ရိုးရှင်းပြီး ကြမ်းကြုတ်တဲ့တိုက်ခိုက်မှု
Vol. 131 Ch. 1831
တတိယမြောက်ပြိုင်ပွဲဝင်များသည် စုဝေးနေကြကာ သူတို့၏ နံပါတ်ကို ဒိုင်လူကြီးကို ပြနေကြသည်။ ဒိုင်လူကြီးသည် နံပါတ်တူသည့်လူများကို တစ်ဖွဲ့ တည်းစုနေရာ တခြားသူများသည် ဘေးတွင်စောင့်နေကြသည်။
“နံပါတ် ၂၅၀ လျောင်ပြည်နယ် မုရုန်ရှီ” ဒိုင်လူကြီး မြင်နိုင်ရန် ရှီမာယူယူ သည် နံပါတ်ကို စားပွဲပေါ်သို့တင်လိုက်သည်။
သွယ်လှသော လက်တစ်စုံသည် သူမ၏ နံပါတ်နံဘေးတွင် နံပါတ် ၂၅၀ ဟု ရေးထားသော ကဒ်ပြားကိုချိတ်ဆွဲလိုက်သည်။
ရှီမာယူယူသည် ခေါင်းလှည့်ပြီး သူ့ကိုကြည့်လိုက်သည်။ သူသည် အေးစက်သော အကြည့်ဖြင့် သူမကို ပြန်ကြည့်သည် “ကျန်တဲ့မင်းအချိန်မှာ ပျော်ရွှင်ပါစေ”
ရှီမာယူယူသည် မျက်ခုံးများ ပင့်မိသည်။
စစ်ကြေညာတာလား။ သူမက မကြောက်တတ်ဘူး။
“အဲဒီစကားက ရှင့်ကိုပြောရမှာပါ” ထိုသို့ပြောပြီးနောက် သူမ လှည့်ထွက် သွားလိုက်သည်…
“ရဲတင်းလိုက်တာ” ထိုလူသည် သူမအား အေးစက်နေသော အလောင်း တစ်လောင်းကို စိုက်ကြည့်သကဲ့သို့ကြည့်သည်။
ရှီမာယူယူနောက်လှည့်ပြီး သူ့ကိုကြည့်ကာ နှုတ်ခမ်းတွန့်လိုက်ပြီး နားနေခန်းသို့ ပြန်သွားလိုက်သည်။
သိပ်မကြာခင်အချိန်တွင် ဒုတိယအသုတ်ပြိုင်ပွဲ ပြီးဆုံးသွားလေသည်။ ရလဒ်မှာ အရင်ပွဲထက် ပိုကောငး်သည်။ သို့သော် ၃၈ ဦးသေဆုံးသွားသည်။
“နံပါတ် ၂၀၁ ကနေ ၃၀၀ အထိဝင်မယ်” တင်ဆက်သူ အော်လေသည်။
ရှီမာယူယူ မတ်တတ်ထပြီး တင်ဆက်သူဆီသွားကာ အဆောင်စာရွက်ကို ယူပြီးနောက် ဗလာနယ်မြေဆီသို့ တခြားသူများနှင့်အတူ ဝင်သွားလိုက်သည်။
သူမ အပြင်တွင်ရှိစဉ်က ဗလာနယ်မြေ၏ အထဲတွင် မည်သို့မည်ပုံရှိသည် ကို မသိသဖြင့် အနည်းငယ်သိချင်ခဲ့သည်။ ဝင်သွားပြီးနောက်တွင် သာမာန် နေရာတစ်ခုသာဖြစ်သော်လည်း အတန်အသင့်ကျယ်ဝန်းသည်ကို တွေ့လိုက်ရ သည်။
သူမသည် အနည်းငယ်လူပါးသော နေရာအားရှာပြီးချိန်တွင် သူမ၏ ပြိုင်ဘက်ပျံလာသည်ကို မြင်လိုက်ရသည်။ သူပျံနိုင်သည်ဆိုသည်မှာ မရဏာ စွမ်းအားအထက် မြင့်နေပြီဟု ညွှန်ပြနေသည်။
ထိုလူသည် မရဏာသားရဲကိုမခေါ်ထုတ်ဘဲ ဓားရှည်ကို ဆွဲထုတ်လိုက် သည်။ သူသည် သူမအား နှိမ့်ချစွာကြည့်သည် “မင်းနဲ့ တိုက်ရမယ်ဆိုတာ ငါ့ အတွက် အကျိုးရှိသွားတာပဲ”
“ရှင်က နံပါတ် ၂၅၀ မဟုတ်ဘူးလား” ရှီမာယူယူသည် အခိုင်အမာပင် ပြောလိုက်သည်။
“၂၅၀ ဟုတ်တာ မဟုတ်တာက ဘာဆိုင်လို့လဲ မင်းသိဖို့လိုတာက အခု ငါ က မင်းရဲ့ပြိုင်ဘက်ပဲ” ထိုလူ ပြောလေသည်။
