← Chapters

ရယ်မောခြင်းနှင့် တစ်ဖက်ခြမ်းမှ ငိုကြွေးသံများ(၂)

Vol. 48 Ch. 712

ရယ်မောခြင်းနှင့် တစ်ဖက်ခြမ်းမှ ငိုကြွေးသံများ(၂)

Vol. 48 Ch. 712

တိုကျိုနှင့် ဟောင်ကောင်တွင် ညအချိန်ဖြစ်ပြီး အမေရိကန်၌ နံနက်ခင်း ဖြစ်ပေသည်။ အမေရိကန် စတော့ဈေးကွက်သည် အရောင်းအဝယ် စတင်ဖွင့်လှစ်ခဲ့ပေပြီ။

ယမန်နေ့က လျှပ်စစ် ကုမ္ပဏီများ၏ ရှယ်ယာများ ထိုးကျပြီးနောက် ဈေးကွက်မပိတ်မီ အနည်းငယ် တက်လာခဲ့ပေသည်။ သို့ရာတွင် ယနေ့ ဈေးကွက်ဖွင့်ချိန်တွင်မူ ရှယ်ယာဈေးများ ဆက်လက် ကျဆင်းသွားသည်။ ထိတ်လန့် တုန်လှုပ်ခြောက်ခြားမှုကို မထိန်းချုပ်နိုင်တော့ချေ။

ထိုကုမ္ပဏီများ၏ ရှယ်ယာများ ဝယ်ယူထားသည့် အမေရိကန် ရင်းနှီးမြုပ်နှံသူများသည်လည်း ၎င်းတို့၏ ရှယ်ယာများကို စတင်စွန့်လွှတ်လိုက်ကြသည်။ သို့ရာတွင် ယမန်နေ့က အလွန်ထိုးကျသွားပြီး ဈေးကွက်မမိတ်မှီ သူတို့၏ ရှယ်ယာများ ရောင်းမထုတ်နိုင်ခဲ့ချေ။ သို့အတွက် ဈေးကွက် ပြန်ဖွင့်သည်နှင့် အစုရှယ်ယာများ စတင် ရောင်းချကြတော့သည်။ ဆုံးရှုံးမှုများအား တတ်နိုင်သမျှ ဖြေလျော့ချင်ကြပေသည်။ သို့ရာတွင် လွန်ခဲ့သော နှစ်ပတ်လောက်တွင်သာ ထိုရှယ်ယာများ ဝယ်မိခဲ့ပါက အရှုံးပေါ်မည် မဟုတ်ချေ။

ကုမ္ပဏီများသည် ၎င်းတို့၏ ရှယ်ယာများ တည်ငြိမ်စေရန် အစွမ်းကုန် ကြိုးစားကြပြီး ရှယ်ယာဈေးနှုန်းများ တက်လာစေရန် ရန်ပုံငွေ အမြောက်အများ စတင်သုံးခဲ့ကြသည်။ အချို့သော ဈေးကစားသူများနှင့် တစ်ဦးချင်း ရင်းနှီးမြုပ်နှံသူများသည်လည်း ဈေးကွက်အတွင်း ဝင်ရောက်လာကြသည်။ ၎င်းတို့သည် ထိုအစုရှယ်ယာများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူချင်ကြပြီး လုပ်ကြံမှုတစ်ခု ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြသည်။ ဂျပန်အစိုးရသည်ပင် ထိုရှယ်ယာများ ဈေးတက်စေရေး ကူညီပေးရာတွင် ပါဝင်ခဲ့ပေသည်။ သို့ရာတွင် ယခုအချိန်၌ ဓာတုကုမ္ပဏီများ၏ ရှယ်ယာများသည်လည်း ကျဆင်းလာတော့သည်.

