← Chapters

ရယ်မောခြင်းနှင့် တစ်ဖက်ခြမ်းမှ ငိုကြွေးသံများ(၁)

Vol. 48 Ch. 711

ရယ်မောခြင်းနှင့် တစ်ဖက်ခြမ်းမှ ငိုကြွေးသံများ(၁)

Vol. 48 Ch. 711

နိုရီရို အိုဂါသည် ဆိုနီ၏ ရှယ်ယာများ မည်သည့်အတွက် ရုတ်တရက် ကျသွားသည်ကို နားမလည် နိုင်တော့ချေ။ ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် ပြဿနာမရှိဘဲ ဂိမ်းစက်သည်ပင် အလွန်ရောင်းအား ကောင်းနေပေသည်။ ဂိမ်းစက်၏ သုံးသပ်ချက်များသည် အလွန်ကောင်းနေပြီး VCD ၊ လမ်းလျှောက်သီချင်းဖွင့်စက်၊ CD စက်များထက်ပင် ထိပ်ဆုံးမှ ရောင်းအား ကောင်းနေပေသည်။ ၎င်းတို့၏ အမှတ်တံဆိပ်အောက်၌ အသံသွင်းနေသည့် အနုပညာရှင်များသည်လည်း အပျက်သဘောဆောင်သည့် သတင်းများ မရှိခဲ့ဘဲ ၎င်းတို့၏ ဖျော်ဖြေပွဲများသည်ပင် ရောင်းကုန်သွားခဲ့ပေပြီ။

ရှယ်ယာဈေးများ ဆက်လက် တက်နေရပေမည်။ အတက်အကျ ရှိခဲ့မည် ဆိုလျှင်ပင် ဤနည်းအတိုင်း မကျဆင်း သင့်ချေ။ အမေရိကန် ဈေးကွက်သည် အလွန်တက်ကြွနေကာ အရောင်းအဝယ် စတင်ပြီး မိနစ်ပိုင်းအတွင်း ရှယ်ယာများ (၅)ရာခိုင်နှုန်းနီးပါး ကျဆင်းသွားရန် အကြောင်းမရှိချေ။

နိုရီရို အိုဂါ အရောင်းအဝယ်ဇယားများကို ကြည့်လိုက်သည်။ အစုရှယ်ယာဈေးများ ကျဆင်းစေသည့် ပမာဏ မြောက်များစွာ ရောင်းချမှုများ ရှိနေပေသည်။

မိမိတို့ ရှယ်ယာများကို မည်သူ စွန့်ပစ်သနည်း။ ဈေးကစားသူများလော။ ဆိုနီအား ပစ်မှတ်ထားသူ တစ်ယောက်လော။

နိုရီရို အိုဂါ ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ။ အမေရိကန် နိုင်ငံရှိ တာဝန်ခံကို ချက်ချင်း ဖုန်းဆက်လိုက်သည်။

“ဥက္ကဋ္ဌ … နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ ရှယ်ယာတော်တော်များများ ရောင်းထုတ်လိုက်ကြတယ်.. အဲ့ဒါ ကျုပ်တို့ ကုမ္ပဏီတင်မဟုတ်ဘူး.. တိုရှီဘာ.. ရှပ်ပ်.. ပိုင်အိုနီးယားနဲ့ အမေရိကန် စတော့အိတ်ချိန်း မှာ စာရင်းသွင်းထားတဲ့ တခြားလျှပ်စစ် ကုမ္ပဏီတွေရော ထိခိုက်သွားတယ်.. ရှယ်ယာဈေးတွေ အရူးအမူး ကျသွားတယ်.. အမေရိကန် နည်းပညာ အညွှန်းကိန်းတောင် ထိခိုက်သွားတယ်..”

“ပြည်ပ ရင်းနှီးမြုပ်နှံသူတွေ…. ဘယ်ကလဲဆိုတာ သိလား..”

“ကျုပ်လဲ စုံစမ်းနေတုန်းပဲ.. အာရှက ဖြစ်နိုင်တယ် ဆိုတာတော့ အတည်ပြုလို့ရတယ်..”

