← Chapters

လျှို့ဝှက်လမ်းကြောင်း

Vol. 131 Ch. 1832

လျှို့ဝှက်လမ်းကြောင်း

Vol. 131 Ch. 1832

ယွိလျိုသည် ရှီမာယူယူ၏ အင်အားကို အာရုံမရှိပေ။ သူ သူမကို ကြည့် လိုက်ချိန်တွင် သူမကို သူ့အောက်ဆွဲသွင်းလိုက်လျှင် မည်သို့ဖြစ်မည်ကို တွေး နေသည်။

ယွိဖေးနှင့် ယွိချီတို့နှစ်ယောက်လုံးသည် ရှီမာယူယူမှာ ရိုးရှင်းသော လူ မဟုတ်သည်ကို ခံစားမိကြသည်။ သို့သော် အတွေးများတော့မတူပေ။ တစ်ယောက်မှာ သူမအနိုင်ရလျှင် သူတို့ဘက်သို့ဆွဲခေါ်ရန် တွေးနေကာ နောက် တစ်ယောက်မှာ သူမကို ဖျက်ဆီးချင်သည်။

ပထမအချီ ပြိုင်ပွဲများကို တစ်နေကုန်ကျင်းပသည်။ လျောင်ပြည်နယ်မှ အဖွဲ့များသည် အခြေအနေမကောင်းလှပေ။ အယောက် ၃၀ အတွင်းတွင် အယောက် ၂၀ သည် ပထမနေ့၌ပင် ပြုတ်သွားရာ တစ်ဝက်ကျော်လျော့သွား လေသည်။

ရှီမာယူယူနှင့် တခြားသူများ တည်းခိုဆောင်သို့ပြန်ချိန်တွင် ယွိရှီနှင့် လန်ယွိတို့သည် အခေါ်ရှိသဖြင့် လမ်းတစ်ဝက်တွင် ထွက်သွားရာ မုရုန်ဟွေ့ ဦးဆောင်ပြီး ပြန်လာခဲ့လိုက်ကြသည်။

“ကောင်းကောင်းနားကြ နောက်ပြိုင်ပွဲ အဆင့်တက်တဲ့လူက နောက် နှစ်ရက်အတွင်းကို ဒဏ်ရာတွေ ပြန်ကောင်းဖို့လိုတယ် အပြင်မထွက်ကြနဲ့” မုရုန်ဟွေ့ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ နယ်စား”

ပြိုင်ပွဲဝင်များသည် လူစုခွဲလိုက်ကြပြီး ရှီမာယူယူသည်လည်း သူမအခန်း သို့ပြန်ရန် ပြင်လေသည်။ မုရုန်ဟွေ့သည် သူမအား တားလိုက်သည် “ရှီအာ နေခဲ့ဦး”

တခြားသူများ ထွက်သွားပြီး ရှီမာယူယူ ချန်နေခဲ့လိုက်သည်။ အစောက မုရုန်ဟွေ့ သူမကို ပြောစရာရှိသည်ဆိုသည်မှာ ဆင်ခြေတစ်ခုသာဖြစ်လိမ့်မည် ဟု ထင်ခဲ့မိသည်။ သူ တကယ်ပဲ တစ်ခုခု လုပ်တော့မလို့လား။

“ရှီအာ… သမီးကို ပြောစရာရှိတယ် လိုက်ခဲ့” မုရုန်ဟွေ့သည် သူမ၏ အခန်းဆီသို့ ခြေဦးလှည့်ခေါ်သွားလိုက်သည်။ သူမ တံခါးပိတ်ပြီး အတားအဆီး ပြုလုပ်လိုက်သည်။

သူအလွန် ချင့်ချိန်နေသည်ကို ရှီမာယူယူမြင်သောအခါ လျှို့ဝှက်ချက် ပြောတော့မလားဟု သိချင်မိသည်။

“ရှီအာ သမီးကို တစ်ခုလောက် လုပ်စေချင်တယ်… အရင်က အဖေက သမီးကို ဘာမှမလုပ်ခိုင်းခဲ့ဖူးဘူး အဲဒါကြောင့် ဒီတစ်ခါတော့ ကူညီပေးပါဦး” မုရုန်ဟွေ့သည် သူမအား လေးလေးနက်နက်ကြည့်လေသည်။

သူ့ကို ထိုပုံစံအတိုင်း ပထမဆုံးအကြိမ်မြင်ဖူးသဖြင့် သူမ ပြောလိုက်သည် “ဘာဖြစ်လို့လဲ သမီးလုပ်နိုင်တာဆိုရင် လုပ်ပါ့မယ်”

“သမီးကို ဆေးကုပေးစေချင်တာ” မုရုန်ဟွေ့ ပြောလိုက်သည်။

“မင်းသားလား” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” မုရုန်ဟွေ့သည် သူမကို ဖုံးကွယ်၍ရလိမ့်မည်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ‌ “မင်းသားရဲ့ အခြေအနေက အခုချိန်ထိ အရမ်း ကို ကြာနေပြီ… သူကျန်းမာရေးမကောင်းလို့ ကိစ္စတော်တော်များများကို မကိုင်တွယ်နိုင်တာနဲ့ ကြင်ယာတော်မင်းသမီးက အဲဒီအင်အားစုတွေကို ထိန်းချုပ်နေတာပဲ… သူ့ကို ဆေးကုလို့ရမလားလို့ သမီး သူ့ကိုကြည့်ပေးပါဦး”

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သမီးတို့ ဘယ်တော့ သွား ကြမလဲ”

“အခုပဲ”

“အခုလား သမီးတို့ နှိမ့်ချပြီးနေရမှာမဟုတ်ဘူးလား” ရှီမာယူယူသည် အနည်းငယ် အံ့ဩနေသည်။ သူတို့သာ သူ့ကို ပွင့်လင်းမြင်သာစွာ သွားတွေ့ လိုက်ပါက လျှို့ဝှက်ထား၍ရတော့မည်မဟုတ်ပေ။

“အဖေနဲ့ လိုက်ခဲ့” မုရုန်ဟွေ့သည် သူ၏ အိပ်ခန်းဆီသို့ သွားလိုက်သည်။ သူသည် အိပ်ရာဆွဲထုတ်လိုက်ရာ သူတို့ရှေ့တွင် လိုဏ်ခေါင်းပေါ်လာသည်။

ရှီမာယူယူ ဆွံ့အသွားသည်။ ဒါက တည်းခိုဆောင်မဟုတ်ဘူးလား။ ဒီမှာ ဘယ်လိုလုပ် လျှို့ဝှက်လိုဏ်ခေါင်းရှိနေတာလဲ။

မုရုန်ဟွေ့သည် လိုဏ်ခေါင်းဆီသို့ ခုန်ဆင်းသွားပြီး ရှီမာယူယူကိုပါ လာရန် အချက်ပြလိုက်သည်။ သူတို့ လိုဏ်ခေါင်းသို့ဝင်ပြီးနောက်တွင် ရှင်းပြ လေသည် “ဒီတည်းခိုဆောင်က မင်းသားရဲ့ လျှို့ဝှက်အင်အားပဲ”

သူမ သတင်းကြားလိုက်သောအခါ ပါးစပ်အနည်းငယ် ပွင့်ဟ,သွားသည်။ အကြောင်းမှာ တည်းခိုဆောင်သည် မင်းသား၏ အင်အားဖြစ်သည်ဆိုသည့် စကားကို ကြားလိုက်ရခြင်းကြောင့်မဟုတ်ဘဲ ထိုနေရာတွင် လျောင်ပြည်နယ်မှ လူများ နေထိုင်နေခြင်းကြောင့်ဖြစ်သည်။

“အဖေက အမြဲတမ်း မင်းသားကို သစ္စာရှိခဲ့တယ်” သူမသည် မုရုန်ဟွေ့ ကြောင့် အံ့ဩသွားမိသည်။ သူရှင်းပြလေသည် “ဒီလျှို့ဝှက်လမ်းက မင်းသားကို သစ္စာရှိတဲ့သူတွေ သူ့ဆီသွားတွေ့လို့ရအောင် လုပ်ထားတာပဲ”

“ဆိုလိုတာက ဒီလမ်းကြောင်းက မင်းသားအိမ်တော်ကို တိုက်ရိုက်ပေါက် တယ်ပေါ့” ရှီမာယူယူ ပြောလိုက်သည်။

“မဟုတ်ဘူး ဒီလိုဏ်ခေါင်းက မင်းသားအိမ်တော်ရဲ့ ဘေးခြံဝန်းကိုရောက် တာ သူက အဲဒီမှာပဲ နလန်ထူတာများတယ်… အဲဒီနေရာက ကြင်ယာတော် မင်းသမီးအာဏာမရောက်တဲ့ တစ်ခုတည်းသောနေရာပဲ” မုရုန်ဟွေ့ ရှင်းပြ သည် “ဒါပေမဲ့ အပြင်မှာ စောင့်ကြည့်နေသေးတဲ့ လူတွေအများကြီးရှိသေး တယ် အဲဒါကြောင့် အထဲကိုဝင်ဖို့ ဒီနည်းလမ်းကိုပဲ သုံးလို့ရမယ်”

