အခန်း ၁၉၃၀
Vol. 129 Ch. 1930
အပိုင်း (၁၉၃၀)
စုရှောင်မိုတစ်ယောက် လျှို့ဝှက်ချက်ကို ထိန်းချုပ်ထားနိုင်မည်ဟု လူတော်တော်များများက မယုံကြည်ကြချေ။ အချက်အလက်အားဖြင့် သူတကယ်ပဲ လုပ်ခဲ့၏။ သူသည် ကြားခဲ့သမျှသော အရာအားလုံးကို ထုတ်ဖော် မပြောကြားခဲ့ချေ။ သူ့အတွက် ထိုအရာသည် အလွန်ပင် ခက်ခဲလွန်းလှ၏။ သို့ပေမဲ့ သူသည် တောင့်ခံထားခဲ့၏။
လုချင်းချင်းဘက်ကို ပြန်ကြည့်ရမည်ဆိုလျှင် လောကကြီးသည် ဘာတွေပြောင်းလဲသွားရသနည်း။ စကားလုံး များနှင့် ပြောရမည်ဆိုလျှင် သူမသည် ဉာဏ်အလင်းပွင့်ခဲ့သည်ဟု ဆိုရမည်။ သူမသည် ဂိုဏ်းထဲတွင် ထင်ထင်ရှားရှား မနေခြင်းသည် အကြောင်းပြချက်တစ်ခုသာလျှင်ဖြစ်၏။ အဓိကအကြောင်းအရာမှာ ကျွင်းချောင်ရှောင်းကို ရှောင်ရှားချင်သောကြောင့်ပင်။
ထို့ကြောင့်ပင်လျှင် လုချင်းချင်းသည် ဤတလောအတွင်း အလွန်နာကျင်လှသည့် ခံစားချက်များကို ရရှိခဲ့၏။ ထို စိုးရိမ်သောက၊ ပူပင်မှု၊ အချစ်ရေးများ အားလုံးသည် သူမ၏စိတ်ကို နှောက်ယှက်နေခဲ့၏။ ထို့ကြောင့် သူမသည် ပြောင်းလဲချင်၏။ ထို့ကြောင့်ပင်လျှင် ထိုက်ရွှမ်အဘိုးအိုဆီသို့ သွားရောက်ခဲ့၏။
“စီနီယာ... ကျွန်မ ထိုက်ရွှမ်အအေး နှလုံးသား နည်းစနစ်ရဲ့ အဆင့်မြင့်အဆင့်ဆီကို နားလည်ချင်တယ်”
“..............”
ထိုက်ရွှမ်အဘိုးအိုသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဤရေခဲဓာတ်သဘာဝ သိုင်းကျင့်ကြံခြင်းနည်းစနစ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ သူဖန်တီးခဲ့သည့်အရာဖြစ်၏။ သို့ပေမဲ့ နိယာမနှင့် နားလည်နိုင်မှု၊ စဉ်းစားနိုင်မှု အားလုံးတို့သည် အကန့်အသတ်ဖြင့် တည်ရှိနေ၏။ သူမကို မည်ကဲ့သို့ လမ်းညွှန်ပြသရမည်နည်း။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် ဤကျင့်ကြံခြင်းနည်းစနစ်၏ ဖန်တီးသူသည် ဆက်ခံသူထက်ပင် ကျွမ်းကျင်မှု နည်းပါးနေ သေး၏။
“ကလေး”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “ထိုက်ရွှမ်အအေးနှလုံးသား နည်းစနစ်ကို ငါဖန်တီးခဲ့တယ် ဆိုပေမဲ့ မင်းက အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပြီလေ။ ဒီထက်ပိုပြီး အဆင့်မြင့်တဲ့အဆင့်ကို နားလည်ချင်တယ် ဆိုရင်တော့ ငါမင်းကို မကူညီနိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်”
“.........”
