နံပါတ် ၂၅၀ ကိုမဲနှိုက်မိခြင်း
Vol. 131 Ch. 1829
အားလုံးသည် အတန်ကြာသည်အထိ စောင့်ပြီးနောက် တယွိမင်းသား သည် ကြင်ယာတော်မင်းသမီးကို ပြိုင်ပွဲကွင်းနေရသို့ ခေါ်ပြီးရောက်လာသည်။
တယွိမင်းသား၏ အသွေးအရောင်မှာ အလွန်ဆိုးနေသည်။ သူသည် ဒဏ်ရာအပြင်းအထန် ရနေကာ မပျောက်ကင်းသည်မှာ အတော်ကြာပြီကို ရှီမာယူယူ ကြည့်လိုက်သည်နှင့် ပြောနိုင်သည်။
တယွိကြင်ယာတော်မင်းသမီးသည် မြင့်မြတ်ဂုဏ်သရေရှိပြီး စာရိတ္တ ကောင်းမွန်ပုံပြီး သူမ နှုတ်ခမ်းထောင့်မှ အပြုံးသဲ့သဲ့သည် အားလုံးရှေ့တွင် နှစ်လိုဖွယ်ကောင်းလှသည်။
သို့သော် သူမ၏ ရက်စက်သောနှလုံးသားမှာ သူမ၏ သူတော်ကောင်း ဟန်ဆောင်တတ်သည့် အပြင်ပန်းရုပ်ရည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို ရှီမာယူယူ ကောင်းကောင်းသိသည်။
တယွိကြင်ယာတော်မင်းသမီးသည် ရှီမာယူယူကိုကြည့်လိုက်သည်။ သူမ နှုတ်ခမ်းထောင့်မှ အပြုံးမှာ ပြောင်းလဲသွားခြင်းမရှိသော်လည်း မျက်လုံးများမှာ တော့ အေးစက်နေသည်။
ရှီမာယူယူသည် သူမကို အလွန်ပင်ချိုမြပြီး ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက် သည်။
ကြင်ယာတော်မင်းသမီးသည် တိတ်တဆိတ် အံကြိတ်လိုက်ပြီးနောက် သူမ၏ မူလပုံစံသို့ ပြန်ရောက်သွားလေသည်။ ထို့နောက် သူမသည် ရှီမာယူယူ အားပြန်ပြုံးပြလေသည်။ သူမ၏ အပြုံးသည် ယုံကြည်ချက်များ ပြည့်နှက်နေ သည်။
သူမ ရှီမာယူယူ အကြောင်း စုံစမ်းရန် လူလွှတ်လိုက်သည့်အချိန်တိုင်းတွင် မုရုန်ရှီနှင့် နဂါးနက်အကြောင်းမှလွဲပြီး တခြားထူးခြားသည့် သတင်းမရခဲ့ပေ။ ထို့ကြောင့် သူမတွင် ထူးခြားသည့် စွမ်းအားရှိမည့်ပုံမပေါ်ပေ။
သူမလွှတ်ပြီး လုပ်ကြံခိုင်းလိုက်သူများသည် ရှီမာယူယူ သတ်လိုက်ခြင်း ဖြစ်ဟန်မတူ။ ယွိရှီနှင့် တခြားသူများ ထိုနေရာတွင်ရှိနေသဖြင့် သူတို့ သတ်ပေး ခြင်းသာဖြစ်မည်။
အရင်က သူမကို ကာကွယ်မည့်သူများရှိသည်။ သို့သော် ယခုမှာ ပြိုင်ပွဲဝင် တစ်ဦးဖြစ်နေသဖြင့် ကာကွယ်မည့်သူမရှိပေ။