အာရှမှလော။ မည်သူနည်း။ မည်သည့် ကုမ္ပဏီမှ ဤသို့ လုပ်ခဲ့သနည်း။ လျှပ်စစ်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ထိခိုက်စေကာ စတော့ဈေးကွက် အညွှန်းကိန်းကိုပင် ထိခိုက်စေခဲ့သည်လော။ ၎င်းတို့၏ ရှယ်ယာများကို ဈေးကစားသူများမှ ရောင်းချခြင်းမျိုး မဖြစ်နိုင်ချေ။ ယခင်ကတည်း ကြိုတင် စီစဉ်ထားခြင်း ဖြစ်နိုင်ပေသည်။

သို့ရာတွင် ထိုလူများသည် မည်သည့်အတွက် တပြိုင်နက်တည်း စွန့်ပစ်ခဲ့သနည်း။ အစုရှယ်ယာများကို အသုတ်လိုက် အသုတ်လိုက် ရောင်းချသင့်ပေသည်။ အစုရှယ်ယာ အားလုံး တစ်ပြိုင်နက် ရောင်းချခြင်းသည် ဆုံးရှုံးမှု ကြုံတွေ့ရပေမည်။ ထိုဆုံးရှုံးမှုကို မည်သည့်အတွက် မကြောက်ကြသနည်း။

ထိုအချိန်တွင် ဖုန်းသံတစ်ခု မြည်လာချိန် နိုရီရို အိုဂါ၏ လက်ကိုင်ဖုန်းဖြင့် မချိတ်ရသေးချေ။ သူ့ဇနီး ဖုန်းဆက်ခြင်း ဖြစ်သည်။ ဖုန်းဖြင့် စကားအနည်းငယ်ပြောကာ ချလိုက်သည်။

“ငါ ကုမ္ပဏီကို သွားရမယ်.. ဒီည ပြန်မလာနိုင်ဘူး..”

********

တိုရှိဘာ၏ ဥက္ကဋ္ဌသည် အိပ်ပျော်နေရာမှ တစ်ယောက်ယောက် လာနှိုးသဖြင့် နိုးလာတော့သည်။ သူအလွန် စိတ်ဆိုး သွားသည်။ ညဉ့်နက်နေပြီ ဖြစ်ကာ နောက်တစ်နေ့တွင် လုပ်၍ မဖြစ်နိုင်သည်လော။

“ဥက္ကဋ္ဌ .. ကျုပ်တို့ ကုမ္ပဏီ ရှယ်ယာတွေ ရုတ်တရက်ကြီး ထိုးကျသွားပြီ..”

“ဘာပြောတယ်.. ဘာဖြစ်တာလဲ.. ဘယ်လောက်ထိ ကျသွားလဲ..”

တိုရှီဘာ ဥက္ကဋ္ဌ ချက်ချင်း မျက်လုံးပြူးကျယ်သွားသည်။ အိပ်ချင်စိတ်များပင် ဘယ်ရောက်သွားမှန်း မသိတော့ချေ။ သူ့ကုမ္ပဏီ၏ ရှယ်ယာဈေးများ ရုတ်တရက် ကျဆင်းသွားသည်ဆိုသည်မှာ မည်သို့နည်း။ လျှပ်စစ် လုပ်ငန်းသည် အလွန်ကောင်းနေပေသည်။ ထိုသို့ မဖြစ်သင့်ချေ။

“(၈)ရာခိုင်နှုန်း ကျသွားတာ.. အာ.. အခု (၁၀)ရာခိုင်နှုန်း ဖြစ်သွားပြီ..”

ဖုန်းပြောနေစဉ် အချိန်အတွင်း၌ပင် ရှယ်ယာ ဈေးနှုန်းများ (၁၀)ရာခိုင်နှုန်း ကျဆင်းသွားသည်။

“ဘာလို့ ဒီလိုဖြစ်တာလဲ.. ငါတို့ ကုမ္ပဏီနဲ့ ပတ်သက်ပြီး အဆိုးမြင်စေတဲ့ သတင်းတွေ ရှိနေလား..”