ယမန်နေ့မှ အဖြစ်အပျက်နှင့် အလားတူပင်ဖြစ်သည်။ သတိပေးချက် တစ်စုံတစ်ရာမရှိဘဲ အစုရှယ်ယာ အမြောက် အများ စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

ပထမတွင် လူတော်တော်များများ အောင်ပွဲခံနေကြသည်။ ဤကုမ္ပဏီများ၏ အစုရှယ်ယာများသည် အလားအလာရှိပြီး အများစုကမူ ထိုရှယ်ယာများ ပိုင်ဆိုင်ခွင့်ရရန် စောင့်နေကြခြင်းပင်။ ယခုအခါ အစုရှယ်ယာ အများအပြား ရနိုင်ပြီဖြစ်၍ အပြေးအလွှား ဝယ်ယူကြတော့သည်။

သို့ရာတွင် မကြာမှီအချိန်အတွင်း ထိုရှယ်ယာများ ဈေးထိုးကျတော့မည် ဖြစ်ကြောင်း သိလိုက်ရတော့သည်။ ယမန်နေ့ကထက်ပင် ပိုမြန်နေသေးသည်။ ဤဖြစ်စဉ်ကြောင့် လူများ စိတ်ရှုတ်သွားကြသည်။

ဝါရန် ဘပ်ဖတ် ပင်လျှင် စိတ်ရှုတ်နေချေပြီ။ ဤကုမ္ပဏီများ၏ ရှယ်ယာများကို လူတော်တော်များများ မည်သည့် အတွက် ထုတ်ရောင်းနေကြသနည်း။ ယမန်နေ့က လျှပ်စစ် ကုမ္ပဏီများ၏ ရှယ်ယာများနှင့် ဆက်စပ်နေသည်လော။

အနည်းငယ် စုံစမ်းကြည့်လိုက်သည့်အခါ ထိုသို့သော ရှယ်ယာ ရောင်းချသူများသည် ဟောင်ကောင်နှင့် မကာအိုတို့မှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုလူများသည် ယမန်နေ့က လူများပင်လော။

ထိုလူများအနေဖြင့် ဈေးကွက်ကို ခြယ်လှယ်နေသည်ဟု ပြော၍လည်း မဖြစ်နိုင်ချေ။ ထိုကုမ္ပဏီများ၏ အစုရှယ်ယာ များတက်လာရခြင်းမှာ ကုမ္ပဏီများ၏ အစုရှယ်ယာရှင်များကြောင့် ဖြစ်သည်။ ထိုအုပ်စုမှ အစုရှယ်ယာများကို ဝယ်ရုံသာ ဝယ်၍ မည်သည့် လှုပ်ရှားမှုမှ မလုပ်ခဲ့ချေ။

ဝါရန် ဘပ်ဖတ် မျက်မှောင်ကြုတ်လိုက်သည်။ ထိုကုမ္ပဏီများ၏ အစုရှယ်ယာများ တက်လာပြီး အစုရှယ်ယာကို အတူတူ ဝယ်ကြမည်ဖြစ်ကြောင်း ထိုလူများ သိနေကြသည်လော။ သို့ရာတွင် မည်သည့်အတွက် အစုရှယ်ယာများ အားလုံး တစ်ချိန်တည်း ထုတ်ရောင်းခဲ့ကြသနည်း။ ၎င်းတို့၏ ရှယ်ယာများကို တခနအတွင်း ရှင်းထုတ်ပစ်ခြင်းမျိုး မလုပ်သင့်ချေ။ နည်းလမ်း မှန်ကန်စွာဖြင့် ခပ်မှန်မှန်ရောင်းချပါက ဈေးနှုန်းတည်ငြိမ်ကာ အမြတ်အစွန်း ပိုရနိုင်ပေလိမ့်မည်။

အစုရှယ်ယာ အများအပြားကို တစ်ကြိမ်တည်း ရောင်းထုတ်လိုက်သည့်အခါ ၎င်းတို့၏ အမြတ်ငွေ နည်းသွား ပေလိမ့် မည်။ သူကိုယ်တိုင်လည်း ထိုရည်ရွယ်ချက်ဖြင့် လုပ်ခဲ့ပေသည်။ သို့ရာတွင် ၎င်းတို့အတွက် မည်သို့ အကျိုးရှိ မည်နည်း။ ထိုရှယ်ယာများကို ပြန်လည် ဝယ်ယူမည်လော။ သို့ရာတွင် ဤသည်က ဈေးကွက်ကစားခြင်းဖြစ်ပြီး အမည်ပျက် စာရင်းအသွင်းခံရပေလိမ့်မည်။

သို့ရာတွင် ဝါရန် ဘပ်ဖတ် မသိခဲ့ခြင်းမှာ ထိုလူများသည် ရှယ်ယာဈေးများ ကျဆင်းစေလိုခြင်းကြောင့် ထိုလုပ်ပြုလုပ် ခဲ့ကြခြင်းဆိုသည်ကိုပင်။ ထိုလူများသည် ဈေးကွက်ကို သေချာ မလည်ကြချေ။ ၎င်းတို့၏ ငွေများ အမြန်ဆုံး ပြန်လည် ထုတ်ယူလိုကြသည်။ မည်သို့ပင်ဖြစ်စေ အကျိုးအမြတ် လုံလောက် နေပေပြီ။ အစုရှယ်ယာများ ရောင်းချပြီးပါက အမြတ်အစွန်း တွေ့ရမည် ဖြစ်သည်။

၎င်းတို့၏ ပွဲစားများမှလည်း ဤနည်းလမ်း မမှန်ဟု သတိပေးသော်လည်း နားမထောင်ကြချေ။ ၎င်းတို့၏ ရှယ်ယာများကို အမြန်ဆုံး ထုတ်ရောင်းနိုင်လေ အမြတ်အများဆုံး ဖြစ်မည် ဆိုသည်ကိုသာ သိထားကြသည်။

ဖုန်းယွီသည်လည်း ထိုအခြေအနေကို ကြားလိုက်ရသည့်အခါ ပြောစရာ စကားမဲ့သွားသည်။ ထိုလူများကို နိုင်ငံခြား ဈေးကစားသူများကို ဆန့်ကျင်ရန် နောက်(၂)နှစ်ကြာသည်အထိ ဦးဆောင်ထားရ သေးသည်။ အကယ်၍ ထိုလူများသည် အရေးကြီးသော အခိုက်အတန့်တွင် ထွက်ပြေးသွားပါက သူနှင့် ဖူမိသားစုမှာ ဈေးကွက်အတွင်း ပိတ်မိနေပေလိမ့်မည်။

ဖုန်းယွီသည် ယူ့ယခင်ဘဝ၌ အမြင်ကျဉ်းမြောင်းသည့် ထိုလူများအကြောင်း သိပ်မကြားသိခဲ့ရပေ။ တရုတ် အစိုးရသည် ဈေးကွက်အတွင် ပမာဏ များပြားစွာ ထိုးထည့်ထားခြင်းကြောင့်လော။

ဖူရုံချီသည် ဤလူများကို ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း သိထားသည့် ဖုန်းယွီ၏ ရှယ်ယာများကို တတ်နိုင်သမျှ အမြန်ဆုံး ရောင်းပစ်ရန်သာ ပြောလိုက်သည်။ သို့ရာတွင် ထိုလူများ ပိုမြန်လိမ့်မည်ဟု မျှော်လင့် မထားမိချေ။

ထိုလူများသည် ဖူမိသားစုထက်ပင် သာလွန်နေပေသည်။ သို့တိုင်အောင် ဖုန်းယွီ ဂရုမစိုက်ခဲ့ချေ။ ဤဖြစ်စဉ်မှ ထိုလူများ၏ ယုံကြည်မှု တိုးလာစေနိုင်ပြီး ၎င်းတို့သည် နောင်တွင် ညွှန်ကြားချက်များအတိုင်း လိုက်နာပေလိမ့်မည်။

ထိုလူများအားလုံးသည် ရှယ်ယာများ ဈေးနှုန်း မြှင့်တင်ရန် ကူညီခဲ့ကြသည်။ ဤလုပ်ငန်းစဉ်တွင် ထိုလူများ မပါဝင် ပါက ရှယ်ယာဈေးများ ထိုထက်မက ကျဆင်းသွားပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤသည်ကာ ကောင်းကွက်တစ်ခုသာပင်။ ထိုဂျပန်ကုမ္ပဏီများသည် နောက်ထပ် ထိုးနှက်ချက် တစ်ခု ကြုံတွေ့ရပေလိမ့်မည်။ ဖုန်းယွီလိုချင်နေသည်မှာ ဤသို့သာပင်။ ယခင် ကျဆင်းမှုသည် ထိုကုမ္ပဏီများ အတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်စေခဲ့ပြီး ဂျပန်စီးပွားရေး တစ်ခုလုံးကို ထိခိုက်စေသည်။

အလားတူဖြစ်ရပ်မျိုး ထပ်မံဖြစ်ပွားကာ ဂျပန်နိုင်ငံ၏ စီးပွားရေးသည်လည်း နောက်ထပ် ထိုးနှက်ချက် တစ်ခု ကြုံတွေ့ရတော့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်ကလောက် ထိချက် မပြင်းထန်သော်လည်း ကုမ္ပဏီအချို့မှာမူ မလွဲမရှောင်နိုင်ဘဲ ဒေဝါလီ ခံကြရပေလိမ့်မည်။ မိမိကိုယ်ကို သိတ်သေမှုများပင် ဖြစ်ပေါ်လာနိုင်သေးသည်။

ဂျပန်လူမျိုးများသည် မိမိကိုယ်ကို သတ်သေမှုနှုန်း အမြင့်ဆုံး ဖြစ်ကြောင်း ပြသသည့် ကိန်းဂဏန်း ဇယားတွင် ပါရှိပြီး တစ်နှစ်ထက်တစ်နှစ် အရေအတွက် တိုးလာနေပေသည်။

ထိုကုမ္ပဏီများသည် ၎င်းတို့၏ ရှယ်ယာများ တည်ငြိမ်စေရန်အတွက် ရန်ပုံငွေ အများအပြား အသုံးချထားပြီး ဖြစ်သဖြင့် ၎င်းတို့၏ သုတေသနအတွက် အပိုရန်ပုံငွေ ရှိတော့မည် မဟုတ်ချေ။ ဤသည်က လေနှင့်မိုး လျှပ်စစ် အတွက် ကောင်းကွက်များပင်။

ဤ အခြေအနေ တစ်ခုတည်းဖြင့်ပင် ဖုန်းယွီအနေဖြင့် မည်သည့် ဆုံးရှုံးမှုမှ မခံစားရချေ။ လူသုံး လျှပ်စစ် လုပ်ငန်းတွင် ပိုမို အဆင့်မြင့်လာခြင်းကြောင့် ရလဒ်များ မြင့်မားလာသည်။

ဈေးကွက်ပိတ်ချိန်တွင် ထိုဓာတုကုမ္ပဏီများ၏ ရှယ်ယာဈေး အလွန်အကျွံ ထိုးကျသွားကာ အမေရိကန်ရှိ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များကို ဆွဲဆောင်သွားခဲ့ချေသည်။ အချို့သော စုံစမ်းစစ်ဆေးမှုများ အပြီးတွင် ပူးပေါင်း ဆောင်ရွက်မှု ဖြစ်ကြောင်း သိသွားကြသည်။

သို့တိုင်အောင် ၎င်းတို့လုပ်ရပ်သည် ရှယ်ယာများကို ကစားခြင်းမဟုတ်ချေ။ ၎င်းတို့၏ ရှယ်ယာများအား ထုတ်ရောင်း သည့်အနည်းစုသည် ပြန်ရောင်းချနိုင်ရေးကိုသာ ရှေးရှူထားပြီး အမြတ်အစွန်း မြှင့်တင်ရန် မကြိုးစားခဲ့ကြချေ။

သို့တိုင်အောင် ထိုရင်းနှီးမြုပ်နှံသူများ မည်သည့်အတွက် ထိုသို့ ပြုလုပ်ခဲ့ကြသည်။ ထိုကုမ္ပဏီများနှင့်လည်း ပြဿနာ မရှိကြချေ။

ထို ရင်းနှီးမြုပ်နှံသူများအားလုံး ဟောင်ကောင်နှင့် မကာအိုမှ ဖြစ်ကြောင်း အမေရိကန် အာဏာပိုင်များ မကြာမီ တွေ့ရှိသွားသည်။ သူဌေးကြီးများ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်နိုင်သည်လော။ ဟောင်ကောင်သည် ကမ္ဘာပေါ်တွင် သူဌေးကြီး အများဆုံး ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက် ဖုန်းယွီနှင့် ဖူမိသားစုတို့သည် ထိုကုမ္ပဏီများ၏ လက်ကျန်ရှယ်ယာများ ရောင်းချ ခဲ့သည်။ ထို့နောက် ဖူရုံချီသည် သူ့ငွေများကို Forex ဈေးကွက်တွင် ပြန်လည် ရင်းနှီးမြုပ်နှံခဲ့ပြီး ဖုန်းယွီသည် မိုက္ခရိုဆော့ဖ်နှင့် အခြားနည်းပညာ ကုမ္ပဏီများ၏ ရှယ်ယာများ ဆက်လက် ဝယ်ယူခဲ့သည်။

ဖုန်းယွီ၏ လက်ကိုင်စည်းမျဉ်းမှာ ထင်ရှားသည့် ဝယ်စရာ ရှယ်ယာမရှိပါက မိုက္ခရိုဆော့ဖ်ကိုသာ ဝယ်ပါ။ မည်သို့ပင် ဖြစ်စေ မိုက္ခရိုဆော့ဖ်သည် ဤနှစ်အနည်းငယ်အတွင်း အရှိန်အဟုန် မြင့်လာမည် ဖြစ်သည်။ အိပ်နေလျှင်ပင် ငွေရှာ နိုင်ပေသည်။

*********

ဂျပန် ကုမ္ပဏီများ၏ ရှယ်ယာများသည် (၂၀)ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။ နောက်ဆုံးတွင် ၎င်းတို့၏ ရှယ်ယာဈေးများ ကျဆင်းမှု ရပ်တန့်သွားပြီး စိတ်သက်သာရာ ရသွားကြသည်။ ဝါရန် ဘပ်ဖတ် မှာမူ သူ့ရှယ်ယာများ ထုတ်မရောင်းချဲ့ချေ။

သူသည် ရေရှည် ရင်းနှီးမြုပ်နှံမှုတွင် အတွေ့အကြုံရှိကာ ထိုရှယ်ယာများသည် နောက်ဆုံးတွင် ပြန်တက်လာမည်ကို သိထားပေသည်။

ရင်းနှီးမြုပ်နှံသူ အများအပြားမှ ဝါရန် ဘပ်ဖတ် ထိုကုမ္ပဏီများ၏ ရှယ်ယာများ ကိုင်ဆောင်ထားဆဲ ဖြစ်သည်ကို မြင်ရပြီး ယုံကြည်မှု ပြန်ရလာသည်။ ၎င်းတို့၏ အစုရှယ်ယာများကို မရောင်းတော့ချေ။ အချို့မျာမူ ရှယ်ယာများ ဝယ်ယူရန် အခွင့်အရေးအဖြစ် အသုံးချခဲ့ကြသည်။

ထိုလူများသည် ဖုန်းယွီနှင့် ကျန်လူများ ဈေးကွက်အတွင်းမှ ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ကြခြင်းပင်။ ဖုန်းယွီပင် တောင်းဆိုစရာ မလိုချေ။ ဝါရန် ဘပ်ဖတ် ကို အမှန်တကယ် ကျေးဇူးတင်သင့်ပေသည်။

ထိုဂျပန်ကုမ္ပဏီများမှလည်း ဝါရန် ဘပ်ဖတ် ကို ကျေးဇူးတင်သင့်ပေသည်။ အကယ်၍ သူသည်လည်း ရှယ်ယာ များကို ဆက်လက် ကိုင်မထားဘဲ ရင်းနှီးမြုပ်နှံသူများ ယုံကြည်မှု ပြန်ရရန် မကူညီနိုင်ခဲ့ပါက ရှယ်ယာများ ပိုမို ကျဆင်းသွားပေလိမ့်မည်။

ဖူမိသားစုသည် ဤရင်းနှီးမြုပ်နှံမှုတွင် အမြတ်အစွန်း အများဆုံးရကာ ဖုန်းယွီသည် ဒုတိယ ဖြစ်သည်။ သို့ရာတွင် တစ်ဦးချင်း ရပိုင်ခွင့် အမြတ်တွက်ချက်ပါက ဖုန်းယွီသည် အများဆုံးရရှိခဲ့ပေသည်။ သူဌေးကြီး တော်တော်များများ သည်လည်း ၎င်းတို့သည် အမြတ်အစွန်း မြင့်မြင့်မားမား ရခဲ့ကြကြောင်း အထင်ရှိကြပေသည်။ သို့ရာတွင် ဖုန်းယွီနှင့် နှိုင်းယှဉ်ပါက နောက်ကောက်ကျ ကျန်ရစ်ခဲ့ကြသည်။

မော်စကိုတွင်ရှိသည့် ကီရီလန်ကိုသည်လည်း ကျေးဇူးတင်စကားပြောရန် ဖုန်းယွီအား ဖုန်းဆက်ခဲ့ပေသည်။ ၎င်းသည် ဤ လုပ်ကြံမှု စစ်ဆင်ရေးတွင် ရင်းနှီးမြုပ်နှံမှု အမြောက်အများ လုပ်ခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters