှာကို အုပ်ကာကာဖြင့် ရင်သည် မယုံကြည်နိုင်စွာပြောလိုက်မိသည်။ “ဒါဘာကြီးလဲ”
ဝှစ်
ကျွင်းချောင်ရှောင်းသည် ရုတ်တရက်ရှေ့ဆီသို့ ခုန်တက်လာခဲ့၏။ ပြီးနောက် လက်စည်းသင်္ကေတတစ်ခုကို လျှင်လျှင်မြန်မြန်ဖန်တီးလိုက်၏။ သူသည် အေးစက်စက်အော်လိုက်သည်။ “ကောင်းကင်နဂါး တိုက်ခိုက်ချက်”
“ချီးထဲမှ”
“ပလတ်စတစ်”
ဝှစ်
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်၏။ ပလတ်စတစ်အလွှာများသည် ရှေ့တည်နေရာတွင် လွင့်မျောလျက်ရှိနေ၏။
စနစ်က အော်ဟစ်လိုက်သည်။ “အင်း... ဘာကြီးတုန်းဟ”
“မဟုတ်သေးဘူး” ရင်သည် တစ်စုံတစ်ခုမှားယွင်းနေပြီဖြစ်ကြောင်း အတည်ပြုမိလိုက်၏။ တည်နေရာတစ်ခုဆီသို့ ချက်ချင်း ရှောင်ပုန်းကာဖြင့် သူ့ဆီသို့ ရောက်ရှိလာခဲ့သည့် ပလတ်စတစ်များကို ရှောင်ရှားရန် ပြင်ဆင်လိုက်၏။ သို့ပေမဲ့ မရချေ။ ထို့ကြောင့် ပလတ်စတစ်များကို လက်ဖြင့် ထိုးခွဲရန် ကြိုးစားလိုက်သည်။ သို့ပေမဲ့ သူ မည်မျှ အားထည့်ထည့် အကျိုးမရှိတော့ချေ။ ကျောက်တုံးတစ်ခု ရေထဲသို့ ကျဆင်းသွား သကဲ့သို့ပင် သူ၏ လက်သီးသည် ပလတ်စတစ်ထဲ ကျွံဝင်လေ၏။
“ကောင်းကင်နဲ့မြေကြီးရဲ့ ဆန်းကြယ်မှုကို ခင်ဗျား မသိသေးဘူး”
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူအား ပလတ်စတစ်များနှင့် လှမ်းပတ်ကာဖြင့် အော်ဟစ်လိုက်သည်။ “နတ်ဆိုးဖမ်း ပလစ်စတစ်”
စနစ် “သောက်တလွဲ ဘာနာမည်တွေလဲဟ”
ဒွီး ဒွီး
ပလတ်စတစ်များသည် တဖြည်းဖြည်း တည်နေရာကျုံ့လာပြီးသည့်နောက် ရင်ဘုရင်အား ဝိုင်းပတ်ကာ ပိတ်ဆို့လိုက်သည်။
ဘုန်း ဘုန်း ဘုန်း
ရင်ဘုရင်သည် ငြိမ်ငြိမ်ထိုင်ကာဖြင့် သေဆုံးခြင်းကို စောင့်မျှော်မနေချေ။ အားကုန်ရှိသမျှကို ထုတ်ဖော်ကာဖြင့် သူ့ဆီသို့ရစ်ပတ်လျက်ရှိနေသည့် ပလတ်စတစ်များကို ဖျက်ဆီးလျက်ရှိနေ၏။ သို့ပေမဲ့ ထိုအရာကို ထိမှန်လိုက် သည်နှင့်တစ်ပြိုင်နက် ဝါဂွမ်းကို ထိုးနှက်လိုက်ရသလို သူ၏အားအင်များပျောက်ကွယ်သွားလေ၏။
ဤအရာသည် ဂိုဏ်းဂုဏ်သိက္ခာအမှတ် တစ်သောင်းနှင့် အသုံးပြုကာ ဝယ်ယူထားခဲ့သည့် နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော ပလပ်စတစ်ဖြစ်၏။ အကျိုးသက်ရောက်မှုမှာတော့ တကယ်ပင်အားကောင်းလွန်း လှ၏။ စွမ်းအင်များကိုလည်း စုပ်ယူနိုင်စွမ်းရှိသည်။
ဝေါ့
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သွေးတစ်လုတ်အန်ထုတ်လိုက်၏။ တိုက်ခိုက်မှုအရှိန်သည် သူ၏ ခန္ဓာကိုယ်ကို သက်ရောက်သွားပုံပေါ်၏။ နတ်ဘုရားအဆင့် အဆင့်မြှင့်တင်ထားသော ပလတ်စတစ်များသည် စွမ်းအင်များကို စုပ်ယူနိုင်သည် ဆိုသော်လည်း ဘေးထွက်ဆိုးကျိုးမှာတော့ အသုံးပြုသူကို သက်ရောက်စေနိုင်၏။ ထို့ပြင် ရင်ဘုရင်သည် သေးငယ်လှသည့် တည်နေရာအတွင်းမှ သူ့ဆီသို့ ဝန်းရံလာခဲ့သည့် ပလတ်စတစ်များအား လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်နေသည် မဟုတ်ပါလား။
“ကျွမ်းကျင်သူတစ်ယောက်ရှေ့မှာ ဘယ်လိုဖြစ်ပြီး ဒီလောက်သေးငယ်လှတဲ့ စွမ်းအင်တွေကို ထုတ်ဖော်ပြီး ဝါကြွားနေရတာလဲ။ ကောင်းကင်နဂါး”
ကျွင်းချောင်ရှောင်းသည် ဒဏ်ရာများကို ဖိနှိပ်ကာ အေးစက်စက်အော်လိုက်သည်။ ပလတ်စတစ်များသည် ပိုမိုကာ မြန်ဆန်စွာဖြင့် တစ်ဖက်လူဆီသို့ ဦးတည်သွားသည်။
အဆုံးသတ်မှာတော့ ရင်ဘုရင်သည် ပုန်းအောင်းစရာ မရှိတော့ချေ။ ပလတ်စတစ်များကြားတွင် ပိတ်မိလျက် ရှိ၏။ ပုန်းကွယ်လျက်ရှိနေသည့် ခန္ဓာကိုယ်တစ်ခုလုံး သည် ပလတ်စတစ်များ၏ ရစ်ပတ်ခြင်း ကိုခံထားရသောကြောင့် ထင်းထင်းကြီး ပေါ်လာခဲ့၏။
ဝူး ဝူး ဝူး
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် အခွင့်အရေးကို ရယူပြီးသည့်နောက် ရင်ဘုရင်အား ပြင်းပြင်းထန်ထန် ထိုးနှက် တော့၏။ သူသည် အင်မော်တယ်တေးသံ၏ စွမ်းအင်များကို စုစည်းကာ တိုက်ခိုက်လျက်ရှိနေသည်။ နောက်ဆုံး လက်သီးချက်ကို တိုက်ခိုက်လိုက်သည့်အချိန်မှာတော့ တစ်ဖက်လူ၏ မျက်နှာသည်ပင်လျှင် ရွဲ့စောင်းသွားခဲ့သည်။
တိုက်ပွဲသည် ပြီးစီးသွားခဲ့ပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည် ဆိုးဆိုးဝါးဝါး ရိုက်နှက်လျက် ရှိနေတုန်းပင်။ သူ့အနေနှင့် ပလတ်စတစ်ဝယ်ယူရသည့်အတွက် ကုန်ကျခဲ့သည့် ဂိုဏ်းဂုဏ်သိက္ခာအမှတ်များကို ကာမိစေရန် အတွက် တစ်ဖက်လူကို ကျိန်းသေပေါက် ရိုက်နှက်ရပေလိမ့်မည်။
ဒုန်း ဒုန်း ဒုန်း
ရင်ဘုရင်အား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ ပစ်လွှတ်လိုက်ချိန်မှာတော့ သီးခြားတာဝန် သည် ပြည့်စုံသွားခဲ့၏။
သူ၏နားထဲတွင် သတိပေးသံများ ပေါ်ပေါက်လာခဲ့တော့၏။သို့ပေမဲ့ ရရှိမည့်ဆုလာဘ် အကြောင်းကို သူသေသေချာချာ မစဉ်းစားနိုင်သေးချေ။ ကျန်သော စစ်သည်များကို ရှင်းလင်းရပေဦးမည်။
“ဒါက” ကျန့်ကွေ့ရှုနှင့် တခြားသူသောများသည် ဆွံ့အ သွားခဲ့၏။ မူလအားဖြင့် အောက်စည်းသို့ ရောက်ရှိလျက်ရှိနေသည့် ဂိုဏ်းချုပ်ကျွင်းသည် ရုတ်တရက် အခြေအနေကို ပြောင်းပြန်လှန်ကာဖြင့် တိုက်ခိုက်သွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူများအား မရှင်းပြခဲ့ချေ။ နောက်ထပ် မျှော်စင် တစ်ခုဆီသို့ ဆင်းသက်လိုက်၏။ အပြင်ဘက်တွင်ရှိနေသော ကြယ်တာရာစိတ်ဝိညာဉ်လောက၏ စစ်သည်တော်များအား ကြောက်မက်ဖွယ်ရာကောင်းသည့်အကြည့်ဖြင့် ကြည့်ရှုလိုက်သည်။ “မင်းတို့ရဲ့ခေါင်းဆောင်ကို ငါဖမ်းလိုက်ပြီ။ မြန်မြန် လက်လျှော့တော့”
ပြောပြောပြီးပြီးချင်းမှာပဲ ရန်သူ၏စစ်တပ်တစ်ခုလုံးသည် စိတ်ဓာတ်များလဲပြိုကျကုန်တော့၏။