“မရှိပါဘူး.. ကျုပ်တို့ ကုမ္ပဏီမှာ အားလုံး ပုံမှန်ပဲ.. အမေရိကန်မှာရော.. ဥရောပမှာပါ ကျုပ်တို့နဲ့ ပတ်သက်တဲ့ အဆိုးမြင် သတင်းတွေ မရှိပါဘူး.. ရုံးချုပ်ကိုလဲ ဖုန်းခေါ်ထားသေးတယ်.. ဘာမှမရှိဘူး..”

“ပြောချင်တာက တစ်ယောက်ယောက် ငါတို့ ရှယ်ယာတွေကို ကလိန်ကျနေပြီလား..”

ထိုအချိန်တွင် သူကိုယ်တိုင် ဒေါသကြောင့် တုန်သွားပေသည်။ တိုရှီဘာသည် နိုင်ငံတကာ ကုမ္ပဏီ ဖြစ်ပြီး ကန်ဒေါ်လာ (၁)ဘီလီယံကျော် တန်ဘိုးရှိပေသည်။ မည်သူမဆို ၎င်းတို့၏ ရှယ်ယာ ဈေးနှုန်းများကို ကိုင်တွယ် လိုပါက လိုအပ်သည့် ရန်ပုံငွေ ပမာဏမှာ အသေးအဖွဲမဟုတ်ချေ။ အဖွဲ့တစ်ဖွဲ့မှ လွဲ၍ မည်သူမျှ ထိုသို့ လုပ်ဆောင် နိုင်သည့် ငွေကြေးအင်အား မရှိလောက်ချေ။

ချက်ချင်း အိပ်ယာမှ ထကာ ဒါရိုက်တာများ အစည်းအဝေး ခေါ်လိုက်သည်။ နံနက်ခင်း တိုကျို စတော့ ဈေးကွက် မတက်မှီ အဖြေတစ်ခု တွေးထားရပေလိမ့်မည်။ ဂျပန်တွင် သူတို့ အစုရှယ်ယာများ မကိုင်နိုင်ကြချေ။

မနှစ်က ကဲ့သို့ ရှယ်ယာဈေးများ ပြန်ကျသွားပါက သူ၏ ကုမ္ပဏီ ဥက္ကဋ္ဌအဖြစ် နေ့ရက်များ အဆုံးသတ်သွားနိုင် ပေသည်။ ကုမ္ပဏီ၏ အစုရှယ်ယာ အများအပြားကိုလည်း ပိုင်ဆိုင်ထားပေသည်။ သူကိုယ်တိုင်လည်း အကြီးအကျယ် ဆုံးရှုံးမှုများ ကြုံတွေ့ရပေလိမ့်မည်။

ဤညသည် ဂျပန် ဘုတ်အဖွဲ့ အတွက် ဆောက်တည်ရာမရသည့် ည ဖြစ်သွားတော့သည်။

လူတိုင်းသည် မိမိတို့ ကုမ္ပဏီတွင် ဘာဖြစ်သွားမှန်း မသိကြချေ။ မိမိတို့ကုမ္ပဏီ၏ ရှယ်ယာများ မည်သည့်အတွက် ရောင်းထုတ် ပစ်ကြသနည်း။ ထို ကုမ္ပဏီများ၏ ရှယ်ယာဈေးများ အရူးအမူး ထိုးကျသွားသည်။ ထိခိုက် နစ်နာစေသည်မှာ သူတို့ ကုမ္ပဏီ တစ်ခုတည်း မဟုတ်ကြောင်း သိလိုက်ရသည်။ ဂျပန် လျှပ်စစ် ကုမ္ပဏီများအတွက် ပျမ်းမျှ ရှယ်ယာဈေး ကျဆင်းမှုမှာ (၁၀)ရာခိုင်နှုန်းခန့် ဖြစ်သည်။

လျှပ်စစ် လုပ်ငန်းနယ်ပယ် တစ်ခုလုံး၏ ရှယ်ယာများ ကျဆင်းသွားပြီး ထိုရှယ်ယာများကြောင့်ပင် စတော့ အညွှန်းကိန်းများ ကျဆင်းသွားတော့သည်။ အမေရိကန်ဈေးကွက်သည် ရုတ်ချည်း ဖြစ်မည်ဟု ယူဆရယူ ရှယ်ယာ ဈေးများ မကြာမီက မြင့်တက်လာခဲ့သည်။ ယနေ့ ထိုဈေးကွက် မည်သို့ ပျက်စီးသွားသနည်း။

ယခုအချိန်၌ လူအများအပြားသ၀◌ည် ဤကုမ္ပဏီများ၏ အစုရှယ်ယာများကို ဈေးနှုန်း ချိုသာစွာဖြင့် စတင်ဝယ်ယူကြပြီး ရှယ်ယာများ အနည်းငယ် တက်လာသည်။ ထိုလူများအတွင်းမှ အချို့သည် ကိုယ်ပိုင် ကုမ္ပဏီများ ရှိပေသည်။

အကယ်၍ တစ်ယောက်ယောက်သည် လျှပ်စစ် ကုမ္ပဏီတစ်ခုကို ပစ်မှတ်ထားနေပါက ဖြစ်နိုင်ချေရှိသေးသည်။ သို့ရာတွင် ကုမ္ပဏီ များစွာကို တစ်ပြိုင်နက်တည်း ပစ်မှတ်ထားရန် မည်သူ အစွမ်းထက်သနည်း။

အစောတလျှင် သတင်းရရှိနိုင်ရေး တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ကြတော့သည်။ ၎င်းတို့၏ ရှယ်ယာ ဈေးများကို အရင်ဆုံး တည်ငြိမ်အောင် လုပ်ရပေမည်။ ဂျပန် ဝန်ကြီးချုပ်သည်လည်း ဖြစ်ပျက်ခဲ့သည်ကို ကြားသိလိုက်ရသည်။ အကယ်၍ စတော့ရှယ်ယာ ဈေးကွက် ပျက်သွားပါက ဂျပန်နိုင်ငံ၏ စီးပွားရေးသည် နောက်တစ်ကြိမ် ဒုက္ခရောက်ရ ပြန်လိမ့်မည်။ သူကိုယ်တိုင်လည်း နောက်တစ်ကြိမ် ထိုးနှက်ခံရပေလိမ့်မည်။

နောက်တစ်နေ့တွင် အစိုးရအပါအဝင် လျှပ်စစ်ကုမ္ပဏီအားလုံးသည် ၎င်းတို့၏ စတော့ရှယ်ယာ ဈေးကွက် တည်ငြိမ် စေရေး မျှော်လင့်ချက်ဖြင့် သတင်းကောင်း မျိုးစုံ ကြေငြာလာကြသည်။ သို့ရာတွင် မနေ့ညပိုင်းမှ ရင်းနှီးမြုပ်နှံသူ တော်တော်များများ မယုံကြည်ကြတော့ချေ။ တိုကျိုတွင် စတော့အရောင်းအဝယ်များ စတင်သည့်အခါ ရှယ်ယာ ဈေးများ ကျလာတော့သည်။

ထို လျှပ်စစ် ကုမ္ပဏီများ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည့် ဟောင်ကောင်မှ သူဌေးကြီး အချို့သည် ရှန်ပိန်ဖွင့်၍ ပျော်ပွဲ နွှဲနေကြပေပြီ။ အချို့မှာ ကခုန်နေကြပြီး အချို့မှာ အော်ဟစ်နေကြပေသည်။ သို့တိုင်အောင် အားလုံး ငွေရှာ နိုင်ခဲ့ကြပေသည်။

အမေရိကန် စတော့ဈေးကွက်တွင် လုပ်ကြံရေး စစ်ဆင်ရေး အောင်မြင်ခဲ့ပေသည်။ အချို့ကမူ နောင်တ ရနေကြသည်။ ထိုသို့ ဖြစ်လာမည်ကို ကြိုတင်သိရှိပါက ပို၍ ရင်းနှီးမြုပ်နှံ မိပေလိမ့်မည်။ အကျိုးအမြတ်သည် မိမိတို့ ကိုယ်ပိုင်လုပ်ငန်းထက် အများကြီး ပိုနေပေသည်။ ဖူရုံချီသည် ငွေကြေးဈေးကွက်ကို အာရုံစိုက်နေသည်မှာ အံ့ဩစရာ မရှိတော့ချေ။ ငွေကြေးဈေးကွက်သည် အမြတ်ထွက်ခဲ့သည်။