လုချင်းချင်းက ပြောလိုက်သည်။ “စီနီယာ... ရေလိုတည်ငြိမ်တဲ့ နှလုံးသားကို ရရှိဖို့ အခြေအနေဆိုတာကကော၊ နှစ်ပေါင်းများစွာ လေ့လာခဲ့တယ်။ ဒါပေမဲ့ အဓိက အခြေအနေကို လှမ်းမျှော်ပြီး မကြည့်နိုင်သေးဘူး”
“အင်း... မင်း တစ်စုံတစ်ယောက်ကို ချစ်ခင်နှစ်သက်နေလို့ နေမှာပေါ့”
ပြောရမည်ဆိုလျှင် ဤအကြောင်းအရာ နှင့်ပတ်သက်၍ ထိုက်ရွှမ်အဘိုးအိုသည် ကူညီနိုင်စွမ်းတော့ ရှိနေသေး၏။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ခြင်းကြောင့် ထိုအခြင်းအရာကို နားလည်နေခြင်းပင်။
“စီနီယာ... ကျွန်မက ခံစားချက်တွေကို ဖြတ်တောက်နိုင်မှသာ ရေလိုကြည်လင်တဲ့နှလုံးသားအဆင့်ကို ရောက်မယ်လို့ ဆိုလိုတာလား”
“.......”
ထိုက်ရွှမ်အဘိုးအိုသည် ဆွံ့အသွားခဲ့မိ၏။ ဤမိန်းကလေး၏ အတွေးများသည် တခြားသူများနှင့် အမှန်ပင် ခြားနားလို့ နေ၏။
“ကလေး”
ထိုက်ရွှမ်အဘိုးအိုက ပြောလိုက်သည်။ “လောကကြီးထဲမှာ အချစ်တွေ၊ မိသားစုတွေ၊ ခင်မင်ရင်းနှီးမှု တွေဆိုတာ ရှိသင့်တယ်။ ငါတို့တွေက သာမန်လူတွေပဲ။ ဘယ်လိုဖြစ်ပြီး ဒီလိုအရာတွေကို လွယ်လွယ်ကူကူ ဖြတ်တောက်ပစ်နိုင်မှာလဲ”
အချက်အလက်အားဖြင့် လျှို့ဝှက်စာအုပ်ထဲတွင် ချန်ထားခဲ့သည့် ရေလိုကြည်လင်သည့်နှလုံးသား ဆိုသည်မှာ အရှေ့ဆီသို့ တည်ငြိမ်မှုအပြည့်နှင့် လှမ်းလျှောက်တတ်ရမည်ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်လေ၏။ သူပင်လျှင် ထိုအခြင်းအရာကို သေသေချာချာ နားမလည်သေးချေ။ ပြောရမည်ဆိုလျှင် ကိုယ်ကိုယ်တိုင် နားလည်နိုင်စွမ်း မရှိသည့် ပုစ္ဆာ တစ်ခုကို အဖြေထုတ်ခဲ့သည့် ဆရာတစ်ယောက်နှင့် ဆင်တူလွန်းလှ၏။
ဟူး…..
တခြားသောသူများသည် ထိုအခြင်းအရာကို ဖြေရှင်းရန် တာဝန်ယူခဲ့ရသည်။ ဖြေရှင်းနိုင်မလား၊ မဖြေရှင်းနိုင်ဘူး လားဆိုသည်မှာတော့ စဉ်းစားတွေးတောစရာ မလိုအပ်ချေ။ ထိုက်ရွှမ်အဘိုးအိုသည် သူ့အလုပ်မဟုတ်ဟု ခံယူထားသောကြောင့်ပင်။
.............