“ဟုတ်လား အဲဒါဆိုရင် ရှင့်နာမည်ကိုတောင် မေးဖို့မလိုတော့ဘူးပဲ” ရှီမာယူယူသည် မဟူရာကိုခေါ်ထုတ်ပြီးနောက် လေပေါ်သို့ပျံတက်လိုက်ပြီး ထို လူအားနှစ်သိမ့်ပေးလိုက်သည် “ရှင်မကြာခင် သေတော့မယ်ဆိုတော့ နာမည် ကို မှတ်မိဖို့မလိုတော့ဘူးပဲ”
သူမ မဟူရာကိုခေါ်ထုတ်လိုက်သည်ကို ထိုလူမြင်သောအခါ သူ၏ စာချုပ် သားရဲကိုပါ ခေါ်ထုတ်လိုက်သည်။ သူ၏ သားရဲမှာ မရဏာရင်ဝံပုလွေဖြစ်ကာ အံ့ဖွယ်အဆင့် သားရဲဖြစ်ကာ ယွဲ့ရှီတောင်ကြားရှီ မရဏာရင်ဝံပုလွေထက်ပင် ပို၍အားကောင်းသည်။
သူသည် အံ့ဖွယ်အဆင့်သားရဲကိုပင် ဘာမှမဟုတ်သလို ခေါ်ထုတ်နိုင် သည်မှာ သူ၏ နယ်စားအိမ်တော်သည် လျောင်ပြည်နယ်ထက် ပိုအားကောင်း နေသည်ကို ပြသနေသည်။
သို့သော် မဟူရာရ၏ ရှေ့မှောက်တွင် အံ့ဖွယ်အဆင့် သားရဲသည် အသက် ရှုကြပ်တုန်းပင်ဖြစ်သည်။
“မဟူရာ ငါတို့ ကစားနေတာမဟုတ်ဘူး မြန်မြန်တိုက်ခိုက်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
စောနေသေးသဖြင့် သူမ၏ အင်အားကို ထုတ်ဖော်သည်မှာ အကြံကောင်း တော့မဟုတ်သေးပေ။
မဟူရာသည် သူမ၏ ဆိုလိုရင်းကို နားလည်သဖြင့် ရယ်မောရင်းပြော သည် “ငါက ရိုးရှင်းပြီး ကြမ်းကြုတ်ရတဲ့ တိုက်ခိုက်မှုကိုပဲ ကြိုက်တယ် ငါ့ အမြီး ကို မြည်းကြည့်လိုက်”
သူသည် အမြီးကိုဝေ့ယမ်းလိုက်ရာ မရဏာရင်ဝံပုလွေ၏ ခန္ဓာကိုယ်သည် လေထဲမှပြုတ်ကျသွားကာ သွေးအိုင်ဖြစ်သွားလေသည်။
“အားလန်” ထိုလူသည် အော်ဟစ်ပြီး ဝိညာဉ်စွမ်းအင်စုစည်းကာ မဟူရာ ကို တိုက်ခိုက်လေသည်။
“ရှူး…” မဟူရာသည် အထင်သေးစွာ နှာမှုတ်ပြီး အတောင်ပံကို ခတ် လိုက်ရာ သူ၏ ဝိညာဉ်စွမ်းအင်မှာ လွှင့်ထွက်သွားတော့သည်။
ထို့နောက် အမြန်ပင် တစ်ဖက်ကမ်းဆီသို့ပျံသွားပြီး ထိုလူကို လက်သည်း များဖြင့် ဆုပ်ကိုင်လိုက်သည်။ သူသည် လက်သည်းကို ခုတ်လာသော ဓားရှည် ကို လျစ်လျူရှုလိုက်သည်။
“အမှန်အတိုင်းပြောရရင် အဲဒီအရေးမပါတဲ့လူတွေက ငါ့စာချုပ်သခင်ကို သတ်ချင်နေတာ… နောက်တစ်ခါဆိုရင် သေချာကြည့် တခြားလူတွေရဲ့ အသုံး ချတာကိုမခံရစေနဲ့”
ပြောပြီးနောက်တွင် မဟူရာသည် ထိုလူကို တစ်ခြမ်းပိုင်းလိုက်သည်။ သူ လက်သည်းများကို ဖြေလျော့လိုက်ချိန်တွင် ထိုလူ၏ ခန္ဓာကိုယ်သည် မြေပေါ် သို့ ကျသွားလေသည်။ သို့သော် ခန္ဓာကိုယ်မှာ မြေပေါ်သို့ မကျခင်တွင် အပြင်သို့ ရောက်သွားလေသည်။
