အခန်း ၁၉၂၂
Vol. 129 Ch. 1922
အပိုင်း (၁၉၂၂)
အားလုံးသောသူများသည် ထျန်းယွမ်အကျဉ်းထောင်စေတီကြီး၏ အစစ်အမှန် လုပ်ဆောင်နိုင်မှုပုံစံကို မေ့လျော့လို့ နေပေလိမ့်မည်။ ၎င်းသည် မသန့်စင်သည့်အရာများအားလုံးကို သန့်စင်ပေးနိုင်သည့်အစွမ်း ရှိသည်။ ယခုရရှိခဲ့သည့်အရာ သည် ဓာတ်သဘာဝဟု သတ်မှတ်နိုင်၏။
ဖုံးကွယ်နိုင်သော စိတ်ဝိညာဉ်သည် စကြဝဠာထဲတွင် မွေးဖွားခဲ့သည့်အရာဖြစ်သည်ဟု သတ်မှတ်နိုင်သော်လည်း ဓာတ်သဘာဝအဆင့်သာရှိ၏။ ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်နှင့် ရူးရူးမူးမူး ရိုက်နှက်ခြင်းကို ခံရသည့်အချိန်မှာတော့ ၎င်းသည် မည်သို့မှ မခုခံနိုင်တော့ချေ။ ထွက်ကာ ပြေးရလေသည်။
အပွင့်အလင်းဆုံး ပြောရမည်ဆိုလျှင် ၎င်းသည် တကယ်ပင် ကြောက်လန့်တတ်သည့်လူတစ်ယောက်ဟု ပြောဆိုရ ပေလိမ့်မည်။ အချိန်ကြာမြင့်စွာ ရိုက်နှက်ခံရပြီးသည့်နောက် မည်သို့မှ ကြံ့ကြံ့ခံချင်စိတ် မရှိပေ။ မူရင်းခန္ဓာကိုယ်၏ ခွင့်ပြုချက်ပင် မရဘဲ ထွက်ခွာသွားခဲ့လေ၏။ ထို့ကြောင့် ရင်ဘုရင်သည် တစ်ခါတည်း သတိလစ်မေ့မျောသွား၏။
“သေချာပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီစိတ်ဝိညာဉ်မျိုးစေ့က ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို တကယ်ကြောက်လန့်တာပဲ”
ရွှီး ရွှီး ရွှီး
အလတ်စတစ်များနှင့် ရစ်ပတ်ထားခြင်း ခံရထားသည့် ကောင်ကလေးသည် အမှန်တကယ်ပင် အားနည်းလှသည့် အသံများ ထုတ်လွှတ်လျက်ရှိ၏။ ၎င်းကိုကြည့်ရှုပြီး ရိုက်နှက်ချင်စိတ်ပင် ပေါက်မိနေ၏။ အချက်အလက်အားဖြင့် ထျန်းယွမ်အကျဉ်းထောင်စေတီသည် ၎င်းထွက်ခွာသွားမည့်အခြေအနေကို တားဆီးနိုင်စွမ်း မရှိလှပေ။ သို့ပေမဲ့ ကုန်းရှန့်သည် သေသေချာချာ တွေးတောထားခဲ့၏။ အသစ်ဝယ်ယူထားခဲ့သည့် အလတ်စတစ်ကို အသုံးပြုကာဖြင့် ဤကောင်လေးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပေသည်။
“မကြောက်နဲ့”
ကျွင်းချောင်ရှောင်းသည် ကြင်နာစွာပြောလိုက်၏။ “ငါ့ကို မင်းအညံ့ခံမယ်ဆိုရင် မင်းကို နာကျင်အောင် မလုပ်ဘူး”
“...........”
ကျိုးဒူဒူနှင့် တိုင်လုတိုသည် ဆွံ့အသွားခဲ့ကြ၏။ ဂိုဏ်းချုပ်၏ ဆိုလိုရင်းသည် ရိုးရှင်းလွန်းလှ၏။ ငါ့ကို အညံ့မခံဘူး ဆိုရင် မင်းကို ပြင်းပြင်းထန်ထန်နှင့် နာကျင်အောင် ပြုလုပ်မည်ဆိုသည့် သဘောပင်။ တကယ်ပင် ဟိတ်ဟန် ကောင်းလွန်းလှသည်။
“မဖြစ်နိုင်ဘူး”
ဖုံးကွယ်နိုင်သည့် စိတ်ဝိညာဉ်သည် သံမဏိကဲ့သို့ ခိုင်မာလှသည့်လေသံဖြင့် ပြောဆိုလိုက်၏။ “ကျုပ်က အသိအမှတ်ပြုထားတဲ့ သခင်ကိုပဲ အညံ့ခံမယ်။ တစိမ်းလူကို အညံ့ခံမှာ မဟုတ်ဘူး”
“ဪ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် ဘာလို့ ထွက်ပြေးရတာလဲ”
“ကျုပ်” ဖုံးကွယ်နိုင်သည့် စိတ်ဝိညာဉ်သည် ဆွံ့အလျက် ရှိနေ၏။
ဘုန်း
ကျွင်းချောင်ရှောင်းသည် တိုက်ရိုက်ဆိုသလိုပဲ ပလစ်စတစ်နှင့် ပတ်ထားသည့် အကောင်အား မြေပေါ်သို့ ရိုက်ချလိုက်၏။ ၎င်း၏ ကြင်နာနူးညံ့လှသော မျက်နှာသည် ချက်ချင်းပဲ တင်းမာခက်ထန်သွားသည်။ “ငါ့ရဲ့ ဌာနေထဲမှာ မင်း အညံ့ခံလို့ပဲရတယ်။ တခြားရွေးချယ်ခွင့် မရှိဘူး”
သတ်ဖြတ်လိုခြင်းဆန္ဒ၊ ဒေါသ ထိုအရာများ အားလုံးသည် အကျဉ်းထောင်ထဲတွင် လှိုင်းတစ်ခုကဲ့သို့ ဖြစ်တည်လာ ခဲ့သည်။ ရုတ်တရက် ပြောင်းလဲမှုသည် ကျိုးဒူဒူနှင့် တိုင်လုတို့ကိုပင် ကြောက်လန့်သွားစေခဲ့၏။ ၎င်းတို့ အားလုံး တို့သည် နောက်ခပ်လှမ်းလှမ်းသို့ပင် ဆုတ်ခွာလိုက်မိ၏။
“အားရာ.... ကြာပွတ်”
ရွှီး
အားရာသည် အလျင်အမြန်ဖြင့် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို လှမ်းကာ ကမ်းပေးလိုက်သည်။ ထိုအခြင်းအရာကို မြင်သည့်အချိန်မှာတော့ ကိုယ်ပျောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်သည် အလောတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်... ကျုပ် အရှုံးပေးပါတယ်”
ဝေါ့
ကျိုးဒူဒူနှင့် တိုင်လုတို့သည် တပြိုင်နက်တည်း သွေးများပင် အန်ထွက်လာခဲ့ကြသည်။ “ချီးတဲ့မှ.. ဘယ်လို သောက်တလွဲငကြောက်လဲ”
ဤအရာမှာ အမှန်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ပြောလျှင် ပြောတတ်သည့်အတိုင်း လုပ်သည့်လူ တစ်ယောက်လည်းဖြစ်၏။ ထို့အပြင် သံမဏိကဲ့သို့ ခိုင်မာလှသော သတ္တိတရား ရှိသည်ဆိုပါက ဤစိတ်ဝိညာဉ်သည် ၎င်းသခင်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပြေးလိမ့်မည် မဟုတ်ချေ။
“စိတ်ကိုလျော့ထား.... ပဋိညာဉ်စာချုပ် ချုပ်ဆိုမယ်”
........
ကျွင်းချောင်ရှောင်းသည် အစောကြီးကတည်းက စိတ်ဝိညာဉ်မျိုးစေ့နှစ်ခု တည်ရှိပြီးဖြစ်၏။ ထို့ကြောင့် ပေါင်းစပ် သည့်နေရာတွင် အတွေ့အကြုံတော်တော်ရှိပြီး ဖြစ်လေသည်။ ထို့ကြောင့် ပေါင်းစပ်သည့် အသေးစိတ်ကို ဖော်ညွှန်းစရာ မလိုအပ်ခဲ့ချေ။ ယောက်ျားတို့၏ အိမ်မက်ဖြစ်သော ကိုယ်ပျောက်ခြင်း အတတ်ပညာကို ပိုင်ဆိုင် ရရန် အခွင့်အရေး ရရှိလာခဲ့ပြီဖြစ်သည်။ နှစ်နာရီခန့်ကြာမြင့်ပြီးသည့်နောက် သူ၏ အိမ်မက်များသည် အလုံးစုံ ပြည့်စုံသွားခဲ့၏။
ဟူး
ကျွင်းချောင်ရှောင်းသည် ထျန်းယွမ်အကျဉ်းထောင်စေတီ၏ စောင့်ကြည့်ရေးခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက် ရှိနေ၏။ သူသည် ပထမဦးဆုံး လေများကို မှုတ်ထုတ်လိုက်ပြီး မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
ကိုယ်ပျောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်မှာတော့ ကလေးလေးတစ်ယောက်ကဲ့သို့ပင် ၎င်း၏ ဒန်ထျန်ထဲတွင် ကျုံ့ကျုံ့လေး တည်ရှိနေ၏။ ပြောရမည်ဆိုလျှင် ကုန်းရှန့်သည် စိတ်ဝိညာဉ်မျိုးစေ့သုံးခုကို ပိုင်ဆိုင်၏။
ကိုယ်ပျောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်သည် အလင်းတန်းတစ်ခုကဲ့သို့ အသွင်ပြောင်းလဲကာ ထွက်ပြေးနိုင်စွမ်း ရှိ၏။ ၎င်း၏ ပုံမှန်အရွယ်အစားကို သေသေချာချာ မသိရှိရသည်ဆိုသော်လည်း အရွယ်ရောက်ခါနီး လူတစ်ယောက်၏ အခြေအနေမျိုး တည်ရှိနေ၏။ ဆိုလိုသည်မှာ ယခုထက်ပို၍ အရွယ်ရောက်လာနိုင်သေးသည် ဟူသော အဓိပ္ပာယ်ပင်။
ပြောရမည်ဆိုလျှင် ရှောင်ရှစ်နှင့် ရှောင်ဟော့တို့သည်လည်း ဤအတိုင်းပင်။ ၎င်းသည် သေချာ ပြုစုပျိုးထောင် ပေးခဲ့သော သားများဖြစ်ပြီး လက်ရှိအချိန်၌ ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးသည်။ ၎င်းတို့အနေနှင့် မြန်မြန် ဆန်ဆန်ဖြင့် ကြီးထွားမလာကြခြင်း မဟုတ်ပေ။ ၎င်းတို့ ကြီးထွားဖွံ့ဖြိုးလာရန်အတွက် အချိန်အတော်ကြာ လိုအပ်သေး၏။
“မှတ်ထား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းတို့သုံးယောက်လုံး ကောင်းကောင်းအလုပ်လုပ်ဖို့ လိုတယ်”
“ကောင်းပါပြီ ဖေဖေ” ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။ သို့ပေမဲ့ ၎င်းတို့ သခင် သိစိတ်ကို ပြန်လည်ရုတ်သိမ်းသွားချင်းချင်းမှာပဲ ကိုယ်ပျောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်ကို ဝိုင်းရံ လိုက်၏။
ရှောင်ဟော့သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ပြောလိုက်သည်။ “ဒီနေ့ကစပြီး ငါက မင်းရဲ့ အစ်ကိုကြီးပဲ။ သူကတော့ မင်းရဲ့ ဒုတိယအစ်ကိုပဲ”
“နေအုံး”
ရှောင်ရှစ်သည် မပျော်မရွှင်စွာဖြင့် ပြောလိုက်၏။ “ဘာလို့ မင်းကအစ်ကိုကြီး ဖြစ်ရတာလဲ”
“ငါ အရင်ဆုံး ရောက်လာလို့ပေါ့”
“အင်း... နေ့လေး အနည်းငယ်လောက်ပဲ စောလာတာ မဟုတ်ဘူးလား”
“တစ်ရက် လာရင်တောင်မှ တစ်ရက်ပဲလေ။ အပိုတွေ မပြောနဲ့။ ငါက အစ်ကိုကြီးပဲ။ မင်းက ဒုတိယအစ်ကို။ သူကတော့ တတိယညီလေးပဲ”
“မဟုတ်ဘူး။ ငါက အစ်ကိုကြီးပဲ။ မင်းက ဒုတိယအစ်ကို”
“မင်း သတ္တိရှိလား”
တူညီလှသော စိတ်ဝိညာဉ်မျိုးစေ့နှစ်ကောင် တိုက်ခိုက်ဖို့ စဉ်းစားနေသည်ကို မြင်ရသည့် အချိန်မှာတော့ ကိုယ်ပျောက်နိုင်စွမ်းရှိသည့် စိတ်ဝိညာဉ်သည် အလွန်တရာ ကြောက်လန့်သွား၏။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပဲ ကိုယ်ပျောက်သည့်အခြေအနေသို့ ဝင်ရောက်သွား၏။ သူ့အနေနှင့် ကြောက်လို့ ဖုံးကွယ်လိုက်ခြင်း မဟုတ်ချေ။ အပြင်လောကတွင်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သူ၏ စွမ်းအင်များကို အသုံးပြုပြီး ကိုယ်ပျောက်သည့်အခြေအနေတစ်ခုကို ပြောင်းလဲလိုက်သောကြောင့်ပင်။
“ငါ ခံစားမိပြီ” ကုန်းရှန့်သည် အလုံးစုံ ကိုယ်ပျောက်သည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိသွား၏။ သူသည် ကောင်းကင်နှင့် မြေကြီးနှင့် တသားတည်း ဖြစ်တည်သွားသလိုပင် ခံစားနေမိသည်။ ထို့ကြောင့် သူ၏အကြည့် များသည် တပည့်များ နေထိုင်ရာ တောင်ထွတ်ဆီသို့ ရောက်ရှိသွား၏။ ကိုယ်ပျောက်နေသည့် မျက်နှာ ပေါ်တွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့သည်။ ကိုယ်ပျောက်နေသည်ဖြစ်သောကြောင့် မည်ကဲ့သို့ပုံစံဖြစ်သည် ကိုတော့ သေသေချာချာ ရေးဖွဲ့၍ မရနိုင်ချေ။
........
ပေါက် .. ပေါက် ... တောက် ... တောက်
ရေကျသံများ ထွက်ပေါ်နေ၏။ ဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော တပည့်များသည် ရေချိုးလိုက်၊ စကားတပြောပြောနှင့် ရယ်လိုက်မောလိုက် လုပ်နေကြသည်။ တစ်ရက်တာ လေ့ကျင့်ပြီးသည့်နောက် ၎င်းတို့အားလုံးသည် ပင်ပန်းလျက် ရှိနေကြ၏။ ထို့ကြောင့် ရေပူပူကို ချိုးခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ သက်သာသည်ဟု ခံစားနေမိ ကြ၏။
ဟုတ်ပေသည်။ ရေချိုးအိမ်၏ လုံခြုံရေးသည် အလွန်ပင် မြင့်မားလွန်းလှ၏။ သီးခြားဖြစ်တည်ခြင်းအစီအရင်များ နှင့် ကာကွယ်ထားခဲ့ပြီး မည်သူမှ ချောင်းကြည့်၍ မရနိုင်ချေ။ သို့ပေမဲ့ တံခါးသည် ဖွင့်လို့ထား၏။ အားလုံးသော သူတို့သည် ဝင်ထွက်သွားလာနိုင်စွမ်းရှိသည်။
ကိုယ်ပျောက်နေသော ကျွင်းချောင်ရှောင်းသည် အသာခြေဖျားထောက်ကာဖြင့် ရေချိုးအိမ်ထဲသို့ ဝင်ရောက်သည်။ တခြားသောသူများ မြင်သွားမှာ စိုးရွံ့မိနေသေးသည်။ ရေချိုးခြင်းဆိုသည်မှာ အမှန်ပင် လျှို့ဝှက်စွာ ပြုလုပ်ရသည့်အရာ ဖြစ်၏။ ထို့ကြောင့် ကိုယ်ပျောက်ခြင်းကို စမ်းသပ်နိုင်ရန်အတွက် အကောင်းဆုံး နေရာလည်း ဖြစ်လေ၏။
ငါ့ကို ဘယ်သူမှ မတွေ့ဘူးပဲ။
တပည့်များ ဖြတ်ကာ လျှောက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် နံရံနားကပ်ကာ တွေးလိုက်မိသည်။ တကယ့်ကို မှော်ဆန်တာပဲ။
“.............”
စနစ်သည် ဆွံ့အသွားမိ၏။ “လက်ခံသူ... မင်း တကယ့်ကို ဒီလိုကြီး လုပ်ချင်တာလား”
“အင်း.. ငါလုပ်ရမယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ ယောက်ျားတွေရဲ့ အိမ်မက်ပဲ”
“မင်းရဲ့သိက္ခာတွေ ကျသွားနိုင်တယ်”
စနစ်က ဖြောင်းဖျလိုက်၏။ “မလုပ်ခင် နှစ်ခါလောက် စဉ်းစားပါအုံး”
“ပါးစပ်ပိတ်စမ်း”
ကျွင်းချောင်ရှောင်းက ဆူငေါက်လိုက်သည်။ “ငါလုပ်ချင်တာ ငါသိတယ်”
“............”
စနစ်သည် ဆွံ့အသွားမိ၏။ ကိုယ်ပျောက်နိုင်သည့်စွမ်းအင်ကို ရရှိပြီးသည့်နောက် အမျိုးသမီး ရေချိုးအိမ်ထဲသို့ တိုက်ရိုက်သွားခြင်းထက် ကောင်းမွန်သည့် အကြံအစည် မရှိပေဘူးလား။
ဟုတ်ပေသည်။ ကိုယ်ပျောက်နိုင်စွမ်း ရှိသည်နှင့် ရေချိုးအိမ်ထဲသို့ သွားရောက်ကာ ချောင်းမြောင်းခြင်းသည် ကောင်းမွန်လှသည့်အကြံမျိုးတော့ မဟုတ်ချေ။ ကျွင်းချောင်ရှောင်းသည် တံခါးရှေ့တွင် အချိန်အတော်ကြာ နေပြီးသည့်နောက် သူ့ကိုယ်သူ အကြိမ်ပေါင်းများစွာ နှစ်သိမ့်လိုက်၏။ ပြီးနောက် အလုံးစုံ ဆုံးဖြတ်ပြီးဟန်ဖြင့် အထဲသို့ လျှောက်ဝင်လိုက်သည်။
ပလောက် ပလောက် ပလောက်
ရေကျသံများသည် ကြည်လင်ရှင်းလင်းစွာ ထွက်ပေါ်လာ၏။ မွှေးပျံ့မှုသည်ကလည်း တည်နေရာတစ်ခုလုံးသို့ ပျံ့နှံ့နေ၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ငုံ့ကာဖြင့် မတ်မတ်ရပ်လျက်ရှိသည်။ မကြာခင်မှာပဲ သူ၏မြင်ကွင်း ထဲတွင် ခြေထောက်များ ပေါ်ပေါက်လာသည်။ များပြားလှသည့်ခြေထောက်များ ရှေ့ဝင်လိုက်၊ နောက်ဝင်လိုက်နှင့် ရှုတ်ယှက်ခတ်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းအနေဖြင့် အသက်ကို ပြင်းပြင်းရှုလိုက်၏။ တပည့်များသည် သူရှိနေသည်ကို မသိဘဲ ရယ်ရယ်မောမော စကားပြောလျက်ရှိသည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်”
သူ့အား ဘယ်သူမှ မတွေ့သည်ကို သိရှိပြီးသည့်နောက် သူသည် ကိုယ်ပျောက်သည့်အခြေအနေကို ဖယ်ရှားလိုက်၏။ ပြီးနောက် ခါးထောက်ကာ ရယ်မောလိုက်၏။ “ဟား ဟား ... မင်းတို့ ငါ့ကို မတွေ့ဘူးမို့လား”
ရေချိုးအိမ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။ လီချင်းယန်၊ စုရှောင်မို၊ ရှောင်ကျီနှင့် တခြားသူများသည် တုန်လှုပ်စွာဖြင့် တည်နေရာတွင် ရပ်လျက်ရှိ၏။ ၎င်းတို့အားလုံးတို့သည် အပေါ်ပိုင်း ကိုယ်ဗလာကျင်းနှင့် အောက်ပိုင်းတွင် တဘက်များကို ပတ်ထားကြ၏။ တချို့သည် ရေချိုးသည့်အခန်းထဲသို့ ဝင်ရောက်ရန် ပြင်ဆင် နေကြပြီး တချို့သည် သစ်သားအိပ်ရာများတွင် အနားယူနေကြ၏။ တချို့မှာတော့ မျက်နှာကို ခရင်များ လူးလျက် ရှိသည်။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဂိုဏ်းချုပ်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
“ဟား ဟား ဟား ဟား အံ့အားသင့်သွားပြီလား”
“..............”
လီချင်းယန်နှင့် တခြားသောသူများ အားလုံးတို့သည် ရုတ်တရက် လဲပြိုလုမတတ် ဖြစ်သွား၏။ ဂိုဏ်းချုပ်သည် အမျိုးသား ရေချိုးခန်းထဲသို့ ဘာလာလုပ်သနည်း။ ဘာတွေ အံ့အားသင့်သွားရမည်နည်း။