လုချင်းချင်းသည် သူမလိုချင်သည့်အဖြေကို မရရှိခဲ့ချေ။ ထို့ကြောင့် အစီအရင်ဟောခန်းဆီမှ ထွက်ခွာသွားခဲ့ပြီး ဆေးဟောခန်းဆီသို့ သွားလေ၏။ သူမသည် ရေလိုကြည်လင်သော နှလုံးသားဆိုသည်နှင့်ပတ်သက်၍ ရှုပ်ထွေးလျက် ရှိနေ၏။ ဤပြဿနာကို မည်ကဲ့သို့ အဖြေရှာရမည်ဆိုသည့်အကြောင်းကို သေသေချာချာ အဖြေရှာမရချေ။
အကြီးအကဲဝေ - တစ်ဖက်လူသည် ကျိန်းသေပေါက် အဖြေကို ပေးနိုင်ပေလိမ့်မည်။
ထို့ကြောင့် စုရှောင်မိုသည် ဤနှစ်ယောက် ပြောဆိုခဲ့သည်များကို ကြားခဲ့ခြင်းသာဖြစ်သည်။
“အကြီးအကဲဝေ... တစ်စုံတစ်ယောက်ကို မေ့ဖျောက်ဖို့အတွက်ဆိုတာ ကျွန်မအတွက် အရမ်းကို ခက်ခဲနေတယ်” အတိတ်တုန်းကဆိုလျှင် လုချင်းချင်းသည် စကားကို ကျယ်ကျယ်ပင် ပြောတတ်သည့်လူတစ်ယောက် မဟုတ်ချေ။ လက်ရှိအခြေအနေမှာတော့ ပိုမို၍ ဂိုဏ်းနှင့် တသားတည်း ဖြစ်တည်လာခဲ့သည်။ သူမသည် အခြေခံ အချက် အလက်များ ပြောင်းလဲခဲ့သည်ဟု ဆိုရမည်။
“မင်း မေ့လို့မရဘူးဆိုတဲ့လူက ဂိုဏ်းချုပ် မဟုတ်လား”
ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ ကျွမ်းကျင်သူတစ်ယောက်ပီပီ အကြီးအကဲဝေသည် လိုရင်းကို မေးမြန်းခဲ့၏။ တခြားသောသူများ သတိမပြုမိခဲ့သည် ဆိုလျှင်တောင်မှ သူသည် လုချင်းချင်းကို သတိပြုမိခဲ့ပြီးဖြစ်၏။ အထူးသဖြင့် ဂိုဏ်းထဲသို့ ဟွာမင်ကွေ့ ရောက်ရှိလာခဲ့ပြီးသည့်နောက် သူမသည် အစဉ်အမြဲ ရှောင်ရှားနေခဲ့၏။ ဤအရာသည် သာမန်ထက် ထူးခြားလို့နေ၏။
“ဟုတ်ပါတယ်” လုချင်းချင်းက ဝန်ခံလိုက်၏။ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဆိုသည်မှာ ပြဿနာကို အဖြေ ရှာရန် ရည်ရွယ်ချက်နှင့်ဖြစ်သည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောပြမှဖြစ်ပေမည်။