ပြီးနောက် ရှီမာယူယူနှင့် မဟူရာတို့လည်း ထွက်လာကြသည်။
သူမ ဝင်သွားပြီး ပြန်ထွက်လာချိန်မှာ ၅ မိနစ်အပြင်မကြာပေ။ သူမသည် အမြန်ဆုံးထွက်လာနိုင်သည့် ပထမဆုံးလူဖြစ်ခဲ့သည်။
“ရှီအာ တော်တယ်” လန်ယွိသည် အရင်ဆုံးအော်ပြီး သူမကို ဂုဏ်ပြု သည်။
နောက်တွင် လျောင်ပြည်နယ်မှလူများ အောင်ပွဲခံကြသည်။
ရှီမာယူယူသည် သူတို့ကို လက်ဝေ့ယမ်းပြပြီး ဒိုင်လူကြီးဆီသို့သွားကာ စာရင်းပေးသည်။
ဒိုင်လူကြီးသည် သူမကိုမြင်သေသာအခါ ထိတ်လန့်နေပြီး သတိပြန်မဝင် နိုင်ဖြစ်သည်။
“ကျွန်မကို စာရင်းသွင်းပေးလို့ရမလား” ရှီမာယူယူ ပြောလိုက်သည်။
နောက်ဆုံးမှပင် ဒိုင်လူကြီးသည် သတိပြန်ဝင်လာကာ စာရင်းသွင်း လိုက်သည်။ ပြီးနောက်တွင် သူ ကြေညာလိုက်သည် “နံပါတ် ၂၅၀ မုရုန်ရှီ အနိုင်ရ”
သူစာရင်းသွင်းပြီးသည်ကို ရှီမာယူယူ မြင်သောအခါ လှည့်ထွက်ပြီး လျောင်ပြည်နယ်လူများရှိနေသည့် နားနေခန်းသို့ သွားလိုက်သည်။
“သခင်မလေး အရမ်းမိုက်တာပဲ”
“သခင်မလေးက ကျွန်တော့်စံပြပုဂ္ဂိုလ်ပါပဲ”
သူမ နားနေခန်းသို့ရောက်သည်နှင့် လျောင်ပြည်နယ်မှလူများသည် ဝိုင်း လာကြသည်။ သူမ၏ လျင်မြန်စွာ အနိုင်ရလာခြင်းအပေါ် လျောင်ပြည်နယ်မှ လူများလေးစားသွားကြသည်။
မုရုန်ဟွေ့လျှောက်လာချိန်တွင် ရှီမာယူယူကို ဝိုင်းနေသောလူများသည် လမ်းဖယ်ပေးကြသည်။
“မဆိုးဘူး” မုရုန်ဟွေ့သည် အလွန်ပျော်ရွှင်နေသည်။
“ရှီအာ”
ရှီမာယူယူ ခေါင်းလှည့်လိုက်ရာ အချိန်အတော်ကြာ မတွေ့ရသော ကုန်းဇီယွမ်ကို မြင်လိုက်ရသည်။
သူမ ကုန်းဇီယွမ်ဆီသို့ လျှောက်သွားပြီး ပြုံးကာပြောလိုက်သည် “ကုန်းဇီယွမ် မတွေ့တာကြာပြီပဲ”
“ဟုတ်တယ် ငါတို့မတွေ့တာ တော်တော်ကြာနေပြီ မင်းက တကယ်ပဲ လေးစားလောက်စရာပဲ”
ကုန်းဇီယွမ်သည် ရှီမာယူယူ၏ ယနေ့ တင်ဆက်မှုကို အံ့ဩနေမိသည် “ငါ တကယ် ထင်မထားဘူး ၁ နှစ်ကျော်လောက်နဲ့ မင်း ဒီလောက်အားကောင်းလာ တာပဲ”
“မဟူရာက ပိုအားကောင်းလို့ပါ” ရှီမာယူယူ ပြုံးလိုက်သည် “မင်း နံပါတ်က ဘယ်လောက်လဲ”
“နောက်ထပ် နှစ်ချီလောက်နေမှ သွားရမှာ” ကုန်းဇီယွမ် ပြောလိုက်သည် “ငါ မနေ့ကရောက်တာ… ဒီနေ့ပြိုင်ပွဲပြီးသွားရင် မင်းဆီလာမယ်လေ စကား ပြောကြတာပေါ့”
“ကောင်းပြီလေ” ရှီမာယူယူ ပြောလိုက်သည်။
“ရှီအာ အဖေ သမီးကို ဒီနေ့ညပြောစရာရှိတယ်” သူတို့ ပြောနေသည့် စကားများကို မုရုန်ဟွေ့ ကြားသောအခါ ရောက်လာသည်။
သူ အရင်က ယခုလိုမပြောဖူးသဖြင့် ရှီမာယူယူ အနည်းငယ် အံ့ဩမိ သည်။ ဒီအချိန်ကျမှ ဘာလို့ ဒီစကားလာပြောတာလဲ။
သို့သော် သူမသည် ခေါင်းညိတ်ပြလိုက်ကာ ကုန်းဇီယွမ်ကို အားတုံ့အားနာဖြင့် ကြည့်ကာ ပြောလိုက်သည် “တောင်းပန်ပါတယ်…”
“ရပါတယ် နောက်မှပြောကြတာပေါ့” ကုန်းဇီယွမ် ပြောလိုက်သည်။
“ဟုတ်ပါပြီ”
“ရော့ပိုင်…” ကုန်းဇီယွမ်သည် ယွိချီ၏ဘေးတွင် ထိုင်နေသော ရှောင်ရော့ပိုင်ဘက်သို့ ကြည့်ပြီး စကားစရပ်သွားသည်။
“အဲအကြောင်းကို နောက်မှပြောကြမယ်” ရှီမာယူယူသည် ရှောင်ရော့ပိုင် အကြောင်း ပြောလာသည်နှင့် ခါးသီးသွားသည်။
ထာဝရတောက်ပခြင်းမြို့တော်တွင် ရှိခဲ့စဉ်က ရှောင်ရော့ပိုင်သည် သူမ ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့ကာ သေရေးရှင်ရေးကို ရင်ဆိုင်ခဲ့ကြသည်။ သို့သော်…
သူမ၏ တုံ့ပြန်ချက်ကို ကုန်းဇီယွမ်မြင်သောအခါ တစ်ခုခုဖြစ်ခဲ့သည်ကို ရိပ်မိသဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် လူတစ်ယောက် သူ့ကို လှမ်းခေါ်သဖြင့် ရှီမာယူယူကို ပြောလိုက်သည် “နောက်မှ တွေ့ကြတာပေါ့” ပြီးနောက် သူသည် သူ့ကို ခေါ်သောလူဆီသို့ လျှောက်သွားလေသည်။
သူမသည် နားနေသည့်နေရာသို့ပြန်သွားပြီး တခြားသူများနှင့်အတွက် ပွဲ ဆက်ကြည့်နေလိုက်သည်။
တခြားနားနေသည့်နေရာများတွင် သူမ၏ ပြိုင်ပွဲအကြောင်းကို ဆွေးနွေး နေကြသည်။
“မုရုန်ရှီက ရုပ်ပဲရှိတာမဟုတ်ဘူးလား ဘယ်လိုလုပ် ဒီလောက် မြန်မြန် နိုင်သွားတာလဲ” မင်းသား ၁ ယွိလျိုပြောလေသည်။
“အစ်ကိုတော် ၁ သူမကိုယ်တိုင်က အားရှိတာမဟုတ်ဘူး သူမမှာက နဂါးနက်ရှိနေလို့လေ… ဦးလေးကိုလည်း အဲဒီနဂါးနက်ကပဲ သတ်သွားတာ” ယွိချီပြောလိုက်သည် “ဒါပေမဲ့ ဒီ ၂ နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ ဒီလောက် အားကောင်းလာလိမ့်မယ်လို့ ထင်မထားဘူး”
“ဦးလေးကို အဲဒီနဂါးနက်က သတ်သွားတာလား” ယွိလျိုသည် အရင်က ဤကိစ္စကို ဂရုမစိုက်ခဲ့ပေ။ စားသောက် ပျော်ပါးခြင်းသည် သူ့အတွက် အရေး အကြီးဆုံးဖြစ်သည်။
“မုရုန်ရှီက အဲလောက်တောင် မိုက်လိမ့်မယ်လို့မထင်ပါဘူး သူမရဲ့ နဂါးနက်က မိုက်တာပဲ” ယွိဖေးသည် သူမကို သိပ်အထင်မကြီးပေ။
“အဲလိုလည်းမဟုတ်သေးဘူး သူမသာ အစွမ်းအစမရှိရင် နဂါးနက်ကို ဘယ်လိုလုပ် စာချုပ်တည်ထောင်နိုင်မှာလဲ” မုရုန်ရှီသည် ရိုးရှင်းသည့် လူမဟုတ်သည်ကို ယွိချီအမြဲတမ်း ထင်ခဲ့သည်။ သို့သော် သူ မည်မျှပင် စုံစမ်း စေကာမူ မည်သည့်သတင်းကိုမှ မရခဲ့ပေ။
***