သူတို့နှစ်ယောက်သည် အတန်ကြာသည်အထိ လျှောက်လာပြီး လှေကား ကိုမြင်သောအခါ လှေကားအတိုင်း တဖြည်းဖြည်းတက်သွားလိုက်သည်။ မုရုန်ဟွေ့သည် ခေါင်းအထက်တွင်ရှိသည့် တံခါးပေါက်ငယ်ကို သုံးကြိမ် ခေါက် ပြီးနောက် နှစ်ကြိမ်ထပ်ခေါက်ကာ ပြီးသည်နှင့် သုံးကြိမ်ထပ်ခေါက်သည်။

“ကျွီ…”

ခေါင်းပေါ်မှ ကြမ်းပြင်တံခါးပြားသည် ပွင့်သွားရာ ရှီမာယူယူသည် အလင်းခပ်မှိန်မှိန်ကို မြင်လိုက်ရသည်။

“နယ်စားမုရုန် ‌ရောက်ပြီလား မင်းသား စောင့်နေတာ ကြာနေပြီ”  တံခါး ပြားကို လာဖွင့်သောလူ ပြောလေသည်။

“ဟုတ်ကဲ့ပါ” မုရုန်ဟွေ့သည် လိုဏ်ခေါင်းမှထွက်လိုက်ရာ ရှီမာယူယူ နောက်မှလိုက်ခဲ့လိုက်သည်။

စောင့်နေသောလူသည် ရှီမာယူယူကို မြင်သောအခါ အနည်းငယ် အံ့ဩ သွားသည်။ မုရုန်ဟွေ့မှ လူတစ်ယောက် ခေါ်လာမည်ဟု ပြောချိန်တွင် သူမ ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

“ဒါက မင်းသားရဲ့ ကိုယ်ရံတော်လေ သူ့နာမည်က ကောင်းယယ် ကိုယ်ရံတော်ကောင်း” မုရုန်ဟွေ့သည် မိတ်ဆက်ပေးလေသည်။

ရှီမာယူယူ ကောင်းယယ်ကို  အရိုအသေပြုလိုက်သည်။

“ကျွန်တော်နဲ့ လိုက်ခဲ့ပါ” ကောင်းယယ် ပြောလိုက်သည်။ သူသည် မုရုန်ဟွေ့ကို စောင့်နေရာ အချိန်ဆွဲမနေတော့ပေ။ ထို့ကြောင့် တယွိမင်းသား ဆီသို့ တစ်ခါတည်းခေါ်သွားလိုက်သည်။

“မင်းသားယွိက ရေပူစမ်းမှာလား” မုရုန်ဟွေ့ မေးလိုက်သည်။

“ဟုတ်ပါတယ် ဒီနေ့ ရေပူစမ်းက ရေစိမ်လို့ကောင်းနေတယ် မင်းသားက ပြည်နယ်ပြိုင်ပွဲပြီးတာနဲ့ ရေပူစမ်းမှာရှိနေတာပါ” ကောင်းယယ် ပြောလေ သည်။ အတန်ကြာလျှောက်ပြီးနောက်တွင် အိမ်အပြင်ရေပူစမ်းနှစ်ခုရှိသော ခမ်းနားသည့်ခြံဝန်းသို့ ရောက်လေသည်။ ထိုရေပူစမ်းတစ်ခုစီတွင် လူတစ် ယောက်စီ ထိုင်နေသည်။

“မင်းသားနဲ့ မင်းသား ၂ ကိုနှုတ်ဆက်ပါတယ်… မင်းသား ၂ လည်းဒီကို ရောက်နေမယ်လို့ ထင်မထားဘူး” မုရုန်ဟွေ့သည် သူတို့နှစ်ယောက်ကို နှုတ် ဆက်လိုက်သည်။ မင်းသား၂ ယွိယွန်းပါ ဤနေရာတွင် ရှိနေလိမ့်မည်ဟု ထင် မထားသဖြင့် တစ်ခဏမျှ အံ့ဩသွားသည်။

ရှီမာယူယူလည်း နောက်မှလိုက်သွားသည်။

တယွိမင်းသားသည် ရှက်ကိုးရှက်ကန်းဖြစ်နေရာမှ ပြန်သတိဝင်လာကာ ပြောလေသည် “မုရုန် မင်းက သမားတော်ခေါ်လာမယ်လို့ ပြောထားတာ မဟုတ်ဘူးလား ဘာလို့ မင်းရဲ့ သမီးကိုခေါ်လာတာလဲ”

“မင်းသား ရှီအာက ကျွန်တော်မျိုးပြောတဲ့ သမားတော်ပါပဲ” မုရုန်ဟွေ့ ပြန်ဖြေသည်။

“သူမကလား” တယွိမင်းသားသည် ရှီမာယူယူအား မသေချာသလို ကြည့် သည်။ သို့သော် သူ့အဆင့်အတန်းနှင့် မညီသည့် မည်သည့်စကားမှ မပြောပေ။

“ဟုတ်ပါတယ် ကျွန်တော့်သမီးက အရင်က ဆေးပညာလေ့လာထားလို့ နည်းနည်းတော့ ခရီးရောက်ထားပါတယ်… သူမက ရှားပါးတဲ့ရောဂါတချို့ကို လည်း လေ့လာထားပြီးပါပြီ” မုရုန်ဟွေ့ ပြောလိုက်သည်။

“အဟမ်း.. အဲလိုဆိုမှတော့ သူမကို ဘေးခန်းမကို ခေါ်သွားလိုက် ငါတို့ ဒီမှာခဏနေလိုက်ဦးမယ်” တယွိမင်းသား ပြောလေသည်။

“ဟုတ်ကဲ့ပါ မင်းသား”

သူ အခုချိန်တွင် အဝတ်ဝတ်ထားလျှင်တောင် နောက်ကျချွတ်ရမှာပဲဟု ရှီမာယူယူ ပြောချင်နေသည်။ သို့သော် သူမသည် ဤမျှရဲတင်းသော စကားများ ကို မပြောရဲပေ။

သူမသည် မုရုန်ဟွေ့နောက်လိုက်ကာ ဘေးခန်းမသို့ သွားလိုက်သည်။ မကြာမီတွင် တယွိမင်းသားနှင့် ယွိယန်းတို့ ဝင်လာသည်။

ရှီမာယူယူသည် ယွိယန်းကိုကြည့်ပြီး တယွိမင်းသားသည် သူ့ကို ချစ်ခင်၍ ရေပူစမ်းကိုပါ အတူဝင်စေသည်ဟု သူမဘာသာ တိတ်တိတ်လေးတွေးနေမိ သည်။

ဒီမကျန်းမာတဲ့လူက စောဒကမတက်နိုင်တဲ့မင်းသားလား။

“မုရုန် ငါ ဒီဒဏ်ရာနဲ့ ပတ်သက်ပြီး သမားတော် တော်တော်များများကို ပြဖူးပေမဲ့ ဘယ်သူမှ မကုနိုင်ဘူးဆိုတာ မင်းလည်းသိတာပဲ… ဧကရာဇ်ရဲ့ သမားတော်တွေတောင် ဘာမှတတ်နိုင်တာမဟုတ်ဘူး” တယွိမင်းသား ပြော လိုက်သည်။

“မင်းသား ကျွန်တော့်ရဲ့သမီးကို ကြည့်ခိုင်းပေးပါဦး သူမ ကူညီနိုင်ရင် ကူညီနိုင်မှာပါ” မုရုန်ဟွေ့ ပြောလိုက်သည်။

“မင်းသား ကျွန်မ သွေးခုန်နှုန်းစမ်းပြီး အခြေအနေကို စစ်ဆေးကြည့်ရပါ မယ်” ရှီမာယူယူ ပြောလိုက်သည်။

တယွိမင်းသားသည် စက္ကန့်ပိုင်းမျှ တွေဝေသွားပြီးနောက် လက်ကို ဆန့်ထုတ်လိုက်သည်။ ရှီမာယူယူသည် ရှေ့တိုးပြီး သူ့ဘေးတွင် ထိုင်လိုက် သည်။ သူမသည် သူ့လက်ကောက်ဝတ်ပေါ်သို့ လက်ချောင်းများတင်ပြီး သွေးခုန်နှုန်းကို စမ်းသပ်လိုက်သသည်။

တယွိမင်းသားနှင့် ယွိယန်းတို့သည် သူမကို ကြည့်နေကြသည်။ သူမသည် အလွန်တည်ငြိမ်ပြီး အရင်ကကြားဖူးသည် ဒဏ္ဍာရီများနှင့် အလွန်ကွာခြားနေ သည်။

သို့သော် သူတို့နှစ်ယောက်၏ အမူအရာကို အကဲဖြတ်ကြည့်ရလျှင် သူမ အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားမရှိသည်ကို မြင်နိုင်သည်။ သူမ လုပ်နိုင် မည်ဟု ယုံကြည်သည်မှာ မုရုန်ဟွေ့ တစ်ယောက်သာဖြစ်သည်။

ခဏအကြာတွင် ရှီမာယူယူသည် လက်ကိုပြန်ရုတ်ပြီး တည်ငြိမ်စွာပင် ပြောလေသည် “နောက်လက်တစ်ဖက်ပေးပါ”

တယွိမင်းသားသည် နောက်တစ်ဖက်ဆန့်ထုတ်ပေးရာ ခဏကြာအောင် စမ်းသပ်ပြီးချိန်တွင် ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည်။

***

All Chapters