အခန်း ၁၉၂၉
Vol. 129 Ch. 1929
အပိုင်း (၁၉၂၉)
ကျွီ
ထျန်းယွမ်အကျဉ်းထောင်စေတီထဲမှာတော့ စစ်သူကြီးယုသည် အကျဉ်းထောင်ထဲသို့ ပစ်လွှတ်ခြင်းကို ခံလိုက်ရ၏။ ဘေးအခန်းထဲတွင် နေထိုင်လျက်ရှိနေသည့် ရင်သည် ၎င်း၏ အသိအကျွမ်းဟောင်းကြီးကို မြင်ရသည့်အချိန် မှာတော့ နဝေတိမ်တောင်နှင့် ဖြစ်လို့နေ၏။
ဤမိန်းမသည် ကျားပျံစစ်တပ်ကြီး၏ အမိန့်ပေးအုပ်ချုပ်သည့် စစ်သူကြီးတစ်ယောက်ဖြစ်သည်။ အဘယ်ကြောင့် ဤနေရာဆီသို့ ရောက်ရှိလာရသနည်း။ ဖြစ်နိုင်သည်မှာ ကြယ်တာရာစိတ်ဝိညာဉ်လောကကြီး၏ အခြေအနေသည် မကောင်းပေဘူးလား။
သူ့အနေနှင့် ဤပြဿနာကို အမှန်ပင် ဂရုစိုက်လို့ နေလေ၏။ ကြည့်ရသည်မှာ အကျဉ်းထောင်စောင့်ကြီး သုံးယောက်တို့သည် သူ့အား လုံလုံလောက်လောက် ဂရုမစိုက်ပုံပင်။
“အင်း... နောက်ထပ်အားကောင်းတဲ့ တစ်ယောက် ထပ်ဝင်လာပြန်ပြီ”
မျက်နှာချင်းဆိုင် အခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေသည့် ကျန်းစန်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်းက လောကကြီးတစ်ခုလုံးကို ပြောင်းလဲမယ့်လူများ ဖြစ်နေမလား မသိဘူး”
သူသည် အမှန်ပင် သနားဖွယ်ရာ ကောင်းလွန်းလှ၏။ ဝန်ခံခဲ့သည် ဆိုလျှင်တောင်မှ သူသည် အကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရ၏။ မည်သည့်အချိန်မှ ပြန်လည်ကာ လွတ်မြောက်မည်ဆိုသည်ကို သေသေချာချာ မသိချေ။
ကျွင်းချောင်ရှောင်းအနေဖြင့် သူ့အား တမင်တကာ ခက်ခဲသည့် ကိစ္စရပ်များဖြစ်အောင် ပြုလုပ်ခဲ့ခြင်း မဟုတ်ပေ။ တစ်ဖက်လူ ထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ဤကဲ့သို့ ချုပ်နှောင်ထားခြင်းသာဖြစ်၏။ အနာဂတ်ကို ကြိုတင်ကာ မြင်နိုင်စွမ်းရှိနေသည့် ပါရမီရှင်တစ်ယောက်အား သူသည် ပထမဦးဆုံး ထိန်းချုပ်ထားရပေ လိမ့်မည်။ ထိုမှသာ အနာဂတ်တွင် အသုံးချ၍ ရပေလိမ့်မည်။
“မဟုတ်သေးဘူး”
ကျန်းစန်းက ပြောလိုက်၏။ “ငါ ထပ်ပြီးတော့ ကြမ္မာဖတ်မှ ဖြစ်လိမ့်မယ်”
ဒွီ ဒွီ
ပြီးသည့်နောက် သူသည် အရိုး၊ အကြွေစေ့နှင့် တခြားသောအရာများကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက် ဓာတ်ငါးပါးပုံစံ ရေးထိုးထားသော အခင်းတစ်ခုကို ထုတ်ယူကာ ဖြန့်ချလိုက်၏။ သူသည် လက်များကို စုစည်းကာဖြင့် မန္တာန်တစ်ပုဒ်ကို ရွတ်ဖတ်လိုက်သည်။
“ကောင်းကင်မျက်လုံး ဖွင့်”
ခဏလောက် ကြာပြီးသည့်နောက် လက်နှစ်ချောင်းသည် သူ၏နဖူးထက်သို့ ရောက်ရှိသွား၏။
ဆွစ်