ရှီမာယူယူ ပြိုင်ပွဲဝင်ပြိုင်ခြင်းသည် သူမအတွက် အခွင့်အရေးကောင်းကြီး ပေးလိုက်လိမ့်မည်ဟု ထင်မထားပေ။
တယွိမင်းသမီးသည် အမှာစကားပြောပြီးနောက် စည်းမျဉ်းများကို ရှင်းပြ ပြီးသည်နှင့် ပုံမှန်အတိုင်း ပြိုင်ပွဲစတင်သည်။
ပြိုင်ပွဲစည်းမျဉ်းများမှာ အလွန်ရိုးရှင်းသည်။ အနီနှင့် အနက်ကတ်များ တွင် ကိန်းဂဏန်းများရေးထားသည်။ အရောင်မတူ ဂဏန်းတူသည့်နှစ်ယောက် တိုက်ခိုက်ရမည်ဖြစ်ပြီး တစ်ဝက်ကိုဖြုတ်ပစ်မည်။ ထို့နောက်တွင် မဲပြန်နှိုက် မည်ဖြစ်သည်။
“မဲနှိုက်မယ့်လူတွေလာခဲ့ပါ” တင်ဆက်သူသည် ကျယ်လောင်စွာ ပြော လေသည်။
ရှီမာယူယူနှင့် ဖန်းရင်ဟန်တို့သည် မဲနှိုက်ရန် စင်ပေါ်သို့သွားလိုက်ကြ သည်။ လူအများအပြားတွင် လူတချို့သာ ကိုယ့်ပြည်နယ်နှင့်ကိုယ် မဲကျခြင်း ဖြစ်သည်။
ရှီမာယူယူသည် အနီကတ်ဆွဲလိုက်ပြီး ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့ နှစ်ယောက်လုံး အမဲဆွဲမိရာ သုံးယောက်လုံး ရင်သပ်ရှုမောဖြစ်သွားကြသည်။
“ပထမဆုံး ပြိုင်ပွဲဝင် အယောက် ၁၀၀ ဗလာနယ်မြေကိုဝင်လာပေးပါ” တင်ဆက်သူ ကြေညာလေသည်။
“ဗလာနယ်မြေ… ဒီနှစ် ဗလာနယ်မြေဖွင့်တာပဲ” ထိုစကားကြားလိုက် သောအခါ နယ်စားအချို့မှာ အံ့ဩသွားသည်။
ရှီမာယူယူသည် ပထမဆုံး အယောက် ၁၀၀ တွင်မပါဝင်သဖြင့် အံ့ဩနေ သော ထိုလူများကိုကြည့်ပြီးမေးလိုက်သည် “ဗလာနယ်မြေကဘာဖြစ်လို့လဲ”
“အဲဒီနယ်မြေက စာချုပ်တည်ထောင်လို့ရသလို ကျုံ့လို့ချဲ့လို့လည်းရတဲ့ လေဟာနယ် နယ်မြေပဲ… လောကအသေးနဲ့ ခပ်ဆင်ဆင်ပဲ… ပြိုင်ပွဲဝင်တွေက လေဟာနယ်လောကမှာ နှစ်ယောက်တွဲပြိုင်တာ ပိုကောင်းတယ်… ပြီးတော့ ဗလာနယ်မြေက ဖောက်ထွင်းမြင်နိုင်တယ် အဲဒါကြောင့် ကြည့်ရှုသူတွေက အထဲကအခြေအနေကို ကြည့်လို့ရတယ်” မုရုန်ဟွေ့ ရှင်းပြလေသည်။
“အထဲမှာ ပြိုင်ပွဲကွင်းမှမရှိတာ ဘယ်လိုပြိုင်လဲ… ဒိုင်လူကြီးရော လိုက် သွားမှာလား” ရှီမာယူယူ ထပ်မေးလိုက်သည်။
မုရုန်ဟွေ့သည် ခေါင်းခါသည် “အဲလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး”
ထိုအရာကို သူလည်းမသိပေ။
တခြားသူများအတွက်လည်း ထိုအရာသည် မေးခွန်းထုတ်စရာ ဖြစ်နေ သည်။
ထိုအချိန်တွင် တင်ဆက်သူ ဆက်ပြောလေသည် “ဝင်မလာခင်ကို အဆောင်တစ်ခုယူသွားရပါမယ်… ကောင်းကင်ပိတ်သွားတာနဲ့ ပြန်မပွင့်ပါဘူး ဒီအဆောင်က ပြိုင်ပွဲဝင်တွေ ပြန်ထွက်ဖို့ သော့ချက်ပါပဲ… ဒီပြိုင်ပွဲမှာ သေတာ ရှင်တာနဲ့ မဆိုင်ပါဘူး… အဲဒါကြောင့် တစ်ယောက်သေသွားရင် နောက်တစ် ဖက်ကလူက ဗလာနယ်မြေကနေ အလိုလိုထွက်ရမှာဖြစ်ပါတယ်… ပြီးတော့ နှစ်ဖက်လုံးက အဆောင်ကိုဖျက်ဆီးလို့ရပါတယ်… တစ်ဖက်လူက အပြင်ထွက် တဲ့အဆောင်ကို ဖျက်ဆီးလိုက်ရင် အလိုလို အရှုံးပေးပြီးသားဖြစ်သွားမှာပါ အင်း ပထမဆုံး အယောက် ၁၀၀ ဝင်လို့ရပါပြီ”
ထပ်တန်း အယောက် ၁၀၀ ပြိုင်ပွဲဝင်များသည် တင်ဆက်သူဆီသွားပြီး အဆောင်သွားယူပြီးသည်နှင့် ဗလာနယ်မြေကို တစ်ယောက်ချင်းစီဝင်ကြကာ တစ်ယောက်စီသည် ပြိုင်ပွဲစတင်မည့်နေရာကို ရွေးကြသည်။
ကြင်ယာတော်မင်းသမီးသည် တင်ဆက်သူ၏ စကားများကို ကြားသော အခါ မှင်တက်နေသည်။ ပြီးနောက် တယွိမင်းသားကို ပြောလေသည် “မင်းသား က ကျွန်မကို မပြောဘဲ ဘာလို့စည်းမျဉ်းပြောင်းလိုက်တာလဲ… ဒီလောက် ကိစ္စ ကြီးကို ဆွေးနွေးသင့်တယ်”
တယွိမင်းသားသည် နှစ်ကြိမ်မျှ ချောင်းဟန့်ကာ ပြောလေသည် “ဒါက အရေးကြီးတာမှမဟုတ်တာ အဆောင်ထည့်လိုက်တာပဲရှိတာ… ပြီးတော့ သူတို့အကုန်လုံးက တိုင်းပြည်ရဲ့ လူ့အရင်းအမြစ်တွေလေ သူတို့သေသွားတာ က တိုင်းပြည်တွက် ဆုံးရှုံးမှုကြီးပဲ”
“သူတို့သေသွားရင် သူတို့က သူများတွေလို အရည်အချင်းမရှိဘူးလို့ ဆိုလို တာလေ… အဲလိုလူအတွက် ကျွန်မတို့တိုင်းပြည်က အားစိုက်စရာမလိုဘူး သူတို့ ရှိနေလို့လည်း ဘာအသုံးဝင်မှာလဲ” တယွိကြင်ယာတော်မင်းသမီးသည် အေးစက်စွာနှာမှုတ်လိုက်သည်။
“မင်းက ဒီကိစ္စကို ဒီလောက်တောင် ဂရုစိုက်နေတာ… ပြိုင်ပွဲကို အခွင့်အရေးယူပြီး တစ်ယောက်ယောက်ကိုများ ရှင်းထုတ်ချင်နေတာလား အဟွတ်…” တယွိမင်းသားသည် စကားတချို့ပြောပြီးနောက် ချောင်းဆိုးလိုက် သည်။ “မင်းလုပ်နေကျအတိုင်းသာ နေစမ်းပါ ငါဂရုမစိုက်ဘူး… ဒါပေမဲ့ တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ပတ်သက်လာရင်တော့ မင်းကိုအပ်မထားနိုင်ဘူး လာခဲ့ကြ”
အရင်က နူးညံ့ပြီး သည်းခံတတ်သည့် ပုံစံနှင့်ယှဉ်လျှင် တယွိမင်းသား၏ စကားများသည် အလွန်လေးလံနေကာ အားကောင်းသော ကြင်ယာတော် မင်းသမီးသည် တစ်ခဏတော့ မှင်တက်သွားသည်။ သို့သော် သူသည် ဤကိစ္စ တွင် စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သည်နှင့် နောက်ပြောမည့် စကားများကို ပြန်မျိုသိပ်လိုက်တော့သည်။
ဒီစည်းမျဉ်းရှိနေလဲ ဘာလုပ်ရမှာလ။ သူမကို ပြန်ထွက်ဖို့ အချိန်မပေးရင် ဖြစ်နေတာပဲ။
လူနှစ်ရာဝင်သွားပြီးနောက်တွင် တင်ဆက်သူသည် နယ်မြေကို ပိတ်ခိုင်း လိုက်သည်။ အထဲမှလူများသည် စတင်ယှဉ်ပြိုင်တော့သည်။
“စတောင်စနေပြီလား နောက်ကျနေပြီထင်တယ်” လန်ယွိ၏ အသံသည် လေထဲမှထွက်လာရာ အားလုံးကြည့်လိုက်သည်နှင့် လူနှစ်ယောက်ပေါ်လာ သည်ကို မြင်လိုက်ရလေသည်။
သူတို့နှစ်ယောက်ကိုကြည့်ပြီး တယွိတော်ဝင်မိသားစုအားလုံးသည် ထပြီး နှုတ်ဆက်ကြသည်။ ထိုအခြင်းအရာကို တခြားသူများမြင်သောအခါ လိုက်ထ ကြသည်။
တယွိမင်းသားသည် အပြစ်မကင်းသလိုဆိုလေသည် “သခင်ကြီးနှစ် ယောက်လာမယ်လို့ ထင်မထားဘူး မဟုတ်ရင် ကြိုဆိုဖို့ သေချာပြင်ထားမှာပေါ့ ပေါ့ဆမိတဲ့အတွက် ခွင့်လွှတ်ပါ”
“မလိုဘူး ကိုယ့်ဘာသာပဲ ဖြေရှင်းလို့ရတယ်” လန်ယွိသည် လက်ကို ဝေ့ယမ်းလိုက်သည်။
“ဒါဆို နှစ်ယောက်လုံး ထိုင်ကြပါ” တယွိမင်းသားသည် ကြင်ယာတော် မင်းသမီးကို နေရာမှ တွန်းဖယ်လိုက်သည်။ ဤနေရာတွင် ရာထူးအမြင့်ဆုံး နေရာမှာ သူတို့နှစ်ယောက်အတွက်ဖြစ်သည်။
“မလိုပါဘူး ကျုပ်တို့ဘာသာပဲ နေရာရှာလိုက်မယ်” ယွိရှီသည် ပြောပြီး သည်နှင့် လျှပ်တပြက်ပင် ရှီမာယူယူဆီသို့ သွားလေသည်။
“ဟုတ်ကဲ့ပါ မင်းသား ဆက်လုပ်ပါ ကျုပ်တို့က တူမလေးကို အားပေးဖို့ လာကြတာ… ကျုပ်တို့ကို ဂရုစိုက်ဖို့မလိုပါဘူး” လန်ယွိသည်လည်း ရှီမာယူယူ ဆီသို့သွားလိုက်ကြသည်။ နှစ်ယောက်မှာ တစ်ယောက်တစ်ဖက်စီရပ်လိုက်ကြ ပြီး ဖန်းရင်ဟန်နှင့် ကျန်းမင်တတို့ကို စိုက်ကြည့်လေသည်။
သူတို့နှစ်ယောက် ထိုကဲ့သို့ စိုက်ကြည့်နေရာ သူတို့၏ ဆံပင်များ ထောင် သွားကာ အမြန်ပင်နေရာဖယ်ပေးလိုက်ကြသည်။ လန်ယွိသည် လက်ကိုင်ပုဝါ ထုတ်ကာ သုတ်ပြီးမှ ထိုင်လိုက်သည်။
သူတို့နှစ်ယောက် ထိုင်သည်အထိ စောင့်ပြီးမှ တယွိမင်းသား ဦးဆောင် ကာ အားလုံးထိုင်လိုက်ကြပြီး ပြိုင်ပွဲကို ဆက်ကြည့်လေသည်။
ရှီမာယူယူသည် မျက်လုံးလှိမ့်ကာ မေးလိုက်သည် “ဦးလေး ဦးလေးယွိ ဒီလိုမျိုး အဆင့်အတန်းမြင့်တဲ့ပုံစံနဲ့ လာရမှဖြစ်မှာလား”
“မင်းဦးလေးယွိက ဘယ်တုန်းက ပုန်းလျှိုးကွယ်လျှိုးနေဖူးလို့လဲ” လန်ယွိ သည် မေးပင့်ကာ ထောင်လွှားစွာဖြင့် ပြန်ချေပသည် “ဘယ်လိုလဲ နံပါတ် ဘယ်လောက်ရလဲ”
ရှီမာယူယူသည် သူမ၏ နံပါတ်ကို ပြလိုက်သည်။ သူမ၏ နံပါတ်ကို ကြည့် ပြီး လန်ယွိသည် ကျယ်လောင်စွာ အော်ရယ်လေသည်။
“၂၅၀ လား မင်းတကယ်ပဲ ၂၅၀ ရတာပဲ ဟားဟား ဘယ်လိုဖြစ်လို့ ဒီလို နံပါတ်နှိုက်လိုက်တာလဲ”
“ဒါက အဲလောက်တောင် ပျော်ပျော်ကြီးရယ်ဖို့လိုလို့လား” ရှီမာယူယူ သည် သူ့ကိုစိုက်ကြည့်ပြီး နံပါတ်ကိုပြန်လုကာ ခြိမ်းခြောက်လိုက်သည် “ထပ် ရယ်နေရင် ယုံချင်ယုံ မယုံချင်နေ လုံးဝအရယ်ရပ်လို့မရအောင် လုပ်ပေးလိုက် မယ် ဟင်း”
“အာ… အဲလောက်ကြီး ရက်စက်ဖို့မလိုပါဘူး ဟုတ်တယ်မလား” လန်ယွိ သည် သူမ၏ အဆိပ်များကိုတွေးမိပြီး ချက်ချင်းပင် အရယ်ရပ်ကာ သူမကို နိုးနိုးကြားကြားကြည့်လေသည်။
သူသည် သူမကိုကြောက်၍တော့မဟုတ်ပေ။ သူမ၏ အဆိပ်များသည် သူ တစ်ခါမှမလေ့လာဖူးသော အဆိပ်များဖြစ်နေခြင်းကြောင့်ပင်။ သူသာ အမှန် တကယ်အဆိပ်မိသွားပါက နှစ်ရက် နှစ်ညတိုင်အောင် မရပ်မနား ရယ်သွားရနိုင် သည်။
“ဟင်း” ရှီမာယူယူသည် ‘စမ်းကြည့်လေ ကြည့်ကြတာပေါ့’ ဟုအဓိပ္ပာယ် ရသည့် စိန်ခေါ်သည့်အကြည့်နှင့်ကြည့်ပြီး ဗလာနယ်မြေမှ ပြိုင်ပွဲကို ဆက်ကြည့်နေလိုက်သည်။ တယွိကြင်ယာတော်မင်းသမီးသည် ဘေးဘက်မှ လူကို မျက်စိမှိတ်ပြလိုက်ရာ ထိုလူသည် ခေါင်းညိတ်ပြီး တိတ်တဆိတ် ထွက် သွားသည်ကိုတော့ မသိလိုက်ရတော့ပေ….
မှက်ချက် - ၂၅၀ ဆိုသည်မှာ ငတုံးငအဟု အဓိပ္ပာယ်ရသည့် ဘန်းစကား ဖြစ်သည်။
***