“မင်းက ဂိုဏ်းချုပ်ရဲ့ ပထမဦးဆုံး တပည့်ကြီးပဲလေ။ ပြီးတော့ အသက်ကလည်း တူတူနီးပါးပဲ။ ဒီတော့ နှစ်ပေါင်း များစွာ ထိတွေ့ဆက်ဆံပြီးတဲ့နောက်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာတွေ ဖြစ်ပေါ်လာတယ် ဆိုတာ သာမန်ပါပဲ” အကြီးအကဲဝေက ပြောလိုက်၏။
“ဒါပေမဲ့.. ကျွန်မ ဂိုဏ်းချုပ်ကို မေ့ချင်တယ်။ အကြီးအကဲဝေမှာ နည်းလမ်းရှိလား” လုချင်းချင်းက မေးမြန်း လိုက်သည်။
အကြီးအကဲဝေက ပြောလိုက်၏။ “အင်း.. တစ်စုံတစ်ယောက်ကို ချစ်ဖို့ဆိုတာ အရမ်းကို လွယ်တယ်။ ဒါပေမဲ့ မေ့ပစ်ဖို့ဆိုတာကတော့ အရမ်းကို ခက်ခဲတယ်”
“ဘာလုပ်ရမှာလဲ”
လုချင်းချင်းသည် ဦးခေါင်းကို ငုံ့ထားမိ၏။ သူမကို ကြည့်ရသည်မှာ အကြီးအကဲဝေကို မေးမြန်းနေခြင်းနှင့် ဆင်တူ၏။ သို့ပေမဲ့ သူမသည် နှစ်ပေါင်းများများ မဖြေရှင်းနိုင်သည့် ကိစ္စရပ် အား မိမိကိုယ်ကို ပြန်လည် မေးမြန်းမိနေခြင်းပင်။
သူမသည် ပင်ပန်းလို့နေခဲ့၏။ ရူးရူးမူးမူး ကျင့်ကြံလျက် ရှိနေပြီး ဖြစ်နိုင်သမျှ ထိုအခြင်းအရာကို ရှောင်ရှားနေမိ၏။ သို့ပေမဲ့ သူမ၏ နှလုံးသားထဲတွင် ခံစားချက်မျိုးစေ့သည် အပင်ပေါက်ကာ အမြစ်ပင် တွယ်လျက်ရှိနေ၏။ ထို့ကြောင့် မမေ့လျော့နိုင်ခဲ့ပေ။ မမေ့လျော့နိုင်လေ ပိုမိုကာ စိတ်တိုလာလေဖြစ်၏။ သူမကိုသူမ စိတ်တိုလာလေ၊ ပိုမိုကာ စိတ်ရှုပ်ထွေးလာလေဖြစ်၏။ အေးစက်ပြီး မောက်မာလှသည့် လုချင်းချင်းသည် လက်ရှိအခြေအနေ မှာတော့ ဘာလုပ်ရမှန်းမသိသည့် သူငယ်နှပ်စား မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ပင် ဖြစ်လို့နေ၏။
.........
“မေ့ပျောက်စေဖို့အတွက် သင်ယူရမယ်” အကြီးအကဲဝေသည် နည်းလမ်းတစ်ခုကို သင်ကြားပေးလိုက်၏။ ပြော၍သာလွယ်သည်။ သို့ပေမဲ့ ပါဝင်ပတ်သက်နေသူတစ်ယောက်အတွက် ခက်ခဲလွန်းသည့် ကိစ္စရပ်ပင်ဖြစ်သည်။ အချက်အလက်အားဖြင့် နည်းလမ်းကောင်းတစ်ခုလည်း မဟုတ်ချေ။
ထို့အပြင် လုချင်းချင်းနှင့် ကျွင်းချောင်ရှောင်း တို့သည် ဂိုဏ်းချုပ်နှင့် တပည့်သာဖြစ်၏။ ပြောရမည်ဆိုလျှင် ဆရာတပည့် ဆက်ဆံရေးလည်း ဖြစ်လို့နေသည်။ ထို့အပြင် ဂိုဏ်းချုပ်နှင့် လက်ထပ်ပြီးသော ဟွာမင်ကွေ့ကလည်း တည်ရှိလို့နေသေး၏။ သိုင်းကျင့်ကြံခြင်း လောကတွင် ယောက်ျားတစ်ယောက်သည် မိန်းမသုံး၊ လေး၊ ငါးယောက်လောက် ယူမည်ဆိုလျှင်တောင် ထူးဆန်းသည့်အရာ မဟုတ်ပေ။
သို့ပေမဲ့ အေးစက်သည့် အမူအကျင့်မျိုး ရှိသည့် လုချင်းချင်းအတွက် ထိုအရာကို သည်းခံနိုင်လိမ့်မည်ဟု အကြီးအကဲဝေက မထင်ချေ။
အထူးသဖြင့် ဂိုဏ်းချုပ်ဖြစ်သည်။ ဂိုဏ်းချုပ်သည် ခံစားချက်ပိုင်းဆိုင်ရာနှင့် ပတ်သက်မည်ဆိုလျှင် ဦးနှောက်ကို မြည်းကန် ခံထားရသည့်လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် အကောင်းဆုံးသော နည်းလမ်းသည် စောစောစီးစီးကတည်းက မေ့လိုက်ခြင်းသာ အကောင်းဆုံး ဖြစ်ပေမည်။
အကြီးအကဲဝေက ပြောလိုက်သည်။ “တကယ်လို့ ထုံးနေတဲ့အထုံးကို ဓားနဲ့ဖြတ်တောက်ပစ်လို့ မရနိုင်ဘူးဆိုရင် အနာဂတ်မှာ ပိုပြီးတော့ ရှုပ်ထွေးလာနိုင်တယ်”
“အင်း.. အခုလည်း ရှုပ်ထွေးနေပြီးသားပါ” လုချင်းချင်းသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ သူမအနေနှင့် ထူးခြားလှသည့် အကူအညီကို မရရှိခဲ့ချေ။ ထို့ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာလိုက်၏။ အပြန်၌ ချောင်းကာနားထောင်လျက်ရှိနေသည့် စုရှောင်မိုအား လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားရန် ညွှန်ကြားခဲ့သေး၏။
အချက်အလက်အားဖြင့် လျှို့ဝှက်ချက် ဖြစ်လား၊ မဖြစ်လားဆိုသည်က ကိစ္စမရှိချေ။ ဤအကြောင်းကို သိရှိရသည့် မည်သည့်တပည့်မဆို ထုတ်ဖော်ပြောဆိုရဲလိမ့်မည်မဟုတ်ချေ။
စီနီယာအစ်မကြီး - သူမသည် ဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းချုပ်ထက် ပိုမိုကာ ကြောက်ရွံရသည့် လူတစ်ယောက်ဖြစ်သည်။ မည်သူမှသည် အပြစ်မလုပ်ရဲကြချေ။
“အင်း”
မိန်းကလေး ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် အကြီးအကဲဝေသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ချစ်ခြင်းမေတ္တာတရားဆိုတာက လွယ်ကူတဲ့အရာတစ်ခု မဟုတ်ဘူး”
“အကြီးအကဲဝေ”
စုရှောင်မိုသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်သည်။ “စီနီယာအစ်မကြီးက ဒီအတိုင်းပဲ လက်လွှတ် လိုက်တော့မှာလား။”
“ငါ့ကို မမေးနဲ့။ ငါဘယ်လိုလုပ် သိမှာလဲ”
.......
ဆေးဟောခန်းဆီမှ ပြန်လာပြီးသည့်နောက် လုချင်းချင်းသည် ရက်ပေါင်းများစွာ အခန်းထဲက မထွက်ခဲ့ချေ။ လျှိုဝမ်ရှစ်နှင့် ရောင်မုန့်ယဉ်တို့သည် အကြိမ်ပေါင်းများစွာလာသည်ဆိုလျှင်တောင်မှ သူမကို အပြင်ဘက်သို့ ခေါ်မထုတ်နိုင်ခဲ့ချေ။
“စီနီယာအစ်မလျှို”
ရောင်မုန့်ယဉ်သည် ဇဝေဇဝါ ဖြစ်လို့နေခဲ့၏။ “စီနီယာအစ်မကြီး ဘာဖြစ်တာလဲ”
“တံခါးပိတ် ကျင့်ကြံနေတာဖြစ်မယ်”
လျှိုဝမ်ရှစ်သည် ဤနည်းလမ်းနှင့် ရှင်းပြလိုက်သည်ဆိုသော်လည်း စိတ်ထဲ မှာတော့ တီးတိုးရေရွတ်နေမိ၏။ သူမ ဂိုဏ်းချုပ်အကြောင်းကို ထပ်ပြီး တွေးနေပြန်ပြီလား။
စားသောက်ခန်း၏ ဟောခန်းသခင်ဖြစ်သည်နှင့်အညီ ဂိုဏ်းတစ်ခုလုံး မမြင်နိုင်သည့်အကြောင်းအရာကို သူမ မြင်နိုင်စွမ်းရှိ၏။
........