မျက်လုံးကဲ့သို့သောအရာတစ်ခုသည် ၎င်း၏ မျက်ခုံးမွှေးနှစ်ခုကြား တည်နေရာတွင် ပေါ်ပေါက်လာသည်။ ၎င်းဆီမှ ထူးခြားလှသည့် အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွား၏။ ထိုအချိန် မှာတော့ ကျန်းစန်းသည် ဓာတ်လိုက်ခံထားရသလို တုန်ယင်လျက်ရှိ၏။ သူ၏ဝိညာဉ်သည် အချိန် စိတ်ဝိညာဉ်နှင့်အတူ အဝေးဆီသို့ လွင့်စင်သွားခဲ့၏။ အနာဂတ်ဆီသို့ လှမ်းကာ သွားရောက်ကြည့်ရှုခြင်းပင်။
ဤနည်းလမ်းသည် နည်းလမ်းဟောင်းကြီးဟု သုံးသပ်၍ရသည်။ သူ၏ဝိညာဉ်သည် အချိန် စိတ်ဝိညာဉ်၏ ကာကွယ်ပေးမှုအောက်မှာတော့ အချိန်ရေစီးကြောင်း၏ အလွှာထဲသို့ တိုးဝင်ကာ ဖြတ်သန်းသွားခဲ့၏။ သူသည် ရှုပ်ထွေးလျက်ရှိနေသည့် အရာဝတ္ထုများကို မြင်ခဲ့ရ၏။
“ဘာတွေဖြစ်နေတာလဲ” ကျန်းစန်းသည် အနည်းငယ် ဆွံ့အလို့နေခဲ့၏။ သူသည် သူ၏သက်တမ်းကို ကုန်ဆုံးခံပြီး အနာဂတ်သို့ လှမ်းမျှော်ကြည့်ရှုသည့်အချိန်တိုင်း သူကြည့်ချင်သည်များကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။ သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ ဘာမှ မမြင်ခဲ့ရချေ။
မိုးကောင်းကင်နတ်ဆိုးအင်ပါယာ အနေနှင့် အထက်စကြဝဠာတစ်ခုလုံးကို စတင်ကာ ရှုပ်ထွေးအောင် ပြုလုပ်သည့် အချိန်တွင် သူသည် သူ၏သက်တမ်းကို စတေးကာဖြင့် ဤကဲ့သို့ အနာဂတ်ကြည့်ရှုမှုမျိုးကို ပြုလုပ်ခဲ့၏။ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးသည် ပြိုလဲလျက်ရှိနေပြီး သက်ရှိသတ္တဝါများသည် သတ်ဖြတ်ခြင်းကို ခံထားရ၏။ စကြဝဠာကြီးတစ်ခုလုံးသည် လောကကြီး၏ အဆုံးသတ်ကို ရောက်ရှိသွားခဲ့သလိုပင်။
သို့ပေမဲ့ ယခုအချိန်မှာတော့ ကောင်းကင်၏အဆုံးဘက်တွင် မျှော်လင့်ချက်ရောင်ခြည်တစ်ခုက လင်းလက်လာခဲ့၏။ မူလအားဖြင့် အလင်းများဆီမှ တဖြည်းဖြည်း လှမ်းလျှောက်ထွက်လာသည့်လူတစ်ယောက်ကို ကျန်းစန်းက မြင်လိုက်ရ၏။ ထိုသူသည် အလွန်ဆန်းကြယ်လွန်းလှသည့်အော်ရာများကို ထုတ်လွှတ်လျက်ရှိ၏။
မည်သို့ပင်ကြည့်ကြည့် တစ်ဖက်လူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်နိုင်စွမ်းမရှိချေ။ တစ်ဖက်လူသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေ၏။ တစ်ဖက်လူသည် လက်ကိုမြှောက်လိုက် ချိန်၌ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို ဖျက်ဆီ နိုင်သည့် စွမ်းအားများ ထွက်ပေါ်လျက်ရှိသည်။
ကျန်းစန်းသည် အမှန်ပင် တုန်လှုပ်သွားခဲ့၏။ ဤအရာကို စကားလုံးတစ်ခုနှင့် ဖော်ညွန်းပြောပြရမည်ဆိုလျှင် နတ်ဘုရားသာလျှင်ဖြစ်၏။
“သူပဲ။ အထက်စကြဝဠာရဲ့ ပုံစံကို ပြောင်းလဲနိုင်တဲ့ တစ်စုံတစ်ယောက်သောလူဟာ သူပဲ ဖြစ်ရမယ်”
ကျန်းစန်းသည် သက်တမ်းကို စတေးခံကာဖြင့် အရှေ့ဆီသို့ လှမ်းမျှော်ကြည့်ရှုလိုက်၏။ သို့ပေမဲ့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။ ထို့ကြောင့် သူသည် အလုံးစုံ အံ့အားသင့်နေမိသည်။
ဘုန်း ဘုန်း
ထိုအချိန်မှာတော့ ကောင်းကင်ကြီးတစ်ခုလုံး ပြိုလဲလျက် ရှိနေ၏။ တည်နေရာ၏ လေဟာနယ်ကြီးတစ်ခုလုံး သည် တွန့်လိမ်လျက် ရှိနေ၏။
“ဒါ... ဒါက”
ကျန်းစန်းသည် တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။ ထို့ကြောင့် ထပြောလိုက်သည်။ “အင်း.. အနာဂတ်မှာ မထင်ထားတဲ့အရာကိစ္စတွေ ဖြစ်လာခဲ့မှာလား”
ဒွီ
ရုတ်တရက် အားလှိုင်းတစ်ခုသည် တည်နေရာအနှံ့ဆီမှ ဆင်းသက်လာ၏။
ဝေါ့
ကျန်းစန်းသည် သွေးများအန်ထွက်လာခဲ့၏။ သူ၏မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်သွားသည်။
တည်နေရာကြီးသည် တွန့်လိမ်လျက်ရှိသည်။ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးသည်လည်း ရှုပ်ထွေးလျက်ရှိသည်။ ဤအရာသည် ယခင်က ဆရာပြောခဲ့ဖူးသည့် အနာဂတ်ပြောင်းလဲခြင်း၏ လက္ခဏာ ဖြစ်နေသည် မဟုတ်ပါလား။
“ကြီးမားတဲ့ တစ်စုံတစ်ခုက ဖြစ်ပြီပဲ”
ကျန်းစန်း၏ မျက်လုံးထဲတွင် ရှိနေသော ကြောက်လန့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။
အနာဂတ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မည်မျှ ကြိုတင်ကာ သိမြင်သည်ဆိုဆို ပြောင်းလဲ၍ ရနိုင်သည့် အရာမျိုး မဟုတ်ချေ။ သူမမြင်နိုင်လောက်အောင် ရုတ်တရက် ပြောင်းလဲသွားခဲ့သည် ဖြစ်သောကြောင့် အနာဂတ်တွင် ဘာတွေဖြစ်မလဲဆိုသည်ကို မည်သူက သိနိုင်တော့မည်နည်း။
ထို့အပြင် ကျန်းစန်းသည် အလိုလိုသိလို့နေ၏။ ဤကဲ့သို့သော အနာဂတ်ပြောင်းလဲမှုသည် ကျိန်းသေပေါက် လူသား တစ်ယောက်ပြုလုပ်သည့်အရာပင်ဖြစ်၏။
မည်သူဖြစ်သနည်း။ မိုးကောင်းကင်နတ်ဆိုးအင်ပါယာလား။
ကျန်းစန်း သည် အလောတကြီးဖြင့် သူ၏ ရူးသွပ်လှသည့်အတွေးကို ဖယ်ချလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူ သည် ပြောင်းလဲနိုင်ခဲ့သည်ဆိုပါက အနာဂတ်သည် သူမြင့်ခဲ့သည့်အရာမျိုးပင် ကျိန်းသေပေါက် ဖြစ်ရပေမည်။ တည်နေရာကြီးတစ်ခုလုံး ပြိုလဲပြီး ကောင်းကင်တာအိုကြီးတစ်ခုလုံးသည်လည်း ပျက်စီးသွားခဲ့၏။ သက်ရှိသတ္တဝါအားလုံးသည်လည်း သုတ်သင်ရှင်းလင်းခြင်းကို ခံခဲ့ရသည်။
“အင်း”
တိုင်လုသည် အကျဉ်းထောင်၏ အပြင်ဘက်တွင် မတ်တပ်ရပ်ကာဖြင့် ဇဝေဇဝါ ဖြစ်လို့နေ၏။ “ဒီလူ ဘယ်လိုဖြစ်ပြီး သွေးတွေအန်နေရတာလဲ”
“သူ့ကို ဂရုမစိုက်တာ ကြာလို့နေမှာပေါ့” ကျိုးဒူဒူက ပြောလိုက်သည်။
“ဒီလိုဆိုရင်..”
တိုင်လုက ပြောလိုက်၏။ “သူ့ကို နည်းနည်းလောက် ဂရုစိုက်လိုက်ရအောင်”
ဝေါ့
နှစ်ယောက်သား ပြောဆိုလျက် ရှိနေတုန်းမှာပဲ ကျန်းစန်းသည် အနောက်ဘက်သို့ လှန်ကျသွား၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် အားအင်အကုန်လုံး ဆုတ်ယုတ်သွားသကဲ့သို့ပင်။ သူသည် အော်ဟစ်လိုက်သည်။ “ကျုပ် ဂိုဏ်းချုပ်ကျွင်းကို တွေ့ချင်တယ်။ တကယ့်ကိစ္စကြီးတစ်ခု သူ့ကို ပြောစရာရှိတယ်”
“ကိစ္စကြီး ဟုတ်လား” တိုင်လုနှင့် ကျိုးဒူဒူတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြသည်။
........
ပြိုင်စံရှားဂိုဏ်း
ကျားပျံစစ်တပ်ဆီမှ ဖမ်းဆီးထားခဲ့သည့် စစ်သည်ပေါင်းတစ်သောင်းကျော်တို့သည် အထူးအကျဉ်းထောင်ထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရ၏။ ၎င်းတို့အားလုံးအား ထျန်းယွမ်အကျဉ်းထောင်စေတီထဲသို့ မပို့လွှတ်ပေ။ အဘယ်ကြောင့်ဆိုသော် စစ်သည်အများကြီးအထဲသို့ မပို့ဆောင်ချင်သောကြောင့်ပင်။
ယခုကဲ့သို့ သာမန်သိုင်းကျင့်ကြံသူများဆိုသည်မှာ သာမန်လူများပင်လျှင် ထိန်းချုပ်၍ ရနိုင်သည့်အရာဖြစ်၏။ အားရာ မလိုအပ်ချေ။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းသည် ထျန်းယွမ် အကျဉ်းထောင်စေတီထဲသို့ စေလွှတ်သည့်နေရာတွင် လုံလောက်သည့် အရည်အသွေးရှိသော အကျဉ်းသားများ ကိုသာ ပို့ဆောင်တတ်၏။
“လာခဲ့ ... ကိုယ့်လူ ... ပြောပါအုံး”
ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် လက်များကိုယှက်ကာ မေးလိုက်သည်။ “ဘာတွေကို မြင်ခဲ့တာလဲ”
စုရှောင်မိုသည် ငိုချင်စိတ်ပင် ပေါက်သွား၏။ ဘိုးဘေးအကြီးအကဲကြီးနှင့် အကြီးအကဲဝေတို့ပင်လျှင် သိရှိသည့် ကိစ္စဖြစ်၏။ အဘယ်ကြောင့် ဂိုဏ်းချုပ်သည် သူအား ခေါ်မေးရသနည်း။
“ဂိုဏ်းချုပ်”
စုရှောင်မိုသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “စီနီယာအစ်မကြီးကို လျှို့ဝှက်ချက် အဖြစ်ထားမယ်လို့ ကတိပေးထားတယ်”
“တော်စမ်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းသာ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ဝက်တောင်မှ သစ်ပင်ပေါ် တက်နိုင်ပြီ”
“........”
