← Chapters

သူလည်းမိုးကြိုးကိုထိန်းချုပ်နိုင်တာပဲ

Vol. 131 Ch. 1826

သူလည်းမိုးကြိုးကိုထိန်းချုပ်နိုင်တာပဲ

Vol. 131 Ch. 1826

“ငါ မင်းကိုတားဖို့ကြိုးစားနေတာမဟုတ်ဘူး မင်းကို သတိပေးချင်နေတာ မင်းတို့ မေ့ပျောက်ခြင်းမြစ်မှာ ထပ်တွေ့မှာပဲ အဲဒါ‌ကြောင့် ဒီနေရာက မင်းတို့ ပြန်တွေ့မယ့်နေရာပဲ… အဲဒါကြောင့် အခုသွားရင်တောင် သူမကို တွေ့မှာ မဟုတ်ဘူး” အရိပ်မည်းပြောလေသည်။

ဝူလင်းယူ ရပ်တန့်သွားပြီးမှ ရှေ့ကို ဆက်လျှောက်ကာ ပြောလိုက်သည် “ငါ့ ကံတရားက ငါ့လက်ထဲမှာပဲရှိတယ်… အဲဒီစကားတွေက ဘာအဓိပ္ပာယ်မှ ရှိတာမဟုတ်ဘူး… ငါသွားရှာနေသရွေ့ သူမကိုသေချာပေါက် ရှာတွေ့မှာပဲ”

“မင်းက အခုချိန်မှာ ဝိညာဉ်သာသာပဲ မေ့ပျောက်ခြင်းမြစ်နဲ့ ပေါင်းစပ် ထားတဲ့ ဝိညာဉ်ပဲ… မင်းက မေ့ပျောက်ခြင်းမြစ်ကနေ ခွာလို့မရဘူး… မင်းက ဒီကနေပဲ အားအင်တွေရမှာ.. တစ္ဆေလောကက ဒီလောက်ကြီးတာ သူမကို မတွေ့ခင် မင်း ပျောက်ကွယ်သွားမှာပဲ”

ဝူလင်းယူ ရပ်တန့်သွားကာ ဒေါသပေါက်ကွဲလာပြီး သူ၏ ဆံပင်နှင့် အင်္ကျီ များသည် လေအဝှေ့တွင် လွှင့်သွားလေသည်။

“မင်းသာ ငါ့ကို မေ့ပျောက်ခြင်းမြစ်ထဲကို မပစ်လိုက်ရင် ဘယ်လိုလုပ် ဒီလိုဖြစ်လာမှာလဲ” သူသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး အရိပ်မည်းကို တိုက်ခိုက် ရာ ထိုနေရာမှာ ပျက်စီးသွားလေသည်။

သူ၏ အင်အား ဤမျှအမြန် တိုးတက်လာသည်ကိုမြင်သောအခါ အရိပ် မည်းအံ့ဩသွားသည်။ သူသည် ထင်ထားသည်ထက်ပင် မေ့ပျောက်ခြင်းမြစ် အောက်ခြေမှ များစွာပိုရလာသည့်ပုံပင်။

သို့သော် သူသည် ထိုစွမ်းအားကို မလွှမ်းမိုးနိုင်သေးပေ။ မဟုတ်လျှင် သူ၏ လက်ရှိအားသည် အရိပ်မည်းကို ထိခိုက်အောင် မလုပ်နိုင်သေးပေ။

ဝိညာဉ်စွမ်းအားသည် အရိပ်မည်း၏ ခန္ဓာကိုယ်ကို ဖြတ်သွားပြီး နိဗ္ဗာန် မြစ်ဆီသို့ ကျသွားရာ လှိုင်းလုံးကြီးများသည် ကြောက်မက်ဖွယ်ရာ အရှိန်နှင့် ရိုက်ခတ်လာပြီး ကမ်းစပ်ကို ဆေးပေးလေသည်။ “မေ့ပျောက်ခြင်းမြစ်က မရဏာကမ္ဘာကနေ လာတာပဲ… သူ့စွမ်းအားကလည်း မရဏာလောကကပဲ အဲတော့ မင်းရဲ့ စွမ်းအားအရင်းအမြစ်က မေ့ပျောက်ခြင်းမြစ်ပဲ.. အဲဒါကြောင့် ငါ့ကို ထိခိုက်အောင် လုပ်လို့မရဘူး” အရိပ်မည်းသည် နိဗ္ဗာန်မြစ်ဆီမှ လှိုင်းလုံး များထလာပြီး မြေကြီးကို လွှမ်းမိုးသည်ကို စောင့်ကြည့်ပြီးပြောလိုက်သည် “မင်း ခုနကလုပ်လိုက်တဲ့ အပြုအမူက လူတွေရဲ့ အာရုံကိုဆွဲဆောင်စေလိုက်ပြီ ဝိညာဉ်လောကနဲ့ တစ္ဆေလောက,ကလူတွေ ဒီကိုလာပြီးစုံစမ်းတော့မယ်… ဒီမြစ်မှာ တစ်ခုခုဖြစ်ရင် အဲလူတွေ ရောက်လာကြမှာပဲ”