ညသို့ရောက်ရှိလာခဲ့၏။ လုချင်းချင်းသည် ပြတင်းပေါက်ဘေးတွင် ထိုင်လျက်ရှိနေ၏။ သူမသည် ဒူးနှစ်ဖက် ကို လက်ဖြင့်ပိုက်ကာဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်နေမိ၏။ သူမ၏ လက်ကောက်ဝတ်မှာတော့ လက်ကောက်လေးတစ်ခုက တည်ရှိနေသည်။ ထိုအရာသည် သူမ သေခြင်းနှင့်ရှင်ခြင်း တောင်ကြားထဲတွင် သွားရောက်ကာ လေ့ကျင့်စဉ်က ကျွင်းချောင်ရှောင်း ပေးခဲ့သည့်အရာဖြစ်သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ပြီးဖြစ်သောကြောင့် ဤအရာ၏ အကျိုးသက်ရောက်မှု မရှိတော့သည်မှာ ကြာပြီဖြစ်၏။ သို့ပေမဲ့ သူမသည် ထိုအရာကို သိုလှောင်လက်စွပ်ထဲသို့ပင် မသိမ်းဆည်းခဲ့ချေ။
“အကြီးအကဲဝေ ပြောတာမှန်တယ်”
လုချင်းချင်းက တီးတိုးရေရွတ်လိုက်သည်။ “မေ့ဖျောက်နိုင်ဖို့ သင်ယူရလိမ့်မယ်”
ကျွီ
နောက်တစ်ရက်မှာတော့ တံခါးပွင့်သွားခဲ့၏။ အနားမှ ဖြတ်ကာလျှောက်သွားခဲ့သည့် ရောင်မုန့်ယဉ်သည် ထိုအခြင်းအရာကို မြင်ချိန်မှာတော့ ပျော်ရွှင်စွာပြောလိုက်၏။ “စီနီယာအစ်မကြီး.. တံခါးပိတ်ကျင့်ကြံ”
သူမ၏စကားသည် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် လုချင်းချင်းသည် အေးစက်သည့် သွင်ပြင်ရှိနေသော်လည်း အနည်းငယ် ပြောင်းလဲသွားပုံပေါ်၏။ ဘာပြောင်းလဲသွားသနည်း ဆိုသည်ကို သေသေချာချာ မပြောနိုင်ချေ။
သို့ပေမဲ့ သူမ၏ အကြည့်သည် ဗလာဖြစ်လျက်ရှိနေသည့် လက်ကောက်ဝတ်ဆီသို့ အကြည့်ရောက်သွား၏။ ပြီးနောက် အံ့အားတသင့်ဖြင့် မေးလိုက်မိသည်။ “စီနီယာအစ်မကြီး... လက်ကောက်က ဘယ်နေရာမှာလဲ”
“အင်း... အမှတ်မထင်နဲ့ ဖျက်ဆီးမိခဲ့တယ်”
“အမ်”
ရောင်မုန့်ယဉ်သည် မျက်လုံးအပြူးသား ဖြစ်သွား၏။ “အမှတ်မထင်လား”
လုချင်းချင်းသည် များများစားစား မရှင်းပြခဲ့ချေ။ ထိုအစား ပုံမှန်အတိုင်း စားသောက်ရန်အတွက် စားသောက်ခန်း ထဲသို့ သွားခဲ့၏။ ပြီးသည့်နောက် ဘုံကိုးပါးလျှို့ဝှက်နယ်မြေ၏ ရေခဲအလွှာဆီသို့ ဝင်ရောက်ကာ ဆက်လက် လေ့ကျင့်တော့၏။ တစ်ညလုံး တွေးတောထားခဲ့ပြီဖြစ်သောကြောင့် သူမ၏ စိတ်တစ်ခုလုံးသည် တည်ငြိမ်လျက် ရှိနေ၏။
သေသေချာချာ လေ့ကျင့်ပြီးသည့်နောက် သူမ ယခင်တုန်းက ရှာဖွေ မတွေ့ရှိခဲ့သော ထိုက်ရွှမ်အအေးနှလုံးသား နည်းစနစ်၏ ထူးခြားသည့်အချက်ကို ရှာဖွေတွေ့ရှိခဲ့၏။ သူမ၏ ကျင့်ကြံခြင်းသည် အမှန်ပင် ပျင်းရိစရာကောင်း၏။ ရံဖန်ရံခါဆိုသလို စိတ်ထဲတွင် မတွေးသင့်သည့်အရာများကိုလည်း တွေးမိနေ၏။ သို့ပေမဲ့ လုချင်းချင်းသည် ထိုအရာ များအားလုံးကို ကောင်းကောင်းဖိနှိပ်နိုင်၏။ ပြီးသည့်နောက် သူမ၏ နှလုံးသားသည် တဖြည်းဖြည်း တည်ငြိမ် အေးချမ်းလာခဲ့တော့၏။ တဖြည်းဖြည်းချင်း နောက်ထပ်တဆင့်ဆီသို့ ချိုးဖြတ်ရောက်ရှိခဲ့တော့သည်။
ဤတည်နေရာကြီးသည် ရေခဲနှင့်နှင်းများသာရှိသော တည်နေရာကြီးဖြစ်၏။ အရာအားလုံးသည် ရေခဲနှင့် ပြုလုပ် ထားသည့်အရာဖြစ်၏။ လုချင်းချင်းသည် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး များပြားလှသည့် သူမ၏ ပုံရိပ်ယောင်များကို မြင်နေရ၏။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်၊ လေးရက် မည်မျှ အချိန်ကြာသွားသည် ဖြစ်ကြောင်းကို ကောင်းကောင်းမသိချေ။ သို့ပေမဲ့ ဉာဏ်အလင်း ရရှိသည့်အချိန်မှာတော့ မျက်လုံးကို ဖွင့်လိုက်၏။
တည်နေရာတွင် ရှိနေသည့် သူမ၏ ပုံရိပ်ယောင်မှန်များသည် ကွဲကြေသွားခဲ့ပြီး လောကကြီးတစ်ခုလုံးတွင် သူမ တစ်ယောက်တည်းသာလျှင် ကျန်ခဲ့သည်။
“ငါ နားလည်ပြီ” လုချင်းချင်းသည် တီးတိုးရေရွတ်လိုက်မိ၏။ သူမ၏ စိတ်သည် ယခင်ကထက် ပိုမိုကာ ကြည်လင်ရှင်းလင်းလာခဲ့၏။ ယခင်ကထက်ပိုပြီး အေးစက်သည့်အပြင် မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ မရှိတော့ချေ။
နောက်ဆုံးမှာတော့ သူမသည် ဘုံကိုးပါးလျှို့ဝှက်နယ်မြေဆီမှ ထွက်ခွာသွားခဲ့ပြီးသည့်နောက် ကောင်းကင် လျှို့ဝှက်နယ်မြေဆီသို့ ဝင်ရောက်ခဲ့၏။ ပြီးနောက် သူရဲကောင်းဝိညာဉ်နှစ်မျိုးကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီး နောက် SSS အဆင့် သူရဲကောင်းဝိညာဉ်၏ အသိအမှတ်ပြုမှုကိုပါ ရရှိခဲ့၏။
ဝှစ်
ရေခဲနှင့် ဖုံးလွှမ်းလျက်ရှိသည့် အမျိုးသမီးသည် ပေါ်ပေါက်လာပြီးသည့်နောက် လုချင်းချင်း၏ ရှေ့တွင် နတ်ဘုရား တစ်ပါးကဲ့သို့ မတ်မတ်ရပ်လျက်ရှိ၏။ သူမသည် စိတ်မရှည်စွာဖြင့် ပြောလိုက်၏။ “ကလေး.. ဘာလို့ ထပ်လာရ ပြန်တာလဲ”
“စိတ်တစ်ခုလုံး တည်ငြိမ်သွားပြီဆိုရင် ထပ်ပြီးပြန်လာခဲ့လို့ ပြောတယ်လေ။ ကျွန်မအနေနဲ့ ရေခဲရဲ့ နက်နဲလှတဲ့ နိယာမသဘောတရားကို နားလည်ဖို့ ခက်ခဲနေသေးတယ်”
လုချင်းချင်းက ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မ ပြောမယ်။ ကျွန်မရဲ့ နှလုံးသားထဲမှာရှိနေတဲ့ ရေခဲတွေက ဘယ်တော့မှ အရည်ပျော်မှာ မဟုတ်တော့ဘူး”
ဝှစ်
သူမ၏ခန္ဓာကိုယ်ဆီမှ အအေးဓာတ်များသည် ကောင်းကင်ယံတစ်ခုလုံးကို ပြည့်နှက်သွား၏။ တည်နေရာကြီး တစ်ခုလုံး အေးခဲသွားသလိုပင်။
“အမ်”
ရေခဲအမျိုးသမီးသည် အံ့အားသင့်သွား၏။ “ကြည့်ရတာ မကြာသေးဘူး။ မင်းက ရေခဲရဲ့ နက်နဲလှတဲ့ သဘာဝကို နားလည်သွားခဲ့ပြီပဲ”
“အင်း”
“မင်းက ဒီလိုတောင် လုပ်နိုင်လာပြီဆိုမှတော့ ငါ ကျိန်းသေပေါက် အရှုံးပေးပါတယ်။ ငါ့နာမည်က နှင်းနတ်မိမယ် ထျန်းလျှို လို့ခေါ်တယ်။ မင်းနဲ့ ပဋိညာဉ်ရေးထိုးမယ်”