စုရှောင်မိုသည် အလွန်ပင် ဝမ်းနည်းသွား၏။ ဂိုဏ်းချုပ်၏ အကြည့်များကို မြင်ရသည့်အချိန်မှာတော့ သူသည် ပါးစပ်ကို တင်းတင်း မပိတ်ထားနိုင်တော့ချေ။ “ကောင်းပြီ”
“ဟင်း” စုရှောင်မိုသည် သက်ပြင်းချလိုက်၏။ သူ၏အတွေးများသည် အတိတ်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။ လွန်ခဲ့သည့်တစ်နှစ်တုန်းက မည်သည့်အချိန်ကမှန်းတော့ သူသေသေချာချာ မသိရှိချေ။ ထိုနေ့က သူသည် အကြီးအကဲဝေနှင့် ချစ်ခြင်းမေတ္တာများအကြောင်း ပြောဆိုဆွေးနွေးရန် ထုံးစံအတိုင်း ဆေးဟောခန်း ဆီသို့ သွားခဲ့၏။
တိတိကျကျ ပြောရမည်ဆိုလျှင် သူတို့သည် အချစ်မှတ်တမ်းဆိုသည့် စာအုပ်တစ်အုပ်ကို ကြိုးကြိုးစားစား ပြုစု နေခြင်းပင်။ ပြိုင်စံရှားဂိုဏ်းသည် တပည့်များ၏ ချစ်ခြင်းမေတ္တာအကြောင်းနှင့် ပတ်သက်၍ ကန့်သတ် ထားခြင်း မရှိချေ။ ဂိုဏ်းထဲတွင် လူပေါင်းများစွာ တည်ရှိလို့နေ၏။ သို့ပေမဲ့ ရည်းစားရှိသူဟူ၍ အနည်းငယ်သာ ရှိသည်။
တတိယစီနီယာအစ်ကိုဖြစ်သော စုရှောင်မိုသည် အမှန်ပင် ဝမ်းနည်းလျက်ရှိ၏။ ထို့ကြောင့် သူ၏ အတွေ့အကြုံနှင့် အကြီးအကဲဝေ၏ အတွေ့အကြုံများကို ပေါင်းစပ်ပြီးသည့်နောက် ဂိုဏ်းထဲတွင် ရှိနေသည့် ဂိုဏ်းသူဂိုဏ်းသားများ အားလုံးအား အချစ်ကို အောင်မြင်စွာ ရှာဖွေနိုင်ရန် ကူညီဖို့ စိတ်ဆုံးဖြတ်လိုက်၏။
သို့ပေမဲ့ စာကြည့်ခန်းထဲသို့ ရောက်သည့်အချိန်တွင် စီနီယာအစ်မကြီးကို မြင်ခဲ့ရ၏။ အထဲကိုဝင်ကာ နှုတ်ဆက်ရန် ပြင်သည့်အချိန်တွင် အကြီးအကဲဝေ ပြောဆိုသည်ကို ကြားလိုက်ရသည်။ “မင်း နှလုံးသားထဲက မေ့လို့မရတဲ့လူက ဂိုဏ်းချုပ်လား”
စုရှောင်မိုသည် ချက်ချင်းပဲ နားလည်လိုက်၏။ ထို့ကြောင့် သူသည် အသက်ကို အောင့်ထားမိ၏။ လျင်လျင်မြန်မြန်ဖြင့် တံခါးနားသို့ တိုးကပ်ကာ နားထောင်နေမိ၏။
“ဟုတ်ပါတယ်” လုချင်းချင်းက ပြောလိုက်သည်။ ဤစကားသည် ပြောဆိုရန် ခက်ခဲခဲ့၏။ ထိုနေ့မှာတော့ အမြဲတမ်း အေးစက်ပြီး တည်ငြိမ်စွာ နေတတ်သည့်အမျိုးသမီးသည် ဂိုဏ်းချုပ်ကို ချစ်ခင်နှစ်သက်နေကြောင်း ဝန်ခံလိုက်သည်။ ထိုအရာကိုကြားချိန်မှာတော့ စုရှောင်မိုသည် အမှန်ပဲ အံ့အားသင့်မိသွားသည်။ “ဒါ တကယ့်ကို ကိစ္စကြီးပဲ”
ကျွီ
ရုတ်တရက် လုချင်းချင်းသည် တံခါးကို တွန်းဖွင့်ကာဖြင့် အပြင်ဘက်သို့ လျှောက်ထွက်လာခဲ့သည်။ သူမသည် ချက်ချင်း မထွက်ခွာသွားချေ။ စုရှောင်မို ပုန်းအောင်းနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်၏။ ပြီးနောက် အေးစက်စက် မျက်နှာသွင်ပြင်ဖြင့် ပြောလိုက်၏။ “ဂျူနီယာမောင်လေး... ဒါကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်း ထားနိုင်ဖို့ မျှော်လင့်မိတယ်”
“...........”
စုရှောင်မိုသည် ပြန်မဖြေခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ရုပ်ထုတစ်ခုကဲ့သို့ အေးခဲနေသောကြောင့်ပင်။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် လှမ်းကာပြောလိုက်သည်။ “စီ.. စီနီယာအစ်မကြီး.. ကျုပ် လျှို့ဝှက်ချက် အဖြစ် ထိန်း.. ထိန်းသိမ်းထားပါမယ်”