“အဲဒါနဲ့ ငါက ဘာဆိုင်လို့လဲ” ဝူလင်းယူသည် သူ့ကို မထိခိုက်နိုင်သည်ကို မြင်သောအခါ ဒေါသကိုချုပ်တည်းမရတော့ပေ။ ထို့ကြောင့် သူသည် ထိုလူများ ကို လုံးဝဂရုမစိုက်ပေ။

“မင်းက မင်းခန္ဓာကိုယ်ကို ပစ်ထားခဲ့ပြီး သူမအတွက် တစ္ဆေလောကကို လာတုန်းက မင်းတို့ကံကြမ္မာကလည်း ဆက်စပ်ပြီးသားဖြစ်သွားပြီ ကံတရား… မင်း ပြန်မတုံ့ပြန်ရင် အဲလမ်းအတိုင်းသွားမှာပဲ”

“ငါ ဘာလုပ်ရမလဲ” ဝူလင်းယူ၏ သဘောထားမှာ ချက်ချင်း ပြောင်းလဲ သွားသည်။

အရိပ်မည်း၏ နှုတ်ခမ်းမှာတွန့်သွားသည် “မေ့ပျောက်ခြင်းမြစ်နဲ့ နိဗ္ဗာန် မြစ်တို့က မြစ်တစ်ခုတည်းပဲ… နောက်မှ နှစ်စင်းဖြာသွားတာ… မင်း မေ့ပျောက် ခြင်းမြစ်ကို ထိန်းချုပ်နိုင်ရင် နိဗ္ဗာန်မြစ်ကိုလည်း ထိန်းချုပ်နိုင်လိမ့်မယ်… မေ့ပျောက်ခြင်းမြစ်လောက် ထိန်းချုပ်ရ အဆင်မချောနိုင်ပေမဲ့ မင်းအတွက် ရေကိုထိန်းချုပ်ဖို့ဆိုရင် လွယ်နေဦးမှာပဲ”

ဝူလင်းယူသည် သူ့ကိုစိုက်ကြည့်ပြီး မြစ်မျက်နှာပြင်ဆီသို့ ပျံသွားကာ လှိုင်းထန်နေသော မြစ်ကို အနောက်သို့ပြန်ဆုတ်ရန် ထိန်းချုပ်သည်။ ရေများ ပြန်ကျသွားသောအခါ ရွှံ့နှင့် ကျောက်များကို အဝေးသို့ပို့ကာ လမ်းကိုပိတ်လိုက် သည်။

“မင်းက အရည်အချင်းတော့ ရှိတဲ့ပုံပဲ” အရိပ်မည်း ပြောလိုက်ပြီးနောက် ဝူလင်းယူ သူ့ကိုကြည့်ပုံကို ကြည့်လိုက်ရာ ရှီမာယူယူနှင့်တူသော အပြုံးကို မြင်လိုက်သည်နှင့် မသိစိတ်မှ ဘေးသို့ရှောင်လိုက်သည်။

“ရွှီး”

မိုးကြိုးတစ်စင်းကျလာပြီး အစောက သူရပ်နေသည့် နေရာသို့ကျသွား သည်။ သူ စောစောသာ မရှောင်လိုက်လျှင် ဆိုးရွားစွာ ထိခိုက်သွားနိုင်သည်။ သူ အမြန်ရှောင်လိုက်သော်ငြား လက်မှာ ထိုစွမ်းအားကြောင့် ထိခိုက်သွားတော့ သည်။

လက်တစ်ခြမ်း လောင်ကျွမ်းသွားသဖြင့် နာကျင်မှုကြောင့် အံကြိတ်မိ သည်။

“မင်း သတိပေးတဲ့အတွက် ကျေးဇူးတင်တယ်… ငါ ယူယူနဲ့ ဆက်စပ်နေ တယ်လို့ ကြားလိုက်တော့ ငါမိုးကြိုးကိုသုံးနိုင်မယ်လို့ စဉ်းစားမိသွားတယ်” တကယ် အသုံးဝင်လိမ့်မယ်လို့ ထင်မထားဘူးပဲ” ဝူလင်းယူသည် အရိပ်မည်း ရှိရာသို့ လက်သီးဆုပ်အရိုအသေပြု ကျေးဇူးတင်ကာ ရယ်မောပြီး မေ့ပျောက် ခြင်းမြစ်ဆီသို့ ပျံသွားလေသည်။

“ဒီလူကလည်း ယူယူနဲ့အတူတူပဲ… ဒီအတွက် သူ ပြန်ပေးဆပ်ရမယ်” အရိပ်မည်းသည် သူ့လက်ကိုကြည့်ပြီး ဆေးတစ်လုံးထုတ်သောက်ပြီးသည်နှင့် လေထဲတွင်‌ ပျောက်ကွယ်သွားလေသည်။

ပြည်နယ်ပြိုင်ပွဲမတိုင်ခင် တစ်ရက်တွင် မိုကျိ ပြန်လာသည်။ ရှီမာယူယူ သည် သူ၏ ဝမ်းနည်းပြီးမှိုင်တွေနေသော ပုံစံကိုကြည့်ပြီးပြောလိုက်သည် “ကျွန်မလည်း ဒီမှာရှိပါတယ် ဒီလောက်မြန်မြန်ကြီးပြန်လာဖို့ မလိုပါဘူး”

“အဲတော့ ငါ့အားထုတ်မှုတွေက ဘာမှမဟုတ်ဘူးလို့ မင်းပြောနေတာ လား” မိုကျိသည် သူမအား နစ်နာသလိုကြည့်လေသည်။

“မဟုတ်ပါဘူး ကျွန်မ ဝမ်းသာပါတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒါ ကြောင့် ရှင့်အတွက် ဟင်းကောင်းကောင်း ပြင်ထားတယ်”

“လက်ဖက်ရည်ရော ပါလား”

“ရှိတယ်”

ရှီမာယူယူသည် သူ့ကို ထမင်းစားဆောင်သို့ ခေါ်သွားသည်။ စားပွဲပေါ် တွင် အစားအသောက်များပြင်ဆင်ထားပြီး ယွမ်ယွမ်သည် နေရာယူကာ သူ့ကို စောင့်နေသည်။

“နောက်ဆုံးတော့ရောက်လာပြီပဲ မင်းရောက်မလာရင် ငါ သွားရည်တွေ တောင် ထွက်ကျတော့မယ်” ယွမ်ယွမ် ပြောလိုက်သည်။

“မင်းကို တစ်နှစ်လောက်ပဲမတွေ့ရတာကို မင်းက သခင်လေးဖြစ်သွား တော့ ဘယ်လိုတွေအပိုလုပ်ရမလဲဆိုတာကိုပါ သိနေပြီလား” မိုကျိ ပြောလိုက် သည်။

“အဲဒါ မင်းက ရှီအာ ချက်ကျွေးတဲ့အစားအသောက်ကို မစားဖူးသေးလို့ လေ” ယွမ်ယွမ် ပြောလေသည် “စားကြည့်လိုက်ရင် စားပွဲပေါ်မှာ စားကောင်း သောက်ဖွယ်တွေ စောင့်နေတဲ့ ဘဝက ဘယ်လောက်တောင် ပျော်ဖို့ကောင်းလဲ ဆိုတာ သိသွားမှာ”

သူ ချဲ့ကားလွန်းသည်ဟု အထင်နှင့် မိုကျိ ရယ်မောလိုက်သည်။ သူ ကြိုက်နှစ်သက်သည်မှာ လက်ဖက်ရည်သာဖြစ်သည်။ အစားအသောက် မည်မျှ ကောင်းစေကာမူ များများစားစားစိတ်မဝင်စားလှပေ။

“ထိုင်လေ” ရှီမာယူယူသည် သူမဘာသာ ထိုင်လိုက်ပြီး ယွမ်ယွမ်သည် စတင်စားသောက်တော့သည်။

မိုကျိသည် သူ့ကို စိတ်မရှည်သည်ကို ကြည့်ကာ ခေါင်းကို ခါလိုက်ပြီး ဟင်းများကို ကောက်ယူလိုက်သည်။

ပထမတစ်လုတ်စားပြီးနောက်တွင် ရှီမာယူယူ၏ ဟင်းချက်လက်ရာသည် တခြားသူများ၏ လက်ရာထက် ပိုကောင်းသည်ကို တွေ့လိုက်ရသည်။ သူသည် အစားအသောက်ကို ခုံမင်သူမဟုတ်သော်လည်း သူ အမှန်အတိုင်းဝန်ခံရလျှင် ပုံမှန်ထက် စားနေခြင်းဖြစ်သည်။

စားသောက်ပြီးနောက်တွင် သူတို့သုံးယောက်သည် တည်းခိုဆောင်၏ ဥယျာဉ်ထဲတွင် ခေတ္တမျှလမ်းလျှောက်ပြီးနောက် လက်ဖက်ရည်သောက်ကြ သည်။

“စားကောင်းသောက်ဖွယ်ရာတွေရှိတယ် ရှီအာနှပ်ပေးတဲ့ လက်ဖက်ရည် လည်း သောက်ရတယ် တစ်ခါတလေ ဒီလိုဘဝကလည်း ကောင်းတာပဲ” ယွမ်ယွမ် သက်ပြင်းချလိုက်သည်။

“ကိုယ်ရံတော်တွေက ရှင့်ကိုပြန်ဖို့မပြောဘူးလား” ရှီမာယူယူ မေးလိုက် သည်။

“ငါ မိုကျိနဲ့အတူရှိတယ်ဆိုတာ မိသားစုကသိတယ်… သူနဲ့ ခဏလောက် နေချင်တယ်ဆိုတာကို သိကြတော့ သူတို့တွေ နေခိုင်းရတာပဲ” ယွမ်ယွမ် ပြော လိုက်သည်။

“ဒီသခင်လေးရဲ့ အကျင့်ကလည်း အရင်ကနဲ့ ဘာလို့တူနေသေးတာလဲ ခေါင်းစည်းပြောင်းသွားတာကလွဲပြီး ဘာမှမပြောင်းသလိုပဲ” မိုကျိ ပြောလေ သည်။

“အင်း… ဘာလို့လဲဆိုတော့ ဒီသခင်လေးက မင်းလောက် မလွှမ်းမိုးနိုင် လို့လေ” ယွမ်ယွမ်သည် စိတ်မတိုပေ “ဒါနဲ့ နိဗ္ဗာန်မြစ်က ဘာဖြစ်တာလဲ”

ရှီမာယူယူလည်း သူ့ကိုကြည့်လိုက်သည်။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး ဒါပေမဲ့ နိဗ္ဗာန်မြစ်က အခုတလော ထကြွနေတယ်… ရတနာများပေါ်လာမလားလို့ အကုန်လုံးက ထင်နေကြတယ်” မိုကျိ ပြောလိုက်သည်။

“ရှင့်ရဲ့ အခုလိုပုံကိုကြည့်ရတာ ဒီသတင်းက အတုဆိုတာ သိပြီးသား မလား” ရှီမာယူယူ မေးလိုက်သည်။

“ငါမသိဘူး” မိုကျိ၏ အဖြေမှာ မထင်မှတ်လောက်စရာပင်။

“မသိဘူးလား”

“ငါ သွားကြည့်တော့ နိဗ္ဗာန်မြစ်က တကယ်ပဲ မငြိမ်ဘူး ဒါပေမဲ့ အဲဒါက ရတနာရှိရမယ်လို့ မဆိုလိုဘူးလေ… အဲဒီမှာ ဘာရတနာရောင်ဝါမှ မခံစားမိဘူး ဒါပေမဲ့ လှုပ်ရှားမှုကတော့ ရတနာနဲ့နည်းနည်းဆင်နေတယ်” မိုကျိ ပြောလိုက် သည်။

“အဲလိုမျိုးရှိသေးတာလား မင်းတို့မိုမျိုးနွယ်တွေက ရတနာရောင်ဝါကို အရမ်းသိတာလေ… အရင်ကဆိုရင် ရတနာတွေကို မင်းတို့ပဲရှာတွေ့ခဲ့တာ… မင်းတောင်မသေချာဘူးဆိုတော့ အဲဒီမှာထူးဆန်းနေတာပဲ”

“ကျွန်မလည်း သိချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “ရတနာပေါ်တာ ကြောင့်မဟုတ်ရင် အဲလိုလှုပ်ရှားမှုလုပ်နိုင်တာ သာမာန်ရိုးရှင်းတဲ့လူတော့ မဟုတ်ဘူး”

“ငါလည်း အဲလိုထင်တယ်” မိုကျိသည် သူမစကားကို သဘောတူသည် “အစတုန်းတော့ အနီးကပ်စစ်ဆေးမလို့ပဲ.. ဒါပေမဲ့ မင်းတယွိမြို့တော်ကို ရောက်နေပြီလို့ထင်လို့ အရင်ပြန်လာလိုက်တာ… ပြည်နယ်ပြိုင်ပွဲကိစ္စပြီးသွား ရင်တော့ ငါ သွားပြန်ကြည့်ရမယ်”

ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူမသည် သူ့ကို ပြုံးပြီးကြည့်လေသည် “ကျွန်မလည်း ရှင်နဲ့လိုက်ကြည့်လို့ရမလား”

***

All Chapters