သူဌေးကြီးများသည် ၎င်းတို့၏ ဓာတုကုမ္ပဏီရှယ်ယာများကို ယနေ့ည ရောင်းချရန် စောင့်ဆိုင်းနေကြသည်။ မနက်ဖြန်တွင်လည်း ယခုကဲ့သို့ ဆင်နွှဲရန် စီစဉ်ထားကြသည်။ ဝမ်းမြောက်မှု တစ်ခုမှာ ရက်များ မကြာမှီ ဖူရုံချီ၏ မွေးနေ့ ကျရောက်ပေလိမ့်မည်။ ယခုနှစ်တွင် အားလုံး သူနှင့်အတူ မွေးနေ့ပွဲ ပျော်ရွှင်စွာ ကျင်းပကြတော့မည်။ ထိုသူသည် သူတို့အားလုံး လုပ်ကြံနိုင်ခဲ့သည့် အဓိက အရင်းခံ ဖြစ်ပေသည်။

ဖူရုံချီမှာမူ စိတ်ကောင်း မထားချေ။ ထိုလူများသည် ငွေကြေးဈေးကွက်အကြောင်း မသိကြ။ ယခုကဲ့သို့ ၎င်းတို့၏ ရှယ်ယာများကို မည်သို့ စွန့်လွှတ်နိုင်မည်နည်း? သူစကား နားထောင်ကာ ရှယ်ယာများကို ဖြည်းဖြည်းချင်း ရောင်းချပါက လူအားလုံး ဝင်ငွေ ပိုရပေလိမ့်မည်။ သို့ရာတွင် ထိုလူများသည် သူ့စကား နားမထောင်ချေ။ အကယ်၍ ထိုရှယ်ယာများကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူထားနိုင်၍ မဟုတ်ပါက ၎င်းတို့အားလုံးသည် ရှယ်ယာများကို ဤနည်းလမ်းဖြင့် ရောင်းချရန် မဖြစ်နိုင်ချေ။

တိုကျို စတော့ဈေးကွက် ပိတ်ချိန်၌ နိုရီရို အိုဂါအပါအဝင် ကျန်လူများပါ ဖြူဖပ်ဖြူရောက် ဖြစ်ကုန်တော့သည်။ ၎င်းတို့၏ ရှယ်ယာဈေးနှုန်းများ တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ဘဲ ရောင်းချမှုများကြောင့် အထိတ်တလန့်ဖြစ်ကာ ရှယ်ယာများ ထပ်မံ ကျဆင်းသွားခဲ့ပေသည်။

“နိုရီရို အိုဂါ .. ရှယ်ယာတွေ ဒီလိုမျိုးအထိ ဘာလို့ ကျသွားရတယ်ဆိုတာ ငါတို့ နားလည်နိုင်အောင် ရှင်ပြပေးနိုင်မလား..”

ယမန်နေ့ကပင် နိုရီရို အိုဂါအား ချီးကျူးခဲ့သည့် ဒါရိုက်တာမှပင် မေးခွန်းပြန်ထုတ်လာချေပြီ။

“တစ်ယောက်ယောက်က ငါတို့လို ဂျပန်လျှပ်စစ် စက်မှုလုပ်ငန်းကြီး တစ်ခုလုံးကို.. အထူးသဖြင့် တရုတ်နိုင်ငံမှာ ဒီဖြစ်ရပ်ကြောင့် ထိခိုက်ခံရတဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားနေတယ်.. ကျုပ်တို့ စုံစမ်းကြည့်တော့ ကျုပ်တို့ ရှယ်ယာတွေ ပြန်ထုတ်ရောင်းနေတာ ဟောင်ကောင်ကတဲ့..”

နိုရီရို အိုဂါ အသံမြှင့် ပြောလိုက်သည်။

ထိုလူများသည် မျက်နှာဖုံးများ ကွာကျသွားချေပြီ။ အစုရှယ်ယာဝယ်ယူရန်နှင့် ဈေးကွက်မဝင်မီ ရှယ်ယာ ဈေးနှုန်းများ ပြန်လည်မြှင့်တင်ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ယခု စတော့ရှယ်ယာများ ထိုးကျသွား ပေသည်။ ထိုလူများသည် မိမိတို့ ကုမ္ပဏီများအား ငွေထုတ်စက် တစ်ခုကဲ့သို့ ဆက်ဆံနေကြပေသည်။

“ဟောင်ကောင်လား.. ဘာလို့ သူတို့တွေ ငါတို့ကို ပစ်မှတ်ထားတာလဲ.. ဟောင်ကောင်မှာ လျှပ်စစ် ကုမ္ပဏီတွေ ရှိလို့လား.. ဟောင်ကောင်မှာ ပြဿနာဖြစ်ခဲ့တဲ့ ဂျပန်ကုမ္ပဏီတွေလဲ မရှိပါဘူး.. သူတို့ ဘာလို့ ဒီလို လုပ်ရတာလဲ..”

နိုရီရို အိုဂါသည် ထိုဒါရိုက်တာကို ကြည့်လိုက်သည်။ ထိုလူသည် အရူးပေလော။ ပြဿနာ၏ မူလ ဇစ်မြစ်ကို မြင်နိုင်ဘူးလော။

“အမြတ်အစွန်းကြောင့်လေ.. ငါတို့ ရှယ်ယာဈေးတွေ ပြန်တက်လာမယ်လို့ ခန့်မှန်းပြီး ဒီကောင်တွေက ငါတို့ရှယ်ယာ တွေကို ထုနဲ့ထည်နဲ့ ဝယ်ပြီး ရှယ်ယာဈေးတွေ သိသိသာသာ တက်လာရော.. အခု သူတို့လိုချင်တဲ့ ဈေးနှုန်းရောက်သွားပြီ ခံစားရပြီလေ.. မနှစ်တုန်းက ငါတို့ရှယ်ယာဈေးတွေ ပြုတ်ကျသွားတာ အားလုံးမှတ်မိကြသေးလား.. ငါတို့တောင် အများကြီး သိပ်မလုပ်လိုက်ရဘဲ ရှယ်ယာဈေးတွေ ပြန်တက်လာတယ်.. အဲ့လူတွေ ဝယ်လိုက်တဲ့အချိန်ပေါ့..”

“ဒါ အရမ်းအရေးကြီးတယ်.. မင်း ဒီလိုနောက်ကြောင်းတွေကို ဘယ်လိုကြောင့် သတိမထားမိတာလဲ.. ကျုပ်တို့ အစုရှယ်ယာတွေ ထပ်တိုးဖို့တောင် မင်းပြောခဲ့သေးတယ်လေ.. အခု ငါတို့ ရှယ်ယာတွေ ထပ်ကျသွားပြန်ပြီ.. မင်းငါတို့ကို ဘယ်လို အဖြေပေးမလဲ..”

နိုရီရို အိုဂါ ဒေါသထွက်သွားတော့သည်။ ထိုဒါရိုက်တာများသည် ငွေရှာပေးချိန်၌ သူတို့အားလုံး၏ ကြိုးစားအားထုတ် မှုအဖြစ် သတ်မှတ်ကြပေလိမ့်မည်။ သို့ရာတွင် ၎င်းတို့ နစ်နာပါက သူ့ကိုသာ အပြစ်ပုံချလိမ့်မည်။ မိမိသည်လည်း ထိုအခြေအနေမျိုးကို စွန့်ခွာက ဤဥက္ကဋ္ဌ ရာထူးကို ဆက်လက် ဆုပ်ကိုင် မထားချင်တော့ချေ။

“ကျုပ်မှာ ပြောစရာမရှိပါဘူး.. ဒီ ယာယီ ဥက္ကဋ္ဌ နေရာအတွက် မင်းတို့ထဲမှာ ကျုပ်ထက်ပိုပြီး သင့်တော်တဲ့သူရှိရင် ပြောပါ.. ကျုပ် ရာထူးက ဆင်းပေးမယ်..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters