အခန်း ၁၉၂၃
Vol. 129 Ch. 1923
အပိုင်း (၁၉၂၃)
ကျွင်းချောင်ရှောင်းသည် အမျိုးသားရေချိုးအိမ်ထဲသို့ ဝင်ရောက်ခဲ့၏။ သို့ပေမဲ့ မည်သည့်တပည့်ကမှ သူ့ကို ရှာဖွေမတွေ့ရှိခဲ့ချေ။ ဆိုလိုသည်မှာ စမ်းသပ်မှု အောင်မြင်သည်ဆိုသည့် အဓိပ္ပာယ်ပင်။
ဟူး...
စာကြည့်ခန်းထဲသို့ ပြန်ရောက်ပြီးသည့်နောက် သူသည် လက်သီးကို ဆုပ်ကာဖြင့် အာပေါင်အာရင်းသန်သန်ဖြင့် အော်ဟစ် ရယ်မောလိုက်၏။ “ငါ့ကိုမတွေ့ဘူးဆိုမှတော့ ကြယ်တာရာစိတ်ဝိညာဉ်လောကထဲမှာ ငါလုပ်ချင်တာတွေ လုပ်လို့ ရပြီ”
ကိုယ်ပျောက်နေသည့်သူ့အား မည်သူမှ မမြင်နိုင်ချေ။ ထိုအရာသည် မဖွယ်မရာကိစ္စများ အားလုံးကို ပြုလုပ် နိုင်သည့် စွမ်းရည်ပင် ဖြစ်လေသည်။
ထို့အပြင် ကြယ်တာရာစိတ်ဝိညာဉ်လောကဆိုသည်မှာ ရတနာတွင်းကြီး တစ်ခုလိုပင်။ သူ့အား မည်သူမှ ရှာဖွေ မတွေ့ရှိဘူးဆိုမှတော့ သူ့လုပ်ချင်သည့်အရာများ၊ သူလိုချင်သည့်အရာများ အားလုံးကို သွားရောက်ကာ ယူဆောင် နိုင်စွမ်း ရှိနေ၏။
ပြောရမည်ဆိုလျှင် ကောင်းကင်မြို့၏ ခုခံစစ်သည် ပြီးဆုံးသွားခဲ့လေပြီလား။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ စစ်သည်များသည် ဆုံးရှုံးမှု ကြီးမားစွာဖြင့် ပြန်လည်ထွက်ခွာသွားရသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ ရေလာချိုးနေသည်မှာ တိုက်ခိုက်ရေးတည်နေရာကြီးတစ်ခုလုံးကို ရှင်းလင်းပြီး ညစ်ပတ်နေသောကြောင့်ပင်။
ကောင်းကင်မြို့ထဲတွင် ခြေကုပ်ယူကာ နေထိုင်နိုင်စွမ်းရှိသည့် ပြိုင်စံရှားဂိုဏ်း၏ အားအင်အဆင့်ကို သုံးသပ်ရမည် ဆိုလျှင် ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ စစ်သည်များသည်သာ ၎င်းတို့၏ တပ်ခွဲများကို ပိုမိုတိုး၍ တိုက်ခိုက်ခြင်းမပြုပါက တစ်နေ့နှင့်တစ်နေ့ လက်နက်ပစ္စည်းများ လာရောက်ကာ ဆက်သနေခြင်းနှင့်ပင် ဆင်တူ နေပေလိမ့်မည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေဖြင့် စဦးသွားရောက်တိုက်ခိုက်ရန် မစောင့်မျှော်နေချင်ပေ။ သို့ပေမဲ့ ဤအတိုင်းအတာအတောအတွင်း အရင်းအမြစ် တချို့နှင့် လက်နက်ပစ္စည်းများကို လိုက်လံခိုးယူရပေမည်။
ညရောက်သည့်အချိန်မှာတော့ သူသည် ဝိညာဉ်တစ်ကောင်ကဲ့သို့ပင် မြို့ထဲမှ ပျံသန်းထွက်ခွာသွား၏။ ၎င်း၏ ခန္ဓာကိုယ်သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်နေ၏။ သူသည် ကောင်းကင်နှင့်မြေကြီးနှင့် တသားတည်း ဖြစ်သွားသလိုပင်။
………..
ကောင်းကင်ဘုံမြို့၏ မိုင်တစ်ထောင်အကွာအဝေးမှာတော့ ကြီးမားလွန်းလှသည့် မြို့ကြီးတစ်ခုက တည်ရှိနေ၏။ လက်ရှိ အခြေအနေမှာတော့ ထိုမြို့ကြီးတစ်မြို့လုံးသည် အစောင့်အကြပ်များ များပြားစွာ ချမှတ်ထားပြီး အခြေအနေ တစ်ခုလုံးသည်လည်း လေးနက်လျက် ရှိနေ၏။
အစောပိုင်းတုန်းက မြို့ကို တိုက်ခိုက်ရာတွင် မအောင်မြင်ခဲ့သည့် လက်ကျန်စစ်သည်များသည် ဤတည်နေရာသို့ ပြန်လည်ကာ ရောက်ရှိလာ၏။ စစ်သူကြီးနှင့် အထက်ပိုင်းအကြီးအကဲများသည် စစ်တပ်စခန်းထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး သိမ်းပိုက်ခံရသည့်မြို့ကို မည်သို့ ပြန်လည်သိမ်းယူရမည်ဆိုသည့်အကြောင်းအရာနှင့် ပတ်သက်ပြီး ဆွေးနွေးလျက် ရှိနေသည်။
“စစ်သူကြီး”
တစ်စုံတစ်ယောက်က ပြောလိုက်၏။ “တပ်သားတွေကို ထပ်ပြီးတော့ တိုးမှနဲ့တူတယ်”
သူတို့သည် ကောင်းကင်မြို့ထဲသို့ ချိုးဖြတ်ဝင်ရောက်၍ မရနိုင်ချေ။ ပထမဦးဆုံးအနေဖြင့် ကာကွယ်သူများဘက်မှ လက်နက် ပစ္စည်းများသည် အလွန်တရာ အားကောင်းလွန်းလှသည်။ အထူးသဖြင့် စစ်သည်များ၏ အလုံးစုံသော စွမ်းဆောင်ရည်သည် မလုံလောက်ချေ။ တကယ်၍ အထက်ပိုင်း အကြီးအကဲများကသာလျှင် ပိုမိုအားကောင်းသည့် စစ်သည်များကို ပေးမည်ဆိုပါက ကျိန်းသေပေါက် လွယ်လွယ်ကူကူနှင့် တိုက်ခိုက်အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
“အင်း... အကြီးအကဲကောင်စီက သတင်းပို့ထားတယ်။ မကြာခင်မှာ ကျုပ်တို့ ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ လက်ရွေးစင် စစ်တပ်ကြီးက ရောက်ရှိလာလိမ့်မယ်” စစ်သူကြီးသည် လေးလေးနက်နက်ဖြင့် ခေါင်းညိတ်ကာ ပြောလိုက်၏။
“လက်ရွေးစင် စစ်တပ်ကြီးလား”
ဒုတိယစစ်သူကြီးသည် တုန်လှုပ်စွာဖြင့် ထကာ အော်လိုက်မိသည်။ “ကျားပျံ စစ်တပ်လား”
“အမှန်ပဲ”
အားလုံးသောသူတို့သည် ပျော်ရွှင်သွားခဲ့ကြသည်။ ကျားပျံစစ်တပ်ဆိုသည်မှာ ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ဝှက်ဖဲစစ်တပ်ကြီးတစ်ခုဖြစ်ပြီး စစ်သည်တစ်ယောက်ချင်းစီတိုင်းသည် သေသေချာချာ ရွေးချယ်ခြင်းကို ခံထားရ သူများဖြစ်သည်။ အကြိမ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ဖူး၍ အတွေ့အကြုံရင့်ကျက်သူများ ဖြစ်သည်။ တစ်ခါမှလည်း မကျရှုံးခဲ့ဖူးချေ။
ဝှစ်
ရုတ်တရက် လေတိုက်ခိုက်သံတစ်ခုသည် ထွက်ပေါ်လာ၏။ “ဘယ်သူလဲ”
ခေါင်းလှည့်ကာ ကြည့်ရှုလှသည့်အချိန်မှာတော့ ရှည်လျားလွန်းလှသည့် ဆံပင်များနှင့် အမျိုးသမီး တစ်ယောက်သည် အားလုံးသောသူတို့၏ရှေ့တွင် မတ်မတ်ရပ်လျက် ပေါ်ပေါက်လာခဲ့သည်။ သူမသည် လေးလံလွန်းလှသည့် တိုက်ပွဲဝင်ချပ်ဝတ်ကြီးကို ဝတ်ဆင်ထားခဲ့သည်ဆိုသော်လည်း သူမ၏ ကြည့်ကောင်းလှသည့် အသွင်အပြင်ကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ချေ။
“စစ်သူကြီးယု” စစ်သူကြီးသည် အလောတကြီးဖြင့် ထကာ အလေးပြုလိုက်၏။
ကျန်သော ဒုတိယစစ်သူကြီးများ သည် ‘စစ်သူကြီးယု’ ဟူသော စကားကို ကြားရသည့်အချိန်မှာတော့ သွင်ပြင်မူယာများသည် ပြောင်းလဲ သွားခဲ့ကြ၏။ ချက်ချင်းပဲ အလေးအမြတ်ထားကာ အလေးပြုကြလေ၏။ သူတို့၏ စိတ်ထဲမှာလည်း တွေးတောလျက် ရှိနေမိသည်။ “ကျားပျံစစ်တပ်ရဲ့ စစ်သူကြီးပါလား”
မှန်ပေ၏။ ဤအမျိုးသမီးသည် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ လက်ရွေးစင်စစ်တပ်ကြီးကို ဦးဆောင်သည့် အမျိုးသမီးပင် ဖြစ်လေ၏။ သူမ၏ လှပမှုကြောင့် ပျော့ညံ့လိမ့်မည်ဟု ထင်မှတ်စရာ မလိုချေ။ အဘယ်ကြောင့် ဆိုသော် သူမသည် အလွန် အားကောင်းရုံသာမက ကြမ်းတမ်းပြီး ရက်စက်လွန်းလှချေသည်။ သက်ရှိသတ္တဝါများ မြောက်များစွာကို သတ်ဖြတ်ခဲ့ဖူးပြီး ရေတွက်လို့မရနိုင်သော နယ်မြေများကို ဖျက်ဆီးခဲ့ဖူး၏။
“အမှိုက်တွေပဲ”
စစ်သူကြီးယုသည် စားပွဲ၏ထိပ်တည်နေရာတွင် ဝင်ရောက်ကာ ထိုင်လိုက်၏။ သူမ၏ လှပသော မျက်လုံးထဲတွင် အေးစက်မှုများနှင့် ပြည့်နှက်နေ၏။ “ရှင်တို့ မြို့လေးတစ်မြို့ကိုတောင်မှ ပြန်ပြီး မယူနိုင်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ကျွန်မတို့ ကျားပျံစစ်တပ်ကို အကူအညီတောင်းရတာလဲ”
“.............”
အားလုံးသောသူတို့သည် ရှက်ရွံ့စွာဖြင့် ဦးခေါင်းကို ငုံ့ထားမိ၏။ တာဝန်ယူထားသည့် စစ်သူကြီးသည် နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “အခု ကောင်းကင်မြို့ကို သိမ်းပိုက်ထားတဲ့ ပုန်ကန်သူတွေက အရမ်းကို အားကောင်းတယ်”
“သူတို့ ဘယ်လောက်ပဲ အားကောင်း၊ အားကောင်း ထျန်းဟီနယ်မြေထက် ပိုပြီး အားကောင်းနိုင်လို့လား”
“ဒါက ....”
စစ်သူကြီးသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထျန်းဟီနယ်မြေဆိုသည်မှာ ကြယ်တာရာစိတ်ဝိညာဉ် လောက ကျူးကျော်ခဲ့သည် ပထမတန်းစားနယ်မြေတစ်ခု ဖြစ်၏။ ပထမတုန်းက ရွက်သင်္ဘောပေါင်းများစွာနှင့် စစ်သည်ပေါင်းများစွာတို့ကို စေလွှတ်တိုက်ခိုက်ခဲ့ကြ၏။ ထပ်တလဲလဲ တိုက်ခိုက်ပြီးသည့်နောက် ၎င်းတို့သည် အနိုင်မယူနိုင်ခဲ့ချေ။
ထိုအချိန်မှာတော့ စစ်သူကြီးပေါင်းများစွာတို့ စုစည်းပြီးသည့်နောက် တစ်ဖက်ရန်သူအား အကောင်းမွန်ဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ နောက်တော့ ၎င်းတို့ အားလုံးသည် ကျားပျံစစ်တပ်ကြီးကို အမှီအခိုပြုကာဖြင့် တစ်ဖက်လူများကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့၏။ နောက်ဆုံးတိုက်ပွဲသည် အလွန်တရာဆိုးရွားပြီး ကြမ်းတမ်းလွန်း လှမည်ဟု အားလုံးက ထင်မှတ်ခဲ့ကြ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ထျန်းဟီနယ်မြေတွင် ရှိနေသည့် အကြီးများဆုံးသော အဓိကမြို့ကြီးဆီသို့ ဝင်ရောက်ပြီး တစ်နာရီအတွင်းမှာပဲ တိုက်ခိုက်အနိုင်ယူနိုင်ခဲ့၏။ မြို့၏ လှေကားထစ်မှ ပြိုင်ဘက်စစ်သူကြီး၏ ဦးခေါင်းကို ကိုင်ဆောင်ကာ လှမ်းလျှောက်လာခဲ့သည့် စစ်သူကြီးယု၏ ပုံပန်းသွင်ပြင်သည် အားလုံးသောသူတို့၏ မျက်လုံးထဲမှ ဖျောက်ဖျက်၍မရနိုင်သည့် မြင်ကွင်းမျိုးပင်။
“ကျွန်မလူတွေ လမ်းမှာရောက်နေပြီ”
စစ်သူကြီးယုသည် သူမ၏ရှည်လျားလှသော ခြေတံရှည်များကို အသာချိတ် ထိုင်ကာဖြင့် ပြောလိုက်သည်။ “ရှင်တို့ အခု လက်လျော့လိုက်လို့ရပြီ”
“ဘယ်လို” စစ်သူကြီးသည် အကူအညီလိုလားလို့ မေးမြန်းချင်၏။ သို့ပေမဲ့ ချက်ချင်းပဲ ကျားပျံစစ်တပ်ဆိုသည်မှာ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး၏ လက်ရွေးစင်စစ်တပ်ဖြစ်သည်။ ထိုအရာကို သွား၍ ပြောဆိုလိုက်မည် ဆိုပါက တစ်ဖက်လူများကို သွား၍ မေးခွန်းထုတ်သည်နှင့် တူညီနေမည် မဟုတ်ပါလား။
ဝှစ် ဝှစ်
ညသို့ရောက်သည့် အချိန်မှာတော့ သေသေချာချာ လေ့ကျင့်ခြင်း ခံထားရသည့် စစ်သည်များသည် မြို့၏အထဲဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့ အားလုံးသည် အမဲရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး နောက်ကျောဘက်တွင် လေးနှင့်မြားများကို သယ်ဆောင် လာခဲ့၏။ ဓားကိုလည်း ခါး၌ ချိတ်လို့ထားပြီး ၎င်းတို့၏ ခေါင်းစွပ်များ၌ မျက်လုံးနှစ်ခုသာလျှင် ပေါ်ပေါက်နေ၏။ တောက်ပပြီး စူးရှလွန်းသော မျက်လုံးများသည် ကျားရဲတစ်ကောင် ကဲ့သို့ပင်။
ကျားပျံစစ်တပ်။ စစ်သည် အများကြီးတော့ မဟုတ်လှချေ။ လူတစ်သောင်းလောက်သာလျှင်ရှိသည်။ သို့ပေမဲ့ အားလုံးသော သူတို့သည် မြေပြင်ပေါ်တွင် ညီညီညာညာဖြင့် မတ်တပ်ရပ်လိုက်သည့် အချိန်မှာတော့ သာမန်စစ်သားများ ရှက်ရွံ့ ရလောက်သည့် အော်ရာမျိုးကို ထုတ်ဖော်လျက် ရှိနေ၏။
ဆွစ်
စစ်သူကြီးယုသည် တပ်စခန်းအတွင်းဆီမှ လှမ်းလျှောက်ထွက်လာပြီးသည့်နောက် နံရံကို အသာမှေးမှီကာ ပြောလိုက်သည်။ “စစ်တပ်ကြီးက ဒီညတစ်ည အနားယူမယ်”
“ကောင်းပါပြီ”
စစ်သည်များ အားလုံးသည် အမိန့်ရယူပြီးသည့်နောက် ၎င်းတို့ အနားယူနိုင်သည့် တပ်စခန်းများ ဆီသို့ ဝင်ရောက်သွားခဲ့ကြသည်။ သူတို့သည် အလွန်အားကောင်းလွန်းလှ၏။ သို့ပေမဲ့ အမိန့်ရရချင်း ဤတည်နေရာ ဆီသို့ ရောက်ရှိလာရသည် ဖြစ်သောကြောင့် စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနေပေလိမ့်မည်။ သေသေချာချာ အနားယူ ပြီးမှ အမြန်ဆုံးနည်းဖြင့် ကောင်းကင်မြို့ကို ပြန်လည် ရယူရန် စဉ်းစားထား၏။
ဟမ့်
မြို့၏မျှော်စင်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “တကယ့်ကို ကျွမ်းကျင်သူတွေပဲ”
အားလုံးမြင်နိုင်သည့်နေရာမျိုးတွင် ရပ်ကာ သေသေချာချာ ကြည့်ရှုနေခြင်းဖြစ်သည်။ သို့ပေမဲ့ သူ့အား မည်သူကမှ မမြင်နိုင်ခဲ့ကြချေ။ ကုန်းရှန့်သည် အစောကြီးကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ တစ်ဖက်စစ်သူကြီးနှင့် ဒုတိယစစ်သူကြီးများ ပြောဆိုနေသည့် စကားလုံးများကိုလည်း သူက ကြားခဲ့၏။
“ကျားပျံစစ်တပ် ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “နားထောင်ရတာတော့ မဆိုးဘူး။ ဒါပေမဲ့ စက္ကူကျား မဟုတ်ဖို့တော့ မျှော်လင့်မိတယ်”
ဝှစ်
သူသည် ပျောက်ကွယ်သွား၏။ ပြီးနောက် တပ်စခန်းတစ်ခု၏ရှေ့တွင် ဆင်းသက်လိုက်သည်။ ကျားပျံစစ်တပ်မှ စစ်သည်များသည် လုံလုံလောက်လောက် အနားယူနေကြ၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် ချပ်ဝတ်များ အကို ချွတ်ကာဖြင့် စီစီရီရီနှင့် ထားသိုထား၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအား အခွင့်အရေး ပေးသကဲ့သို့ပင်။
လေး - အရာအားလုံးကို ယူဆောင်ရမည်။
မြား - အရာအားလုံးကို ယူဆောင်ရမည်။
ဓားမော့၊ လှံ၊ ဓား၊ ပုဆိန် - အရာအားလုံးကို ယူဆောင်ရမည်။ သူသည် ကိုယ်ပျောက်လျက် ရှိနေသည့် အခြေအနေ ဖြစ်သောကြောင့် အစီအရင်၏ သတိပေးမှုကိုလည်း ရှောင်ရှားနိုင်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် သက်တောင့်သက်သာဖြင့် အရာအားလုံးကို ခိုးယူနိုင်၏။
ဗွပ် ပလောက်
ရေကျသံသည် ထွက်ပေါ်လာ၏။ ထွက်ခွာရန် ပြင်နေသည့် ကျွင်းချောင်ရှောင်းသည် စစ်သူကြီးယုဟု လေးလေးစာစားဖြင့် ခေါ်ဆိုခြင်း ခံရသည့် အမျိုးသမီး ရေချိုးလျက် ရှိနေကြောင်းကို သိရှိလိုက်ရ၏။ ထို့ကြောင့် သူသည် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ သူမချွတ်ထားသည့် ချပ်ဝတ်ကိုပင် ခိုးယူသွားခဲ့သည်။
“သွားပြီပဲ”
စနစ်က ပြောလိုက်၏။ “မင်းကတော့ တကယ် မလွယ်တော့ဘူး”
“ချီးကို မလွယ်ပါလား။ ငါ ချပ်ဝတ်ခိုးတာလေ။ တစ်ချက်တောင် မကြည့်ဘူး”
“မင်းကို ဘယ်သူက ယုံမှာလဲ”
“ကျုပ် ကျွင်းချောင်ရှောင်းက မှန်ကန်တဲ့ အလုပ်ကိုပဲ လုပ်မယ်။ တရားမျှတမှုအတွက် အလုပ်လုပ်တဲ့ လူတစ်ယောက်ပဲ။ ဘဝမှာ အရိပ်ဆိုးကြီးဖြစ်အောင်လို့ မိန်းမတစ်ယောက် ရေချိုးတာကို ဘယ်တော့မှ ချောင်းမှာ မဟုတ်ဘူး”
ထွီ
စနစ်သည် တံတွေးထကာ ထွေးလိုက်၏။ “မင်းက မှန်ကန်တယ်အလုပ်ကို လုပ်တယ်ဆိုမှတော့ ဘာလို့ သူများ ပစ္စည်းတွေ လာခိုးနေရတာလဲ”
“ကြယ်တာရာစိတ်ဝိညာဉ်လောကဆိုတာ ရန်သူလေ။ ရန်သူရဲ့ ပစ္စည်းတွေဆိုမှတော့ ဘယ်လိုလုပ် ခိုးတယ်ဖြစ်ရ မှာလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက တိုက်ပွဲရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာကြီးပဲ။ နားလည်လား”
“.........”
စနစ်သည် ဆွံ့အသွားမိ၏။ “ကောင်းပြီ၊ ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် တပ်စခန်းဆီမှ ငြိမ်ငြိမ်သက်သက်ဖြင့် ထွက်ခွာသွားခဲ့သည်။ သို့ပေမဲ့ သူသည် ထာဝရ လောကကြီးထဲသို့ မပြန်ခဲ့ချေ။ ထိုအစား မြို့ထဲသို့ လှည့်လည်ကာ သွားလာလျက်ရှိသည်။ သူထွက်ခွာသွားတော့ မည့်အချိန်မှာပဲ စစ်သူကြီးယု၏ အော်ဟစ်သံကို ကြားလိုက်ရ၏။ “ငါ့ချပ်ဝတ် ဘယ်ရောက်သွားလဲ”
ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ အိပ်ပျော်လျက်ရှိနေသည့် လူများသည် နိုးထလာခဲ့ကြသည်။ သူတို့သည် ချပ်ဝတ်များကို လျင်လျင်မြန်မြန်ဖြင့် ကောက်ယူရန် ပြင်ဆင်လိုက်သည့်အချိန်မှာတော့ အရာအားလုံး ပြောင်သလင်းခါနေသည်ကို မြင်လိုက်ရသည်။
“ချပ်ဝတ်တွေ ခိုးခံလိုက်ရပြီ” တည်နေရာတစ်ခုလုံး ရှုပ်ထွေးသွားခဲ့တော့၏။
“ကြယ်တာရာစိတ်ဝိညာဉ်လောကရဲ့ တကယ့်စစ်တပ်ကြီးလား”
မြို့ထဲတွင် စစ်နည်းဗျူဟာများကို သေသေချာချာ ချမှတ်ဆွေးနွေးလျက် ရှိနေသည့် စစ်သူကြီးများ၏ မြင်ကွင်းကို ပြန်လည်မြင်ယောင်ပြီး ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ထွီ”